ခိုင်ရင်သံကြိုးထက်ခိုင်

Number of View: 8005

 1

ညီမ Black Roseက ငယ်နုစဉ်ဆယ်ကျော်သက်အရွယ်က ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ သံယောဇဉ်များအကြောင်းကို Tag Post လုပ်သည်။ မြ ရင်များပင် ခုန်သွားရ၏။ မြ ယုံကြည်ပါသည်။ မည်သူမဆို ငယ်ရွယ်စဉ်အချိန်ကာလ၏ သံယောဇဉ် ရင်ခုန်သံများကို ပြန်ပြောင်းစဉ်းစားကြည့်ကြမည်ဆိုလျှင်ရင်ခုန်ကြပါလိမ့်မည်။ နှလုံးသားရှိသောသူတိုင်း ရင်ခုန်တတ်ကြပါသည်။ အနှီလူသားတစ်ယောက် မြသည်လည်း နှလုံးသားရှိသူ ပုထုစဉ်ပီပီ ရင်ခုန်မိသည်မှာ မဆန်းကြယ်လှပါ။ သို့နှင့် မြ၏စိတ်များသည် ရုပ်ရှင်ထဲကလို ငယ်စဉ်အတိတ်ဘ၀သို့ ဖလက်ရှ်ဘက်ခ် ပြန်ရောက်သွားရတော့၏။ ဟုတ်ပါသည်။ မြ ရင်ခုန်မိပါသည်။ ရင်ခုန်စွာဖြင့် စဉ်စားလိုက်မိသောအခါ မြ၏ငယ်ရွယ်စဉ်ကာလတို့သည်……။

Untitled

မြ ငယ်စဉ်ကလေးဘ၀က အင်မတန် အဆော့မက်သည်။ အဘွား၏ကျောက်ကုန်းက ခြံကျယ်ကြီးထဲတွင် မည်းပေသလူးနေအောင် ဆော့ကစားသည်။ ခြံထဲတွင် ၀မ်းကွဲမောင်နှများပါ အတူနေကြသဖြင့် အတူဆော့ကစားစရာ အဖော်များကို ဝေးဝေးလံလံ ရှာမနေရပါ။ အကိုများ၊ မောင်များနှင့်ဆော့ကစားရသူမို့ မြသည် အိုးပုတ်ဖြင့် ထမင်းဟင်းချက်တမ်း ကစားတာမျိုး၊ အမေ့ထမီအရှည်ကြီးယူဝတ်၍ အငြိမ့်မင်းသမီးလုပ်တာမျိုး၊ အမေ့စွန့်ပစ်ပစ္စည်း များဖြစ်သည့် ကရင်ပတ်မှန်ကွဲလေး၊ နှုတ်ခမ်းဆိုးဆေးတောင့်အဟောင်းလေးများ၊ လက်သည်းနီ ပုလင်းဟောင်းများ၊ တြိရတနမျက်နှာလူးဆေးဘူးဟောင်းများနဲ့ အလှပြင်တမ်းကစားတာမျိုးအပြင်၊ အကို မောင်များနှင့် ယောက်ျားလေးများလို ဘောလုံးလည်းကန်သည်။ ဂျင်လည်းပေါက်သည်။ စွန်လည်းလွှတ်သည်။ သစ်ပင်လည်းတက်သည်။ အဖေ့ဘက်မှ အဘိုးဖြစ်သူ အိမ်သို့ အလည်လာစဉ် ပိန္နဲပင်ပေါ် မြ ရောက်နေသည်ကို မြင်သောအခါ အဘွားကို ဖောက်သည်ချသည်။ အဘွားက မြကို ယောကျာ်းရှာဖြစ်မှာ အင်မတန်စိုးရိမ်သည်။ အမှန်က မြ ယောကျာ်း စိတ်မပေါက်ပါ။ မိန်းမပေါက်ကျော်ဖြစ်နေခြင်းသာ။

မြ မည်မျှကစားမက်သနည်းဆိုသော် တစ်ခါတွင် သူငယ်ချင်းများနှင့် ခြံပတ်လည် လက်လက်ထကစားနေစဉ် ကျောင်းမှ အတန်းပိုင်ဆရာမ လမ်းထဲသို့ ကိစ္စတစ်ခုဖြစ် အမှတ်မထင် ရောက်လာ၏။  ဆရာမကို တွေ့ချိန် ဝမ်းသာအားရဖြင့် ‘မင်္ဂလာပါဆရာမ’ဟု ထုံးစံအတိုင်း လက်ကလေးပိုက်၍ အပြေးနှုတ်ဆက်ရာ ဆရာမမှာ ဇဝေဇဝါဖြင့် မြကို ကြည့်ချေ၏။ ဆရာမ မြကို လုံးဝမမှတ်မိပါချေ။ မြသည် နီရဲချွေးပျံနေသော မျက်နှာ ပွယောင်းရှုပ်ပွနေသောဆံပင် မဲပေသလူးနေသော အိကျီ င်္တို့ဖြင့် ညစ်ပေမှောင်ကျုတ်နေလေရာ ကျောင်းလာတိုင်း မီးပူကျော့နေအောင်တိုက်ဝတ်လာတတ်သည့် အဖြူအစိမ်းကျောင်းဝတ်စုံ သနပ်ခါးပါးကွက်ကြားဖွေးဖွေး ဆီဖြင့်သေသပ်စွာ ဖီးသင်ထားသော ဆံပင်တို့ဖြင့် ကျော့မော့နေသော မြကို မယုံမရဲ လူပင်မှားခဲ့ဖူး၏။

အနှီမြသည် စိန်ဆေးဗီးယားဟုခေါ်သည့် ရန်ကင်း အလက(၂)တွင် သူငယ်တန်းမှ ၄တန်းအထိ တက်ခဲ့သည်။ ကျောင်းမှ မြတို့ နေရာခြံဆီသို့ ကလေးခြေလှမ်းဖြင့် အနည်းဆုံး မိနစ်၂၀လောက်လျှောက်ရသည်။ ကားလမ်းရှင်းသည့် ရန်ကင်းကုန်းတက်တလျှောက် က၀လွယ်အိတ်လေးကို နောက်ကျောကနေ ခေါင်းပေါ်ချိတ်လွယ်ရင်း အိမ်နီးချင်းသူငယ်ချင်း များနှင့်အတူတူ စကားတွေပြောရင်း အိမ်ပြန်ရသည်ကို အဖော်မက်သည့် မြပျော်သည်။ မြက ငယ်စဉ်ထဲက အပေါင်းအသင်းဆန့်သူမို့ ယောကျာ်းလေး မိန်းကလေး သူငယ်ချင်းအများကြီး ရှိသည်။

၃တန်းကျောင်းသူ မြတစ်ယောက် တစ်ရက်မှာ နေ့လည် ကျောင်းဆင်းချိန် အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို အိမ်သို့ ခေါ်ချလာ၏။ အိမ်ရောက်တော့ အဖေနဲ့အမေက မရှိ။ အိမ်အကူ ဒေါ်ကြီးပြုံးက ယောကျာ်းလေးသူငယ်ချင်း တစ်ယောက်ကို အိမ်ခေါ်ပြီး ပြန်လာသည့် မြကို ကြည့်၍ မျက်လုံးမျက်ဆန် ပြူးနေတော့သည်။ မြကတော့ စိတ်အေးလက်အေး။  ‘နင် ခနလေးစောင့်နော် ငါအိမ်စာတွေ အရင် အမြန်လုပ်လိုက်ဦးမယ်’ ဟု ပြောကာ  အိမ်ရောက်တော့ စာကြည့်စားပွဲမှာ လွယ်အိတ်လေး ဘုတ်ဆိုချပြီး၊ အိကျီ င်္ကမမ်းကတမ်းလဲ၊ ပါလာသည့် အိမ်စာများကို အိမ်ခေါ်လာသည့် သူငယ်ချင်းလေး ဘေးနားထားပြီး ကသောကမျော လုပ်၏။ “ကျောင်းအိမ်စာများပြီးရင် ကျန်တဲ့အချိန်တွေက သမီးရဲ့ကိုယ်ပိုင်အချိန်”ဟု အမေလေ့ ကျင့်ပေးထားသည်က မြအတွက် အရိုးစွဲနေလေပြီ်။ အိမ်စာပြီးမှ မြ စိတ်အေးလက်အေး ကစားနိုင်မည်။ သူငယ်ချင်းလေးက နဘေးနားထိုင်၍ မြ သချာင်္တွက်နေသည်ကို အငေးသားရှိ၏။ ဒေါ်ကြီးပြုံးက ရင်တဖိဖိနှင့် အဖေနဲ့အမေ အမြန်ပြန်လာဖို့ တရွရွဆုတောင်းရင်း အိမ်ရှေ့ထွက်မျှော်၏။

သူငယ်ချင်းလေးကို မြ ခင်သည်။ ကျောင်းတွင် သူက မြ၏ အနောက်ခုံမှာ ထိုင်၏။  သူက  စကားလည်း နည်းသည်။ စာလည်း ညံ့သည်။ မြ ဆရာလုပ်သည်ကို ငြိမ်ခံသည်။ အတင်းလဲ မပြောတတ်။ အတိုင်အတောလည်းမထူ။  မြဆီက မုန့်ကိုလဲ တောင်းစားတတ်သည်။ မြကိုလဲ သူ့မုန့်ကို တောင်းမစားရပဲ ကျွေးသူဖြစ်၏။ မြက စကားများသူ။ ဆရာလုပ်တတ်သူ။ အစားပုတ်သူ။ ဆိုတော့ အခင်ဆုံး မဟုတ်သော်ငြား မြ သူငယ်ချင်းလေးကို ထူးထူးခြားခြား ခင်၏။

အိမ်စာများပြီးသည်နှင့် မြနှင့် သူငယ်ချင်းလေးတို့ ကစားကြသည်။ ကစားစရာများ သိမ်းကျုံးထည့်ထားသည့် ကဒ်ထူပုံးကြီးထဲက ကစားစရာများ အခန်းထဲ ပွထကုန်သည်။ တူတူပုန်းတမ်း၊ သေနတ်ပစ်တမ်းလဲပါသည်။ အလှပြင်တမ်းဆော့လျှင် မြက သူ့ကို လက်သည်းနီ ဆိုးပေးသည်။ သူက မြကို နှုတ်ခမ်းနီ ပြန်ဆိုးပေး၏။ သည်လိုနှင့်   နေ့လည်ထဲက ဆော့လိုက်သည်မှာ တမေ့တမော ညနေ၄နာရီပင်ထိုး၍ အဖေနဲ့အမေ အိမ်ပြန်ရောက်လာမှ ရပ်တော့သည်။

ဒေါ်ကြီးပြုံးက ဖြစ်ကြောင်းရယ်ကုန်စင်ကို အဖေနဲ့အမေသို့ နတ်သံနှော ပြောပြ၏။ မြတို့ သူငယ်ချင်း နှစ်ယောက်ကား စိတ်တိုင်းကျ ဆော့ကစားထားကြသည်မှာ မည်းပေသလူး၍ ကြောင်ချေးကုတ်နေပေပြီ။ အဖေက မြတို့နှစ်ယောက်ကို ကြည့်၍ “ အဖေ့သမီးက ကောင်လေးကို အိမ်ပေါ်အထိကို ခေါ်လာတာကိုး” ဟုဆိုကာ တဟားဟားဖြင့် သဘောတကျရယ်သည်။ အမေက သူငယ်ချင်းလေး၏အိမ်မှ လူကြီးတွေ စိတ်ပူနေလောက် မည်ကို တွေးပြီး ပြာယာခတ်သွားသည်။ မြကို အမေက “ဘာလို့ လူကြီးတွေ မသိပဲ အိမ်ခေါ်လာရသလဲ”ဟု ဆူသည်။ မြ၏ အဖြေကား “သူက သမီးနဲ့ကစားချင်တယ်ဆိုလို့ပါ မေမေ” ဟူ၏။ သူငယ်ချင်းလေးကို မေးတော့လဲ အိမ်လိပ်စာမပြောနိုင်။ ကျောင်းရှေ့ပြန်ရောက်လျှင် သူ့အိမ်ကိုသူ ပြန်နိုင်ပါသည်ဟု သူငယ်ချင်းလေးကဆိုလာသဖြင့် မြအမေလည်း အချိန်မဆိုင်းတော့ပဲ ပေသလူးပွနေသည့် မြနှင့်သူငယ်ချင်းလေးကို လက်တစ်ဘက်တစ်ချက်စီ ဆွဲလျှက် ကျောင်းရှိရာသို့ ဒုန်းဆိုင်းနှင်တော့၏။

 ကျောင်းရှေ့ရောက်လျှင် ကျောင်းတံခါးများ ပိတ်ထားချေပြီ။ တစ်ခဏကြာလျှင် မြတို့ သုံးယောက်တစ်တွဲသည် သူငယ်ချင်းလေးညွှန်ပြသည့် ကျောင်းမှ ၅မိနစ်ခန့်မျှ လမ်းလျှောက်လျှင် ရောက်သည့် သူငယ်ချင်းလေး၏အိမ်သို့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်၏။ အိမ်သို့ဝင်ရန် သစ်သားတံတားလေးပေါ်အဖြတ် “မေမေရေ”ဟု သူငယ်ချင်းလေးက အော်ခေါ်လိုက်လျှင် အိမ်ထဲရှိ လူကုန် အိမ်အပြင်သို့ ထွက်ချလာရာ အိမ်ပေါက်ဝတွင် လူများဖြင့် ပြည့်ချေ၏။ သူငယ်ချင်းလေး၏အမေသည် သားဖြစ်သူကို ပွေ့ဖက်ရင် “သားညီရယ် သားညီရယ် မေမေ စိတ်ပူလိုက်ရတာ” ဆိုပြီး ဒူးထောက်၍ သူငယ်ချင်းလေးကို ဖက်ကာ ငိုလေ၏။ ထိုအခါ သူငယ်ချင်းလေးက အရှက်မရှိ “သူ ခေါ်လို့ သားလိုက်သွားတာ” ဟု မြကို လက်ညှိုးထိုးလျှက် အာပြဲဖြင့် ဟီးချငိုလေတော့သည်။ မြလည်း ဆူခံရမည်ကို ယခုမှ ကြောက်လာရကား လက်သည်းကို ခေါင်းငုံ့ကိုက်၍ တအိအိဖြင့် ငိုချင်းအမှုကိုစ၏။

အိမ်ထဲရှိ ကုလားထိုင်တွင် မြတို့ သားအမိထိုင်ပြီးချိန် အမေက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြ၏။ သူငယ်ချင်းလေး၏အမေမှ “အိမ်နဲ့ကျောင်း အရမ်းနီးတော့ ကျောင်းဆင်းရင် သူ့ဟာသူ   ပြန်လာနေကျ၊ စောင့်ရင်းက မလာလို့ စိတ်တွေပူလာပြီး ကျောင်းကိုလိုက်သွားတော့ အတန်းထဲ ဘယ်သူမှ မရှိတော့ဘူး၊ ကျောင်းအုပ်ကြီးဆီလဲ အကြောင်းကြား တိုင်ထားတယ်၊ ရဲစခန်းမှာလဲ လူပျောက်တိုင်ကြားထားသေးတယ်” ဟု ပြောပြရာ ရဲစခန်းတွင် အဖမ်းချုပ်ခံရတော့လေမည်လား ဟုတွေးမိပြီး မြမှာ ကြောက်လွန်းသဖြင့် ဒူးများပင် တဆတ်ဆတ်တုန်လာလေ၏။ ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။

‘မြက အရမ်းအဆော့မက်တယ်.. ကျွန်မတို့လဲ အိမ်မှာ မရှိချိန်ဆိုတော့ ဒီလောက်ကြာသွားရတာ.. တောင်းပန်ပါတယ်ရှင်’ လို့ အမေကပြောတော့ သူငယ်ချင်းလေးအမေက ‘ အခုလို အိမ်အရောက် ပြန်ပို့ပေးတာကိုပဲ ကျေးဇူးတင်မဆုံးပါဘူး..  ကလေးတွေဆိုတော့ ကစားဖို့ကလွဲလို့ ဘာမှမသိဘူးပေါ့.. ကျွန်မတို့က ကျေးဇူးတင်ရမှာပါ’ ဟု ပြောတော့မှ မြအမေလည်း သက်ပြင်းချနိုင်တော့၏။ အဆုံးတွင် ကောင်လေးမိသားစုလည်းစိတ်အေးသွားရကား မြတို့သားအမိကို ကော်ဖီမုန့်များဖြင့်   ကျွေးမွေးဧည့်ခံ၏။

မျက်ရည်စီးကြောင်းများဖြင့် မျက်နှာတွင် နှုတ်ခမ်းနီလျှံသလံနေအောင် ဆိုးထားသည့် မြကို သူငယ်ချင်းလေးက သူ့အမေပေါင်ပေါ်တွင် ထိုင်လျှက်က “နင့်မျက်နှာက နှုတ်ခမ်းနီတွေရော ချေးတွေနဲ့ရော အတော်လှတယ်” ဟု ပြောရင်း လျှာထုတ်ပြောင်ပြ၏။ မြသည် စူပုတ်နေသော ၀က်နှုတ်ခမ်းဖြင့် မျက်စောင်းအကြီးကြီးလှမ်းထိုးကာ “ညီညီနော် နင်လဲ လက်မှာ ဖုတ်တွေနဲ့ လက်သည်းနီ ဆိုးထားတာပဲ” ဟု ပြောရာ သူငယ်ချင်းလေးက သူ့လက်သည်းနီဆိုးထားသည့် လက်ကို လူမမြင်ရအောင် နောက်ပြန် ဖွက်ထား၏။

မြတို့နှစ်ယောက်ကို ကြည့်၍ တစ်အိမ်လုံး ၀ိုင်းရယ်ကြကုန်၏။ ပြန်ကာနီး “ သားညီတို့ကလဲ ကောင်မလေးက ကစားမယ်ခေါ်တာနဲ့ အိမ်ကိုမေ့ပြီး ကောက်ကောက် ပါအောင်ကို လိုက်သွားတော့တာပဲနော် အံ့ရော” ဟု သူငယ်ချင်းလေး၏အမေ ပြောလိုက် ချိန်တွင် မြသည် ကလေးအရွယ်ပင်ဖြစ်လိမ့်ကစား ရှက်လွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အခုချက်ချင်းပင် မြေလျိုးမိုးပျံချင်စိတ် ပေါက်သွားရတော့၏။

ထိုစဉ်က မျက်ရည်စီးကြောင်းများဖြင့် ပေသလူးနေသည့် မြ၏မျက်နှာသည် ရှက်စိတ်ကြောင့် ရဲရဲနီစွေးနေခဲ့မည်မှာ အသေအချာပါပင်။

Untitled

ထိုအဖြစ်အပျက်က နောင်တွင် မြကို အဖေနှင့်အမေတို့ စ နောက်စရာ ဖြစ်လာခဲ့၏။ “ငါတို့ သမီးက ခေသူမဟုတ်ဘူး၊ ငယ်ငယ်လေးထဲက ကောင်လေးကို အိမ်ခေါ်လာတာ” ဟု ပြောလျှင် မြသည် မရှက်တော့သော်လည်း မည်သည့်ဘ၀ မည်သည့်နေရာ သို့ ရောက်နေသည်၊ မည်သည့်ရုပ်ရည်ဆိုသည်ကိုပင် မမှတ်မိတော့သော သူငယ်ချင်းလေးအား အမှန်ပင် သတိရမိပါသည်။

အချိန်တန် အရွယ်ရောက်လာချိန် ချစ်သူနှင့်ဆုံဖြစ်ရာ၊ ချစ်သူက “ ကိုယ့်အရင် ချစ်ခဲ့ဖူးသူများ ရှိခဲ့သလား”ဟု သမရိုးကျ မေးခွန်းမေးလာရာ မြသည် ခေါင်းကို သွက်သွက်ရမ်းခါမိ၏။ ထိုအခါ ချစ်သူက “ရင်းရင်းနှီးနှီးနေခဲ့ဖူးတဲ့ ယောကျာ်းလေးမိတ်ဆွေ တကယ်ကို မရှိဘူးလား”ဟု ထပ်မံမေးလေသော် မြစိတ်သည် မရည်ရွယ်ပဲနှင့် ငယ်စဉ် သုံးတန်းကျောင်းသူအရွယ်က အိမ်သို့ခေါ်လာဖူးသည့် သူငယ်ချင်းလေး ညီညီအား ချက်ချင်းပင် အမှတ်ရသွားလေတော့၏။

ထိုအခါ မြသည် ချစ်သူမသိအောင် ပြုံးလိုက်မိ၏။

Untitledမြ အိမ်ထောင်ကျပြီးပြန်သောအခါ ချစ်သူတဖြစ်လဲ ခင်ပွန်းသည်နှင့် သားဖြစ်သူတို့က အခွင့်ကြုံလျှင် ထိုငယ်စဉ်က ကိစ္စကို ပြန်လည်၍ ချေးခြောက်ရေနူး၏။ ထိုအခါ ယခင်ကလို မသိအောင် မပြုံးဖြစ်ပါ။ မိသားစုသုံးယောက်သား အတူတူ စနောက်ရင်း အူလှိုက်သည်းလှိုက် ရယ်မိကြပါသည်။

cute_marshmallows_by_lieveheersbeestje-d4oaqofUntitled

သံယောဇဉ်ကြိုးဆိုသည်ကား ခိုင်လျှင် သံကြိုးထက်ခိုင်ကာ၊ ပျော့လျှင် ပိုကြိုးထက်ပင်ပျော့သည် မဟုတ်ပါချေလား။ သို့သော် – ဖြူစင်သော သံယောဇဉ်ကား နှောင်ထုံးမပါ။ ရာသက်တိုင် မြဲခိုင်၏။

(ချစ်ခင်ရတဲ့ ညီမ Black Rose (ပစ်ပစ်)ရဲ့ tag postလေးပါ။ နောက်ကျနေရတာကို နားလည်ပေး ပါ ချစ်ညီမရေ..။)

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ။

 index

Share
This entry was posted in Tag Post. Bookmark the permalink.

9 Responses to ခိုင်ရင်သံကြိုးထက်ခိုင်

  1. ချစ်​စရာ​ကောင်းတဲ့ခ​လေး၂​ယောက်​ပုံကိုမျက်​​စေ့ထဲမြင်​​ယောင်​မိလိုက်​တယ်​… ♡ ♡ ♡

  2. ဆုဝေ says:

    ပြောလို့မရဘူးနော် .. အစ်မရဲ့ ငယ်သူငယ်ချင်းလေး ဒီပို့စ်ကို ဖတ်ချင် ဖတ်မိမှာ .. အစ်မကို ငယ်ငယ်က သူနဲ့ကစားတဲ့ မြမှန်း မမှတ်မိဘဲ FB ရဲ့ Friend List ထဲမှာ ရှိနေရာကနေ ဒီစာလေး ဖတ်မိပြီး သူက ငယ်ငယ်တုန်းက ညီညီပါ လို့ လာပြောတာ တို့ ဘာတို့ .. ဟီး .. စိတ်ကူးယဉ်ကြည့်တာ .. ကလေးဘ၀ရဲ့ အဖြူထည် ခင်မင်မှုက ထူးထူးခြားခြား မဟုတ်လဲ စိတ်ထဲမှာ စွဲနေတတ်တယ် အစ်မရေ

  3. Winmon says:

    စာဖတ်ရင်းက .. မျက်စိထဲမှာပါ ပြေးမြင်တယ် .. ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အဖြူရောင်သံယောဇဉ်လေး .. တစ်ချိန်ချိန်မှာ ပြန်တွေ့ရင်သိပ်ကောင်းမှာပဲ ..ညီညီလဲ သတိရနေမှာပါ :)

  4. အမရေ..
    ဖတ်ပြီးတော့ သဘောကျမိ၏

    မြ၏ ငယ်သူချင်းလေးကား ဘယ်သို့ေ၇ာက်နေပြီနည်း မသိသော်ငြားလည်း
    မြနှင့် သူငယ်ချင်းလေးအား တနေ့နေ့တရာရာတွင် တစုံတခုသောအကြောင်း
    အရာဖြင့် ခင်မင်စွာ ပြန်လည်ဆုံတွေ့စေချင်သည့်ဆန္ဒသည် ..စာကိုဖတ်ပြီး
    သကာလ ပစ်ရင်တွင် ဖြစ်ပေါ်လာလေသည်..

    ( ရေးပေးတဲ့အတွက် ကျေးဇူးပါ မကြီးရေ..ပစ်မှာလေ အလုပ်ကပြန်လာလာချင်း
    ဝှစ် ဝှစ် ဆိုပြီးပြေးလာတာ )

  5. မနေ့က မြသွေးရဲ့ပို့စ်လေးတက်လာတာမြင်ပေမယ့် ဒီမနက်ဖတ်ဘို့အတွက် တမင်ချန်ထားတာ … ထင်တဲ့အတိုင်းပဲ မနက်က ဘလော့ထဲရောက်တော့ မြသွေးပို့စ်တစ်ပုဒ်ပဲ ဖတ်စရာရှိတယ်လေ။ ဒီတော့ အချိန်ပေးပြီးအေးအေးဆေးဆေးဖတ်ခွင့်ရခဲ့တယ်။
    ‘ဖြူစင်သော သံယောဇဉ်ကား နှောင်ထုံးမပါ။ ရာသက်တိုင် မြဲခိုင်၏’ ပို့စ်တစ်ပုဒ်လုံးရဲ့ သော့ချက်ပဲ။

  6. jasmine says:

    စိတ်ကူးရောအရေးအသားပါ ကျွန်မကိုဆွဲခေါ်ခဲ့တယ်
    အမမြသွေးကိုယ်တွေ့ထင်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>