စက္ကူခေါက်ကလေး

Number of View: 29234

1

နေ့ရက်အချို့ရဲ့ ညနေရုံးဆင်းချိန်တွေမှာ အိမ်ကို ခင်ပွန်းသည် ကိုရင်ညိုနဲ့အတူ ညနေဈေး ၀င်ဝယ်အပြီး၊ ပန်းဆိုးတမ်းဂုံးကျော်တံတားအတိုင်း ကျွန်မတို့ လမ်းလျှောက်ပြန်ဖြစ်ပါတယ်။  တစ်နေ့လုံးရုံးမှာထိုင်ပြီး အလုပ်လုပ်ခဲ့ရသမျှ၊ ညနေလမ်းလျှောက်ချိန်က ကျွန်မတို့နှစ်ယောက် အတွက် နေ့တစ်နေ့ရဲ့ နှစ်သက်စရာ အကောင်းဆုံးအချိန်လေးပါပဲ။ နှစ်ယောက်သား လမ်းတလျှောက် စကားတွေ ပြောလို့ရတယ်။ တစ်နေ့တာ updateတွေ ဖလှယ်လို့ရတယ်။ နောက်တစ်နေ့ လုပ်စရာကိစ္စတွေ ပြောလို့ရတယ်။ ဒီထက်ပိုလို့ ပျားပမ်းခတ်နေတဲ့ လမ်းသွားလမ်းလာတွေဆီကနေ သွားရင်းလာရင်း စာရေးဖို့ ကုန်ကြမ်းရှာလို့ရတယ်။

တစ်နေ့ညနေခင်း။ နှစ်ယောက်သား ကုန်းတံတားပေါ် ဖြတ်နေပါပြီ။ လေပြည်က ဆံပင်တွေ မျောလွင့်နေအောင် တဖြူးဖြူးတိုက်နေတော့ အေးမြပြီး အမောပြေရပါတယ်။ ကုန်းတံတားပေါ်မှာ ကားတွေက တစ်စီးပြီးတစ်စီး အဆက်မပြတ် သွားလို့ပေါ့။ အဲ့ဒီအချိန် အခိုက်အတန့်လေးမှာပဲ……။

အဲ့ဒီအချိန် အခိုက်အတန့်လေးမှာပဲ၊ ဘေးကနေဖြတ်သွားတဲ့ ဒိုင်နာကားအဖြူတစ်စီး။ ကြည့်ရတာ ရုံးကားတစ်စီးဖြစ်ပုံရတယ်။ အဲ့ဒီကားရဲ့ ရှေ့ခန်းပြူတင်းပေါက်ကနေ စာရွက်ခေါက် အဖြူရောင်တစ်စ လွင့်ကျလာပါတယ်။ စာရွက်ခေါက်လေးက အလျင်မပြတ်မောင်းနေတဲ့ ကားတွေရဲ့ ဖြတ်သန်းသွားတဲ့အရှိန်ကြားမှာ ကတ္တရာလမ်းမပေါ် မကျနိုင်ပဲ  ဝေ့ကာ ၀ဲကာ မျောကာ လွင့်ကာနဲ့  လေထဲမှာ လွင့်နေတယ်။  အဲ့ဒီ အနှီ လွင့်မျောပျံဝဲနေတဲ့ စာရွက်ကို မြင်လိုက်သူက လမ်းလျှောက်တိုင်း မျက်လုံးအငြိမ်မနေ ဟိုသည်ကြည့် ကုန်ကြမ်းရှာနေတတ်တဲ့ မြသွေးနီ။

“ စာရွက်…ပြုတ်ကျပြီ.. ပြုတ်ကျပြီ… ”
“ ကိုရင်ညိုရေ… ကားနံပါတ်မှတ်.. ကားနံပါတ်မှတ်…”
“ ဟယ်… လူတွေကလဲ ကားပေါ်က ကျလို့ကျမှန်းတောင် မသိကြဘူး.. ဒုက္ခပဲ..”
“ ဟော.. လွင့်သွားပြီ… ဟယ်..နောက်ကကား..နောက်ကကား.. အဲ..တော်သေးတယ်… ”
“ဟင်… တစ်ကားပြီးတစ်ကားဖြတ်နေတော့ သူ့ခမျာ လွင့်နေလိုက်တာ…၊ စာရွက်က ဘာတွေများ အရေးကြီးလဲ မသိဘူး..”

အထက်ပါ စကားရပ်များကို တစ်ယောက်ထဲ တတွတ်တွတ် တရစပ် ပြောရင်း၊ ပုခုံးပေါ်က လွယ်ထားတဲ့အိတ်၊ လက်ထဲက ဆွဲထားတဲ့အိတ်၊ ၀န်စည်စလည်များကိုတောင် မေ့ပြီး မြသွေးနီ တစ်ယောက် စာရွက်လေးမျောလွင့်ရာ  လမ်းကြောင်းအတိုင်း မပြေးယုံတမယ် ကုန်းတံတား ပလက်ဖောင်းထက်က အပြေးလျှောက်ရင်း လိုက်ပါလာပါတယ်။

မြသွေးနီရဲ့နဘေးက ကိုရင်ညိုလဲ မနေနိုင်တော့။ ဘုမသိဘမသိ ပြောတဲ့အတိုင်း ကားနံပါတ်ကို ချက်ချင်းမှတ်ရင်း ဆံထုံးနောက်သျှောင်ပါ အပြေးအလွှား လိုက်ပါလို့ပေါ့။  အဓိကက အမြင်မတော် မနေနိုင်နိုင်မထိုင်နိုင် ၀င်ဝင်ပါတတ်တဲ့ မြသွေးနီရဲ့ဗီဇစိတ်။ တစ်ခဏချင်း မြန်နှုန်းမြင့်ပြီး   တွေးမိလိုက်တာက  ဒီစာရွက်သာ အရေးကြီးတဲ့ စာချုပ်စာတမ်းတစ်ရွက် (သို့)  အထက်လူကြီးရဲ့ ညွှန်ကြားချက်တစ်စောင် (သို့) အမေအိုတစ်ယောက်ရဲ့အဝေးက သားတစ်ယောက်အတွက်   ရေးထားတဲ့စာ၊ အို..ယုတ်စွအဆုံး ချစ်သူတစ်ယောက်အတွက် မေတ္တာတွေရင်ဖွင့်ထားတဲ့ စာတစ်စောင်များ ဖြစ်နေခဲ့ရင် ဘယ်နှယ့်လုပ်မတုန်း။

“ အဲ့ဒီစာရွက် ဘာလုပ်ဦးမလို့တုန်း ဒေါ်မြသွေးနီ…၊ ကားနံပါတ်က ဘာလို့ မှတ်ရသတုန်း၊ လုပ်ပြန်ပြီကွာ ”

ကိုရင်ညိုတစ်ယောက် ညနေဈေးက ၀ယ်လာတဲ့ ဈေးအိတ်ကို မနိုင်မနင်းသယ်ရလို့ ညစ်နေချိန် ဒီကိစ္စပေါ်လာလို့ ချက်ချင်း ကွန်ပလိန့်တက်တယ်။

“ အို.. ကိုရင်ညိုရယ်… ရှင်မသိပါဘူး… ဒီစာရွက်က လူတစ်ယောက်ယောက်အတွက် အရေးကြီးနေ.. ဘယ်နှယ့်လုပ်မလဲတော်”

ပြောနေရင်းက စာရွက်လေးက လမ်းမရဲ့ အလယ်မျဉ်းနားပေါ် ဝေ့၀ဲကျသွားတာ   မြသွေးနီ မြင်လိုက်ရတယ်။ ဘယ်ရမလဲ။ ပလက်ဖောင်းကနေ လမ်းမဆီ ချက်ချင်း ဆင်းလိုက်တယ်။

“”””” ပွမ်မ်မ်မ်မ်……..”””””
“ဟာ… သေတော့မှာပဲ……”

ကျယ်လောင်တဲ့ ကားဟွန်းသံရှည်နဲ့အတူ ကိုရင်ညိုရဲ့အော်သံနဲ့ လက်မောင်းကို   ဆောင့်ဆွဲတာခံလိုက်ရလို့ ကတ္တရာလမ်းမပေါ် ခြေချမယ့် မြသွေးနီတစ်ယောက် နောက်ပြန် ဆုတ်ရင်း ပလက်ဖောင်းပေါ် ပြန်ရောက်သွားရတယ်။ ကားကြီးက ၀ူးခနဲဘေးကဖြတ်မောင်းသွားမှ ရင်တွေ တထိတ်ထိတ်ခုန်သွားရတယ်။

တစ်ခုခုလုပ်ချင်ပြီဆို ချက်ချင်းလုပ်လိုက်ရမှ ကျေနပ်တတ်တဲ့ မြသွေးနီအဖို့၊ အဲ့ဒီအချိန်မှာ ကိုရင်ညိုရဲ့စိုးရိမ်နေတဲ့ မျက်နှာကြီးထက် လမ်းမအလယ်ခေါင်မှာ ငြိမ်သက်နေတဲ့ စာရွက်လေးက မြသွေးနီကို ပိုလို့ စွဲဆောင်ထားပါပြီ။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့၊ ကုန်းတံတားပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ လူအများက ပုံမှန်သွားလာလို့။  မြသွေးနီတို့ နှစ်ယောက်သာ နှစ်ယောက်ချင်းသိတဲ့ စာရွက်လေးတစ်ရွက်အတွက်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ။

“ ကိုရင်ညို.. စာရွက်လေးကို မျက်ခြေမပြတ်စေနဲ့၊ ကားရှင်းတာနဲ့ ရအောင်ကောက်မယ်၊ ခုန ကားနံပတ်လဲ မမေ့အောင် မှတ်ထားဦး..၊ အရေးကြီးစာရွက်ဆို ကားနံပတ်ကနေ ခြေရာခံလိုက်ပြီး ရှာပို့ပေးလို့ရတာပေါ့”

အရေးကြီးစစ်ဆင်ရေးတစ်ခုကို ကိုယ်တိုင်ကွပ်ကဲညွှန်ကြားနေတဲ့ ပုံစံနဲ့ ပြောနေမိတာမို့ ကိုရင်ညိုလည်း စိတ်ပျက်လက်ပျက်ပုံပေါက်နေပေမယ့် အကြောင်းသိတွေမို့ ကားနံပါတ်ကို မမေ့အောင်တတွတ်တွတ်ရွတ်ရင်း စာရွက်လေးကို မျက်ခြေမပြတ်ကြည့်လို့။ မျက်လုံးနှစ်စုံရဲ့   အောက်က စာရွက်လေးက လမ်းမအလယ်မှာ အနားစလေးများပင် လှုပ်လို့ ၊ သူ့ကို လာပါ၊   ကောက်ယူလှည့်ပါလို့ တောင်းဆိုနေသယောင်ယောင်။ ကုန်းတံတားပေါ်မှာ ကားတွေကလည်း အဆက်မပြတ်။

အဲ့ဒီအချိန်မှာ ကုန်းတံတားပေါ်ကို ဟီးနိုးကားကြီးတစ်စီး အရှိန်နဲ့မောင်းတက်လာပြန်တယ်။ ကားရဲ့ ဖြတ်သွားတဲ့အရှိန်ကြောင့် ခရီးတထောက်နားနေတဲ့ လမ်းမအလယ်က စာရွက်လေးက လေထဲမှာ ဝေ့ရ၀ဲရပြန်တယ်။ စာရွက်လေးက  ဝေ့ကာ၊ ၀ဲကာ။ မျက်လုံးနှစ်စုံနဲ့ လူနှစ်ယောက်ကလဲ စာရွက်လေးနောက်သို့ ရင်တထိတ်ထိတ်နဲ့ ထပ်ချပ်မကွာ။

ကံအားလျော်စွာ စာရွက်လေးက မြသွေးနီတို့ဘက် အရှေ့နှစ်ကိုက်လောက်အကွာ ပလက်ဖောင်းရဲ့နဘေးကို ကျသွားတယ်။ ကိုရင်ညိုလဲ ဒီတစ်ခါတော့ မတားလိုက်နိုင်ပါဘူး။ စာရွက်လေးရဲ့အနားကို ဘယ်လိုကဘယ်လို ရောက်သွားမှန်း မသိလိုက်ဘူး။ အဆုံးမှာ အေဖိုးဆိုဒ် စာရွက်ခေါက်လေးက မြသွေးနီရဲ့လက်ဝယ် ပိုင်ပိုင် ရောက်ခဲ့ပါပြီ။ ကျစ်ခနဲ စစ်ဆင်ရေး   အောင်မြင်သွားကြောင်း အသံပြုရင်း ဂုဏ်ယူစွာနဲ့ စာရွက်ခေါက်လေးကို ကိုရင်ညိုကို လှမ်းပြလိုက် ပါတယ်။ ပြီးတော့ စာရွက်ခေါက်လေးကို ဖွင့်ဖတ်လိုက်မိတယ်။

အဲ့သလို ဖတ်ပြီးတာနဲ့ မြသွေးနီတစ်ယောက် ဘာမပြောညာမပြော စာရွက်ခေါက်ကို လွယ်ထားတဲ့အိတ်ထဲ ချက်ချင်း ထည့်လိုက်ပါတယ်။ ပြီးတော့ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ငါးမိနစ်သာသာ လျှောက်ရင်ရောက်တဲ့ အိမ်ဆီကို စကားမပြောဘာမပြောနဲ့ သုတ်ချေတင်တော့ တယ်။ နေခဲ့တော့ ကိုရင်ညို။

ကိုရင်ညိုက အနောက်က လိုက်လာရင်းက “ ဒေါ်မြသွေးနီ.. ဘာတွေ ရေးထားလို့လဲ… .ပြောဦးလေ… ပြောပါဦး… ဒီမှာ မှတ်ထားတဲ့ ကားနံပါတ်ယူဦး…ဟေ့… ပြောဦးလေ…” ဆို ပြောရင်း တရွတ်တိုက်ပါလာပါတယ်။ မြသွေးနီဘာမှ မပြောနိုင်ပါဘူး။ မပြောဆို ဘာဆိုဘာမှကို မပြောချင်တော့တာ။

“ဟား…ဟား…..ဟား……….ဟား..”

အိမ်ရောက်တော့ ကိုရင်ညိုရဲ့ခွက်ထိုးခွက်လန် ဟားတိုက် ရယ်မောနေသံကို   နောက်ဖေးခန်းမှာ ရေသောက်နေရင်းက မခံချိမခံသာနဲ့ မြသွေးနီ ကြားနေရတယ်။   သေချာတယ်။ အိမ်ရှေ့စားပွဲပေါ်က ခုန စာခေါက်ကို သူဖတ်မိသွားလောက်ရောပေါ့။ သူက ရယ်မောနေနိုင်ပေမဲ့၊ လက်တွေ့သမား မြသွေးနီမှာတော့ အသည်းတထိတ်ထိတ်နဲ့ အရယူခဲ့ရတဲ့ ဒီစာရွက်လေးအတွက် ရယ်ရမလို၊ ငိုရမလို ခံစားချက်ကတစ်ဘက်၊ စာရွက်ပါအတိုင်း လုပ်ရင်ကောင်းမလား၊ မလုပ်ရင်ရော ဘာများဖြစ်လေမလဲဆိုတဲ့ စနိုးစနောင့်စိတ်က တစ်ဘက်နဲ့။ ကြည့်ဦးလေ စာရွက်ထဲမှာ   ရေးထားတာက ဘယ်လောက်တောင်မှ အသည်းယားစရာ   ကောင်းလိုက်လေသလဲဆိုတာ။

“ ဤစာပါ ဘုရားစာကို (၉)ရက်တိတိ ပုတီး(၉)ပတ်စိတ်ကာ (၉)ရက် သတ်သတ်လွတ်စားပြီး သင့်မိတ်ဆွေ (၉)ယောက်သို့ (၉)ရက်အတွင်း ဝေပါ။ ဤစာကိုဝေသော မန္တလေးမှ ဟင်းရွက်သည်တစ်ယောက် သိန်း၁၅၀၀ဆုပေါက်သည်။ မဝေသောသူသည်………”

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, ပြုံးထေ့ထေ့. Bookmark the permalink.

11 Responses to စက္ကူခေါက်ကလေး

  1. ဟားဟား ခိခိ အစ်မမြသွေးကစာရွက်ကြီးမရမကလိုက်ကောက် ကိုရင်ညိုကဆွဲစာရွက်မှာရေးထားတာက
    “ ဤစာပါ ဘုရားစာကို (၉)ရက်တိတိ ပုတီး(၉)ပတ်စိတ်ကာ (၉)ရက် သတ်သတ်လွတ်စားပြီး သင့်မိတ်ဆွေ (၉)ယောက်သို့ (၉)ရက်အတွင်း ဝေပါ။ ဤစာကိုဝေသော မန္တလေးမှ ဟင်းရွက်သည်တစ်ယောက် သိန်း၁၅၀၀ဆုပေါက်သည်။ မဝေသောသူသည်………”

    ဆွေလေးလဲဝေကောင်းမလားဟင်.. :) :) : :)

  2. Nan says:

    Lovely, Ma.

    I also can see your beautiful mind.

  3. အဟားဟား…. စာရွက်ခေါက်ကလေးအတွက် ပူပန်တတ်လွန်းတဲ့ သူနဲ့ကျမှ ဖြစ်ရပလေတယ်..၊း)
    သက်စွန့်ဆံဖျား ကောက်ယူပြီးကာမှ ဖြန့်ချိရေး လုပ်ခိုင်းတာနဲ့ လာတိုးနေတဲ့ အဖြစ်…၊

    အင်း… ပြောလို့တော့ မရဘူး၊ လူ ၉ ယောက်ကို ဒီအတိုင်း ဝေမယ့်အစား ဘလော့ဂ်မှာ တင်လိုက်ရင် ၉ ယောက်မကဘဲ ဝေပြီးသားလည်းဖြစ်၊ ပို့စ်တစ်ပုဒ်လည်းဖြစ် ဆိုပြီး ဒီပို့စ်ကို အစ်မမြသွေး တင်လိုက်တာပဲ ဖြစ်ရမယ်…။းPးD

  4. အစ်မတို့အဖြစ်အပျက်ကို ကွင်းကွင်းကွက်ကွက်ကြီး ရုပ်ရှင်ကြည့်ရသလိုမြင်တယ်…။ ကိုညိုရင့်ကြီး အနောက်က အထုပ်တွေဆွဲပြီး လိုက်ပြေးလာတာကိုလဲ မြင်နေတယ် စာရွက်ခေါက်လေးဟာ အသုံးမ၀င်တဲ့ အမှိုက်တခုမို့လို့ စည်းကမ်းမရှိ ကားပေါ်က အမှိုက်စွန့်ပစ်သူတွေကပစ်တဲ့ဟာပဲလို့ ဖတ်ရင်းတွေးမိနေတာ မှန်သွားတယ်း)

  5. ဘာစာရွက်များလဲလို့ အသည်းအသန် လိုက်ဖတ်လိုက်ရတာ
    နောက်ဆုံးကျတော့ . .
    ရယ်မောပျော်ရွှင်စရာပါပဲ အမ မြသွေးရေ

    :D :D

  6. စွဲဆောင်မှု့အားကောင်းကောင်းနဲ့ အဆုံးရောက်အောင် စွဲခေါ်သွားပြီး

    စာလေးဆုံးတော့ အားရပါးရ ရယ်မောလိုက်ရပါတယ် မမ ။ ဖတ်ခွင့်

    ရလို့ ကျေးဇူးတင်ပါတယ် မမ ။

  7. Naw Phaw says:

    အဟိ…မြသွေး လမ်းပေါ်မှာပြေးလွှားနေပုံလေးမျက်စေ့ ထဲမြင်ယောင်လာမိတယ်…

  8. Myat Kyi says:

    သွားရောပဲ။ :D ချစ်ချစ်က သဘောထားကြီးပေလို့။

  9. အမရယ်..
    စာရွက်လေး ဝေ့ဝဲနေပုံကို
    မျက်စိထဲကိုမြင်ယောင်ပြီး
    လိုက်ကောက်နေတဲ့ စုံတွဲ ကိုပါ မြင်ယောင်လာတယ်

  10. Zin Lay says:

    အစ်မမြသွေးတို့ စုံတွဲရဲ့ စာရွက်နောက်တောက်လျှောက်လိုက်ပုံကိုမြင်ယောင်ကြည့်ရင်း … နှစ်နှစ်သက်သက် ဖတ်သွားပါတယ် အစ်မ …

  11. မောင်မျိုး says:

    မောတောင်မောတယ်နော့် အစ်မ ပေါက်တက်ကရတွေ ကိုယ့်မှာ သက်စွန့်ဆံဖျားး)))

Leave a Reply to နှင်းနုလွင် Cancel reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>