ကြောက်တယ်ဆိုတာ ချိုနဲ့လား

Number of View: 8642

123

ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear) နဲ့ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား (Unknown fear)မှာ ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ….တဲ့။

အမယ်မင်း… ဘလော့ပြန်ရေးကြဖို့ နှိုးဆော်တဲ့ အနှီခေါင်းစဉ်ကြီးက မြင့်မားလေးနက်လွန်း လှပါတကား။ မြေကြီးလက်နဲ့ပုတ် လွဲချင်လွဲဦးမယ်၊ အခုတလော ဆံပင်ဖြူတွေ ပိုတိုးပွားလာရတဲ့အထဲ ဒီTag Postက မြသွေးနီကို ဆံပင်ဖြူနှုန်းတိုးစေမှာတော့ မလွဲ။ သို့သော်ငြား ဘလော့ရွာကြီး ပြန်လည်စည်ကားလာအောင် တီတင့်နဲ့ ဘလော့ဂါမောင်နှမတွေ စီစဉ်တဲ့ ဒီTag ပို့စ်လေးမှာတစ်တပ်တစ်အားပါဝင်ချင်စိတ်နဲ့အတူ၊ချစ်ခင်လေးစားစိတ်များနဲ့ရေးဖို့အတွက် မြသွေးနီ တစ်ယောက် ကွန်ပျုတာခလုတ် တဂျောက်ဂျောက်နှိပ်လို့ ဦးနှောက်ကို အလုပ် စတင်လုပ်ရပါတော့တယ်။

မြသွေးနီ ငယ်စဉ်က အင်မတန် ကြောက်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင် ယုံပါ့မလား။ ကြောက်တာက ဘာမဆိုကို ကြောက်တာ။ လူတွေကို ကြောက်တယ်။ မမြင်ဘူးတဲ့ သရဲကို တွေးကြောက်တယ်။ အမေ့စည်းကမ်းတွေကို ကြောက်တယ်။ ဆရာမကို ကြောက်တယ်။ သူငယ်ချင်းတွေလဲ ကြောက်တယ်။ အတွင်းသိတွေက နည်းနည်းလောက် ရုပ်တည်ပုံဖမ်းပြီး မျက်နှာထားချီယုံရှိသေး၊ မြသွေးနီခမျာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ မျက်ရည်ကြည်တွေက မျက်လုံးဝိုင်းကြီးထဲ ပြည့်နေတာမျိုး။ တွန့်လိမ်ပြီးသွားတဲ့ ပိုးကောင်လေးတွေလဲ ကြောက်တယ်။ ရေကူးရမှာကြာက်တယ်။ အမြင့်တက်ရမှာကြောက်တယ်။ စာရေးဆရာမဖြစ်ဖို့ အခြေခံများလားမသိ၊ စိတ်ကူးနဲ့ကြောက်စရာ ဇာတ်လမ်းတွေ ဆင်ပြီး ကိုယ့်ဟာကိုယ်စိတ်ကူးပြီး ကြောက်နေတတ်တယ်။ ဒါတောင် မေ့နေတာတွေ ရှိနိုင်သေးတယ်။

(မြသွေးနီရဲ့ “အိပ်မက်ကောက်ကြောင်း” အမှာစာမှာ ဆရာကြီးလူထု(ဦး)စိန်ဝင်းက မြသွေးနီ
ကြောက်တတ်ခဲ့တာကို အခုလို ထည့်ရေးခဲ့သေးတယ်။ တကယ်ကြောက်တတ်ခဲ့တယ်ဆိုတာ သက်သေပြတာပါ။) :)

Scan1

ရယ်စရာပြောရရင် ငယ်ငယ်က တစ်ခါမှ မမြင်ဖူးတဲ့ မျက်လုံးမှေးမှေးသွားခေါခေါ နှာခေါင်းပြားပြားနဲ့ တရုပ်မကြီး တစ်ယောက်ကို စိတ်ကူးနဲ့တွေးပြီး ကြောက်ခဲ့ဘူးသေးတယ်။  တစ်နေ့ ဈေးထဲကအမှိုက်ပုံက အူဝဲဆိုတဲ့ အသံကြားရလို့ သွားကြည့်ကြတော့ ဘဲဥထည့်တဲ့ သေတ္တာပိနေတဲ့ မွေးစပေါက်ကလေး တစ်ယောက်ကို တွေ့ရတယ်တဲ့။ အဲ့ဒီကလေးရဲ့နှာခေါင်းက ဘဲဥသေတ္တာခွံပိထားလို့ ပြားနေတာတဲ့။ အဲ့ဒီကလေးက မြသွေးနီတဲ့။ အဒေါ်တွေ ၀ိုင်းစကြတာလေ။ မြသွေးနီ နှာခေါင်းပြားတာကို သူတို့ နောက်နေစနေမှန်းသိပေမယ့် ၀မ်းနည်းစိတ်နဲ့ ငိုချင်နေတာပဲ။ ဒီကြားထဲ အမေအရင်းဆိုတဲ့ အဲ့ဒီတရုပ်မကြီးဆီ ပြန်ပို့ရင် ဒုက္ခဆိုပြီး တွေးတွေးပြီး ကြောက်နေလိုက်တာလေ မပြောပါနဲ့။ “အမေက သမီးကို အမေ့ဗိုက်ထဲက ဆရာဝန်ကြီးတွေ ကိုယ်တိုင် ဓါးနဲ့ခွဲပြီး မွေးထုတ်ခဲ့ရတာ၊ ဟောဒီမှာ ကြည့်..” ဆိုပြီး သူ့ဝမ်းဗိုက်က ကင်းခြေမြှားချုပ်ရိုးတွေကို တိုင်တည်ပြောပြမှ မြသွေးနီမှာ စိတ်အေးရတယ်။

မြသွေးနီအလယ်တန်းကျောင်းသူဘ၀ရောက်တော့ ကျောင်းပိတ်ရက်တွေဆိုအဖေ့အမေ မြသွေးနီရဲ့ အဘွားအိမ်ကို မိန်းမပီသရေးသင်တန်း သွားတက်ရတယ်။ အဘွားနဲ့ မီးဖိုချောင်မှာ ကူညီချက်ပြုတ်၊ အိမ်သန့်ရှင်းရေးစတာတွေ ၀ိုင်းကူလုပ်ပေးရင်း သင်ယူရတယ်။ အဘွားရဲ့အိမ်မှာ အမေ့အိမ်မှာလို ခြံထဲ လက်လက်ထ ကစားခွင့်မရပေမယ့် မြသွေးနီကို မသွားပဲမနေနိုင်အောင် ဆွဲဆောင်ထားတဲ့အရာရှိတယ်။ အဲ့တာက အဆင့်နှစ်ဆင့်သာပါတဲ့ အလျားသုံးပေခန့် နံရံကပ်စာအုပ်စင်လေး။ အဘွားက စာဖတ်ဝါသနာပါတယ်။ သူ့စာအုပ်စင်က စာအုပ်တွေက မြသွေးနီတို့အရွယ်နဲ့ ဖတ်ဖို့ မအပ်စပ်ဘူးလို့ တွက်ထားပုံရတယ်။ ဖတ်ချင်တယ်လို့ ပြောတော့ မဖတ်နဲ့တဲ့၊ ကလေးပဲရှိသေးတယ် ၀တ္တုတွေဖတ်စရာလားတဲ့။ အဲ့ဒီမှာ မဖတ်နဲ့ဆိုတဲ့ စာအုပ်တွေကို အဘွားမသိအောင် အသာလေးခိုးယူဖတ်ရင်း၊ ကြောက်ကြောက်နဲ့ ဖတ်ရင်းစွဲလမ်းရတဲ့ ၀တ္တုတွေကို တွေ့လိုက်ရတယ်။ မြစင်္ကြာရဲ့ သိုက်သမိုင်းဝတ္တုတွေ။ ဘီလူးတွေ သရဲတစ္ဆေတွေနဲ့ ဖုတ်သဘက် မှင်စာ ပြိတ္တာ၊ ဥစ္စာစောင့်တွေပါတဲ့ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ဖတ်ရတဲ့ ၀တ္တုတွေ။ ကျောတချမ်းချမ်းဖတ်ရင်း စွဲမှန်းမသိစွဲလန်းတယ်။ ကြောက်မှန်းမသိ အရိုးထဲက စိမ့်ပြီးကြောက်လာတယ်။ ညဘက် လူခြေတိတ်ချိန် ဖယောင်းတိုင်မီး ခြင်ထောင်ထဲ ခိုးထွန်းပြီး အဘွားမသိအောင် တထိတ်ထိတ်ကြောက်စိတ်နဲ့ မြစင်္ကြာရဲ့ သိုက်သမိုင်း ၀တ္တုတွေကို ကြောက်ကြောက်နဲ့ ဖတ်ရတဲ့ အရသာက အခုနေခါ ပြန်ဖမ်းဆုတ်ရင်တောင် ရနိုင်သေးတယ်။

မှတ်မှတ်ရရ ဆယ်တန်းကျောင်းသူဘ၀အထိ တစ်ယောက်ထဲ အိမ်ကတစ်ယောက်ယောက် မပါပဲ ဝေးဝေးလံလံ သွားခဲ့ဘူးတာ မရှိဘူး။ ဒါနဲ့ အမေက ဆယ်တန်းဖြေပြီးချိန်မှာ သွားလာရဲအောင်၊ လူတွေနဲ့ ပြောဆိုတတ်အောင် လေ့ကျင့်ပေးတယ်။ လမ်းလျှောက်တာ၊ နေတာထိုင်တာ၊ ၀တ်တာစားတာ၊ ပြောတာဆိုတာကအစ စမတ်ကျကျ သွားလာနေထိုင်ပြောဆိုတတ်အောင် သင်ပေးတော့တယ်။ မြသွေးနီ တက္ကသိုလ်စတက်ချိန်မှာ ထိုက်သင့်တဲ့ ယုံကြည်မှု ရလာခဲ့တယ်။ ကြောက်လန့်စိတ်တွေ လျော့ပါးလားခဲ့တယ်။ အမေကပြောတယ်။ “ အမေက ပြောပေးယုံ လမ်းညွှန်ပေးယုံသာရတာ၊ တကယ်တမ်းက ကြောက်စိတ်ကို သမီးကိုယ်တိုင် တိုက်ထုတ်ပြီး သမီးကိုယ်တိုင် ယုံကြည်စိတ်ကို ဆွဲကိုင်ယူမှရတာ” တဲ့။

ဒီတော့ ငယ်ရွယ်စဉ်အချိန်အခါတုန်းက ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရားဆိုတာကို သိပ်သတိ မထားမိခဲ့ဘူး။ လူကြီးမိဘတွေရဲ့ လမ်းညွှန်မှုအောက်၊ အုပ်ထိမ်းမှုအောက်ကနေ  အလိုက်သင့် နေနေယုံလေးပဲဆိုတော့ အနာဂတ်ကို၊ တနည်းအားဖြင့် ကြောက်စရာကောင်း တာတွေက ဘာရယ်ဆိုတာ ကြိုတင်မသိခဲ့ဘူး။ ကြိုတင် မသိမြင်နိုင်တဲ့ အကြောက်တရားကို မှန်းစပြီး ကြောက်နေခဲ့ချိန်လို့ ပြောလို့ရတယ်။

ကြီးပြင်းလို့ အရွယ်ရောက်လာချိန်မှာတော့ တကယ်ကြောက်ရမှာနဲ့ မကြောက်ရမှာကို အလိုလို ခွဲခြားသိလာတယ်။ အဲ့ဒီလိုသိလာတာနဲ့အမျှ မြသွေးနီရဲ့ ကြောက်စရာကောင်းသောအရာများကလဲ ငယ်ရွယ်စဉ်ကလို မဟုတ်တော့ပဲ ခေါင်းစဉ်တွေ ပြောင်းလဲလာခဲ့တယ်။

အခုအချိန်မှာတော့ မြသွေးနီလက်ခံထားတဲ့ ကြောက်စိတ်ဆိုတာက မိမိရဲ့စိတ်သဏ္ဍာန်ပေါ်မှာပဲ တည်နေပါတယ်။ လူရယ်လို့ဖြစ်လာရင် မကြောက်တတ်တဲ့သူဆိုတာတော့ မရှိပါဘူး။ မိမိစိတ်ကို ခိုင်မာအောင် တည်ဆောက်နိုင်သူများက သာမန်လူများထက် ကြောက်စိတ်ပိုနည်းပြီး ယုံကြည်ချက်ရှိသူများ ဖြစ်လာကြပါတယ်။ ခိုင်မာအောင်ဆိုတဲ့နေရာမှာ ရုပ်အားထက် စိတ်အားက ပိုအဓိကကျမှာပါ။ စိတ်အားဖြင့် ခိုင်မာအောင်ကလဲ သူများက ကူညီပေးလို့ရတာထက်၊ ကိုယ်တိုင်တည်ဆောက်ယူတာမျိုးက ပိုပြီး ခိုင်မာမယ်ထင်ပါတယ်။  “ရဲရင့်တဲ့လူတစ်ယောက်ဟာ ဘယ်တော့မှ ကြောက်စိတ်မရှိပါဘူး။ ဒါပေမယ့် သူက ကြောက်စိတ်ကို အောင်နိုင်ထားဖို့တော့ လိုပါတယ် ”..တဲ့။ နယ်ဆင်မင်ဒဲလား ပြောခဲ့ဖူးတာပါ။ ကိုယ့်ကိုယ်တို တည်ဆောက်ဖို့လိုတာ အမှန်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိပြီး ခိုင်မာနေဖို့က ကိုယ်တိုင်ကလည်း ပြည့်နေဖို့ လိုဦးမယ် ထင်ပါတယ်။ မြသွေးနီတို့ ပတ်ဝန်းကျင်မှာက “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ အပြောနဲ့အလုပ် ထပ်တူမကျသူတွေ များနေတော့ မခက်ပါလား။ ဒါ့အပြင် စိတ်ရောကိုယ်ပါ တည်ဆောက်နိုင်ဖို့ ကိုယ့်ရဲ့လိပ်ပြာက ဖြူစင်နေဖို့လဲ လိုပါသေးတယ်။ အဲ့လိုမှမဟုတ်ပဲ တည်ဆောက်နေရင်းက ကိုယ့်လိပ်ပြာကိုယ် ပြန်လန့်နေရတာမျိုးကတော့ အကြောက်တကာ့ ကြောက်စရာ အကောင်းဆုံးပဲလို့ ထင်တယ်။

မြသွေးနီလည်း အခုထိ ကြောက်တတ်တုန်းပါ။ ဒါပေမယ့် အခုအရွယ်မှာ မြင်ရတဲ့ အကြောက်တရားတွေကတော့ အသက်အရွယ်နဲ့ဘ၀ဖြတ်သန်းမှုရဲ့ ထိုက်သင့်တဲ့ အတွေ့အကြုံအရ ကြောက်ဖို့လိုလား မလိုလားဆိုတာကို ခွဲခြားသိတတ်နေပါပြီ။  မြင်ရတဲ့ အကြောက်တရားတွေအတွက်ကတော့ သိပ်တုန်လှုပ်မရှိပေမယ့် မမြင်ရတဲ့ အကြောက်တရား အတွက်ကတော့ ကိုယ့်ကိုဘယ်အချိန် အငိုက်ဖမ်းကြောက်စေမလဲဆိုတွေးမိတာမျိုး ရှိပါတယ်။ မမြင်ရတဲ့ အကြောက်တရားအတွက် မြသွေးနီ ဘာတွေကို မှန်းပြီး ကြောက်နေတတ်သလဲ။ ချရေးကြည့်ပါ့မယ်။

-ဘာပဲလုပ်လုပ် တာဝန်မကျေပွန်မှာကို ကြောက်တယ်။
-ဘာပဲလုပ်လုပ် စိတ်ထည့်လုပ်တတ်တော့ ကိုယ့်ရဲ့စေတနာက စေတနာ အမှားဖြစ်သွား မှာကို ကြောက်တယ်။
-ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို အထိအပါးခံရမှာ ကြောက်တယ်။
-ကံသုံးပါးကို အမှုမဲ့အမှတ်မဲ့ ကျုးလွန်လိုက်မိမှာ ကြောက်တယ်။
-သေဖို့အတွက် ဘာမှမပြင်ဆင်ရသေးခင်မှာ သေသွားရမှာကို ကြောက်တယ်။

အဲ့ဒီ အကြောက်တရားတွေအတွက် ဘာတွေ ပြင်ဆင်ထားသလဲလို့ မေးလာရင် ထွေထွေထူးထူး စံနစ်တကျ ပြင်ဆင်ထားတာမျိုးထက် နေ့စဉ်ဖြတ်သန်းတဲ့ဘ၀နေ့ရက်တွေမှာ အသိ သတိလေး ကပ်ပြီး အမှားအနည်းဆုံးဖြစ်အောင် ဖြတ်သန်းကျော်ဖြတ်ဖြစ်ပါတယ်။

ကမ္ဘာကျော် ဟောင်ကောင်ကွန်ဖူးမင်းသား ဘရုစ်စလီပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းက မှတ်သားစရာပါ။

“ လူတစ်ယောက်က တစ်ကြိမ်ထဲမှာ အချက်ပေါင်းတစ်သောင်း ကန်ကျောက်ပြနိုင်တာကို ကျွန်တော် မကြောက်ဘူး။ ဒါပေမယ့် အဲ့ဒီလူဟာ တစ်ကြိမ်လောက်ကန်ကျောက်ပြနိုင်ဖို့အတွက် အကြိမ်ပေါင်းတစ်သောင်း လေ့ကျင့်ထားတယ်ဆိုရင်တော့ ကျွန်တော် ကြောက်တယ် ”

သူ့ရဲ့ ကြောက်စိတ်အပေါ် တွန်းအားပြန်ရယူလိုက်တဲ့ အမြင်လေးကို မြသွေးနီ အင်မတန်မှ နှစ်သက်ပါတယ်။ ဒီအမြင်လေးက သူ့ရဲ့ဘ၀လမ်းခရီးမှာ အများကြီး အထောက်အပံ့ ပေးစေခဲ့မှာပါ။

ကြောက်စိတ်ဆိုတာ လူတိုင်းမှာ ရှိနေနိုင်တဲ့အရာဆိုပေမယ့် အလွန်အမင်း ကြောက်ရွံ့စိတ် ရှိနေဖို့တော့ မလိုပါဘူး။ အကြောက်တရားတွေနဲ့ ပြည့်နေအောင် အုပ်ချုပ်သူအာဏာရှင်တွေက တိုင်းပြည်ကို အုပ်ချုပ်ခဲ့လို့ မြသွေးနီတို့ ပြည်သူတွေ အကြောက်တရားအောက် ပြားပြားမှောက် ခဲ့ရတာကို မမေ့သင့်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်စွာရေးသား ထုတ်ဖော်ခွင့်တွေ ဘာဆိုဘာမျှမရခဲ့ပဲ စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါး မပြည့်စုံမှာဆိုတဲ့ ကြောက်ရွံ့စိုးရိမ်နေရတဲ့ဘ၀တွေမှာ မြသွေးနီတို့ စီးမျောခဲ့ ရပါတယ်။ ကြောက်နေယုံမျှနဲ့ဆိုရင် ကိုယ်ရနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးလက်လွတ် သွားနိုင်တယ်ဆိုတာလဲ သတိချပ်မိပါတယ်။ စိုးရိမ်စိတ်များလွန်းတာကလည်း ကြောက်စိတ်ရဲ့ အစပါပဲ။ ကိုယ့်ရနိုင်မယ့် အခွင့်အရေးကို ကြောက်ရွံ့မှုမရှိပဲ ကိုယ်တိုင် စိတ်အေးအေးနဲ့ ဖန်တီးရယူနိုင်ဖို့ကလဲ  လိုအပ်လှပါတယ်။

 ငယ်စဉ်က သိပ်ကြောက်တတ်ခဲ့တဲ့ မြသွေးနီကို  အမေက တဖွဖွ ပြောခဲ့ဘူးပါတယ်။

 “ သမီး…ကြောက်တတ်တဲ့သူက နှစ်ခါပြန်ရှုံးနိမ့်ရတတ်တယ်၊ ဒီတော့ ဘာမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ” တဲ့။

အဲ့သလိုဆိုလို့ မြသွေးနီတစ်ယောက် အကြောက်တရား မရှိတော့ဘူး မထင်ပါနဲ့။ မြသွေးနီ ကြောက်တတ်ဆဲပါ။ အထူးသဖြင့် မမြင်ရတဲ့ လက်ဆုတ်လက်ကိုင် မပြနိုင်ပဲ အလစ်ဝင်လာမယ့် အကြောက်တရားများကိုပေါ့။ မဖြစ်မနေ အကြောက်တရားနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်ရတော့မယ်ဆိုရင်တော့ ရင်မဆိုင်ခင် ကြောက်ကန်ကန်ပြီး မြသွေးနီတစ်ယောက် တိုးတိုးလေး အော်မိတာ တစ်ခွန်းရှိပါတယ်။

“ ကြောက်တယ်ဆိုတာ ချိုနဲ့လား….”

(Tag Postခေါင်းစဉ်လေး ရွေးချယ်ပေးခဲ့တဲ့ ချစ်ညီမနှင်းနဲ့မာယာကို ကျေးဇူးတင်စွာနှင့် အကြောင်းအရာက ခေါင်းစဉ်ကနေ သွေဖီနေခဲ့မယ်ဆိုရင် မေတ္တာစိတ်ဖြင့် ဖတ်ရှုပေးပါလို့…။)

 ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in Tag Post, တွေးမိတွေးရာ ရေးမိရေးရာ. Bookmark the permalink.

12 Responses to ကြောက်တယ်ဆိုတာ ချိုနဲ့လား

  1. ပတ်ဝန်းကျင်မှာက “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ အပြောနဲ့အလုပ် ထပ်တူမကျသူတွေ များနေတော့ မခက်ပါလား။ ဒါ့အပြင် စိတ်ရောကိုယ်ပါတည်ဆောက်နိုင်ဖို့ ကိုယ့်ရဲ့လိပ်ပြာက ဖြူစင်နေဖို့လဲ လိုပါသေးတယ်။ အဲ့လိုမှမဟုတ်ပဲ တည်ဆောက်နေရင်းက ကိုယ့်လိပ်ပြာကိုယ် ပြန်လန့်နေရတာမျိုးကတော့ အကြောက်တကာ့ ကြောက်စရာ အကောင်းဆုံးပဲလို့ ထင်တယ်။

  2. ဟုတ်တယ် မကြီးရေ
    ကြောက်တတ်လွန်းရင်လည်း မကောင်းပြန်ဘူး..
    ကြောက်ရင်လွဲပြီး ရဲရင် မင်းဖြစ်တတ်တယ်ဆိုတဲ့စကားပုံတောင် ရှိတယ်..
    မကြီးက မိတ်ဆွေအပေါင်းအသင်းတွေအပေါ် အရမ်းကိုတာဝန်ကျေ
    ကူညီပေးတတ်တဲ့ အမတယောက်ပါ
    ကျန်တာတွေလည်း အကုန်တာဝန်ကျေတဲ့သူ တယောက်ဖြစ်မယ်ဆိုတာ
    ပစ်တော့ လုံးဝယုံကြည်တယ်အမ..

    ခင်မင်လျှက် ပစ်ပစ်..

  3. တဂ်ပို့စ်လေး ဖတ်ရတာ ကြည်နူးစရာ မြသွေးရေ…
    “သမီး…ကြောက်တတ်တဲ့သူက နှစ်ခါပြန်ရှုံးနိမ့်ရတတ်တယ်၊ ဒီတော့ ဘာမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ” မှတ်သားစရာကောင်းတဲ့ စကားလေးပါ။
    “ငယ်ငယ်က တစ်ခါမှ မမြင်ဖူးတဲ့ မျက်လုံးမှေးမှေးသွားခေါခေါ နှာခေါင်းပြားပြားနဲ့ တရုပ်မကြီး တစ်ယောက်ကို စိတ်ကူးနဲ့တွေးပြီး ကြောက်ခဲ့ဘူးသေးတယ်” .. အဲ့ဒီစာကြောင်းလေးက ၀ါးလုံးကွဲအောင်ရီမိတယ် … စာရေးဆရာမဖြစ်ထိုက်ပါပေတယ် ပုံဖော်တာတော်လို့ … :P

    မေတ္တာဖြင့်
    တီတင့်

  4. ထရီဆာ (Teresa) says:

    အ မင်္ဂလာတရားမှန်သမျှကို လုပ်ဖို့ကို ရှက်တတ်ခြင်း၊ ကြောက်တတ်ခြင်း ဆိုတာကို ရင်ထဲမှာ စွဲမြဲအောင် မှတ်သားပြီးပဲ နေထိုင်မိပါတယ် အမရယ်၊ ဘ၀တိုတိုလေးမှာ နောင်တနဲ့ရှင်သန်ရမှာတော့ အကြောက်ဆုံးပါပဲ အမ မြသွေး

    (တဂ် ပို့စ်လေးမို့ ဘလော့ဂ်အမည်နဲ့ဖတ်သွားခဲ့ပါတယ်)

  5. အစ်မမြသွေးရဲ့ ပို့(စ်)လေးကတော့ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံနဲ့ ရေးထားတာ ဖတ်လို့ ကောင်း၏

  6. အစ်မမြသွေး ချရေးထားတဲ့ မမြင်နိုင်သေးတဲ့ ကြောက်စရာ အချက်လေးငါးချက်ကို သိပ်သဘောကျတယ်…..

    ခင်မင်စွာ…
    ကိုဏီ

  7. အမမြသွေးကြောက်တတ်ပုံလေးကိုတွေးပြီးရယ်မိလိုက်တယ်
    ဒီစကားလေးမှန်လိုက်တာအမမြသွေးရေ
    (…ကြောက်တတ်တဲ့သူက နှစ်ခါပြန်ရှုံးနိမ့်ရတတ်တယ်၊ ဒီတော့ ဘာမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ)

  8. ချစ်မ

    ကြောက်ပုံကြောက်နည်းချင်းမတူပေမယ့် ကြောက်တတ်ကြတာခြင်းတူတယ်နော်…
    ကြောက်တတ်ရင် နှစ်ခါပြန်ရှုံးရတယ်ဆိုတာတော့ သေချာတယ်မမ…
    အခုလို ကျောသားရင်သားမခွဲခြားပဲ တက်ဂ်ပို့စ်လေးကို အခက်အခဲအမျိုးမျိုးကြားကရေးပေးတဲ့အတွက် ကျေးဇူးပါချစ်မ…

    ချစ်သော
    နှင်း

  9. Naw Phaw says:

    ကိုယ်ကတော့ငယ်ငယ်တည်းကြောက်တတ်ရဲ့သားနဲ့ မကြောက်ဘူးလို့မာန်တင်းပြီးကိုယ့်ကိုယကိုယ်အားပေးခဲ့ရတာ… ခုမကြောက်တတ်တော့ဘူး(ထင်တာဘဲ)

  10. အစ်မရေးထားတဲ့ မမြင်နိုင်တဲ့ အကြောက်တရားတွေကို သဘောကျမိတယ်။

  11. တစ်ကယ့်ကို အားကျစရာ ထိန်းသိမ်းလမ်းညွှန်ပေးတဲ့ အမေတစ်ယောက်ရဲ့ လမ်းပြမှုတွေကို လေးစားမိပါတယ်မမရေ.. နည်းမှန်လမ်းမှန်တဲ့ အမှန်တရားကို အသိပညာနဲ့ ရင်ဆိုင်ဖို့ အကြောက်တရား ဖယ်ရှားပေးပုံကလည်း အတုယူဖွယ်ပါပဲမမရေ..

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>