သာယာတဲ့ ရာသီဥတုလေးကို ပိုင်ဆိုင်ထားတဲ့၊ စိတ်လက်သက်တောင့် သက်သာရှိလွန်းနေတဲ့ ဇွန်လ၁ရက်နေ့ရဲ့ နေ့ခင်းလေးမှာ မြသွေးနီ တစ်ယောက် အမှတ်၆၅၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ ” Gallery၆၅” ကို ကံအားလျှော်စွာ ခြေချခွင့် ရခဲ့ပါ တယ်။ ကံအားလျှော်စွာလို့ သုံးလိုက်ရတာက ချစ်ခင်လေးစားရပါတဲ့ အစ်မ ဒေါ်အေးမြင့်ကြည် (မမကြီး)ကသာ သတိတရနဲ့ ဖုန်းဆက်ကာ အကြောင်းမကြားခဲ့ရင် ကျွန်မ ဒီဓာတ်ပုံပြပွဲလေးကို ကြည့်ဖို့ အခွင့်အရေး သေချာ ပေါက် လက်လွှတ် ဆုံးရှုံးခဲ့ရမှာမို့ပါ။ ကျေးဇူးပါပဲ မမကြီးရေ…။
မမကြီးဖုန်းဆက်ချိန်မှာ ကျွန်မက အလုပ်နဲ့ပါတ်သက်ပြီး နေ့လည်စာတစ်ခုသွားစားဖို့ လက်ခံ ပြီးသားဖြစ်နေပါတယ်။ ဘယ်လို လုပ်ရမလဲ… ဘယ်လိုလုပ်ရမလဲ.. ဒီပြပွဲက ရေရှားပါးမှုနဲ့ ပါတ်သက်တဲ့ ထူးထူးခြားခြားပြပွဲဆိုတော့ ဒီပြပွဲကိုလည်း လက်လွတ် မခံချင်၊ နေ့လည်စာ စားဖို့ကလည်း ဖျက်လို့ မကောင်း။ အလုပ်တွေကလည်း ၂နာရီ နောက်ပိုင်းဆက်တိုက်ရှိနေတော့..။ အို.. မထူးပါဘူး…။ အကုန်လုံးရအောင် လုပ်မယ်.. ဖြစ်ချင်ရာဖြစ် ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ ရှိစုမဲ့စု အချိန်လေး တစ်နာရီလောက် အလုပ်ကနေ ချေးငှားယူ၊ ဖွားဘက်တော် ကင်မရာအိုလေး က လည်း အိမ်မှာ ကျန်ခဲ့ လေ တော့ အလုပ်က ကင်မရာလေးပဲ မျက်နှာချိုလေးသွေးလို့ ရူးကွက် နင်း ယူခဲ့ပြီးသကာလ နေ့လည်စာကို စိတ်လက် မဖြောင့် စွာ စားရပါတယ်။ ပြီးတာနဲ့ Gallery ၆၅ ဆီကို အသော့နှင်ရတော့တာပေါ့။ မြသွေးနီကလည်း လည်လည် ၀ယ်ဝယ်ဆိုတော့ ယောက်ခ်လမ်းလို နေရာမျိုးမှာ Gallery ၆၅ ကိုတောင် ရှာဖွေ မတွေ့နိုင်ပဲ အဲ့ဒီ အနားမှာ နာရီဝက်လောက် တစ်ဝဲလည်လည်နဲ့ ဖြစ်နေပါ သေးတယ်။ မမကြီးကို ဖုန်းဆက်မေးပြန် တော့ မမကြီး လမ်းညွှန်တာကိုလည်း ဟုတ်ကဲ့ .. ဟုတ်ကဲ့ တွင်တွင်ပြောရင်း လက်တွေ့ မှာ ရှာမတွေ့ပဲ ချာချာလည်နေပါတယ်။ အလုပ်က လိုက်လာတဲ့ ဖုန်းတဂွမ်ဂွမ်ကိုလည်း အဆင်ပြေအောင်ရှင်းရင်း ဟိုကြည့် သည်ကြည့် ကြည့်လိုက်တော့ နှစ်ပေါက်အောင် မရောက်ဖြစ်ပဲ ဖြစ်နေတဲ့… ဖုန်းနဲ့ပဲ အဆက်အသွယ်ရှိနေတဲ့ ချစ်သူငယ် ချင်း အိုင်ရင်းရဲ့ တိုက်ခန်းအောက် တည့်တည့် ဖြစ်နေပါရော။ မြသွေးနီလည်း စိတ်ကိုဖြေလျှော့ သူငယ်ချင်းအိမ်ပေါ်တက်လို့ ခဏ နှုတ်ဆက်ပြီး အလုပ်ကို ပြန်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ ကံကောင်းချင်ပြန်တော့ ရောက်ရောက်ချင်း အိုင်ရင်းကို မေးလည်း ကြည့်လိုက်ရော… ဟော… ဟို မျက်စောင်းထိုးက ခြံလေးဟာ Gallery ၆၅ ပဲလို့ သိလိုက်ရလို့ ကျွန်တော်မျိုးမ သေသင့်တယ် လို့တောင် ပါးစပ်က အော်လိုက်မိပါတော့တယ်။ အဲ့ဒီခြံနဲ့ မျက်စောင်းထိုးနေ၇ာမှာပဲ ကျွန်မ ရွာလည်နေခဲ့တာလေ။ ဒါပေမယ့် ချက်ချင်းထသွားလို့မရသေးပါဘူး။ သူငယ်ချင်းမ ကလည်း သူ့ရဲ့ ဖဲဗေဒင်ပညာအစွမ်း ကို အရေးထဲ ထုတ်ဖော်ပြနေလို့ ကျွန်မ မျောသွားလိုက်တာ နာရီဝက်လောက်ကြာသွားပါတယ်။ ပြီးတာနဲ့ အိုင်ရင်းကို နှုတ်ဆက်လို့ ကသုတ်ကရက်နဲ့ Gallery ၆၅ကို ရောက်ခဲ့ပါတော့တယ်။
ခြံဝင်းထဲရောက်တော့ ဗီနိုင်းနဲ့ ပိုစတာတစ်ခုကို ချိတ်ဆွဲထားပါတယ်။ Heat Stroke တဲ့…။
ပေါ်တီကိုအောက်မှာတော့… ရေဘေး အတွက် ပြပွဲမှ ရောင်းရငွေများကို လှူဒါန်းမယ်လို့ ရေးထားတာ ခုလိုတွေ့လိုက်ရပါတယ်။
ပြခန်းတခါးဖွင့် ၀င်လိုက်လေတော့… ကျွန်မရဲ့ အနှစ်သက်ဆုံးစာရေးဆရာမတစ်ဦးဖြစ်တဲ့ ဆရာမဂျူးကို ဧည့်သည် အချို့နဲ့ စကားပြောနေတာ တွေ့ရပါတယ်။
ဝင်ဝင်ခြင်း ခန်းနားလွန်းလှတဲ့ ဓာတ်ပုံကားချပ်ကြီးတွေက ကျွန်မကို ညှို့ယူဆွဲငင်လိုက်ပါပြီ..။ ဖြစ်ချင်ရာဖြစ်။ အလုပ်ကို ခဏမေ့၊ ဖုန်းကိုပိတ်လို့ ကျွန်မစိတ်တွေကို ဖြေလျှော့ချလိုက်မိကာ ပြခန်းက ပုံတွေထဲမှာ စီးမျှောသွားမိတော့တယ်။
ပြခန်းက အခန်း ၃ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ပန်းချီကား ၅၀ တင်ပြထားပြီး Performance Art (၃) ခုကိုလည်း ပြသထားတာ တွေ့ရပါတယ်။ Lighting ပေးထားတာက ကောင်းမွန်လွန်းတဲ့ အတွက် ဓာတ်ပုံတွေက အသက်ဝင်နေသလို ကြည့်ရတာ အားရ ပါးရရှိလှပါတယ်။ ထိပ်ဆုံး အခန်းကနေ တစ်ပုံချင်းသေချာစွာကြည့် ဖြစ်ပါတယ်။
ပုံတွေကြည့်နေရင်းက အသံကြားဘူးသလို ထင်လိုက်လို့ ကြည့်လိုက်တော့ ဂရပ်ဖစ်ဒီဇိုင်းနာ ဦးမြင့်မောင်ကျော် ။ သူက ကျွန်မတို့ အိမ်နားမှာနေသူ။ သူက ကျွန်မရဲ့ Wedding Card တုန်းက ကိုယ်တိုင် ဒီဇိုင်းလုပ် လက်ဖွဲ့ခဲ့သူ ။ ၀မ်းသာအားရ နှုတ်ဆက်မိကြပါ တယ်။ သူကပဲ ဆရာမဂျူးနဲ့ မိတ်ဆက်ပေးခဲ့လို့ အပြင်မှာ ကြုံခဲ့၊ တွေ့ခဲ့ဘူးပေမယ့် အခုတစ်ခါမှာတော့ ကျွန်မ လေးစားနှစ်သက် ရတဲ့ ဆရာမဂျူးနဲ့ စကားပြောဖို့ အခွင့်အရေး ရခဲ့ ပါတယ်။ ဆရာမဂျူးဟာ သူ့ရဲ့ဇာတ်ကောင်များလိုပဲ အပြင်မှာလည်း နှစ်လိုဖွယ်ရာ အပြုံးနဲ့ ဆွဲဆောင်မှုကောင်းသူ တစ်ဦးဖြစ်တာ ကိုလည်း သိလိုက်ရပါတယ်။
ဦးမြင့်မောင်ကျော်ကပဲ ပြခန်းပိုင်ရှင်ဖြစ်သူ ကိုမင်းလွင်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ကိုမင်းလွင် ပြောပြချက်အရ ဒီပြပွဲဟာ ဒုတိယ အကြိမ်မြောက်ပြပွဲ ဖြစ်ပြီး မေ (၃၁)ရက်ကနေ ဇွန်(၂) ရက်နေ့အထိ ဒီပြပွဲကိုပြသမှာသိရပါတယ်။ ဦးမြင့်မောင်ကျော်ကပဲ ဆက်ပြီး ပြောပြရာမှာတော့.. ဒီလို ရေနဲ့ ပတ်သက်တဲ့ ပြပွဲတွေကို စဉ်ဆက် မပြတ်လုပ်ခဲ့တယ်။ ဆက်လည်းလုပ်သွားဦးမယ်။ ဒီ Heat Stroke Show ( Art for Water) မှာ အနုပညာသည် များ ဖန်တီးထားတဲ့ စိတ်ဝင်စားစရာ ဓာတ်ပုံကားချပ် ၅၀ကို တင်ပြထားပြီး လက်ရှိ ၆ကား ၀ယ်ယူထားခြင်း ခံရပြီးပြီလို့သိရပါတယ်။ ပြပွဲမှာ ရောင်းရ ငွေအားလုံးကို မြစ်ဝကျွန်းပေါ် ဒေသ ရေရရှိရေးဆောင်ရွက်မှု တွေမှာ ပေးလှူသွားမယ်လို့ သိရပါတယ်။
ပုံလေးတွေကို ဓာတ်ပုံပြန်ရိုက်ခွင့်၊ ဒီပွဲလေးအကြောင်း စာပြန်ရေးခွင့်တောင်းတော့ ဦးမြင့်မောင်ကျော်ရော၊ ဆရာမဂျူးရော လှိုက်လှိုက်လှဲလှဲ ခွင့်ပြုခဲ့လို့ ဒီနေရာကနေ ကျေးဇူးစကားပြောပါရစေရှင်..။ ဆရာဇော်မြင့်ကိုတော့ ကျွန်မတွေ့ခွင့် မကြုံခဲ့လို့ သူရိုက်ထားတဲ့ ပုံများကိုသာ ကြည့်ခွင့် ရခဲ့ပါတယ်။
ပြခန်းပိုင်ရှင် ကိုမင်းလွင်နှင့် ဂရပ်ဖစ်ဒီဇိုင်းနာမြင့်မောင်ကျော်
” ဧရာဝတီရဲံ စကားပြောသံ… ရင်ခုန်နေတဲ့ သက်ရှိ မြစ်တစ်စင်း… နာကျင်နေဆဲ ညည်းတွားသံ… ဒီအချိန်မှာ မင်းကြားသိနိုင်ပါစေ….” တေးရေး မြင့်မိုးအောင်ရဲ့ ” သက်ရှိမြစ်တစ်စင်း ” မှ ကောက်နှုတ်ချက်နဲ့ အတူ ဂျူးနဲ့ ဂျူးရဲ့ ” ဧရာဝတီပုံပြင် ” ဓာတ်ပုံကား။
Performance Art ပြကွက် ၃နေရာ..။ ဒီပြကွက်တွေ ရှေ့မှာ ပန်းချီဆရာရဲ့ ဆိုလိုချင်တဲ့ Concept ကို အမိအရ ဖမ်းယူကြည့်နေမိတာ အချိန်တော်တော့ကို ကြာသွားသေးတယ်။ သင်ရော.. ဘယ်လို တွေးမိ.. မြင်မိပါသလဲ..??
HEAT STROKE @ YANGON
ခန်းမ၀င်ဝင်ခြင်း ကလေးငယ်ရဲ့ မျှော်လင့်မျက်ဝန်းနဲ့ ရွှံ့ပေကျံနေတဲ့ ခြေထောက်အပိုင်းအစများရဲ့ ဆွဲဆောင်ခြင်း ခံလိုက်ရတဲ့ ၆’x၄’ ပေခန့် ဓာတ်ပုံကားချပ်ကြီး။
ခြောက်သွေ့မှု့ရဲ့ ပြယုဂ်၊ ပူလောင်ခြင်းရဲ့ ဖိစီးမှုနဲ့အတူ ရေရှာထွက်လာသူများရဲ့ ၆’x၄’ ပေခန့် ဓာတ်ပုံကားချပ်ကြီးကလည်း ကြည့်လို့ကို မ၀နိုင်..။
Small actions are more urgent and more important than bigger action will be later.
In the end, our society will be defined not only by what we create, but also what we refuse to destroy.
When we heal the earth, we heal ourselves.
It’s small but it’s beautiful. It’s small but it’s fine like a rainbow, like a bubble.
Trapped within our short-term vision, we sometimes forget just how precious the natural world is.
” Moderation ” . Water demand will keep going up unless we change how we use it.
Enough is not enough. It must also be clean.
” Four Elements ” .
I think having land and not ruining
it is the most beautiful art that
anybody could ever want to own.
Entrance and Exit
The Laugh of Earth.
” The Earth Loves in Flowers.”
ရသအဖုံဖုံပေးတဲ့ ပုံတွေကြားထဲမှာ ကျွန်မစိတ်ထဲ တွယ်ညိမိတဲ့ ကားအချို့ကို ပြန်လည်တင်ပြလိုက်ပါတယ်။ မူရင်းပုံရဲ့ အရသာကို ဘယ်လိုမှ လိုက်မှီနိုင်မှာ မဟုတ်ပေမယ့် အရသာကောင်းတဲ့ အစားအစာတစ်ခုကို စားတိုင်း ချစ်သူခင်သူတွေကို သတိရမိတတ် သလိုမျိုးမို့ ကျွန်မရဲ့ ချစ်ခင်ရပါသော မိတ်ဆွေများကို တတ်နိုင်သလောက်လေး ပြန်လည်မျှဝေပေးချင်တဲ့ စိတ်နဲ့ အတတ်နိုင်ဆုံး လေး ပြန်လည် တင်ပြပေးလိုက်တာပါ။ ဓာတ်ပုံကားတိုင်းဟာ ရသတစ်မျိုးဆီ ပေးနေတာမို့ နစ်မျောနေလိုက်တာ အချိန် တစ်နာရီ ကျော်မျှကြာသွားခဲ့ပါတယ်။ ကြည့်မ၀ဖြစ်နေရပြီး ဓာတ်ပုံကားတွေကို သွားရည်ယိုပြီး မ၀ယ်နိုင်ခဲ့ပေမယ့် ပြပွဲမှာ ရံပုံငွေရောင်းတဲ့ ပို့စကတ်လေးများတော့ မြသွေးနီ ၀ယ်ယူ အားပေးဖြစ်ခဲ့ပါတယ်။ မှတ်တမ်းစာအုပ်လေးမှာ Save The Aged အဖွဲ့ကိုယ်စား အမှတ်တရ လက်မှတ်ရေးထိုးခွင့်ရခဲ့ပါတယ်။
တကယ်တော့ ရေရှားပါးမှု ပြဿနာဟာ ယခုခါမှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ အားလုံး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ကျွန်မတို့ နောက်နှစ် တွေမှာလည်း အလားတူ ပြဿနာမျိုး ထပ်မံကြုံတွေ့ကြရဦးမှာပါ။ ရေအရင်းအမြစ်တွေကို မပျောက်ပျက် အောင်၊ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မကြုံတွေ့ရအောင် ကြိုတင် ကာကွယ်၊ ပြင်ဆင်ကြဖို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိနေကြပါ တယ်။ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ ထဲနဲ့ ၀ိုင်းဝန်းလို့ မရပါဘူး။ အားလုံး…အားလုံး ကိုယ်စီကိုယ်ငှ ၀ိုင်းဝန်းဆောင်ရွက်ကြရမှာမျိုးပါ။
ကျွန်မ အားလုံးကို နှုတ်ဆက်လို့ ရုံးကို ပြန်လည်ထွက်ခွာလာချိန်မှာတော့ ညနေ ၄နာရီထိုးလုထိုးခင်…။ လက်ကိုင်ဖုန်းကို ဖွင့်လိုက်တော့…SMS တွေက အထပ်လိုက်..။ ဖုန်းမြည်သံက စူးစူးရှရှ….။ Heat Stroke နဲ့ လမ်းခွဲပြီးပြန်တော့ Work Stroke တွေက မြသွေးနီကို စောင့်ကြိုနေကြ ပါပကောလား..။
ဟယ်လို……
ဟယ်လို……..
မကြားရလို့.. ကျယ်ကျယ်လေးပြောပေးပါရှင်..။
ဟုတ်ကဲ့ .. ဟုတ်ကဲ့…. ပြောပါ… မြသွေးနီပါရှင်…။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေရှင်။
မြသွေးနီ
ဟလို ဟလို.. အဲလေ ယောင်လို့
စိတ်ဝင်စားစရာကောင်းလိုက်တာ..
ကိုယ်မသွားရပေမဲ့ သွားလိုက်ရသလိုပါဘဲ.. ကျေးဇူးပါအစ်မရေ.. မအားတဲ့ကြားက ပြပွဲကို ခဲ့တာရော
ဓာတ်ပုံတွေရိုက်ခဲ့တာ .. ပိုစ့်ကလေး ပြန်တင်ပေးတာရော So Thanks
ပုံတွေကို အေးအေးဆေးဆေး ထပ်လာကြည့်ဦးမယ်
ခုက ပိုစ့်အသစ်တင်ရင်းတန်းလန်းမို့..
Entrance and Exit ကိုအကြိုက်ဆုံးပဲ…… ဘ၀ကို အ၀င်ရှိသလို အထွက်လည်းရှိတယ်လို့ ဖော်ပြသလို ပန်းချီကားထဲမှာ အ၀င်နဲ့အထွက် မြင်ကွင်းချင်းကလည်း ကွာခြားနေတာကို မြင်ရတယ်….. ဒါနဲ့ မြသွေးနီဆိုတာ ရန်ကုန်မှာပေါ့… ရန်ကုန်ကနေသာဆို ပို့စ်တွေကို တင်နေနိုင်တာ ချီးကျူးစရာပါပဲ….
ခင်မင်တဲ့
နေ၀သန်
ရေးထားတာပြပွဲရောက်သွားသလိုပဲ၊ ပုံတွေလည်းစုံပါတယ်၊ ဒေါ်ဂျုးတောင်ပါလိုက်သေး၊ စိတ်ဝင်စားစရာ တွေဖတ်ရတာ ကျေးဇူးပါပဲ၊
performance art ပြကွက် ပထမဆုံးက အိတ်ဇော ပိုက်တွေကို ကြိုးချည်ထားတာဆိုတော့ ကမ္ဘာ့ပါတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ပြချင်တယ်ထင်တယ်။ ဒုတိယ ပုံကလည်း အဲဒီ သဘောမျိုးလို့ထင်မိတယ်။ တတိယပုံတော့ မသိဘူး။
အဲဒီလိုပြပွဲက ပုံတွေကို ကြည့်ချင်တယ် ။ ခုထိတော့ မကြုံဖူးသေးဘူး။
ဘာပဲဖြစ်ဖြစ် အလုပ်က လစ်ထွက်ရကျိုး နပ်မှာတော့ သေချာပါတယ်နော်။
Thanks a trillion for sharing your expedient experience though you are cursory.
Beauty and art are for those who can appreciate them.
ပြကွက် ပထမဆုံးက အိတ်ဇော ပိုက်တွေကို ကြိုးချည်ထားတာဆိုတော့ ကမ္ဘာ့ပါတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ပြချင်တယ်ထင်တယ်
ဒုတိယ ပုံက..စက်ဘီးစိး…ပြီး.ကားတို့.ဆိုင်ကယ်တို့..သိပမ်သုံးဖို့လို့ထင်တာဘဲ။
တတိယ ပုံက စက်ရုံကမီးမိုးခေါင်တိုင်တွေ..ကိုရည်ညွှန်းတယ်..စက်ရုံတွေက.မီးခိုးတွေကလေထုညစ်ညဉ်းတာကို
တာကိုပြချင်တယ်လို့ထင်တာဘဲ။
ပန်းချီပြပွဲ ကို လာရောက်ခံစားသွားပါကြောင်း ကျေးဇူး
ရွှေစင်ဦး
်facebook မှာမျှဝေထားတာတွေ့လို့ကြည့်ခဲ့ရဖူးတယ်။
ကိုယ်တိုင်သွားကြည့်သူမပြောနှင့်အင်တာနက်ပေါ်ကနေ
တဆင့်ပွါးလို့ခံစားရတာကိုပဲရသမြောက်တယ်တယ်.တစ်ချို့ပုံတွေဆိုရင်
တော်တော်လေးကိုရင်ထဲထိမိပါတယ်။
ဒုတိယမိအကြိမ်မြောက်လာကြည့်သွားပါတယ်။အမရေ..
မျှဝေပေးတာကျေးဇူးပါနှော်။
အစ်မ ရေ
အက်ကွဲ ပျက်စီးနေတဲ. ကမ္ဘာ ကြီးပုံ ကိုစိတ်အ၀င်စားဆုံးပါ ။
အဲဒီပုံကစကားတွေအများကြီးပြောနေတယ်လိုထင်မြင်မိပါတယ် ။
အမရေ
ဆရာမဂျူးရဲ့ပုံကို သူ့ facebook မှာတင်ချင်လို့ ခွင့်ပြုပါနော်