ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ

Number of View: 11742

63158_3848579301883_910340778_n

ဘလော့ဒေးအလွန်မှာမှ ဤပို့စ်လေး ရေးဖြစ်သည့်အတွက် အနှီဤပို့စလေးက ဘလော့ဒေး အတွက်ရယ်လို့ မသတ်မှတ်ပဲ ပုံမှန်တင်နေကျ ပို့စ်တစ်ပုဒ်ဟုသာ ဖတ်ကြပါကုန်ဟု ဦးစွာ မြ နိဒါန်းချီပါရစေ။ မြ ဤပို့စ်လေးအား ဘလော့ဒေးရက်ကျော်မှ ရေးဖြစ်သည့်အတွက် ခေါင်းစဉ် ကိုလည်း “ဘလော့ဒေးအလွန်နှင့် မြ၏တောင်တောင်အီအီ ရောက်မိရောက်ရာများ” လို့ ပေးလိုက်၏။

“တောင်တောင်အီအီ ရောက်မိရောက်ရာများ”ဆိုသည်က ယခုအချိန်တွင် စိတ်ထဲ၌ တိတိပပ ထိထိမိမိ ဆုတ်ကိုင်ရေးချချင်လိုက်သည်မျိုး တစ်ခုမျှ မရှိ။ မြ၏ စိတ်သည် ရှင်းနေ၏။ မြ၏ ရှင်းနေသည့်စိတ်က စည်ပင်သာယာက အမှိုက်သိမ်းပြီးကာစလို၊ သို့တည်းမဟုတ် သို့ကလို စိတ်ရှင်းပါသည်ဟု ပြောပြောပြီး စိတ်ခံစားချက်များ ဖွဘုတ်ကြီးတွင် ချချရေးတတ်သော သူများကဲ့သို့ ဟိုတို့တိ သည်တို့တိနှင့် ပလုံစီထနေသည့် အခြိတ်အဆက်မဲ့ ခေါင်းစဉ်များ   ပြည့်နှက်နေ၍ အနှီခေါင်းစဉ်လေးအား ပေးလိုက်ရသည်တမုံ့။

ထို့ပြင်တ၀ ယခုအောက်တွင် ဖတ်ရှုရမည့် ကဘောက်ကချာ အရေးအသားများမှာလည်း စာလာဖတ်သူများသို့ မက်ဆေ့ခ်ျပေးသည်မျိုး၊ သို့တည်းမဟုတ် တစ်စုံတစ်ယောက်အား ရည်ရွယ်ချက်ထားပြီး စိတ်ခံစားမှုများနှင့် ရေးလိုက်သည်မျိုးမဟုတ်ပဲ၊ မြ၏ တစ်ဦးထဲပိုင် စိတ်သဏ္ဍာန်ထဲက မထွေးနိုင်မအံနိုင်သည်များအား အဆီအငေါ်မတည့်၊ ရောက်မိရောက်ရာ   ရေးထားခြင်းသာ။

တနည်း ချစ်ခင်လေးစားရသည့် ဘလော့ဥသျှောင်အန်တီတင့်၏ဆန္ဒကို ဖြည့်ဆည်းချင်သည့် အတွက် ယောင်ခြောက်ဆယ် အလုပ်တွေများနေလျှက်က၊ အမ်ပီတီကွန်နက်ရှင်   နှောက်နေ လျှက်က၊ ခေါင်းလောင်းဆယ်သည့်အရေး စိတ်လေးနေလျှက်က တောင်တောင်အီအီ   ရေးဖြစ်ရချေပြီ တမုံ့။ အချိန်မီ အချိန်ကိုက်ရေးချင်သော်ငြား အကြောင်းအမျိုးမျိုးကြောင့်   နောက်ကျမှ ရေးဖြစ်ခြင်းအတွက် အင်မတန်မှ အားတုန့်အားနာဖြစ်ရကြောင်းနှင့် ချစ်ခင်ရသော တီတင့်မှ မေတ္တာရှေ့ထား ခွင့်လွှတ်နားလည်ပေးမည်ဟု တစ်ဘက်သတ် ကောက်ချက်ချကာ   မြတစ်ယောက် သံခမောက်စောင်း ရေးလိုက်ချေ၏တကား။

Untitled

မြစိတ်နှင့် မြကိုယ်
မြ ငယ်စဉ်က အင်မတန် မဟုတ်မခံ စိတ်မြန်လက်မြန် ရှိ၏။ မဟုတ်မခံဆိုတော့ ကိုယ်မှန်လျှင် မည်သူမျှမကြောက်သည့် အမျိုးအစား။ စိတ်မြန်လက်မြန်ဆို၍ စိတ်က လုံးဝမှ မရှည်တတ်ချေ။ ဤသို့ စိတ်မရှည်သည်နှင့် မည်သည့်ကိစ္စပဲလုပ်လုပ် ပင်ပမ်းကာမှနေရော့၊ ကိုယ်ကပဲ တစ်ယောက်ထဲ သိမ်းကျုံးလုပ်လေ့ရှိ၏။ ထို့ကြောင့် စိတ်သွားတိုင်း ကိုယ်ပါ၏။ တစ်ခုခုဆိုလျှင် စိတ်ကဆုံးဖြတ်ပြီးသည်နှင့် လူက လုပ်နေလေပြီ။ သို့သော် အသက် ၄၀ကျော်လာချိန်တွင် ကိုရီးယားဇာတ်လမ်းတွဲများကဲ့သို့ မြ၏စိတ်သည် ရှည်တတ်လာ၏။ စိတ်ထဲရှိသမျှ လုပ်၍မဖြစ်ဆိုသည်ကို ကျင့်ယူတာမျိုး မဟုတ်ပဲနှင့် အလိုလိုသိလာ၏။ ဤသို့နှင့် မြ၏စိတ်တွေက ရှည်တတ်လာ၏။ မရှည်၍လဲ မရတော့ချေ။ ပေါင်ချိန် ၁၅၀ခန့် ရှိနေသည့် မြ၏ခန္ဓာကိုယ်က မြ၏ စိတ်သွားသည့်အတိုင်း အမီ မလိုက်နိုင်တောပေ။

လူအများထံမှ မြ သင်ယူခြင်း
စိတ်ကို ရှည်ရှည်ထားတတ်လာချိန်တွင် မြတစ်ယောက် လူအများနှင့် နိစ္စဓူဝ တွေ့ကြုံရ ပါတော့သည်။ အရွယ်အမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ အနှီလူပုဂ္ဂိုလ်တို့အား အလုပ်သဘောအရ၊ ၀ါသနာအရ၊ ခရီးသွားလမ်းကြုံအရ တွေ့ကြုံသိကျွမ်း   မြင်တွေ့ခွင့် ရခဲ့၏။ ထိုလူပုဂ္ဂိုလ်များထံမှ မြ အခမဲ့ သင်ယူခွင့်ရနေ၏။ ဤတွင် မြ အံ့သြရ၏။ လူနှင့်စိတ်နှင့် စရိုက်နှင့် ထပ်တူကျသူတွေ၊ ထပ်တူမကျသူတွေ အလျိုလျို တွေ့မြင်လာရပြန်သဖြင့် အင်မတန် စပ်စပ်စုစုနဲ့ ကုန်ကြမ်းရှာနေတတ်သည့် မြအတွက် တအံတသြပင်။ ချစ်မြတ်နိုးစိတ်၊ လေးစားစိတ်၊ အားကျစိတ်၊ ဂုဏ်ယူစိတ်၊ အံ့သြစိတ်၊ အထင်သေးစိတ်၊   ရှောင်ဖယ်လိုစိတ်၊ ရွံရှာလိုစိတ် အမျိုးမျိုးက မြကို တလှည့်စီ ထိတွေ့ပေး၏ ။

လှစ်လျူရှုခြင်းနှင့် မြ
အဲ့သည်လို သိလာရပြန်တော့ ချစ်မြတ်နိုး၊ လေးစား၊ အားကျ၊ ဂုဏ်ယူစိတ်ဖြစ်ရသူများနှင့် ရင်နှီးခင်မင်လိုစိတ်၊ အဝေးကနေ တိတ်တဆိတ်ကြည့်ရင်း ကျေနပ်စိတ်၊ ကြည်နူးပီတိဖြစ်ရစိတ် များ ရင်ထဲ ထပ်မံပေါ်ပေါက်လာရသလို၊ အထင်သေးစိတ်၊ ရှောင်ဖယ်လိုစိတ်၊ ရွံရှာလိုစိတ် ဖြစ်ပေါ်စေသူများကိုတော့ မြစိတ်ထဲက တုန်လှုပ်ထိတ်လန့်စွာ ရှောင်ဖယ် လှစ်လျူရှုဖြစ်တော့၏။ ထိုသူများနှင့် အဝေးမှာသာ မြ နေလိုလာ၏။ ထိုသူတို့သည် မြ၏ကမ္ဘာ အပြင်ဘက်သို့ ရောက်မှန်းမသိရောက်သွားကာ ထုတ်ပစ်ပြီး လှစ်လျူရှုတတ်လာတော့သည်။

အောက်စီဂျင် မြ
အမေက မြကို ပြောဖူးသည့် စကားတစ်ခွန်းရှိ၏။ “ သမီး.. နင်ဟာလေ… အောက်စီဂျင်လို လူစား၊ ဘယ်သူနဲ့မဆို ခင်ခင်မင်မင် အလိုက်အလျားသင့် ပေါင်းသင်းဆက်ဆံတတ်တယ်…” သည်တဲ့။ အမေက မြကို မပေါင်းသင့်တဲ့သူဆို ဝေါင်ဝေါင်ရှေး ဝေးဝေးကရှောင်စေချင်၏။ အဲသည့်တော့ မြက အမေ့ကို ဤသို့ ပြန်ပြော၏။ “ အမေ…အောက်စီဂျင် ဓာတ်ငွေ့က ကိုယ်တိုင်မီးမလောင်၊ မီးလောင်ခြင်းကို အားပေးတယ်တဲ့၊ သမီး အားလုံးနဲ့ အခင်မင် မပျက်နေတတ်ပေမဲ့ သမီးရဲ့စိတ်ရင်းက မနှစ်သက်တဲ့အရာတွေထဲမှာ ဘယ်တော့မှ ပျော်ဝင် မသွားစေရပါဘူး” ဟု ပြောကာ မြ အမေထက်သမီးတစ်လ ကြီးခဲ့ပါ၏။

အချိန်၊ အပေးအယူနဲ့ မြ
မြ၏ တစ်ရက် ၂၄နာရီအချိန်က ဘယ်တော့မှ မလောက်င၍့ နောက်တစ်ရက်ကနေ ဖဲ့ယူနေရပြန်၏။ မြက အလုပ်လောဘကြီးတာထက် တာဝန်ကျေချင်သည်။ မည်သည့်အရာမဆို တာဝန်ကျေပြွန်ချင်သည့်အတွက် စေတနာပိုထည့်၊ အားပိုစိုက်နှင့် ပင်ပမ်းဇာတာ ရှည်ရပါ၏။ နောက်..မြ အားနာတတ်သည်။ အားနာနာနဲ့ ဘယ်အရာမှ မငြင်းရက်၊ အပမ်းမကြီးပါဘူးကွယ် တွင်တွင်သုံးကာ အားနာတောတွင် နစ်မြုပ်ရပြန်၏။ သို့ပေမဲ့ အဲ့သည် ပင်ပမ်းနေသည့်အထဲ၊ အားနာနေရသည့်အထဲ နေသားတကျ ပျော်မွေ့နေတတ်ပြန်သေး၏။ အချိန်တွေထဲ အားနာမှုတွေထဲ နစ်မြုပ်ရင်း ပေးဆပ်နေခဲ့ရသမျှ ကျေနပ်ခဲ့ရပေမဲ့၊ တန်ပြန်ရလာတဲ့ တုန့်ပြန်မှုက ရံဖန်ရံခါ ခါးသက်နေသော်ငြား ချိုမြိန်မှုလေးတွေဆမ်းထားပြန်တော့ ပင်ပမ်းသမျှ အမောပြေရပြန်၏။ မြသည် လျှောက်လှမ်းပြီးခဲ့သမျှ လမ်းများအပေါ် ဘယ်တော့မှ မကျေနပ်စိတ် မဖြစ်ခဲ့ပါ။

ဘလော့ဂါမြ မြဘလော့ဂါ
အခုတော့ အချိန်တွေ ပါးရှားလာသည့် မြသည် ယခင်က တစ်နေ့တစ်ပုဒ် မရေးရလျှင် မနေနိုင်သည့် ဘလော့ဘက်သို့ ခြေဦးသွက်သွက် မလှည့်နိုင်လေပြီ။ ဘလော့ဂါဘ၀သို့   မြကို ရောက်ခွင့်ရဖို့ စတင်စေခဲ့သည့် ချစ်ညီမ ချော (အစိမ်းရောင်လွင်ပြင်)ကို ရင်ထဲ အမြဲမမေ့။ ဘလော့ရေးကာစက“ ချောနဲ့ မြ တစ်နေ့တစ်ပုဒ် ရေးကြမယ်” ဆိုပြီး ဒီနေ့အတွက် ပို့စ်မတင်သေး လျှင် တစ်ယောက်ကိုတစ်ယောက် ဖုန်းဆက်ပြီး ဘလော့ရေးခိုင်း၊ ဘလော့ပေါက်စေ့လည် ကွန်မန့်ပေးခဲ့ကြသူများပါ။ ယခု ချောလဲ မြလို ဘလော့ကနေ ဖေ့ဘုတ်၊ အခုဆို ဖေ့ဘုတ် မှာတောင် မတွေ့တာကြာပြီ။ ဘ၀တွေက ဤသို့ပင်။ တသမတ်ထဲ မရှိ။ ဘယ်အရာမှ မမြဲချေ။ မြက ဘလော့ခေတ်ဦးကို မမီခဲ့သော်ငြား ဘလော့ရေးသူ ကြီး၊ လတ်၊ငယ် ဘလော့ဂါတိုင်းကို ချစ်ခင်စွာ လေးစားစွာဖြင့် ယခုအချိန်ထိတိုင် ဆက်ဆံခဲ့သည်။ မြ၏ စာရေးသူဘ၀ ပြန်လည် သက်ဝင်ခဲ့ရသည်ကလဲ အနှီ ဘလော့ကြောင့်ဆိုသည်ကို စာပေ ပရိုဖိုင်းထဲ ရှေ့ဆုံးက ထည့်ထား၍ ပြောလွန်းသဖြင့် ကြားသိသမျှ လူအများ အတော်ပင် နားကြားမျင်း ကပ်နေလောက်ချေပြီ။ လတ်တလော မြသည် ဘလော့ပို့စ်အသစ်တွေ မရေးနိုင်သလို၊ အရင်လို ဘလော့တွေလည်ကာ ကွန်မန့်မပေးဖြစ်တာလဲ ကြာပေပြီ။ အချို့ဘလော့ဂါအများစုလဲ မြကဲ့သို့ ဘလော့မရေးနီုင် ဘလော့မလည်နိုင် ရှိချေမည်ဟု ဇွတ်အတင်း စစ်ကူဆွဲထည့်လိုက်ရချေသည်တမုံ့။ သို့သော် မြသည် “ကျွန်မ ဘလော့ဂါမြပါ” ဟု ဘယ်အချိန် ဘယ်နေရာတွင်မဆို ပြောဖို့ရာ ဘယ်တော့မှ ၀န်မလေးတတ်သူပေ။

စာရေးဆရာ မြ
ယခု အနှီမြက မှန်သားပေါ်ဘလော့ရေးရာကနေ မနေနိုင်မထိုင်နိုင် စာရွက်ပေါ် စာရေးတဲ စာရေးဆရာ ဖြစ်လာရပြန်၏။ ဘယ်သူတွေ စာမျက်နှာပေါ်မှာ မဖြတ်ချင်ဘူး ပြောပြော   မြကတော့ ရေးချင်သည်။ “ဘလော့ကို အမီပြုပြီး စာမျက်နှာပေါ်ရောက်ကုန်ကြသူတွေ၊ အခုတော့ ဘလော့ကို မေ့နေပြီ”ဟု ပြောကြပြန်တော့ မြ အနာပေါ်တုတ်မကျပါချေ။ သို့သော် ကျွဲမြှီးတော့တို၏။ “ဘလော့ကို အမီပြုပြီး စာမျက်နှာပေါ်ရောက်ကုန်တယ်” ဆိုသည်အတွက် ကတော့ သက်စ်ရိုက်ဟု မြ ချက်ချင်း လက်ခံလိုက်နိုင်သည်။ ဟုတ်၏။ ဘလော့မှတဆင့် စာမျက်နှာပေါ်တွင် ရေးဖို့ရာ အခွင့်အလမ်း ရလာ၏။ သို့သော် မြအနေဖြင့် ဘလော့ဂါများ စာရေးဆရာဖြစ်ခွင့် မရှိဟု တစ်ခါဘူးမျှ မတွေးမိခဲ့ချေ။ ရိုးရိုးလေးပဲ မြ စဉ်းစားမိခြင်းလဲ   ဖြစ်နိုင်သည်။ ဘလော့မှာပဲ ရေးချင်နေသမျှ ထိုသူသည် ဘလော့ဂါဟူ၏။ မြကတော့ စာရေးဆရာဖြစ်ချင်သူ ဖြစ်သည့်အတွက် ဘလော့ရေးရင်းမှ စာမျက်နှာပေါ်သို့ ကူးပြီးရေး၏။ သို့နှင့် မုဒ်ဝင်လာ၏။ အရှိန်ရလာ၏။ မြသည် လုံးချင်းဝတ္တုသီးသန့်နေသူမဟုတ်။ ရသ၀တ္တုတိုများကို မဂ္ဂဇင်းစာမျက်နှာများတွင် အယ်ဒီတာများ၏ တည်းဖြတ်မှုခံယူရင်းမှ ပါချင်သူဖြစ်၏။ အဲ့ဂလိုနှင့် စာမျက်နှာပေါ်က အယ်ဒီတာမင်းများ၏ မှတ်ကျောက်တင်မှုဖြင့် မြမှာ မဂ္ဂဇင်းစာမျက်နှာများပေါ် ပါဝင်ခွင့်ရလာသော်လဲ စာရေးဆရာရယ်ဟု သိပ်အသံ မထွက်ရဲပေ။ “ဘလော့ဂါဆိုသည်မှာ လွတ်လပ်သူတွေမို့ သူများက တည်းဖြတ်တာမျိုးကို လက်မခံနိုင်ဘူး၊ စာရေးဆရာဆိုတာ စာဖတ်သူက သတ်မှတ်တာ၊ စာမျက်နှာပေါ်ရေးမှ စာရေးဆရာမဟုတ်၊ စာရေးဆရာဖြစ်ဖို့မလို စာရေးသူဆို လုံလောက်ပြီ၊ ဟွာလေ…ဆရာ/ဆရာမ   ခေါ်နေတာတွေ   တွေ့ရရင် အသည်းသိပ်ယားတာပဲ……” စသဖြင့် အသီးသီး အသက အဓိပ္ပာယ် ဖွင့်ဆိုကြကာ၊ တို့လူလေးများဆိုသလေ ဝေလေလေ အသံဗလံအချို့ ကြားတွင် စာရေးဆရာပိုးထနေသည့် အနှီမြတစ်ယောက်မှာ ငြိမ်ဝပ်ကုပ်ကာ ပိပြားနေရတော့လေ၏။ မနေနိုင်လျှင်တော့ မဂ္ဂဇင်း စာမျက်နှာထဲ ပါဝင်သည့် စာမူလေးများကို ဖေ့ဘုတ်ပေါ်တင်ကာ စာရေးဆရာဖြစ်နေပြီ   ဖြစ်ကြောင်း မသိမသာ ကြော်ငြာမောင်းခတ်ရ၏။

စာရေးဝါသနာကြောင့် ဘလော့ဂါဖြစ်ဖို့ရန် မြ၏ အားလပ်ချိန်များကိုဖဲ့၊ ဇွဲနပဲနှင့် ရွှေမြို့တော်ကြီး၏ ကွန်နက်ရှင်ကို အံတု အချိန်တွေပေး ဖြတ်သန်းရေးခဲ့ရ၏။ တစ်ခါမျှ ပေါ့ပေါ့တန်တန်ရေးခဲ့သည် မရှိခဲ့။ ထို့အတူ စာရေးဆရာဖြစ်ဖို့ရာလဲ ဥုံဖွဆို လက်ခမောင်းခတ်ရုံဖြင့် ဖြစ်သည်မျိုး မဟုတ်တုံလော။ အချိန်၊ စိတ် နစ်မြုပ်ပြီး စာပေ၀ါသနာအရင်းခံဖြင့် ကြိုးစားခဲ့ရသည်။ သို့သော် မြ ကြောက်တတ်သည်။ မြက ရှည်ကြော၍ ဘလော့လောကမှ တည်းဖြတ်သူများရှိသည့် စာမျက်နှာပေါ်သို့ ကျော်ကျော်ကျူး ကျူးကူးခဲ့သူမဟုတ်တုံလော။ ကြောက်တတ်သူ၊ မဖြစ်ညစ်ကျယ်   မြက ရင်ထဲကနေ ယခုလို တိုးတိုးလေးသာ အော်မြည်မိသည်။ (တိုးတိုးလေးမို့   သေးသေးလေး ရေးပါသည်။) :D

“ ဘလော့မှာ စာရေးရင် ဘလော့ဂါ
စာမျက်နှာပေါ်မှာ စာရေးရင် စာရေးဆရာ”

ဖေ့ဘုတ်ကာ မြ
မြ တစ်ယောက် အနှီဖေ့ဘုတ်ကြီးကိုလည်း မခွဲနိုင်မခွာရက် ဖြစ်နေပြန်သေး၏။ ဘလော့တွင် စာမရေးနိုင်သည်မှာ ကြာပြီဖြစ်သလို၊ စာမျက်နှာပေါ်တွင်လဲ အင်မတန် ကျဲပါးလှစွာ   ရေးဖြစ်နေပြန်တော့ မြကို ဖေ့ဘုတ်ကာဟု အခုအချိန် အမည်နာမတပ်ပြန်လျှင် မြ မငြင်းနိုင်ပေ။ ခေတ်မီသူတိုင်း ဖေ့ဘုတ်သုံးကြသည်။ ဖေ့ဘုတ်မှာ လူအများ၏ ရင်တွင်းဖြစ်တွေ ဒရဟောတွေ့နေရသည်။ သို့နှင့် မြလဲ အားကျမခံ ဖေ့ဘုတ်သုံးတော့၏။ ထမင်းဟင်းချက်လဲ တင်သည်။ စာအုပ်ဝယ်လဲတင်သည်။ ခေါင်းကိုက်ဗိုက်နာလဲ တင်၏။ ဆဲလ်ဖီတွေ မရပ်မနား ရိုက်တင်၏။ သားအကြောင်း ယောကျာ်းအကြောင်း တင်၏။ မကျေနပ်သူများကို   စွေစောင်းရေး၏။ ဖေ့ဘုတ်ကနေ ကယ်တင်ရှင်လုပ်၏။ ဆရာကြီးလုပ်၏။ လွမ်း၏။ ဆွေး၏။ ရင်ကွဲနာကျ၏။ သရော်ရယ်သွေးသွမ်း၏။ သို့သော် ဖေ့ဘုတ်ပေါ်တွင် မြကို သူများက အစွန်းမလွတ်သည့် စကားလုံးများ၊ အဓိပ္ပါယ်နှစ်ခွစကားလုံးများဖြင့် ရေးတာမြင်ပြန်လျှင်တော့ ကိုယ်ချင်းမစာနာ အနှီမြ ရင်ထဲ ကျလိကျလိနှင့်နေ၏။ သို့သော် မြက သူများတွေလို ဗြန်းခနဲ လက်တုန့် ပြန်မပြောရဲ ပြန်မရေးရဲ။ မြက ကြောက်တတ်သည်လေ။ သိသူမသိသူများရဲ့ ကလစ်တစ်ချက်နဲ့ လိုက်ခ်တွေ တဖွေးဖွေးရလာချိန်မှာတော့ ဘလော့ဆီ မရောက်တော့ပဲ   မြတစ်ယောက်ဖေ့ဘုတ်ထဲ နစ်မြုပ်နေတော့၏။ သို့သော် ဖေ့ဘုတ်က လိုက်ခ်များက ဘလော့က ကွန်မန့်များလောက် နွေးထွေးမှု မရှိတာကို မြ ရင်ထဲ ခံစားမိသည်။

ဘလော့ဝင်ဖို့ ကွန်နက်ရှင်က အခွင့်မပေးပေသော်ငြား ဖေ့ဘုတ်ကျပြန်တော့ လွယ်လွယ်ဖြင့်ဝင်လို့ရနေလို့ သုံးရပါသည်ဟု မြက မိုးကြိုးပစ် ထန်းလက်ကာချင်သေးသည်။ သို့သော် တကယ်တမ်း မြက ဖေ့ဘုတ်ကို ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရေးဖော်များနှင့် ဆက်သွယ်ဖို့ ကြားခံတစ်ခုအနေဖြင့်သာ ပျော်ပျော်ရွှင်ရွှင် အသုံးပြုချင်၏။ သို့သော် အနှီ ကြောက်တတ်သည့်မြက ပြောစရာတကယ် ရှိလာရင်ဖြင့် သက်ဆိုင်သူကို ဒဲ့ပြောဖို့ ၀န်မလေးပါချေ။

အမှတ်မရှိ မြက ဖေ့ဘုတ်ထဲတွင် ကိုယ့်ကိုယ်ကို Blogger/ Writterဟု ရေးကို ရေးထားသေး၏။ ဒါတင်မျှက Freelance ဆိုသည့်စကားလုံးလေးပါ ရှေ့တွင် ဖြည့်ကွန့်ထားလိုက်သေးသည်။ မြက အချုပ်အနှောင် ကင်းချင်သည်။ အချုပ်အနှောင်ဆိုသည်မှာ စိတ်နှင့်ကိုယ်ကို ချုပ်နှောင်ထား သည်မျိုး။ ထိုအနှောင်အဖွဲ့ကို မြက ကင်းကင်းနေချင်သူ ဖြစ်သည်။ အချုပ်အနှောင်ကင်း လိုသည့် မြက လက်ရှိ စာပေဆိုင်ရာ အဖွဲ့အစည်းတွေမှာ ပါဝင်ဖြစ်နေတာကလဲ ရသစာပေ ချစ်မြတ်နိုးတဲ့ စိတ်တစ်ခုထဲနဲ့ လွတ်လပ်စွာ ပါဝင်ဖြစ်နေခြင်းပင်။ အခွင့်အလမ်းရဖို့ နာမည်ကျော်ကြားဖို့ သက်သက်နှင့် မြ၏ မိသားစုအတွက် တန်ဘိုးရှိလှသည့် အချိန်များကို မြ ဖဲ့ပေးနေပါ့မည်လော။ မြက ကိုယ့်ကိုယ်ကိုသာ ယုံကြည်စိတ်ချ အားကိုးတတ်သူဖြစ်သည်။ အခွင့်အရေးအတွက် တစ်စုံတစ်ယောက်ကို ချဉ်းကပ်ရယူတာမျိုးကို မြ ရွံရှာသည်။ မြ  ကျင်လည်နေသည့် လူမှုဝန်းကျင်တစ်ခုလုံးကို နောင်တစ်ချိန်မှာ အကျိုးပြုလာနိုင်မည်၊ ထိုအဖွဲ့အစည်း၏ ရပ်တည်ချက်၊ ရည်ရွယ်များ ကောင်းမွန်သည်ဟု ထင်မြင်မိလျှင် ထိုအဖွဲ့အစည်းမျိုးကို မြ ပါဝင် စိတ်ပါလက်ပါ ပါဝင်ဖြစ်တတ်သည်။

ဘလော့ဂါ/ စာရေးဆရာ/ ဖေ့ဘုတ်ကာ မြ
သို့ဖြစ်၍ မြကို ဘလော့ဂါ/ စာရေးဆရာ/ ဖေ့ဘုတ်ကာဟု အဆင်ပြေရာ ခေါ်နိုင်ပါသည်။ ဟုတ်ပါသည်။ မြသည် တစ်လတစ်ခါ ကြားနေကျ မိဘပြည်သူများခင်ဗျားဆိုသည့် လူကြီးမင်းလို ဝေ့လည်ကြောင်ပတ် မပြောလိုပါချေ။ မြသည် ဘလော့ဂါ၊ ထို့ထက်ပို၍ မြက စာရေးဆရာပါဟု ရဲရဲဝံ့ဝံ့ ပြောချင်ပါသည်။ သို့တည်းမဟုတ် လောလောလတ်လတ် ဟို ကိုရီယားက ပြန်လာသည့် မယ်လေးရဲ့ သရဖူကို ပြန်သိမ်းသလို၊ မြအား ဘလော့ဂါများဘက်က မရပ်တည်သူ၊ ဘလော့ဂါအမည်နာမကို မသုံးသင့်၊ စာရေးဆရာအမည်နှင့်လဲ မထိုက်တန်၊   ပြန်လည်သိမ်းမည်ဟု ဆိုလာပါလျှင်လည်း၊ သရဖူသိမ်းခံရသည့်မယ်လို သတင်းစာရှင်းလင်း ပွဲတွေ မလုပ်နိုင်ပြန်ချေ။ မြသည် ကြောက်တတ် သူတစ်ယောက်မို့   ပြုသမျှ နုရချေတော့မည် တမုံ့။

တံဆိပ်များနှင့်မြ
ဤသို့ မြ ပြောဖြစ်ရသလဲဆိုလျှင် အနှီမြ၏ ၀န်းကျင်တွင်၊ ငါသည်ဘလော့ဂါစစ်စစ်၊ ငါသည် စာရေးဆရာစစ်စစ်၊ သူတို့သည် စာရေးဆရာ၊ သူတို့သည် ဘလော့ဂါ၊ သူတို့သည် ဘလော့ကနေ စာမျက်နှာရောက်သူ၊ ငါတို့သည် စာရေးဆရာဟုကိုယ်တိုင်မသတ်မှတ် ပရိသတ်က သတ်မှတ်သည်၊ ငါတို့သည် အယ်ဒီတာစားပွဲဖြတ်ခဲ့၍ စာရေးဆရာဖြစ်သည်၊ ငါတို့သည် ဘယ်သူ့အကဲဖြတ်မှုမှ ခံယူရန်မလို၊ ငါတို့ ရေးချင်ရာစာ ငါတို့ရေးသည်၊ ငါတို့စာအုပ်ကို ထုတ်ဝေသူ ထုတ်ပေးသည် သို့ကြောင့် ငါတို့ စာရေးဆရာ။ ငါတို့စာအုပ် ငါတို့ပိုက်ဆံနဲ့ငါတို့ ထုတ်တာမို့ ငါတို့က ထုတ်ဝေသူ စာရေးဆရာ။ ငါတို့က စာရေးဆရာစစ်စစ်၊ ဘယ်စာရွက်ပေါ်ပါပါ၊ တစ်ပုဒ်ပါတာနဲ့ စာရေးဆရာပဲ။ သို့ကလို အမျိုးမျိုး တံဆိပ်တွေ ကိုယ့်ဟာကိုယ်ကပ်၊ ကိုယ့်မှတ်ကျောက် ကိုယ့်ဟာကိုယ် တင်နေကြပြန်တော့ မြလဲ ရောယောင်၊ ကြောင်တောင် စိုးရွံ့စွာဖြင့် ငါ ဘယ်တံဆိပ် ရွေးကပ်ရလေမည်လဲ၊ သို့တည်းမဟုတ် ဘယ်တံဆိပ်နဲ့များ ငါ့ကို လာကပ်လေမည်လဲဟု အချိန်တိုင်း နောက်ကျောမလုံ ဖြစ်ရလေ၏တမုံ့။

အခေါ်အဝေါ်များနှင့် မြ
မြ အသက် ၄၀မှာ နာမည် ၂မျိုး ရခဲ့၏။ တစ်မျိုးက အမေပေးတဲ့ နာမည်ရင်း။ ဒီနာမည်ရင်းက စာလုံး၎လုံးနဲ့ တည်ဆောက်ထားပြီး၊ နှစ်လုံးစီ ခွဲခေါ်လို့ ရနေလေတော့ကား မိသားစုက ရှေ့က၂လုံးကို ခေါ်၏။ မြ အိမ်ဦးနတ်က သူများနဲ့ မတူစေချင်ဟုဆိုကာ နောက်က ၂လုံးကို ခေါ်၏။ သည် ၂လုံးကတော့ လုပ်ငန်းခွင်ထဲရောက်တဲ့အထိ ခေါ်နေကြသည့် ၂လုံးပေတည်း။ သည်တော့ မြလည်း မိသားစုနဲ့စကားပြောရင် ရှေ့က ၂လုံးကို သုံး၏။ အိမ်ဦးနတ်နှင့် ပတ်သက်ရာများ၊ အလုပ်ကိစ္စနှင့် ပတ်သက်ရာများကြတော့ နောက်၂လုံးကို သုံး၏။ ရယ်စရာပြောရလျှင် အလုပ်တွင် ဆက်သွယ်ရသည့် ပြည်ပက နိုင်ငံခြားသားများက မြအား နာမည်၂မျိုးဖြင့် နှစ်ကိုယ်ခွဲ မြင်ကြ၏။ ဤတွင် မြ စာရေးလာသောအခါ ကလောင်နာမည်ကို သုံးပြန်သည်။ သည်လိုနှင့် မြ သုံးမည်ရမြ ဖြစ်နေ၏။ မြပြောလိုသည့် နေရာရောက်ပေပြီ။ စာရေးသူများ၏ လောကတွင် စာရေးဆရာများအား ဆရာ/ ဆရာမ ခေါ်၏။ ဒါက သူ့လောကနှင့် သူ ဟိုး ရှေးဦးမဆွထဲက သတ်မှတ်ထားခြင်းပင်။ အနှီ ဘလော့ရေးသော စာရေးသော မြအား ဆရာမ ခေါ်၍ ဘ၀င်မိုးထိတစ်ခါမျှ မတက်ခဲ့ဘူးပေ။ ထို့အတူ ဆရာမ မခေါ်ပဲ နာမည်ခေါ်လာ၍လဲ စိတ်ထဲ ကသိကအောက် မဖြစ်မိ။ မြ၏ မွေးသမိခင်အား မြက “အမေ” ဟု ခေါ်၏။ ထို့အတူ လမ်းမှာ အိုမင်းမစွမ်း တုန်တုန်ရီရီသွားနေသည့် တစ်ခါမှမသိသေးသည့် အဘွားအိုတစ်ယောက် ကိုလဲ ”အမေ”ဟု ခေါ်ရန် မြ ၀န်မလေးမိချေ။ အရာရာသည် ပညတ်ချက်များသာဖြစ်သည်။ အနှီ ဆရာ/ဆရာမ အခေါ်ခံနေရသည့် အပေါ်မှာ နေမသာထိုင်မထိ ဖြစ်နေသူများကို   မြင်ရလျှင်   မြလဲ နေမထိထိုင်မသာ ဖြစ်ရပြန်၏။ အစွန်းမရောက်၊ အလယ်အလတ်လမ်းစဉ်ကို မြ ကျင့်သုံး သူဖြစ်သည်။

အုပ်စုများနှင့်မြ
မြတို့လောကတွင် အုပ်စုအတော်များသည်။ တချို့က ပျော်ရွှင်ခင်မင်ဖွယ်အုပ်စု၊ တချို့က အုပ်စုဖွဲ့ထိုးနှက်၊ တချို့က တစ်ကိုယ်တော်လို့ ကြေညာလျှက်က လူစု၊ သို့နှင့်အနှီမြလဲ အွန်လိုင်းပေါ်တွင် အုပ်စု(Group)များစွာ လာရောက် အင်ဗိုက်တိုင်း အားနာစွာ ပျော်ပျော်ကြီး လက်ခံ၊ ဒါမှအားမရသေး ပြင်ပမှာလဲ အုပ်စုလေးတွေ မြင်ရင် နားစွင့်ရင်း ၀င်ပါဖြစ်နဲ့၊ ကိုယ့်ကိုယ်ကို ဘယ်အုပ်စုက ဘာမှန်းပင် မကွဲပြားတော့။ အုပ်စုတွေများတော့ ဟိုအုပ်စုလဲ အားနာ၊ ဒီအုပ်စုလဲ မျက်နှာပူ၊ ဟို အဖွဲ့လဲ တာဝန်မကျေနှင့် မြ တစ်ယောက် ငါးသိုင်းများ ဟင်းဟုန် စာပင်ဖြောင့်ဖြောင့် မရေးနိုင်တော့။ တစ်အုပ်စုနဲ့ တစ်အုပ်စု ဆော်ကြ နှက်ကြ၊ စောင်းစွေ   ရေးကြပြန်ရင်လဲ အုပ်စုတိုင်း၊ လူတိုင်းနဲ့ အတော်အတန် ပလဲနံသင့်သည် ပြော၍ရသည့် အနှီ ဘလော့ဂါဟူသော၊ စာရေးဆရာဟူသော၊ ဖေ့ဘုတ်ကာတည်းဟူသော အောက်စီဂျင်မြသည်   ရှေ့ဆုံးမှ ပဲလှော်ကြား ဆားညပ်ပြီးသား ဖြစ်ချေ၏။ စာရေးဆရာက ဘလော့ဂါကို နှက်လျှင်   မြသည် မခံချိမခံသာ အသည်းတွေနာ။ ဘလော့ဂါက စာရေးဆရာကို တွယ်လျှင် မြ လည်း ကိုယ့်ငယ်ထိပ်ကို တူဖြင့် ထုလိုက်သကဲ့သို့ ခံစားရ၏။ အနှီ ဘလော့ဂါ၊ အနှီ စာရေးဆရာများ ကလောင်စွမ်းပြ၍ ဖေ့ဘုတ်ပေါ်တွင် စွေစောင်း ရေးနှက်ကြလျှင် မြသည် အလူးအလဲနဲ့ မအီမလည် ဖြစ်ရလေ၏။ သို့သော် ကြောက်တတ်သည့် မြ၊ အားနာတတ်သည့် မြက အောင့်အည်း တွန့်လိမ် ငြိမ်သက်ခံနေရလဲ သဘောထားကြီးသယောင်ယောင် ပုံဖမ်းကာ၊ အတွင်းကြိတ်၍ သွေးတက်နေလေ၏။

ဘက်မလိုက် မြ
လူဆိုသည်မှာ ကိုယ်ယုံကြည်သည့် တစ်ခုခုဘက်မှာ ရပ်တည်ရသည်။ ဟိုဘက် ဒီဘက် နှစ်ဘက်ခွ မရပ်သင့်..တဲ့။ သို့သော် မြအတွက် ထိုအဆိုသည် မှားနေလေသည်။ မြသည် ဘက်ပေါင်းစုံရပ်၏။ မြသည် ကနဦးပြောခဲ့သလို အားနာတတ်၏။ ကြောက်တတ်၏။ မြက စာရေးနေသူတိုင်းကို ဘယ်နေရာမှာရေးရေး တလေးတစား ခင်ခင်မင်မင် စိတ်ရင်းဖြင့် ဆက်ဆံတတ်၏။ ဘက်တစ်ခုခုမှာ မြ ဘယ်တော့မျှ ပေကပ်မရပ်တတ်။ သို့ကလိုကြောင့် အလယ်အလတ်လမ်းစဉ်သမား မြတွင် ဘက်၂ဘက်သာမက၊ ၃..၄..၅..ဘက် မကပင် ရှိနေ၏။ ထို့ကြောင့် အနှီဘက်များ အချင်းချင်း ငြိကြပြီဆိုလျှင် ၃..၄..၅..ဘက် မက ခွရပ်နေတတ်သည့် မြမှာ ကိုးရိုးကားရား ဟန်ချက်ပျက်၍ ဂျွမ်းပြန်လေတော့၏။

နမော်နမဲ့မြနှင့် စပ်ရှရှအရသာ
မြ က နမော်နမဲ့ မြပါ။ ဘယ်နေရာသွားသွား ဂရုတစိုက်မရှိ၊ ပြာပြာယာယာဖြင့်။ ထိမိ ခိုက်မိ ရှမိ ခလုပ်တိုက်မိတာများ မရေတွက်နိုင်ပေ။ တစ်နေ့က ကြက်သွန် လှီးနေရင်း မြ ဓားနည်းနည်းရှသွားခဲ့၏။ အဲ့သည့် ဒဏ်ရာဖြင့် ဆားကိုင်မိပြန်သည်။ စပ်လိုက်သည်မှာ   ပြောရန်မရှိ။ စွေ့စွေ့ခုန်လို့။ သို့နှင့် ထိုဓားရှဒဏ်ရာ စပ်ဖျဉ်းဖျဉ်းကနေ မြ ဆက်စပ် စဉ်းစားမိ၏။ မြလက်မှာ ဒဏ်ရာရှိချိန်မို့ ဆားကိုင်မိချိန်မှာ စပ်ပေတော့မပေါ့။ မြတို့ စိတ်ထဲက ဒဏ်ရာတွေကိုလဲ ကျက်အောင်မလုပ်သရွေ့၊ သည် ဒဏ်ရာတွေ မွေးမြူထားသရွေ့၊ အချိန်ပြည့် နာကျင်စပ်ရှ ဝေဒနာခံစားရပေမည်။ ကမ္ဘာကျော်နောက်ဆုံးပေါ် အီဘိုလာဗိုင်းရပ်စ်တောင် လူတွေ ကာကွယ်နိုင်ဖို့ ကြိုးစားနေကြသေးရင်၊ ဆေးမီးတိုနဲ့ ကုရင်တောင် ပျောက်နိုင်တဲ့ မြတို့ရဲ့ ရင်ထဲက နာကျင်ဒဏ်ရာတွေက အဘယ်မှာ မပျောက်နေအံ့နည်း။ တိုတောင်းလှသည့် ဘ၀လေးမှာ မြကတော့ စိတ်ရှင်းရှင်း အတွေးရှင်းရှင်းဖြင့်နေချင်သူ ဖြစ်သည်။

မြ၏ နိဂုံး
မြက အပြောထက် အလုပ်နဲ့ သက်သေပြနေသူတို့ကို ပိုတန်ဖိုးထားသူ၊ မိမိဘာဆိုသည်ကို အလုပ်ဖြင့်သာ သက်သေပြသွားချင်သူ ဖြစ်သည်။ မြတို့ဝန်းကျင်မှာ အပြောထက် အလုပ်နဲ့သက်သေပြနေသူတွေ ရှိသည်။ အပြောနဲ့အလုပ် ရောထွေးနေသူတွေလဲ ရှိသည်။ အပြောချည်းပြောနေသူတွေလဲ ရှိသည်။ မိမိသည်သာ ကယ်တင်ရှင်ဟု မြင်နေသူရှိသည်။ အားလုံးသည် မိမိ၏ လွတ်လပ်ခွင့်သာဖြစ်၍ စိတ်ချမ်းသာသလို နေနိုင်ကြပါသည်။ သို့သော် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ခံရတာမျိုး မြ မလိုလားပါ။ မြသည် သူများကို လက်ညှိုးတစ်ချောင်း ထိုးကာနီးတိုင်း ကိုယ့်ကိုယ်ကို ပြန်ထိုးနေသည့် လက်ချောင်းများကြောင့် သတိပြန်၍ ကပ်နေရ၏။ မြတို့က စင်းလုံးချောမဖြစ်ရင်တောင် သူများ အပြောအဆိုလွတ်အောင် နေတတ်ဖို့တော့လိုပါလိမ့်မည်။

မြက ဘလော့ဂါပါ။ ဘလော့တွေရေးရင်း မြ ဘလော့ဂါဖြစ်လာရသည်။ မြ ဘလော့ သွက်သွက် မရေးနိုင်တာကြာပြီ။

မြက စာရေးဆရာပါ။ ဘလော့ဂါတွေလဲ စာရေးဆရာဖြစ်နိုင်ပါတယ်ဆိုသည်ကို မြ ကြိုးစား သက်သေပြနေသည်။

ကြောက်တတ်သော၊ အားနာတတ်သော၊ ဒူပေဒါပေသမား မြက “ဘလော့ဂါဆိုသည်မှာ စာရေးဆရာ မဟုတ်”ဟု ဘလော့ဂါများအား ပြောလာခဲ့လျှင်သော်၎င်း၊ “တို့က ဘလော့ဂါ.. စာမျက်နှာပေါ် တည်းဖြတ်ခံရမှ စာရေးဆရာဖြစ်တာ မဟုတ်”ဟု ပြောလာခဲ့လျှင်သော်၎င်း၊ မည်သို့မျှ  ပါဝင် နာကျင်ခံစားနေမည် မဟုတ်။

အဘယ်ကြောင့်ဆိုသော် အလယ်အလတ် လမ်းစဉ်သမား အောက်စီဂျင်မြက ကြောက်တတ်၊ အားနာတတ်သူ ဖြစ်ချေသည်တမုံ့။ သို့သော် ရင်ထဲကတော့ ယခုလို    နှစ်နှစ်ကာကာ အော်လိုက် ချင်သေး၏။

Happy Belated Blog Day to all my lovely bloggers. !!!

ဤတွင် “ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ” ပြီး၏။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
index

 

 

Share
This entry was posted in Tag Post, ရာသီစာ. Bookmark the permalink.

26 Responses to ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ

  1. K says:

    What I know is Cooker Mya. :D

    • mamyathway says:

      မကေ…. ကွတ်ကတော့ မြသွေး အချစ်ဆုံးပဲ။ သိပ်ချစ်ဖို့ကောင်းတယ်။ <3 :)

  2. မနွယ် says:

    အစ်မ အလုပ်နဲ.ဆက်စပ်နေတဲ.သူတွေထဲမှာ ကျမဆရာက အစ်မရှေ့အမည် ၂လုံးခေါ်တယ်။ ကျမက အစ်မအမည် ၄လုံးအနက် နောက်က ၂ လုံးကိုခေါ်တယ်။

    ကျမအကြိုက်ဆုံးအမည်ကတော. မြသွေးနီပါ။

    • mamyathway says:

      မနွယ်ရေ..
      အလုပ်မှာ ကူညီပေးယုံမျှမက..ဘလော့အထိပါ လိုက်လာတဲ့အတွက် ကျေးဇူးအထူးပါ။ ကျွန်မလဲ မြသွေးနီဆိုတဲ့ ကလောင်နာမည်ကို နာမည်အရင်းထက်ကို နှစ်သက်မြတ်နိုးလှသူပါ။

  3. မြက စာရေးဆရာပါ။ ဘလော့ဂါတွေလဲ စာရေးဆရာဖြစ်နိုင်ပါတယ်ဆိုသည်ကို မြ ကြိုးစား သက်သေပြနေသည်။ ဆိုတဲ့စာသားလေးကို အထူးနှစ်ခြိုက်မိပါတယ် မမ ။ အစဉ်လေးစားလျှက်

  4. နောက်ကျလဲ ခွင့်လွှတ်တယ်မြသွေးရေ… အခုလို ရေးတာကိုပဲ ကျေးဇူးတင်နေပြီ။ မကြာခင်လဲ ဆက်ရေးရတော့မှာပါ အကြောင်းကား သူကြီးမင်းရဲ့ စိန်ခေါ်ပွဲကြောင့်ပေါ့ …. :P ။ တီတင့်အခု သူကြီးမင်းရဲ့ တဂ်စာကိုစားနေတာလေ ပြီးတာနဲ့ ပြန်ကျွေးမယ့် ၁၀ယောက်မှာ မြသွေးပါနေလို့ … တီတင့်ကိုခွင့်လွှတ်ပါနော်… ဟာဟ။
    မြသွေးနဲ့တီတင့် စိတ်မြန်တာတော့တူပါ့။ စိတ်မြန်တဲ့သူတွေက အသက်ရလာရင် သိတ်သိသာတယ်။ အခုထဲကနည်းနည်းလျှော့တော့။
    တကယ်တော့ ဘလော့ဂါဖြစ်ဖြစ် စာရေးဆရာဖြစ်ဖြစ် အရေးကြီးတာ စာဖတ်ရဘို့ပဲလို့ တီတင့်ခံယူတယ်။ တစ်ခါက တီတင့်ရောက်ခဲ့တဲ့ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာ ဆွေးနွေဖလှယ်ပွဲ အဲ့လိုပွဲမျိုးလေးတွေကို သဘောကျတယ်။ အနှီမြအကြောင်း စုံစုံလင်လင်ဖတ်သွားတယ်။ စာအုပ်ထုတ်တဲ့သူတွေရဲ့ ရေးတဲ့စတိုင်လေးတွေ တူတယ် သဘောကျတယ်။ မချစ်ဘလော့မှာ ဖတ်ရင်လဲ အခုလို အပိုဒ်လေးတွေ သူ့အချက်နဲ့သူရေးထားတယ်လေ။ ဘလော့ရွာဖက် ခြေဦးမလှည့်တော့ပဲ ဖဦးထုပ်မှာ ယောင်လည်လည် အချိန်လေးတွေပေးနေတဲ့ ဘလော့ဂါတွေကိုသာ နှမြောတာပါ။

    • mamyathway says:

      တီတင့်ရေ…
      တီတင့်က ကျွေးမှတော့ မြသွေးလဲ တက်စာတွေ စားရပေတော့မပေါ့။ ဖြည်းဖြည်းစားခွင့်တော့ပေးနော် တီတင့်။ :D <3

  5. အမလေးလေးးး ကြောက်တတ်လို့ တော်ပါသေးရဲ့ အမမြသွေးရယ်။ ရေးထားတာ စုံနေတာဘဲ။
    အင်း… တီတင့်ရဲ့ အင်အားနဲ့ ဘကုန်းရွာလေးပေါ် ရသမိုးတွေ ရွာချစေတော့မည်တကားး။ ဘကုန်းရွာလေး စည်းကားဖို့ ၀ိုင်းဝန်းကြိုးပမ်းကြပါစို့။း)

    • mamyathway says:

      သူကြီးမင်းရယ်..
      ကြောက်တတ်ပါတယ်ဆိုမှ PPB တွေဘာတွေလုပ်ပြန်ပြီကော။ ပသို့စေကာမူ ဘလော့ကို ချစ်ခင်သော စိတ်ရှိနေသူမို့ နှစ်သက်ဖို့ ကောင်းလှပါကြောင်း ကြောက်ကြောက်ဖြင့်….။

  6. လူအများထံကနေသင်ယူတာချင်းတူတယ်မြရေ
    ဘက်မလိုက်တာလဲ တူတယ် ဒါပေမဲ့ မြလိုရေးမပြတတ်ခဲ့ဘူး
ြ မြရေးထားတာတွေ ဖတ်လိုက်ရတော့ စိတ်ဝင်စားစရာလဲကောင်းသလို အတုယူစရာတွေလဲပါတယ်
    ခင်တဲ့ jasmine

    • mamyathway says:

      စံပယ်ရေ..
      ဟန်ကျသကွယ်..။ မြ မှာ အစစ်ရှားပါး၊ အတုများစွာသာ ရှိတာမို့
      အတုယူမယ်ဆို ပေးရန်အသင့်ဖြစ်နေကြောင်းပါဟု…။ :D

  7. မြ စာတွေ လာဖတ်သွားတယ်ကွဲ့

    • mamyathway says:

      ဆြာသက်တန့်ချို
      ခြေရာ မချန်စဖူး ချန်သွားသကိုး။
      ကျေးဇူးတင် ၀မ်းသာရပါ၏ဆြာ..။

  8. ကိုယ့်ဟာကိုယ်ကပ်၊ ကိုယ့်မှတ်ကျောက် ကိုယ့်ဟာကိုယ် တင်နေကြပြန်တော့ မြလဲ ရောယောင်၊ ကြောင်တောင် စိုးရွံ့စွာဖြင့် ငါ ဘယ်တံဆိပ် ရွေးကပ်ရလေမည်လဲ၊ သို့တည်းမဟုတ် ဘယ်တံဆိပ်နဲ့များ ငါ့ကို လာကပ်လေမည်လဲ…
    မှာ.. အသံထွက်အောင် ရယ်မိ… :D

    မလေးသေချာဖတ်ပြီးနောက် သေချာသိလိုက်သည်မှာ.. အရင်အတိုင်း မြ၊ ချစ်ခင်ဖွယ် မြ၊ လေးစားဖွယ် မြ၊ ထို့နောက် မြင်းခွာရွက်ကို သူသူ့ကိုသာ ကျွေးသော မြ ပင် ဖြစ်လေတော့သည်။

    • mamyathway says:

      အခုနောက်ပိုင်း ပိုဆိုးလာသေးတယ်။
      လမ်းလျှောက်ရင် တံဆိပ်ကြောက်တာနဲ့ လည်ပင်းစောင်းငန်းနဲ့ လည်လိမ်ဖြစ်နေတယ်။
      တံဆိပ်လာကပ်သွားမှာ စိုးလို့လေ.. :)

  9. မြသည် ဖေ့ဘွတ်ကာမှ ကွတ်ကာလည်းဖြစ်လေ၏း))

    • mamyathway says:

      ငွေ့ငွေ့ရယ်…
      အဲ့ဒီဇူကာဘတ်ကိုပဲ ကွတ်ကိုဖိတ်ပြီး မြလေ..
      မုန့်ဟင်းခါးကို ငရုပ်သီးစပ်စပ်နဲ့ ခေါ်ကျွေးပစ်လိုက်ချင်တော့တယ်။ :D

  10. ချစ်ကြည်အေး says:

    မြပြောသလိုပဲ။ ချစ်ဆီမှာ မြလာပြောသွားသလိုပဲ ပွင့်လင်းမြင်သာ ထပ်တူကျသည်ဟု ခံစားမိပါကြောင်း

    ချစ်သော
    ဒဲ့ဒိုးချစ်

    • mamyathway says:

      ပွင့်လင်းသူများ သံခမောက်ဆောင်းထားပါတဲ့
      ဟိုနေ့က ဇူကာဘတ်ချနယ်မှာ ကြော်ငြာနေတာ
      တွေ့လိုက်ရကြောင်းပါ ချစ်ရေ…

      ကြောက်သော-
      အောက်စီဂျင်မြ :D

  11. ” အမေ…အောက်စီဂျင် ဓာတ်ငွေ့က ကိုယ်တိုင်မီးမလောင်၊ မီးလောင်ခြင်းကို အားပေးတယ်တဲ့၊ သမီး အားလုံးနဲ့ အခင်မင် မပျက်နေတတ်ပေမဲ့ သမီးရဲ့စိတ်ရင်းက မနှစ်သက်တဲ့အရာတွေထဲမှာ ဘယ်တော့မှ ပျော်ဝင် မသွားစေရပါဘူး” အဲစကားလေး ကြိုက်နှစ်သက်မိတယ် …

    Blog မှာပဲရေးရေး ပုံနှိပ်မှာပဲရေးရေး မမက ညလေးအမြဲအားကျလေးစားရသူပါ မမရေ … :)

    • mamyathway says:

      ညလေး မိုးည…
      မဒမ်ကိုးရဲ့ မင်္ဂလာဧည့်ခံပွဲပြီးထဲက မတွေ့တာနော်..
      ကုန်လွန်ခဲ့ချိန်တွေအတွက် အမြဲသတိရလျှက်ပါ ညလေးရေ..

  12. သူသူ says:

    အမလေး မြ ရယ် မြ ရယ်
    တူလိုက်တာ တူလိုက်တာ
    ကိုယ့် ကိုယ်စား ပြောချင်တာတွေ ပြောပေးနေသလိုပါပဲ မြ ရယ်
    ဝမ်းနည်းသလိုလို မအီမလည်လိုလို လက်သီးလက်မောင်းတန်းရတော့မလို….ချောင်ကွယ်မှာပဲ ကုပ်နေရတော့မလို ခွကျကျ ဖြစ်နေတုန်း ဒီစာဖတ်ရတာ ပေါ့သွားတယ်..။
    ဘာပဲ ဖြစ်ဖြစ် ကိုယ့်လိုလူရှိသေးသဟဆိုပြီး ပျော်သေးသပ :D :D
    Blogging & Writing ကြတာပေါ့ မြ ရယ် :D :D

    • အမယ်… အားတွေ တက်သွားတယ်ပေါ့ ဒေါ်သူသူ…
      တစ်နေ့ တစ်ခေါက်ပုံမှန်လာဖတ်
      အားဆေးမလို..
      သို့သော်.. သံခမောက်တစ်လုံးတော့ ဆောင်ထားပါချေတမုံ့။ :)

  13. ကွတ်အဖွဲ့ထဲက ဘော်ဒါကြီး … ၊ အစ်မက စာရေးဆရာမမှန်းတော့ သိတယ်။ ဘလော့ဂ်ရှိမှန်း မသိဘူးဗျ။ အခုမှ ဖတ်ကြည့်ပြီး အတော်သဘောကျတယ်။

    ကျွန်တော်လည်း ဘလော့ဂ်ခဲ့ဖူးတယ်။ စင်္ကာပူမှာ အထီးကျန်ခဲ့စဉ် အခါကပေါ့။ အခုပို့စ်နဲ့ ဆိုင်မယ် ထင်တဲ့ လင့်ခ်ကလေးတွေကို ပေးလိုက်ပါတယ်။ သိပ်မကောင်းပါဘူး။ ပေါချာချာနဲ့ … ၊ ဒါပေမဲ့ ပျော်စေပျက်စေပေါ့။

    ပထမဆုံးပို့စ် –
    http://ksanchaung.blogspot.com/2008/11/blog-post.html

    ပြီးတော့ တောင်တွေးမြောက်ရေးလေးတွေ -
    http://ksanchaung.blogspot.com/2009/01/blogger.html
    http://ksanchaung.blogspot.com/2009/01/blog-post_29.html

    ဒီနှစ်ထဲရောက်မှ အသည်းအသန် ပြန်ရေးတယ်။ ဖေဖေါ်ဝါရီမှာ အမေက ဆုံးပါးသွားတော့ ဆောက်တည်ရာ မရဖြစ်လို့ပါ။ စိတ်ပြေလို ပြေငြားပေါ့။ ဂီးဒလီလ်ရဲ့ ဘားမားခရိုနီကယ်နဲ့ ပြုံယမ်းရဲ့ အဆက် (ဘာသာပြန်) -
    http://ksanchaung.blogspot.com/2014/02/jerusalem-chronicles-from-holy-city-by.html

    တစ်မျိုး ထင်နေကြမှာလည်း စိုးရသေးတယ်။ ၀ါသနာတူချင်းမို့ ၀ါသနာကို မစွန့်နိုင်သေးဘူးဆိုတဲ့ အကြောင်း သတင်းပေးတာပါ။

    • mamyathway says:

      အခုလို အသိပေးတာကျေးဇူးပါ ကိုကျော်စိုးလွင်ရေ..။ ကွတ်က ဘော်ဘော်တွေမို့ ပိုဝမ်းသာရကြောင်းပါ။ :) လင်ခ့်လဲ ခြိတ်ထားလိုက်မယ်။ ပေးထားတဲ့ လင့်ခ်တွေကိုလဲ ၀င်ဖတ်ပါ့မယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>