သေသော်မှတည့်….

Number of View: 13159

972650_10202742719238000_941243875_n

အဘိုး၏ ဦးခေါင်းရှိ ဆံပင်များက ဖွေးဖွေးဖြူနေသည်။ အဘိုး၏မျက်နှာပေါ်တွင် အရေးအကြောင်းတို့ ထင်နေလေပြီ။ သို့သော် အဘိုး၏ အသားအရည်က ကြည်ကြည်လင်လင်။ အဘိုးက ဗမာလူမျိုးစစ်စစ်။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်ရှိသည်။ အဘိုး၏အသက် ခွန်နှဆယ်နားနီးပြီ။ အဘိုးသည် ၀ရန်တာရှိ နှစ်ယောက်ထိုင် ကုလားထိုင်ပေါ်တွင် တင်ပ္ပလင်ခြိတ်ထိုင်နေ၏။ ထိုတင်ပ္ပလင်ခြိတ် ထိုင်ထားသည့် ပေါင်ပေါ်တွင် သုံးထပ်သားပျဉ်ပြားတစ်ချပ်ကိုတင်၍ တစ်ခါသုံးဘောပင်အပြာဖြင့် စာရေးနေ၏။ စွတ်ကြယ်အဖြူနှင့် ချည်ချောပုဆိုးနွမ်းကို ရင်ခေါင်းဘက် မြှင့်၍ ၀တ်ဆင်ထားသည့် အဘိုး၏အသွင်အပြင်က အေးချမ်းနေ၏။ အဘိုး၏ သေးသေးချွန်ချွန် လက်ရေးစာလုံးလေးများက မျဉ်းကြောင်းမဲ့စာရွက်ဝါဖျော့ဖျော့အပေါ်တွင် ညီညီညာညာ စီးဆင်းနေ၏။ တစ်ကြောင်းပြီး တစ်ကြောင်း၊ ထိုမှတဆင့် တစ်ရွက်ပြီးတစ်ရွက်။ ရေးပြီးသမျှကို နံဘေးရှိ ကုလားထိုင်၏   နေရာလွတ်တွင် ချထား၏။ သို့နှင့် အဘိုးအို၏နံဘေးတွင် စာရွက်များက အပုံလိုက် အထပ်လိုက်ရှိလာ၏။

ထိုနှစ်ယောက်ထိုင်ခုံနဘေးသို့ အသက်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးတစ်ယောက် ချဉ်းကပ်လာ၏။ မိန်းကလေးက ခုံနံဘေး ကြမ်းပြင်တွင် အသာအယာ မ၀ံ့မရဲဖြင့် ကျုံ့ကျုံ့လေး ထိုင်ချလိုက်၏။ ထိုင်ခုံပေါ်ကနေ အဘိုးက မိန်းကလေးကို တစ်ချက်လှမ်းကြည့်ရင်း ပြုံးပြသည်။ ထို့နောက် အဘိုးက သူ့ရေးလက်စ စာကို ဆက်ရေး၏။ အဘိုး၏အပြုံးကြောင့် မိန်းကလေး၏စိတ်ထဲ နူးညံ့သွားသလို၊ တစ်ချိန်ထဲမှာ ရဲဝံ့ပျော်ရွှင်မှုများ ရှိလာသလို ခံစားလိုက်ရ၏။ အဘိုးက မြေးများနှင့် လက်ပွန်းတတီးနေသူ မဟုတ်ပါ။ ထို့ထက်ပို၍ မိန်းကလေးအနေနဲ့ အဘိုးကို ယခုလို နီးနီးကပ်ကပ်တွေ့ခွင့်ရသည်မှာ မကြာလှသေးပေ။ မိန်းကလေးတို့ မြေးများနှင့် အဘိုးက အဘွားလောက် ရင်းနှီးမှု မရှိကြသည်မှာ အမှန်ပင်။ မည်သို့ပင်ဖြစ်စေ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် အဘိုးနှင့်အဘွားအိမ်သို့ရောက်ချိန်လေးတွင် ဤသို့ အဘိုး၏အသိအမှတ်ပြု အပြုံးလေးရလိုက်သဖြင့် မိန်းကလေး ပျော်ရွှင်မိသွားရသည်မှာ အနှိုင်းအဆမဲ့။

မိန်းကလေးက အားတင်း၍ တစ်ဆင့်တက်လိုက်သည်။ ပြီးလျှင် သူ၏ မျက်လုံးပြူးဝိုင်းဝိုင်းများဖြင့် အဘိုးအား ၀င့်ကြည့်လျှက်က – “ အဘိုး…သမီးလေ အဲ့ဒီ အဘိုးရေးထားပြီးတာလေးတွေကို ဖတ်ကြည့်ချင်လို့… ရမလားဟင်” ဟု ထိတ်သောစိတ်ဖြင့် မေးလိုက်၏။

နှုတ်ခမ်းထောင့်ချိုးတစ်ဘက်တည်းကို တွန့်ကွေးပြုံးလျှက်က အဘိုးက သူ၏မြေးမလေးကို ကြည့်၏။ ထို့နောက် အဘိုးက ခေါင်းကို ညိတ်ပြလိုက်ရာ မြေးဖြစ်သူ မိန်းကလေး၏ မျက်ဝန်းအစုံသည် တဖျတ်ဖျတ် တောက်ပလင်းလက်သွား၏။ အဘိုး၏ မြေးအားလုံး အဘိုးနှင့် တရင်းတနှီး မရှိကြပေ။ မိန်းကလေးက လူကြောက်တတ်သူဆိုတော့ သူတို့အားလုံးထက် အကြောက်ပိုသူ ဖြစ်သည်။ သို့သော် မည်သို့သော ခွန်အားများက မိန်းကလေးကို ယခုကဲ့သို့ အဘိုးထံတောင်းဆိုရဲသည်အထိ တွန်းပို့လိုက်သည်မသိ။ ထို့နောက် မိန်းကလေးက ကုလားထိုင်လက်တန်းအောက်မှ လက်လျို၍ အဘိုးရေးပြီး ဘေး၌ချထားသည့် စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် ယူငင်ကာ ရေငတ်မွတ်သိပ်လာသူတစ်ယောက်၏ လက်ထဲသို့   ရေတစ်ဖန်ခွက်  ထည့်ပေးလိုက်သလို စာရွက်ထဲက စာများကို အငမ်းမရ ဖတ်ရှုလေတော့သည်။

အဘိုးသည် သူရေးထားသည့် စာများကို အငမ်းမရ ဖတ်ရှုနေသည့် မိန်းကလေးအား   စေ့စေ့ကြည့်၍ နှစ်လိုဖွယ်ရာ ပြုံးလေ၏။ မိန်းကလေး ခေါင်းအမော့ အဘိုးနှင့် မျက်လုံးချင်းဆုံလျှင် အဘိုးက “ ဆက်ဖတ်လေ” ဟု အဓိပ္ပာယ်ရသည့် ပုံစံမျိုးဖြင့် ခေါင်းဆတ်ပြ၏။ ထို့နောက် အဘိုးက ရေးလက်စ စာကို ဆက်၍ရေးသည်။ မိန်းကလေးသည် ဖတ်လက်စ စာများထဲတွင် နစ်မျောသွားကာ သူမ၏ဘေးဝန်းကျင်တွင် အဘိုးရှိနေသည်ကိုပါ မေ့လျော့သွားတော့၏။

Untitled

အမှန်တကယ်တွင် မိန်းကလေးသည် အဘိုးကို သူ့အသက် ဆယ်နှစ်ကျော်ချိန်မှ မျက်ဝါးထင်ထင် တွေ့ခွင့်ရခြင်း ဖြစ်သည်။ မိန်းကလေး၏ ငယ်စဉ်ကလေးဘ၀က မိန်းကလေး၏ မေမေနှင့် အဘွားဖြစ်သူ ပြောပြခဲ့သဖြင့် အဘိုးနှင့် ပတ်သက်သည့် တချို့တ၀က်ကို သိခွင့်ရထား၏။ ထိုစဉ်ကတည်းက အဘိုးက မိန်းကလေးအတွက် ခမ်းနားသည့်  ကမ္ဘာကြီးတစ်ခုကဲ့သို့ ခံစားရ၏။ ကျွန်းမှန်ဘီဒိုထဲမှ အဘိုးရေးသားထားသည်ဆိုသော စာအုပ်များက စာဖတ်ဝါသနာပါသူ မိန်းကလေး၏ ငယ်ရွယ်နုနယ်သော စိတ်နှလုံးကို ကိုင်လှုပ်ထားခြင်းခံရ၏။ မြေးများထဲမှာမှ အဘိုးရေးသားထားခဲ့သည့် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် တခုတ်တရ ခွင့်တောင်းပြီုး ဖတ်ရှုနေသည့် မိန်းကလေးကို အဘွားက အံ့သြနေခဲ့မည် ထင်၏။ အဘိုးနှင့်အဘွား အတူတူ ဖြတ်သန်းခဲ့ကြသည့် ဖက်ဆစ်ဂျပန်တော်လှန်ရေး သည်းထိတ်ရင်ဖို စွန့်စားခန်းများကို အဘွားပြန်လည်ပြောပြစဉ် မိန်းကလေး၏ ငယ်ရွယ်နုနယ်သော စိတ်ကြေးမုံပြင်တွင် အဘိုးကို မြင်ဖူးတွေ့ဖူးချင်စိတ်များ ဟိုးယခင်ထဲက စွဲစွဲထင်ထင် ရှိနေခဲ့ပြီးဖြစ်၏။

လွယ်အိတ်လွယ်ထားသည့် အဘိုးဓာတ်ပုံနှင့်အတူ “ရန်ကုန်ဘဆွေ ပြန်လာပြီ” ဆိုသည့် သတင်းအား လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် တွေ့မြင်ခဲ့ရသောအခါ မိန်းကလေး၏ စိတ်ထဲတွင် အဘိုးကို မြင်တွေ့ခွင့်ရတော့မည်ဟူသည့် စိတ်ဖြင့် ပျော်ရွှင်မှုတွေ လှိုင်းခတ်လာ၏။ သို့သော် လူကြောက်တတ်သူဖြစ်သည့် မိန်းကလေးက အဘိုးနဲ့တွေ့ရချိန်မှာတော့ အနောက်နားတွင် ကုတ်ကပ်နေကာ မျက်ရည်များ ရစ်ဝိုင်းလာပြီး ၀မ်းနည်းဝမ်းသာ ခံစားချက်များ ရောပြွန်းခဲ့ရသည်။

10711686_10202742732958343_1244374696_n

ရန်ကုန်ဘဆွေပြန်လာပြီ

မိန်းကလေးသည် သူ၏ ကျောင်းပိတ်ရက်များအား အဘိုးနှင့်အဘွားရှိရာ တိုက်ခန်းကျဉ်းလေး၌သာ အချိန်ကုန်ချင်ခဲ့သည်။ ဒေါ်လေးနှင့်အတူ ဧည့်သည်များအတွက် မီးဖိုးချောင်ထဲ ၀ိုင်းဝန်းကူညီ ချက်ပြုတ်ပေးရင် အဘိုးထံလာသည့် နိုင်ငံရေးဧည့်သည်များ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ပန်းချီဆရာများ၊ အယ်ဒီတာများ၊ ကာတွန်းဆရာများ၊ သတင်းသမားများကို မိန်းကလေး တွေ့မြင်ခွင့် ရခဲ့သည်။ စာအုပ်ထဲ၊ ရုပ်ရှင်ထဲ၌ တွေ့မြင်ဖတ်ရှုထားခဲ့ဖူးသည့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ စာရေးဆရာ မောင်သော်က၊ ဆရာဒေါင်းနွယ်ဆွေ၊ မင်းသားကြီး ထွန်းဝေ၊ စာရေးဆရာ   အောင်လင်း၊ စာရေးဆရာ ရန်အောင်၊ ပန်းချီ ၀သုန်၊ ပန်းချီ မင်းဝေအောင်နှင့် အခြား အခြားသော မျိုးဆက်ဟောင်း မျိုးဆက်သစ် အနုပညာရှင်များစွာကို အရှင်လတ်လတ် ပြင်ပမှာ တွေ့မြင်ခွင့် ရသောအခါ မိန်းကလေး၏   ကျောင်းပိတ်ရက်များသည် အဘိုးအို၏ တိုက်ခန်းငယ်အတွင်း၌သာ ကုန်ဆုံးဖို့ သေချာခဲ့ရသည်။ အဘိုးအို၏ ပြည်တော်ပြန် ဖဆပလတိုက်ခန်းလေးထဲတွင် တော်လှန်ရေးသမားများ၏   နိုင်ငံရေး ဆွေးနွေးငြင်းခုန်သံများ၊ အနုပညာသည်များ၏ အနုပညာအကြောင်း ဆွေးနွေးသံများ သည် မိန်းကလေးအတွက် စိတ်ကြိုက်စာအုပ်တစ်အုပ်ကို တစ်မျက်နှာပြီးတစ်မျက်နှာ လှန်လှော ဖတ်ရှုနေရသကဲ့သို့ပင်။

မိန်းကလေး၏ စိတ်သဏ္ဍာန်ထဲတွင် ထိုစဉ် အချိန်ကာလထဲက ကိန်းအောင်းနေသည့် စာပေချစ်မြတ်နိုးသည့် သန္ဓေမျိုးစေ့သည် ဤသို့နှယ် အစပျိုးခဲ့၏။

မိန်းကလေး၏မိခင်က အဘိုး၏ သမီးအကြီးဆုံးဖြစ်သည်။ မိခင်၏ပြောပြချက်အရ သိခဲ့ရတာ တချို့ရှိသည်။ မိခင်ဖြစ်သူသည် ကံအားလျော်စွာ အရွယ်ရောက်ချိန်၊ တက္ကသိုလ်ကျောင်းသူ ကာလများတွင် အဘိုးနှင့်အဘွား ခွဲခွာနေကြချိန်၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းထဲက သီးပင်စားပင်များဖြင့် စိမ်းစိုနေသည့် အနုပညာများထုတ်လုပ်ရာ တင်းကုတ်ခြံကြီးထဲတွင် အဘိုးနှင့် ကာလတစ်ခုအကြာ အတူနေခွင့်ရခဲ့၏။ ခေတ်မီသောအဘိုးက မိန်းကလေး၏ မိခင်ကို ခေတ်မီသော တက္ကသိုလ်ကျောင်းသူဘ၀ကို ယုံကြည်ချက်ရှိရှိဖြင့် ဖြတ်သန်းစေခဲ့သည်။ မှန်တာလုပ် ဟုတ်တာပြောတတ်ဖို့၊ လောကဓံကို သတ္တိရှိရှိ ရင်ဆိုင်ရဲဖို့၊ မိမိလုပ်ချင်သည်ကို မဖြစ်မနေ ရအောင်လုပ်ဖို့ ပျိုးထောင်ပေးခဲ့လေရာ၊ မိန်းကလေး၏မိခင်သည် ရှေးရိုးဆန်သော မိခင်တိုင်း၏ မြန်မာဓလေ့ ထုံးစံများအောက်တွင် ဗိုင်းကောင်းကျောက်ဖိနေနေရသော မိန်းကလေးများထက် လွတ်လပ်ခွင့် ရခဲ့သည်။ မိန်းမပျိုတစ်ယောက်အတွက် ခေတ်မှီ သည်နှင့် ခေတ်ဆန်သည် မတူညီကြောင်း၊ မိန်းမသားတစ်ယောက်၏ စစ်မှန်သည့် အလှဆိုသည်မှာ အရေပြားတထောက်စာအလှထက် ပို၍ လေးနက်သည့် အဓိပ္ပာယ်ရှိသည်ကို ဖခင်ဖြစ်သူက သိခွင့်ပေးခဲ့သည်။ မိန်းကလေးအတွက် ထိုစဉ်ကာလ အမေပြောပြစဉ်ကတည်းက ဓာတ်ပုံထဲမှာကလွဲ၍ တစ်ခါမှအပြင်မှာ မမြင်ဘူးသေးသော အဘိုးကို စိတ်ကူးဖြင့် ပုံဖော်ခဲ့ရသည်မှာ အမောပင်။

Untitled

ရန်ကုန်ဘဆွေရဲ့ ၀တ္တုတိုများ

Painter U Thaung Han

ပုင်္ဂစာအုပ်တိုက်က ပထမဆုံးထုတ်ဝေခဲ့သည့် “နန်းဟာဗီး” မျက်နှာဖုံး

 “ရွှေဝါပြည်” “မြန်မာပြည်သား” “သေသော်မှတည့် သြော် ကောင်း၏” “ တိုက်ယူရသော မျက်ရည်တစ်ပေါက်” “စနစ်တွေအတင်းပြောင်းလဲမည်” “သူပုန်ဆိုးပေ” “သည်မိုးသည်လေ” “ခေတ်၏သားကောင်” “ချီလေသော်လည်း” “နန်းဟာဗီး” “ မြင့်မိုရ်ကိုချွေ ပျက်ကြွေမည့် ယော က်ျား” “ချစ်ဇနီးသို့” “သီကုံးပန်းသွင် ရေးဖွဲ့ချင်” “ပန်းတွင်သီကုံး   ရေးနည်းထုံးကား” “စကားနက်” စသည့် အဘွား၏စာအုပ်ဘီဒိုထဲက အဘိုး၏စာအုပ်များက ဖတ်ပြီးရင်း ပြန်ဖတ်ချင်နေအောင် မိန်းကလေး၏ စိတ်နှလုံးကို  သိမ်းကျုံးယူငင်နေတော့သည်။

qq

သူပုန်ဆိုးပေ

427138_3973039197890_20068649_n

မြ၀တီမဂ္ဂဇင်းမျက်နှာဖုံးမှ ရန်ကုန်ဘဆွေ

အဘိုးသည် နိုင်ငံရေးသမား၊ စာရေးဆရာသာမက ရုပ်ရှင်လဲ ရိုက်သေး၏။ မြန်မာ့ရုပ်ရှင် အစဦးပိုင်းကာလ ဘောက်ဆတ်ဘောက်ဆတ် စကားပြောများနဲ့ ရုပ်ရှင်များကြားထဲတွင် “လူလိုစကားပြောမယ်”ဟု ကြေ ညာပြီး “မာန်”ရုပ်ရှင်ကို အဘိုးကိုယ်တိုင် ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ထိုမာန်ရုပ်ရှင် ဇာတ်ကား မွေးဖွားခဲ့ရာ ကျောက်ကုန်းက သီးပင်စားပင်အစုံအလင်နှင့် စာတင်းကုတ်   ခြံကျယ်ကြီးထဲတွင် အဘိုးအဝေးသို့ရောက်နေချိန် ကာလအပိုင်းအခြား၊ မိန်းကလေး၏ မူလတန်းကျောင်းသူ ငယ်ဘ၀၌ မိသားစုဆွေမျိုးများနှင့် အတူ နေခွင့်ရခဲ့လိုက်သေးသည်။

တကယ်တော့ မိန်းကလေးမှာ အဘိုးနှင့် တရင်းတနှီး တခုတ်တရ စကားဟုတ်တိပတ်တိပင် မပြောဘူးပါချေ။ ကြီးပြင်းလာချိန်မှ အဘိုးနှင့် ပြန်ဆုံခွင့်ရသည်ကလဲ အဘိုးနှင့် မရင်းနှီးရသည့် အကြောင်းတစ်ချက်ပင်ဖြစ်သည်။ အဘိုးအား တွေ့နိုင်ချိန်ကလဲ တစ်ပတ်နှစ်ရက် ကျောင်းပိတ်ချိန် အဖေအမေတို့နှင့်အတူ၊ အဘိုးအိမ်သို့ သွားလည်ခွင့်ရမှာသာ တွေ့နိုင်သည်။ သွားလည်ခွင့် ရချိန်များတွင်လည်း ဧည့်သည်မပြတ်ရှိနေတတ်သည့် အဘိုးအိမ်တွင် မိန်းကလေးမှာ အဝေးကသာ အဘိုးကို လှမ်းမျှော်ငေးရင်း ဧည့်သည်များနှင့် စကားပြောနေသည်များကို နားထောင်ခွင့်ရ၏။

သို့သော် မိန်းကလေးတွင် အဘိုးနှင့်ပတ်သက်သည့် အမှတ်တရ နည်းနည်းတော့ ရှိပါသေးသည်။

သင်္ကြန်ကျရောက်သည့် ဧပြီလတစ်လတွင် အဘိုးက သူနေထိုင်ရာ ဖဆပလတိုက်ခန်းအောက် လမ်းမတွင် အုန်းလက် ရေကစားမဏ္ဍပ်တစ်ခု ဆောက်ပေး၏။ မဏ္ဍပ်အမည်ကို “ဧပရယ်ဗီးနပ်စ်” ဟု အမည်ပေး၏။ မိန်းကလေးတို့ မြေးမများ အပါအ၀င်၊ သမီးများကို အိကျီ င်္ဆင်တူ ကိုယ်တိုင် ဒီဇိုင်းဖော်၍ ချုပ်ပေးသည်။ အဖြူခံချည်သားပေါ်မှာ ပန်းချီဆေး အပြာအ၀ါဆေးစက်များ   ပြောက်မွှမ်းလျှက် ဖားဖားလျားလျား ပုံစံချုပ်ပေးထားသည့် သင်္ကြန်ဝတ်စုံလေးက ထိုခေတ် ထိုအခါက လွန်စွာမှ ခေတ်မီကာ လှပသည့် အိကျီ င်္ပုံစံဖြစ်ခဲ့သည်။ အပျိုဖော်ဝင်ခါစအချိန် လှချင်နေပြီဖြစ်တဲ့ မိန်းကလေးအတွက် ထိုအိကျီ င်္လေးသည် အမှတ်ရ တသသဖြစ်စရာပင်။

နောက်တစ်ကြိမ် အမှတ်တရကလဲ မိန်းကလေးအတွက် အင်မတန် ရင်ခုန်ချင်စရာ   ကောင်းလှသည်။  အဘိုးက စာတွေ ရေးသည်မျှမက ပန်းချီလည်း ဆွဲသေးသည်။ ရေဆေး၊ ဆီဆေးလက်ရာမွန် ပန်းချီကားချပ်များကို အရက်တကျိုက် မော့လိုက်၊ စုတ်တစ်ချက်ဆွဲလိုက်ဖြင့် အဘိုး တစ်ချပ်ပြီး တစ်ချပ်ဆွဲ၏။ မိသားစုထဲ အရက်သောက်သည်ကို ယခုလို နီးနီကပ်ကပ် မြင်ရတော့ လူကြောက်တတ်သည့် မိန်းကလေးက နည်းနည်းတော့ ထိတ်မိသည်။ သတ္တိရှိလွန်းတဲ့အဘိုးက နှုတ်မကြမ်းတမ်းပဲ စကားပြော အလွန်ယဉ်ကျေးလွန်းတာကလဲ အဘိုးရဲ့ ကိုယ်ပိုင်ဟန်တစ်ခုများ ဖြစ်မည်လား မပြောတတ်ပေ။ အရက်ဘယ်လောက် မူးမူး အယုတ္တ အနတ္တများတစ်ခါမှ မကြားဘူးပေ။ အလွန်ဆုံး သူ သိပ်စိတ်ဆိုးလျှင် “ခွေးကောင်၊ ၀က်ကောင်၊ ကြွက်ကောင်၊ ပိစိပိစိကောင်” “ခွေးမ၊ ၀က်မ၊ ကြွက်မ၊ ပိစိပိစိမ” စသဖြင့် ချစ်စဖွယ် ဆဲရေးတတ်သည်။ မိန်းကလေး၏အဖေက ပြောဖူးသည်။ သူလို သားမက်ဖြစ်သူကိုတောင် ကျွန်တော် ခင်ဗျားဖြင့် ယဉ်ယဉ်ကျေးကျေး ပြောသည်ဆို၏။

အဘိုး၏အလုပ်ခန်းဟု ဆိုရလောက်သည့် ၀ရန်တာကျဉ်းကျဉ်းလေးတွင် ပန်းချီကားဘောင်များ၊ စုတ်တံများ၊ ပန်းချီကားများ၊ ဆေးတောင့်များ နေရာယူလာသည်။ သည်လိုနှင့် အဘိုးက ပါတိတ်ပန်းချီကို အိမ်မှာကိုယ်တိုင်တီထွင် ရေးဆွဲပြန်သည်။ မီးဖိုလေးနှင့် အိုးလေးထဲမှာ ဖယောင်းတွေ ထည့်ကျို၊ ကိုယ်တိုင်တီထွင်ပြုလုပ်ထားသည့် သံစုတ်တံအချွန်နှင့် ဆေးရောင်များ   ပေါင်းစပ်၍ ပါတိတ်ပန်းချီကို ပိတ်စပေါ် ရေးဆွဲ၏။ သွေးကြောမျှင်များ ယှက်ဖြာနေသည့် စုတ်ချက်ကြားက ရုပ်လုံးပေါ်လာသည့် ရှုခင်းများ၊ လူများ၊ တောတောင်ရေမြေများသည် မိန်းကလေးအတွက် အလွန်ပင် အံ့သြလှစွာ လှပဆန်းကြယ်နေတော့၏။ အဘိုး၏ တီထွင်ဖန်တီးမှု အားကောင်းသည့် အနုစိတ်လက်ရာများအပေါ် မိန်းကလေးမှာ ရင်သပ်ရှုမောလျှက်။ သည်လိုနှင့် ပါတိတ်ပန်းချီကားချပ်များ ရေးဆွဲချိန် ပန်းချီ၊ ကာတွန်း၊ အနုပညာလောကမှ အနုပညာရှင်များ လာရောက်လေ့လာကြ၊ ဆည်းပူးကြနှင့် အဘိုး၏တိုက်ခန်းကျဉ်းလေးသည် ပို၍ စည်ကားလာ ခဲ့ပြန်၏။

တစ်ရက်တွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အရှေ့ရွာပန်းချီပြခန်းတွင် ပါတိတ်ပန်းချီပြပွဲ ပြသမည်
ဖြစ်သဖြင့် အဘိုးသည် မိန်းကလေးကို ထိုပန်းချီပြပွဲသို့ ခေါ်သွား၏။ ရိုးရိုးခေါ်သွားခြင်း မဟုတ်။ သူကိုယ်တိုင် ဖျဉ်စပေါ်တွင် ရေးဆွဲထားသော ပါတိတ်လက်ရာ၊ သူကိုယ်တိုင် ဒီဇိုင်းထွင်၍ ချုပ်ထားသော အိကျီ င်္ပုံစံ ထက်အောက်ဆင်တူ ၀တ်စေလျှက် ခေါ်သွားခြင်းဖြစ်သည်။ ပိတောက်ခြောက်ရောင်နှင့် အစိမ်းရင့်ရောင် ရောယှက်ထားသည့်၊ လည်ပင်းနှင့် အိကျီ င်္လက်ဖျား များတွင် အမွေးဖွားလေးများ တွဲလွဲကျနေသည့် ဒီဇိုင်းဆန်း ပါတိတ်ဆင်လေးကို လူအများကြားတွင် ၀တ်ဆင်ပြချိန်၊ အဘိုး၏အနုပညာလက်ရာအတွက် လူအများက တလေးတစား အသိအမှတ်   ပြု ကြသောအခါ မိန်းကလေးသည် အဘိုး၏မြေး ဖြစ်ခွင့်ရခြင်းအပေါ် ဂုဏ်ယူမိ၏။ ဤသည်က အဘိုးနှင့် ပတ်သက်သည့် ဒုတိယမြောက် အမှတ်တရပင်။

တတိယမြောက် အမှတ်တရအနေနဲ့ မိန်းကလေးစိတ်ထဲတွင် အမြဲအမှတ်ရနေမည့်အရာ ရှိသေးသည်။ မိန်းကလေး ပညာသင်ကြားနေသည့် ကျောင်းတွင် အထက်တန်းကျောင်းသူဘ၀ ပညာသင်ကြားနေချိန်   ကျောင်းသူတစ်ဦးနှင့်တစ်ဦး အချင်းချင်း အော်တိုဂရပ်   ရေးသည်များ   ခေတ်စားခဲ့သည်။ မိန်းကလေးက အော်တိုဂရပ် စာအုပ်လေးတစ်အုပ် ပြုလုပ်ထားသည်။ သို့သော် ကျောင်းသူ အချင်းချင်း မရေးခိုင်း။ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာမများအား   ရေးခိုင်းသည်။ အဖေနှင့်အမေကို ရေးခိုင်းသည်။ ဦးလေးနှင့်အဒေါ်ကို   ရေးခိုင်းသည်။ ဤတွင် မိန်းကလေးသည် အဘိုးဖြစ်သူအားလဲ အော်တိုဂရပ်   ရေးခိုင်းချင်လာ၏။ ကြောက်ကြောက်ဖြင့် အဘိုးထံသို့ ခွင့်တောင်းရာ အဘိုးက နှစ်လိုစွာပင် သေချာ ရေးပေးခဲ့၏။ သို့နှင့် မိန်းကလေးထံတွင် မည့်သည့် သားသမီးမြေးများထံတွင်မျှ မရှိနိုင်သည့် အဘိုး၏လက်ရေးနှင့် သေသေချာချာ   ရေးပေးထားသော အော်တိုဂရပ်ကို ရခဲ့၏။ မိန်းကလေးအတွက် တန်ဘိုးမဖြတ်နိုင်ပါပေ။

Scan10003

အဘိုးရဲ့လက်ရေးနဲ့အော်တိုဂရပ်

မိန်းကလေးအတွက် မှတ်မိနေတာ တစ်ခုရှိသေးသည်။ မတ်လ(၂၇)ရက်နေ့ရောက်တိုင်း၊ အစိုးရက တပ်မတော်နေ့ဟု မည်သို့ပင် အမည်ပြောင်းစေကာမူ အဘိုးက တော်လှန်ရေးနေ့ အထိမ်းအမှတ်ဟု ခေါင်းစဉ်တပ်၍ သူ့၏ တိုက်ခန်းလေးထဲတွင် စာရေးဆရာများ၊   တော်လှန်ရေးသမားဟောင်းကြီးများနှင့် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပ၏။ သူတို့အချင်းချင်း ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလအကြောင်းများ ပြန်ပြောင်း စားမြုံ့ပြန်ကြလျှင် မိန်းကလေးသည် အခန်းအကွယ်မှ စိတ်ဝင်တစား နားထောင်ဖြစ်ခဲ့၏။ အဘိုးက သတ္တိရှိ၏။ အဘိုးသည် ဂုဏ်ထူးအဆောင်အယောင် အရှိန်အ၀ါများအား ရွံမုန်းသူ၊ အမျိုးသားရေးအတွက် အသက်ကို ပေးဖို့ပင် ၀န်မလေးသူဟု အဘွား၊ အမေတို့ထံမှ သိခဲ့ ကြားခဲ့ရ၏။

အဘိုး၏နောက်ဆုံးအချိန်ကို ဖြတ်သန်းနေရသည့် ကာလတစ်ခုတွင် အဘိုး၏သတ္တိကို မိန်းကလေး သိခဲ့ရပြန်၏။ ခေါင်းတွင် သာမန် ထိခိုက်မိသည့်အနာအား ဗမာဆေးမှုန့်များ သိပ်ထည့်မိရာ၊ အနာနှင့်ဆေးမတည့်ပဲ အနာမှာ ပွကြွလာပြီး ကင်ဆာကျူမာ ဖြစ်သည်အထိ အမြစ်များ ပျံ့ပွားလာရ၏။ ထို့နောက် ဦးခေါင်းတွင်သာမက နားရွက်များဆီသို့ပါ ပျံ့ပြီး မှိုပွင့်ကြီးများသဖွယ် အနာများဖြစ်လာ၏။ သို့နှင့် ဦးနှောက်နှင့်အာရုံကြောတွင် ဓာတ်ရောင်ခြည်ကင်၏။ အနာများကို ခွဲစိတ် ခြစ်ထုတ်သန့်စင်ရန် လိုအပ်ရာတွင်၊ ပုံမှန်အရက်သောက်ခဲ့သည့် အရှိန်ဖြင့် အသည်းအခြေအနေမှာလဲ မကောင်း၍ မေ့ဆေးပေးမရခဲ့ပေ။ သို့နှင့် ပြုစုကုသပေးသည့် ဆရာဝန်များ၊ နာ့စ်များအား အပြုံးမပျက် မျက်နှာဖြင့် “ လုပ်ပါ လုပ်စရာရှိတာလုပ်ပါ၊ ကျွန်တော် မနာပါဘူး” ဟု အခါခါ ပြောပြီး အနာများကို အစိမ်းခြစ်ထုတ်သန့်စင်ဆေးထည့်ခြင်းကို ခံယူခဲ့သဖြင့် ဆရာဝန်များ၊ နာ့စ်များ၏ မှတ်တမ်းတင် လူနာအဖြစ် လက်ဖျားခါခဲ့ရသည့် အဘိုး၏သတ္တိကို မိန်းကလေး တွေ့သိခဲ့ရပြန်သည်။ ထိုစဉ်အခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်ဖြစ်၍ အဘိုးအား ပြည်ပ၌ သွားရောက်ဆေးကုသခွင့်တင်ရာ ခွင့်ပြုချက် ချမပေးခဲ့ချေ။

အဘိုးဆုံးပြီး မသဂြိ င်္ုလ်ခင် တစ်မနက် ခွန်နှနာရီအချိန်ခန့်တွင် သမ္မတ၏ကိုယ်ရေးအရာရှိ တစ်ဦး ရောက်လာပြီး ကျန်ရစ်သူ အဘွားဒေါ်မြသွေးအား ကူငွေအထုတ်လိုက် လာရောက် ပို့သည်ကို မိန်းကလေး မြင်တွေ့ခဲ့ရ၏။ “မသေခင် ဆေးကုသခွင့် မပေးပဲ၊ သေမှလာပေးတဲ့ သဂြိ င်္ုလ်စရိတ် လက်ခံရန်အကြောင်း မရှိဘူး”ဟု နှုတ်ခမ်းကိုတင်းတင်းစေ့လျှက် ခပ်မာမာဖြင့် ငြင်းပယ်ခဲ့သည့် ရဲဘော်ရဲဘက်အဘွား၏မျက်ဝန်းမှ ခင်ပွန်းသည်အပေါ် နှမျော တသစိတ်ဖြင့်    ဆို့နင့်နေသည့် မျက်ရည်စများကို မိန်းကလေး မြင်ခဲ့ရ၏။

photo.php

ရဲဘော်ရဲဘက် အဘွားဒေါ်မြသွေးနှင့်…

အဘိုးဆုံးသည့်နေ့က အဘိုး၏၀ရန်တာလေးတွင် ယခုနိုင်ငံကျော် ပန်းချီဆရာ မင်းဝေအောင်က အဘိုး၏နောက်ဆုံးခရီးအတွက် ပုံတူပန်းချီကား ရေးဆွဲပေးခဲ့၏။ မိန်းကလေး၏တစ်သက်တာတွင် အစည်ကားဆုံး နာရေးခရီးကို လိုက်ပို့ခွင့်ရခဲ့သည်။ စာပေလောကမှ၊ နိုင်ငံရေးလောကမှ၊ ပန်းချီလောကမှ၊ ရုပ်ရှင်အနုပညာသည်လောကမှ၊ တော်လှန်ရေးရဲဘော်ဟောင်းများ၊ အဘိုးကို လေးစားချစ်ခင်ကြသူများနှင့်၊ အစိုးရအသိုင်းအ၀ိုင်းမှ လွမ်းသူပန်းခွေပန်းခြင်းများကား မနိုင်မနင်း။ အဘိုးအလောင်းကို ကြံတောက မီးသဂြိ င်္ုလ်စက်အတွင်း ထည့်တော့မည့်အချိန်မှာပင် ဦးဝိစာရလမ်းတလျှောက် နာရေးလိုက်ပို့သည့် ကားတန်းများက မပြတ်သေးသည်အထိ အဘိုး၏နောက်ဆုံးခရီးက စည်ကားခဲ့၏။ မီးသဂြိ င်္ုလ်စက်ရှိသည့် နေရာတ၀ိုက်က သက်တမ်းရင့် ကုက္ကိုပင်ကြီးများပေါ်တွင် နာရေးလာသူများ၊ သတင်းသမားများ တက်ပြီးကြည့်ကြရာ သစ်ပင်တိုင်းတွင် လူများ သီးပွင့်နေသကဲ့သို့ ရှိ၏။ အဘိုးက သေပန်းပွင့်ခဲ့၏။

Untitledအဘိုးအကြောင်းကို မိန်းကလေး ထဲထဲဝင်ဝင် မသိပါ။ ကြားထား သိထား ပြောထား ဖတ်ထားသလောက်သာ သိပါသည်။ အဘိုးအကြောင်း ဘယ်တော့မှ ရေးဖြစ်မည်မဟုတ်ဟုလည်း ထင်ထားပါသည်။ သို့သော် ဝေးကွာနေသည်မှာ နှစ်ချီနေပြီဖြစ်သည့် အဘိုး၏သား၊ ဦးလေးနှစ်ယောက်အား အင်တာနက်ခေတ်ကြီးတွင် ပြန်လည်၍ ဆုံတွေ့ခွင့်ရချိန် မိန်းကလေးသည် အဘိုးကို စူးစူးနစ်နစ် သတိရလာပြန်၏။ ဦးလေးနှစ်ယောက်အနက် တစ်ယောက်က နိုင်ငံရေး နယ်ပယ်မှာ၊ ကျန်တစ်ယောက်က ပြည်ပမှာ ပန်းချီဆရာအဖြစ်နှင့်။  အဘိုး၏ မြေးယောက်ျားလေး တစ်ယောက်လည်း ပန်းချီဆွဲနေပြီ။ အဘိုး၏မြေးမလေးလည်း စာတွေ ရေးနေလေပြီ။ အဘိုး၏ အနုပညာသွေးများ မြေးများထံတွင် ကျန်ခဲ့သည်ကို အဘိုး သိမသွားခဲ့ပေ။ အဘိုးက မြေးများကို တမလွန်မှ ပြုံးပြုံးကြီး ကြည့်နေလေမလားမသိ။

၁၇.၉.၁၉၈၆ – အသက် ၇၁နှစ်တွင် အဘိုးကွယ်လွန်ခဲ့သည်။ ပြီးခဲ့သည့် ၁၇.၉.၂၀၁၄ ခုနေ့ဆိုလျှင် အဘိုးလူ့လောကက ထွက်ခွာသွားသည်မှာ ၂၈နှစ်တင်းတင်း ပြည့်ခဲ့လေပြီ။ အဘိုးအလွန်ချစ်သည့် သမီးကြီးဖြစ်သည့် မိန်းကလေး၏အမေသည်လည်း လူ့လောကတွင် မရှိတော့ပေ။

10629539_271198793089102_4620422644705966643_o

မိန်းကလေး၏ အမေ၊ အဘိုး၏ သမီးကြီးမှ အဘိုး၏နာရေးမှတ်တမ်းတွင် ဤသို့ရေးခဲ့၏။

အချိန်ကာလတွေ တဖြည်းဖြည်းတိုက်စားရွေ့လျားခဲ့ပြီ။ ပြက္ခဒိန်စာမျက်နှာတွေ တစ်ရွက်ပြီးတရွက်   ကြွေကျကုန်၏။

မိန်းကလေးလည်း လူလတ်ပိုင်းအရွယ် သားတစ်ယောက်မိခင် ဖြစ်နေချေပြီ။ အဘိုးကို   လေးစားချစ်ခင်သူများ ရှိသလို၊ အဘိုးကို ပြစ်တင်ကဲ့ရဲ့သူများလဲ ရှိ၏။ သို့သော် အဘိုးသည် တော်လှန်ရေးသမားတစ်ယောက်၊ စာရေးဆရာ ပန်းချီဆရာတစ်ယောက်အဖြစ် ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ပြီး ရင်းခဲ့သူဖြစ်သည်။ အဘိုးရင်းခဲ့သမျှ ပြန်ရခဲ့လေသလား။ မသေချာပါ။ ဤအဖြေကို အဘိုးသာ သိနိုင်ပါလိမ့်မည်။ သေချာသည်က အဘိုးသည် သူလုပ်ချင်သည်မှန်သမျှ၊ သူမှန်သည်ထင်သမျှကို စိတ်ပါလက်ပါနှစ်မြုပ် လုပ်ခဲ့သူပင်။

အဘိုးနှင့် မိန်းကလေးအကြား ထူးထူးခြားခြား ဖြစ်စဉ်များက ဤမျှသာပင်။ မလိုအပ်ပဲနှင့် အဘိုး၏ မြေးဆိုသည်ကို မည်သူမျှ မပြောပြဖြစ်ခဲ့ပါ။ အဘိုး၏ အရှိန်အ၀ါကို သုံး၍ မိန်းကလေး စာမရေးခဲ့ဘူးပါ။ ဤသည်ကလဲ အဘိုးကို လေးစားတန်ဖိုးထားလွန်းသည့် မိန်းကလေး၏ စိတ်ရင်းပင်ဖြစ်သည်။ အဘိုးသည်လည်း သူ၏ မြေးမလေးအား ကျေနပ် နားလည်လိမ့်မည်ဟု ယုံကြည်ပါသည်။

ယခုရေးထားသမျှသည် အဘိုး၏ အထုပ္ပတ္ထိ မဟုတ်ပါ။ သမိုင်းဝင်အချက်အလက်များ မပါဝင်ပါ။ အဘိုးကို လေးစားချစ်ခင်သော၊ တန်ဘိုးထားသော မြေးမတစ်ယောက်၏ အမှတ်ရစရာများထဲမှ ဘယ်တော့မှ မမေ့နိုင်မည့် အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါသည်။

 (ခင်မင်ရသည့် စုချစ်သူBBP Challenge Tag Postအတွက်  ရေးပါသည်။)

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ။

 

index

Share
This entry was posted in Tag Post, အက်ဆေး/ ရသစာတမ်း. Bookmark the permalink.

5 Responses to သေသော်မှတည့်….

  1. suuchit says:

    ဒီပိုစ့်လေးအတွက် မြကို ကျေးဇူး အထူးတင်ပါတယ်…
    သမိုင်းကြောင်းတွေထက် ဒီလိုစာမျိုးလေးတွေကို ပိုစိတ်ဝင်စား နှစ်သက်မိတယ်…
    ကိုယ်ယုံကြည်တာကတော့ အဘိုးရန်ကုန်ဘဆွေသည် အနုပညာသမား တစ်ယောက် ဖြစ်သည်… ဆိုတာပါပဲ။

    ချစ်ခင်စွာ…
    :)

  2. mamyathway says:

    စုရေ…
    တိုက်တိုက်ဆိုင်ဆိုင် အဘိုးအကြောင်းရေးမယ် စိတ်ကူးချိန် စုရဲ့Tag Postနဲ့ ဆုံရတာ။
    သတိတရ Tagလုပ်တဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်သွားတာမို့ စုကိုလဲ ကျေးဇူးတင်မိရကြောင်းပါ။
    :) :) :)

  3. တန်ဘိုးရှိတဲ့ ပို့စ်လေးတစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါ မြသွေးရေ…
    မနက်ဖြန်တင်မယ်ဆိုကထဲက မျှော်နေတာ အပြင်ကပြန်ရောက်ရောက်ခြင်း
    အွန်လိုင်းတက်တာနဲ့ ဖတ်လိုက်ရလို့ ကျေနပ်သွားပြီ…

  4. ဒီမနက် မမရဲ့အဘိုးအကြောင်းလေးကိုရင်နဲ့ခံစားပြီးဖတ်လိုက်ရတာအရသာအပြည့်ရှိပြီးကျေနပ်တယ်မမရေ

  5. Ma Chaw says:

    စီးမျောခံစားသွားပါတယ်။ မမြသွေးက အဖွားနဲ့တူတာလည်း သတိထားမိသွားတယ်။
    အဘိုးအမွေ ကောင်းကောင်းရခဲ့တာပဲနော်။ အားကျလိုက်တာ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>