၂၀၁၅ ခုနှစ်၊ စက်တင်ဘာလထုတ်၊ မြင်ကွင်းမဂ္ဂဇင်း
(သရုပ်ဖော်ပန်းချီ – မမွှေး)
ကျွန်မဘ၀မှာ မေမေ့ဆီက အလိုချင်ဆုံး လက်ဆောင်လေးတစ်ခု ရရှိခဲ့ဘူးပါတယ်။ အဲ့ဒီ လက်ဆောင်လေးက အများအတွက်တော့ ဘာဆိုဘာမှ တန်ဖိုးမရှိပေမယ့် ကျွန်မအတွက်တော့ တကယ့် ကို သိမ်းဆည်းထားချင်မိတဲ့ အရာလေးတစ်ခုပါဘဲ။
အဲ့ဒီတုန်းက ကျွန်မက ကလေးမကျ လူကြီးမကျအရွယ်။ ၁၄နှစ်ဝန်းကျင်ပေါ့။ မေမေဆီမှာ မေမေကအမြဲ သူ့ဘီဒိုလေးထဲက အံဆွဲလေးတစ်ခုထဲမှာ သော့ခတ်ပြီး၊ အဲ့ဒီဘီဒိုလေးထဲမှာ တယုတယ သိမ်းဆည်းထားတတ်တဲ့ ရတနာပစ္စည်းတွေ ထည့်ထားတယ်လို့ ထင်ရတဲ့ ယွန်းအစ်လေးတစ်ခု ရှိနေတယ်။ ကျွန်မ ဒီယွန်းအစ်လေးကို သတိထားမိနေတာ ကြာခဲ့ပါပြီ။ မေမေ့ကို ကျွန်မက “ ဒီယွန်းအစ်လေးထဲမှာ ဘာတွေရှိလဲ၊ သမီး သိချင်တယ်မေမေ” လို့ ပြောတော့ “မေမေ့ သမီးက သိပ်စပ်စုတာပဲကွယ်” ဆိုပြီး ဝေ့လည်ကြောင်ပတ်နဲ့ အဖြေကို ရှောင်တိမ်းသွားတယ်။ မေမေက အဲ့ဒီလိုပြောလေလေ ကျွန်မရဲ့ သိချင်စိတ်တွေက တားမရဆီးမရ ဖြစ်လေပေါ့။
တစ်နေ့တော့ မေမေ မြို့ထဲထွက်သွားချိန် ကျွန်မကို လိုက်ဖို့ခေါ်တာတောင် မလိုက်တော့ပဲနဲ့ ကိုယ့်အကြံနဲ့ကိုယ် ကျွန်မ အိမ်မှာ ချန်နေခဲ့လိုက်တယ်။ မေမေ အိမ်ကနေထွက်သွားတာကို အိမ်ရှေ့ ၀ရန်တာက စောင့်ကြည့်၊ သေချာပြီ ဆိုတာနဲ့ မေမေ့အခန်းထဲ အပြေးလေးဝင်၊ မေမေသိမ်းထားတတ် တဲ့ ဘီဒိုရဲ့ အပေါ်ဆုံးအဆင့် အခင်းအောက်ထဲကနေ ဘီဒိုသော့ကို အသာလေးယူပြီး ဖွင့်လိုက်မိ တော့တယ်။ စိတ်ထဲကလဲ “မေမေ မသိအောင် အခုလို ခိုးကြည့်မိတာ သမီးကို ခွင့်လွှတ်ပါ မေမေ” လို့ တဖွဖွ ပြောနေမိတယ်။ အဲ့ဒီအချိန်မှာ မဟုတ်တာခိုးလုပ်တဲ့ သူတွေရဲ့ ထုံးစံအတိုင်း ကျွန်မရဲ့ ရင်တွေ တဒိတ်ဒိတ်နဲ့ ခုန်နေတော့တယ်။
အံဆွဲငယ်လေးကို အသာအယာဖွင့်ကြည့်လိုက်တော့ မေမေ့ရဲ့ လက်ဝတ်ရတနာတွေကို အိတ်ရှုံ့လေးတွေ၊ ကတ္တီပါဘူးလေးတွေ စက္ကူဘူးငယ်လေးတွေနဲ့ သိမ်းဆည်းထားတာကို တွေ့ရတယ်။ အံဆွဲထဲမှာက ဘွားဘွားရဲ့ အမွေအနှစ်အဖြစ်ရထားတဲ့ ပထ္ထမြားလည်ဆွဲလေးက အရည်တလဲ့လဲ့ တောက်ပလို့။ ရွှေနဲ့ကွပ်ထားတဲ့ ပုလဲဝမ်းဆက် တစ်ဆင်စာလေး ဒီဇိုင်းဆန်းလေးကတော့ မေမေ ကိုယ်တိုင်နှစ်ခြိုက်လို့ ပန်းတိမ်မှာ လုပ်ယူထားတာ။ မေမေ စုဆောင်းထားတဲ့ တခြားလက်ဝတ် ရတနာတွေက အံဆွဲငယ်လေးထဲမှာ ပြိုးပျက်လက်နေတယ်။ ဒါပေမယ့် ကျွန်မ ဒါတွေကို စိတ်မ၀င် စားပါဘူး။ ကျွန်မ စိတ်ဝင်စားတာက အံဆွဲလေးရဲ့ ထောင်နားမှာ ရှိနေတဲ့ ယွန်းအစ်ငယ်လေး။ မေမေ့ကို ဒီအထဲမှာဘာတွေရှိလဲလို့ ဘယ်သောအခါမှ မေးလို့မရတဲ့ ဒီအစ်ကလေးကိုပဲ ကျွန်မ စိတ်ဝင်စားမိတာ။ ယွန်းအစ်လေးကို အသာဆွဲယူလိုက်တဲ့ ကျွန်မရဲ့ လက်တွေက အေးစက် တုန်ရီလို့ နေတယ်။
လေးထောင့် ယွန်းအစ်လေးရဲ့ အဖုံးကို ဖြည်းဖြည်းလေးဖွင့်လိုက်တော့ ကထ္ထီပါစနဲ့ချုပ်ထားတဲ့ အနီရောင်အိတ်ကလေး။ အိတ်ကလေးရဲ့ ရှုံ့ကြိုးလေးကို ဖွင့်ကြည့်လိုက်တော့ ကျွန်မရဲ့မျက်လုံး လေး ၀ိုင်းခနဲဖြစ်သွားရတယ်။ အို..အံ့သြစရာ။ ကျွန်မ မျှော်လင့်ထားတာက အဖိုးတန်လက်ဝတ် ရတနာ တစ်ခုခု၊ ဒါမှမဟုတ် ဘွားဘွားပေးထားတဲ့ ဘိုးဘွားအမွေအနှစ် တစ်ခုခု။ အခုတော့ ကျွန်မ အထင်နဲ့အမြင်က တက်တက်ဆင် လွဲနေပြီ။ ယုယုယယ တန်ဖိုးထားပြီး အရိပ်တကြည့်ကြည့်နဲ့ မေမေ သိမ်းဆည်းထားခဲ့တဲ့ အရာက ဘာဆိုဘာမှ တန်ဖိုးမရှိတဲ့ အဖြူရောင် ပန်းကန်ကွဲစလေး တစ်ခုပါလား။
ကြွေပန်းကန်ကွဲစလေးကို လက်မှာကိုင်ထားရင်း ဘာလို့များ မေမေ ဒီကြွေပန်းကန်ကွဲ စလေးကို သေသေချာချာ သိမ်းဆည်းထားပါလိမ့်လို့ တွေးမိတယ်။ အဖိုးတန် လက်ဝတ်ရတနာ တစ်ခုခု တွေ့ခဲ့ရင်တောင် ကျွန်မရဲ့သိချင် စိတ်တွေက ဒီနေရာတင် တစ်စခန်းရပ်သွားခဲ့မှာ။ အခုတော့ ကြွေပန်းကန်ကွဲစလေးတစ်စက ကျွန်မကိုယ်ကျွန်မ မေးခွန်းတွေ အများကြီး မေးစေပြီး၊ သိချင်စိတ်ကို ဆထက်တိုး နှိုးဆွလာစေခဲ့တယ်။ မေမေ့ကိုလဲ ကျွန်မ မမေးရဲ။ မေးမိလိုက်ကာမှ မေမေ မသိအောင် ကျွန်မ ခိုးကြည့်မိတာ သိသွားရင် ပြသနာ။ မေမေက အဲ့ဒီလို ခိုးကြောင်ခိုးဝှက် လုပ်တာ လုံးဝမှ မကြိုက်သူ။ အခုတော့ ကျွန်မရဲ့သိချင်စိတ်တွေက အဖြေမပေါ်တဲ့ ဒီပန်းကန်ကွဲစလေးပေါ်မှာ အမျှင်တန်းနေလေပြီ။ ကမ္ဘာပေါ်မှာ အဖိုးတန်ပစ္စည်းတွေ တစ်ပုံကြီးရှိရက်နဲ့ မေမေက ဘာလို့များ ဒီပန်းကန်ကွဲစလေးကိုမှ သေသေချာချာ သိမ်းထားရတာပါလိမ့်။
ယွန်းအစ်ကလေးကို နေသားတကျ ပြန်ထားလိုက်ရပေမယ့် ကျွန်မရဲ့စိတ်တွေက ဘီဒိုအတွင်း ယွန်းသေတ္တာလေးထဲက ပန်းကန်ကွဲစလေးပေါ်မှာ ကျန်ရစ်ခဲ့တယ်။
အိမ်မှာ ဒီနေ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မို့ အုန်းထမင်းချက်စားကြပါတယ်။ သားအမိ နှစ်ယောက် အိမ်မှာ မကြာခဏ စိတ်လိုလက်ရ မုန့်တစ်ခုခု အမြဲလုပ်စားနေကြပါ။ မေမေက သူသိပ် ခင်တဲ့ ဘေးခန်းက အန်တီသီသီကို အုန်းထမင်းလာစားဖို့ ဖိတ်ပါတယ်။ အန်တီသီသီ လာချိန်မှာ မေမေက ရှိုးကေ့စ်ထဲက ကြွေပန်းကန် အသစ်လေးတွေကို ထုတ်ပြီး ထမင်းစားပွဲပြင်နေချိန်ပေါ့။
“ စုစု မင်္ဂလာဆောင်က နောက်လ ပထမပတ်ဆို၊ မင်္ဂလာပွဲတက်ဝတ်စုံလေး အချိန်မီချုပ်ထား ဦးမှ” လို့ ပြောရင်း အန်တီသီသီက ထမင်းစားခန်းထဲ ၀င်လာတယ်။ အန်တီသီသီက ကျကျနန ပြင်ထားတဲ့ ထမင်းစားပွဲကို ကြည့်ပြီး တခြားဧည့်သည်တွေပါ ဖိတ်ထားတယ်ထင်နေတယ်။ မေမေက အန်တီသီသီ့ကို ဘယ်သူကိုမှ မဖိတ်ထားကြောင်းနဲ့ သားအမိနှစ်ယောက် အပျော်ချက်စားကြတာလို့ ပြောပြတော့ “ တို့ချည်းပဲ စားမှာဆိုရင် ပန်းကန်းအသစ်တွေနဲ့ ပြင်ဆင်ဖို့ မလိုပါဘူးကွာ၊ စားနေကျ ပန်းကန်နဲ့ ရပါတယ်” လို့ လှမ်းပြောတယ်။
ဒါနဲ့ မေမေက “ဒီကြွေပန်းကန်တွေကို ဒီလိုနေရာမှာမှ မသုံးရင် ဘယ်လိုနေရာမှာ သုံးရမလဲ သီသီရဲ့ “ လို့ ပြန်ပြောတော့ အန်တီသီသီက “ ကြွေပန်းကန် အကောင်းစားတွေဆိုတော့ ကွဲသွားရင် နှမြောစရာမို့လို့ပါကွာ” လို့ ပြောတယ်။ မေမေက ရယ်ပြီး “ ပစ္စည်းဆိုတာ သုံးစွဲဖို့ထားတာလေ၊ သုံးစွဲရင်း ပျက်စီးသွားတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ သီသီရဲ့၊ ဒါနဲ့ မင်းကို ကြုံတုန်း ကိုယ်ကပ်စေး ကုတ်ပြီးသိမ်းထားတဲ့ ပျက်စီးနေတဲ့ ကြွေထည်လေးတွေပြမယ် “ ဆိုပြီး အံဆွဲတစ်နေရာမှာ ထည့်ထား တဲ့ ကြွေထည်ဇွန်းအကျိုးလေးကို ထုတ်ပြတယ်။
“ ဒီဇွန်းလေးကိုကြည့်။ ဘယ်လောက်လှသလဲ၊ ဇာမဏီငှက်ရုပ်လေးတွေ ထွင်းထားတာ၊ ဒီ ဇွန်းလေးက သမီးတော်စုစု လုပ်လိုက်လို့ ကျိုးသွားရှာတာ၊ ဒါပေမယ့် အဲ့ဒီနေ့က သူ (၈)တန်းစာမေးပွဲ ကို ဂုဏ်ထူး၃ခုနဲ့အောင်တဲ့ နေ့မို့လို့ မီးဖိုထဲမှာ ကိုယ့်ကို ၀မ်းသာအားရ ကူပေးရင်းနဲ့ ပြုတ်ကျတာလေ၊ ကိုယ်နှမျောပေမယ့် သမီးရဲ့ အပျော်လေး ပျက်စီးသွားမှာစိုးလို့ ကိုယ်ဘာမှ မပြောရက်ခဲ့ပါဘူး၊ ဒါနဲ့ ကိုယ် စူပါဂလူးလေးနဲ့ကပ် ပြန်ဆက်ပြီး သိမ်းထားတာ “
မေမေက ကျွန်မကို ပြုံးထေ့ထေ့ကြည့်ပြီး လှမ်းပြောတော့ ကျွန်မ အားတုန့်အားနာဖြစ်လျှက် က “ မေ့.. သမီးကို ခွင့်လွှတ်“ ဆို လက်နှစ်ဘက်ကို ရင်ဘတ်နားမှာ ဆုတ်လျှက်ကနေ လှမ်းပြော လိုက်မိတယ်။ အဲ့ဒီအချိန်မှာပဲ မေမေက နောက်ထပ် နှုတ်ခမ်းပဲ့နေတဲ့ ကြွေပန်းကန်ပြားတစ်ချပ်ကို အပြုံးသဲ့သဲ့နဲ့ ဆွဲထုတ် လိုက်ပြန်တယ်။
“ ဒီပန်းကန်လေးကတော့ ပိုကြာလှပြီပေါ့၊ ကိုယ့်အသက် ၁၉နှစ်သမီးထဲက ကွဲသွားတဲ့ ပန်းကန် လေးပဲ၊ နှုတ်ခမ်းလေးပဲ့နေတယ်၊ တွေ့လား ”
ဒီတစ်ခါတော့ အန်တီသီသီသာမက ကျွန်မကပါ “ ဒီပန်းကန်ကရော ဘယ်သူ့ကြောင့် ခုလို ကွဲနေရတာလဲ၊ ပြောပြပါ “ ဆို ပြိုင်တူတောင်းဆိုမိလျှက်သား ဖြစ်သွားတယ်။ ကျွန်မတို့ရဲ့ မေးခွန်း ကြောင့် မေမေ့ မျက်ဝန်းတွေမှာ ကြည်နူးရိပ်တွေ သမ်းလာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။
“ ကဲ.. သမီးလဲ မကြာခင် ဘ၀သစ်တစ်ခုထူထောင်တော့မှာဆိုတော့ သီသီပါရှိနေတုန်း မေမေ ပြောပြပါ့မယ်”
မေမေ့မျက်ဝန်းအစုံက ရီဝေမှိုင်းမှုန်သွားသလိုပဲ။ ကျွန်မရော အန်တီသီသီပါ မေမေ ပြောပြမှာ ကို စိတ်ဝင်တစား နားစွင့်လိုက်ကြတယ်။
“အဲ့ဒီတုန်းက ဆောင်းရာသီတစ်ရက်မှာပေါ့၊ သမီး ဘိုးဘိုးရဲ့ သူငယ်ချင်းတစ်ယောက်က မင်းတို့ဆိုင်မှာ စာရင်းကိုင်ဖို့ လူလိုတယ်ဆိုလို့ ငါခေါ်လာတာ မင်းတို့ စမ်းခိုင်းကြည့်ပေါ့ကွာဆိုပြီး လူတစ်ယောက်ကို အိမ်ကို ခေါ်လာခဲ့တယ်၊ သူက ပိန်ပိန်ပါးပါး၊ ဆံပင်တွေကို သေသေသပ်သပ် ဖြီးသင်ထားတယ်၊ သူ့မျက်လုံးတွေက မစူးရှပေမဲ့ တည်ငြိမ်လှတယ်၊ အထူးခြားဆုံးကတော့ သူ့ရဲ့အပြုံးတွေပါပဲ၊ သိပ်ကို ဆွဲဆောင်မှုရှိတဲ့ အပြုံးတွေပေါ့၊ အဲ့ဒီညက အိမ်မှာ သူတို့ သားအဖကို ညစာနဲ့ ဧည့်ခံတယ် ”
စကားပြောနေရင်းက မေမေ့ပါးပြင်ပေါ်မှာ သွေးရောင်လွှမ်းပြီး နီမြန်းလာတယ်။ မေမေက အန်တီသီသီကို ကြည့်ရင်း ဆက်ပြောပြန်တယ်။
“ သီသီရဲ့၊ အဲ့ဒီ ညစာစားပွဲမှာ ဘာလို့လဲမသိ၊ ကိုယ်ဟာ အရမ်းကို ထူပူ ရှက်ရွံ့နေမိတယ်၊ တိုတို ပြောရရင် အဲ့ဒီညက ကိုယ့်အကိုကြီးက သူ့ကို ကိုယ့်ဘေးက ကုလားထိုင်မှာ ၀င်ထိုင်ခိုင်းတယ်လေ၊ စကားတစ်လုံးတောင် ကိုယ်နဲ့မပြောဖြစ်သေးတဲ့သူက သူ့ထမင်းပန်းကန်ပြားကို ဟင်းခတ်ထည့်ပေးဖို့ ကိုယ့်ဆီကို လှမ်းပေးလိုက်တယ်၊ အဲ့ဒီတခဏလေးအတွင်း ကိုယ်လဲ ရှက်ရှက်နဲ့ ကတုန်ကရီဖြစ်ပြီး ပန်းကန်လေးကို လှမ်းအယူ ဘယ်ကဘယ်လိုဖြစ်မှန်းမသိ လက်ထဲကနေ ပန်းကန်က ကျကွဲတော့ တာပါဘဲ “
အန်တီသီသီက “အသေးစိတ်ကို မှတ်မိနေပါလားကွယ်” ဆိုပြီး မေမေ့ကို လှမ်းစလိုက်တယ်။
” အို.. ဒါက မေ့နိုင်စရာမှမဟုတ်တာနော် သီသီ၊ ဒါနဲ့ ပန်းကန်ကွဲတွေ ဖိတ်ကျနေတဲ့ ထမင်းဟင်းတွေကို ကိုယ်တို့နှစ်ယောက်အတူတူ ကောက်ယူသိမ်းဆည်းကြတယ်။ ညစာစားအပြီးမှာ အဲ့ဒီလူက ကိုယ့်ဆီ လျှောက်လာပြီး လက်ဖြန့်ခိုင်းတယ်၊ ပြီးတော့ ကိုယ့်တစ်သက်မှာ အမှတ်တရ ဖြစ်စေမဲ့ အစိတ်အပိုင်းလေးတစ်ခုကို ကိုယ့်လက်ထဲကို ထည့်ပေးသွားတယ်၊ သူ့ရဲ့အပြုံးတွေက အဲ့ဒီအချိန်ထဲက ကိုယ့်ကို တစ်ဘ၀စာ ကျရှုံးသွားစေတော့တာပဲ သီသီရေ၊ အင်း.. နောက်ငါးနှစ် အကြာမှာ ကိုယ်တို့ လက်ထပ်ဖြစ်ကြတယ်လေ၊ အခု ဒီပန်းကန်ပြားအကွဲလေးကို မြင်တော့ ကိုယ့်အတွက် အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပဲ ခံစားမိတယ်”
နားထောင်နေရင်းက ကျွန်မ ရင်ထဲ နင့်ခနဲဖြစ်သွားရတယ်။ လွမ်းဆွတ်မှုတွေ ခြုံလွှမ်းနေတဲ့ မေမေ့ရဲ့ မျက်ဝန်းအစုံကို ကျွန်မ ငေးကြည့်နေမိလိုက်တယ်။ မေမေက အနားပဲ့နေတဲ့ ကြွေပန်းကန် ပြားလေးကို ကြောင်အိမ်ထဲမှာ နေသားတကျ သေသေချာချာ ပြန်ထည့်လိုက်တယ်။ အထိမခံရွှေ ပန်းကန်ဆိုသလို တကယ့်ကို ဂရုတစိုက်ပါဘဲ။
နောက်တစ်နေ့ မေမေအလစ်မှာ ကျွန်မရဲ့ စိတ်ထဲက ထင်မြင်ချက်ကို သက်သေထူဘို့ မေမေ့ရဲ့ အ၀တ်ဘီဒိုအံဆွဲလေးကို နောက်တစ်ခါ ထပ်ဖွင့်မိပါတယ်။ ကျွန်မလက်အစုံက ရတနာပစ္စည်းတွေ ကြားထဲက လေးထောင့်ယွန်းအစ်လေးဆီ ရောက်သွားတယ်။ ယွန်းအစ်လေးရဲ့အဖုံးကို ဖွင့်ပြီး အနီရောင်ကထ္ထီပါအိတ်လေးထဲက ကြွေပန်းကန်ကွဲစလေးကို ယူလိုက်တယ်။ ပြီးတော့ ကျွန်မ ခြေလှမ်းသွက်သွက်နဲ့ ထမင်းစားခန်းဆီကို အပြေးလေးလာခဲ့မိတယ်။ ကြောင်အိမ်တံခါးကို ဖွင့်ပြီး အထဲက မနေ့က မေမေပြောခဲ့တဲ့ အနားပဲ့ကြွေပန်းကန်ပြားလေးကို တယုတယ ထုတ်ယူလိုက်တယ်။ လက်ထဲက ပန်းကန်ကွဲစလေးနဲ့ ပန်းကန်ပြားရဲ့ အက်ကွဲကြောင်းနေရာပေါ်မှာ စပ်ဟပ်ကြည့်လိုက်မိ တယ်။ ကျွန်မ ရင်တွေ တထိတ်ထိတ်နဲ့ အခုန်မြန်လာပါတော့တယ်။ ကျွန်မလက်ထဲက ကြွေပန်းကန် ကွဲလေးက ပန်းကန်ရဲ့အက်ကြောင်းနေရာမှာ အံကိုက်ကွက်တိ ၀င်သွားပါရောလား။ ရင်ထဲမှာ အမျိုးအမည် မဖော်ပြနိုင်တဲ့ ခံစားမှုများက တလှိုက်လှိုက် ရုန်းကြွတက်လာပါတယ်။
သေချာပါပြီ။ ဒီကြွေပန်းကန်ကွဲစလေးဟာ မေမေ့ကို ဖေဖေ စတင်တွေ့ရှိတဲ့နေ့က ပေးခဲ့တဲ့ အမှတ်တရပစ္စည်းလေးဆိုတာ ကျွန်မ သေချာ အတည်ပြုလိုက်နိုင်ပါပြီ။
အခုတော့ ကြွေပန်းကန်ကွဲစလေးနဲ့စတင်ခဲ့တဲ့ ဖေဖေနဲ့မေမေတို့ရဲ့ မေတ္တာသက်တမ်းလေးက ငွေရတုတောင် တိုင်ပါတော့မယ်။ ဒါပေမယ့် ဖေဖေအဆုတ်ကင်ဆာနဲ့ ဘ၀တစ်ပါး ကူးပြောင်းသွားပြီး ကတဲက ဒီနေ့ဒီရက်ထိတိုင်အောင် အဖေနေရာမှာရော အမေနေရာမှာပါ တစ်ဦးတည်း မားမားမတ်မတ် ရပ်တည်ခဲ့တဲ့၊ ဖေဖေ့အပေါ်ထားခဲ့တဲ့ မေမေ့ရဲ့သစ္စာတရားက ဒီကြွေပန်းကန်ကွဲစလေးနဲ့အတူ ကျွန်မကို သက်သေပြနေပါတော့တယ်။
လာမဲ့လ၊ ဖေဖေနဲ့မေမေရဲ့ မင်္ဂလာသက်တမ်း ငွေရတုရက်မြတ်မှာ ကျင်းပမဲ့ ကိုကိုနဲ့ကျွန်မရဲ့ မင်္ဂလာဧည့်ခံပွဲကျရင် မေမေ့ဆီက ကျွန်မ မင်္ဂလာလက်ဖွဲ့တစ်ခုတောင်းဖို့ ရည်ရွယ်ထား ပါတယ်။ မေမေ့ဆီက အဖိုးထိုက်တန်တဲ့ မည်သည့်လက်ဝတ်ရတနာကိုမှ ကျွန်မ မလိုချင်ပါဘူး။ ဒါပေမဲ့ ဘာဆိုဘာမှ တန်ဘိုးမရှိသော်ငြား မေမေ့အတွက်ရော ကျွန်မအတွက်ပါ အဖိုးအနဃ ထိုက်တန်တဲ့ ပစ္စည်းလေးတစ်ခုကိုတော့ဖြင့် လိုချင်မိပါတယ်။ အဲ့ဒီပစ္စည်းလေးကိုပဲ ကျွန်မရဲ့မင်္ဂလာပွဲမှာ မင်္ဂလာ လက်ဖွဲ့အဖြစ် ပေးအပ်ဖို့ မေမေ့ကို တောင်းဆိုပါဦးမယ်။
ဘာကြောင့်လဲဆိုတော့ မေမေ တယုတယ သိမ်းဆည်းထားတဲ့၊ ချစ်ခြင်းမေတ္တာတရားတွေနဲ့ ထုံမွှမ်းထားတဲ့ ဖေဖေမေမေရဲ့ ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာတွေ ပေါင်းစပ်ပါဝင်နေတဲ့၊ ဒီပန်းကန်ကွဲစလေး ဟာ ကျွန်မအတွက် တစ်ဘ၀စာ အကောင်းဆုံးသော မင်္ဂလာလက်ဖွဲ့ ဖြစ်နေလို့ပါပဲ။ အလားတူ ကျွန်မကိုယ်တိုင်လဲ မေမေနဲ့ထပ်တူ တန်ဘိုးထားပြီး သိမ်းဆည်းထားချင်မိလို့ပါပဲ။
တကယ်တော့ သစ္စာတရားရဲ့ ခိုင်ကျည်မှုဆိုတာ ဘယ်လောက်ထိ လေးနက်တယ်၊ ဘ၀တစ်သက်တာအတွက် အမှတ်ရစရာဆိုတာဟာ တန်ဘိုးအနဃ ထိုက်တန်နေစရာမလိုဘူး၊ ဒီ့ထက်ပိုလို့ အမှတ်တရလက်ဆောင်ဆိုတာ ဘ၀မှာ ထွက်သက်ဝင်သက်နဲ့အမျှ နှစ်သက်မြတ်နိုးစရာ၊ ချစ်မက်တန်ဘိုးထားစရာ အမှတ်တရလေးတစ်ခု ဖြစ်နေဖို့သာ လိုအပ်လှတယ်ဆိုတာကို မေမေ ရဲ့ ကြွေပန်းကန်ကွဲစလေးကနေတဆင့် သိခွင့်ရခဲ့ပါတယ်။
မေမေ့ရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ချစ်ခြင်းအပိုင်းအစတွေ….။ ။
(Reader’s Digest – September 1996 issued မှ Bettie B. Youngs ၏ That Little Glass Chip ကို ပြန်လည် ခံစားရေးဖွဲ့ပါသည်။)
ရင်ထဲထိလိုက်တာ အစ်မရယ်။
ကောင်းလွန်းလိုက်တာ…. ချစ်ခြင်းတရားကို ပြည့်ပြည့်၀၀ ခံစားနားလည်သွားရတယ်။
ဖတ်ပြီး ကြည်နူးအပြုံးလေး ပြုံးရင်း သဘောကျနေမိတယ် အစ်မ ရေးထားတာကိုလေ။
တသိမ့်သိမ့် လှိုက်ဖိုသွားပါတယ်လို့…။
ခင်မင်လေးစားစွာဖြင့် –
Junemoe
07092015 (4:47 PM)
အဖြူလေးရေ..
ကျေးဇူးပါနော်…
ကြည်နူးဆွတ်ပျံ့ ဖွယ် …
ကျေးဇူးပါနော်…
😉 လာဖတ်သွားတယ် အစ်မရေး)
ကိုဘကြိုင်ရေ…
ကျေးဇူးပါဗျို့…
လှပတဲ့ သိင်္ဂါရ ရသ တပုဒ် …
ကျေးဇူးပါ မမေရေ..
ရိုးရိုးရှင်းရှင်းနဲ့ လှပ ဆွဲဆောင်မှုရှိလို့ သဘောကျတယ်… <3