အပိုဆုပါရခဲ့သည်

Number of View: 2842
10418885_10204901470005420_200624951124442084_n သရုပ်ဖော်ပန်းချီ – မျိုးမြင့်

ငယ်ရွယ်စဉ် ကလေးဘ၀ ကျောင်းသူအရွယ်က အတန်းတိုင်း၌ မဟုတ်သော်ငြား ပညာရည် ထူးချွန်ဆုများ ကြိုကြားကြိုကြား ကျွန်မ ရရှိခဲ့ဖူးသည်။ ထိုစဉ်ကာလကတည်းက ခေတ်မီနားလည်ခဲ့သော မိဘနှစ်ပါးက ပညာရေး တွင် အတင်းအကြပ် ဖိအားပေးခြင်းမရှိခဲ့။ မိမိကိုယ်တိုင် ပညာကို သင်ယူမှရမည်၊ မိမိလုပ်ရပ်၏အကျိုးကို မိမိသာ ခံစားရမည်၊ မိမိလုပ်ရပ်ကြောင့် မိမိကိုယ်တိုင်သာမက မိမိဝန်းကျင်၌ပါ အကျိုးမရှိမဖြစ်စေရဟူသည့် စိတ်ကိုသာ နှလုံးသားထဲတွင် စွဲထင်အောင် လေ့ကျင့်ပေးခဲ့သည်။ ထို့ထက်ပို၍ လူတိုင်းကို စာနာတရားဖြင့် မြင်၊ ကြည့်၊ ခံစား၊ နားလည်ပေးတတ်ရန်နှင့် စေတနာမျိုးစေ့မှ ရှင်သန်ပေါက်ဖွားလာမည့် ပီတိကို စားသုံးတတ်ရန် ပျိုးထောင်ပေးခဲ့သည်။ သို့သော် ကလေးပီပီ ပညာရည်ချွန်ဆုရရှိခြင်းအပေါ် အပျော်ကြီး ပျော်ခဲ့လေသလား။ ကျွန်မ မမှတ်မိတော့ပေ။

                        ကျွန်မက ဥာဏ်လေးကောင်းသလိုရှိသော်ငြား စည်းကမ်းတကျ အပတ်တကုတ် ကြိုးစားခဲ့သူတော့ မဟုတ်ခဲ့ပေ။ အထူးသဖြင့် ပုံစံခွက်၊ ဘောင်၊ စည်းမျဉ်းများအောက် တင်းကြပ်စွာနေပြီးမှ ရလာသည့် အောင်မြင်မှုထက်၊ လွတ်လပ်သည့်စိတ်ဖြင့် မိမိကိုယ်တိုင် ဖန်တီးမှုမှ ရလာသည့်ရလဒ်ကို မည်မျှပင် သေးကွေးစေကာမူ ပို၍ ခုံမင်၏။

                        တက္ကသိုလ်ကျောင်းသူဘ၀၏ နှောင်းပိုင်းကာလများတွင် ပညာရည်ထူးချွန်ဆုများ ရယူခဲ့ဖူးသည်။ မဟာဝိဇ္ဇာတက်ရောက်ခွင့် ရရှိခဲ့သော်ငြား ဆရာများနှင့် တိုင်ပင်၍ ဆက်တက်ခွင့်ကို ရပ်ခဲ့သည်။ ကျွန်မတို့ခေတ် ၈၈နောက်ပိုင်း တက္ကသိုလ်ကျောင်းသူဘ၀က ကျောင်းပရ၀ုဏ် အသီးသီးတွင် ဆန့်တငံ့ငံ့ ကျောင်းတက်ရင်း ကာလတို အတွင်း လွယ်လွယ်ဖြင့်ရလာသည့် ဘွဲ့များအပေါ် ကျွန်မ ဆက်၍ မသာယာလိုခဲ့ပါ။ ထို့ထက်ပို၍ အရေးကြီးသည်က ကျောင်းပိတ်ရက်ရှည်များနောက်ပိုင်း မိသားစု၏ စားဝတ်နေရေး အလို့ငှာ လုပ်ငန်းခွင်တွင်းသို့ ၀င်ရောက်ဖို့ ဦးစားပေးခဲ့ရ ပြန်၏။ အလုပ်တစ်ဘက်ဖြင့် ကျောင်းတက်ခဲ့ရချိန်များသည် ဘ၀ရပ်တည်မှုအတွက် ရွေးချယ်ခွင့် မရခဲ့ချိန်များ ဖြစ် ခဲ့သည်။ ကျွန်မဘ၀တလျှောက် ရရှိခဲ့သော ဆုတံဆိပ်များ၊ ဆုကဒ်ပြားများသည် သိမ်းဆည်းထားသည် ဆိုယုံမျှထက် မပိုသော အနေအထားဖြင့် ဘီဒိုအံဆွဲထဲ၌ ရှိနေခဲ့ကြပြီး ထိုပညာရည်ချွန် ကဒ်ပြားများသည် ကျွန်မဘ၀၏ရပ်တည်မှု အတွက် ကျေနပ်လောက်သည့် အထောက်အပံ့တစ်ခု အထိ ဖြစ်မလာခဲ့သည် ကတော့ သေချာခဲ့ပါသည်။

                        လုပ်ငန်းခွင်သို့ရောက်ပြီး လုပ်သက်၃နှစ်ကျော်ချိန်တွင် သူဋ္ဌေးချီးမြှင့်သည့် ဆုကြေးများ၊ ဆုအဖြစ် ပြည်ပနိုင်ငံများသို့ အပျော်ခရီးထွက်ခွင့်များ ရရှိခဲ့ပြန်သည်။ သို့သော် လုပ်ငန်းခွင်အတွင်း လုပ်သက်၁၀နှစ်အထက် ကြာမြင့်လာသည်နှင့်အမျှ နှစ်စဉ်ရဆုကြေးများ၊ ပရိုမိုးရှင်းများ၊ ငြင်းပယ်ခဲ့သော မသမာကြေးများထက် လုပ်ငန်းနယ်ပယ် ၀န်းကျင်တွင် ကောင်းမွန်သောအလုပ်ဂုဏ်ဖြင့် နာမည်ပျက်မရှိပဲ ရပ်တည်နိုင်ခဲ့သည်က ကျွန်မအတွက် ဆုလာဘ် ထက်ပို၍ တန်ဖိုးထားစရာဖြစ်ခဲ့ပြန်သည်။

                        ဟိုစပ်စပ်သည်စပ်စပ် ပါဝင်တတ်သော ကျွန်မသည် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အွန်လိုင်း ပရဟိတအဖွဲ့တွင်လည်း စိတ်အားကိုယ်အားဖြည့်ကာ အချိန်ကာလတစ်ခုအထိ ပါဝင်လုပ်ခဲ့ရင်း အဖွဲ့မှ ပေးအပ်သော ဆုတံဆိပ်လေးတစ်ခု လက်ခံရရှိခဲ့ဖူးသည်။ ထိုဆုလေးသည် လက်တစ်ထွာသာသာ အမြင့်ရှိသည့် သမရိုးကျ ဆုတံဆိပ် လေးဖြစ်သော်ငြား၊ ယခင်လို ဘီဒိုအံဆွဲထဲတွင် ထည့်ပိတ်၍ သိမ်းမထားဖြစ်ခဲ့ပါ။ ဧည့်ခန်းရှိ စာအုပ်စင်လေး၏ အပေါ်ဆုံး ထပ်တွင် ထိုဆုရုပ်ထုလေးကို ကျွန်မ ဂရုတစိုက် နေရာချဖြစ်ခဲ့သည်။ ထိုရုပ်ထုလေးကို မြင်နေသမျှ ကျွန်မ၏ သက်လတ် ပိုင်းအရွယ် ဘ၀ဖြတ်သန်းမှုတွင် လူမှုရေးလုပ်ငန်းများကို ထို့ထက်ပို၍ ဆောင်ရွက်နိုင်ပါစေဟု ဆုတောင်းမိခဲ့ပြန်၏။ မိမိကိုယ်တိုင် ပေးဆပ်လိုက်ခြင်းမှ တဖန်ပြန်လည် ရရှိသောအရာက လက်ဆုတ်လက်ကိုင် အကောင်အထည် ဖော်မပြ နိုင်သော်ငြား ထုထည်ပမာဏက ကြီးမားလှသည့်အတွက် ထိုရုပ်ထုလေးက ကျွန်မဘ၀အတွက် ပထမဆုံး တန်ဖိုး မဖြတ်နိုင်သော ဆုတံဆိပ်လေးဖြစ်ခဲ့သလို၊ ရင်ကို ပထမဦးဆုံး ထိခတ်စေခဲ့သော ဆုလည်းဖြစ်ခဲ့သည်။

Untitled

     ငယ်စဉ် အသက်၁၉နှစ်ကျော်ကာလက ၀ါသနာအရင်းခံ၍ ကာလတိုတစ်ခု၌ စာပေနယ်သို့ ရောက်ဖြစ်ခဲ့ပြီး၊ စာပေနယ်ပယ်နှင့် အတန်ကြာ ဝေးကွာသွားခဲ့ပြန်ရာမှ၊ အသက်လေးဆယ်ကျော်အရွယ် ပြန်လည်ခြေချ ဖြစ်ချိန်တွင် စာပေနှင့်ပတ်သက်သည့် အမှတ်တရ ရုပ်ထုလေးများ ရခဲ့ဖူး၏။

            ၁၉၉၀ ခုနှစ်၊ ကျွန်မအသက် ဆယ့်ကိုးနှစ်သမီးအရွယ် အစောပိုင်းကာလများတွင် ပေဖူးလွှာမဂ္ဂဇင်း ကလောင်ငယ်ကဏ္ဍတွင် ကဗျာတစ်ပုဒ်ပါခဲ့ရာမှ အစပြု၍ ကျွန်မ၏၀တ္တုတို သုံးပုဒ်မျှ ထပ်မံဖော်ပြခံခဲ့ရဖူး၏။ ထိုနောက်ပိုင်း စာပေကင်ပေတိုင်ဟု တင်စားခေါ်ကြသည့် စာပေစီစစ်ရေး၏ တင်းကြပ်မှုအောက်ဝယ် ကျွန်မ၏ ကလောင်နုနုလေးမှာ ဘုံးဘုံးလဲခဲ့၏။ ၀တ္တုတိုလေးများမှာ စာပိုဒ်လိုက် ဖြုတ်ခံရ၊ ပယ်ခံရဖြင့် မိမိရင်မှ မွေးထုတ်ထားသည့် သားသမီးများကို ခြေလက်အဖြတ်ခံရသကဲ့သို့ ခံစားရသဖြင့် စာရေးခြင်းအမှုကို ရပ်ဆိုင်းလိုက်ပြီး၊ ၂၀၀၉ ခုနှစ်နောက်ပိုင်းကာလများတွင် ညီအစ်မကဲ့သို့ချစ်ခင်ရသည့် ဘလော့ဂါ ချော(အစိမ်းရောင်လွင်ပြင်)၏ တိုက်တွန်းကူညီအားပေးမှုဖြင့် ကာလများစွာ ရပ်တံ့ခဲ့သော စာရေးခြင်းကို အွန်လိုင်းပေါ် ဘလော့ဂ်တွင် ဘလော့ဂါတစ်ဦးအဖြစ် ပြန်လည်၍ အသက်သွင်းဖြစ်ခဲ့သည်။

           ၂၀၁၀ ခုနှစ်၊ ပုံနှိပ်မီဒီယာမှ အယ်ဒီတာများ၊ စာရေးဆရာများ အကဲဖြတ်သည့် ဘလော့ဂါ မြစ်ကျိုးအင်း စီစဉ်သည့် အွန်လိုင်းရသစာပေပြိုင်ပွဲတွင် ပါဝင်ဖြစ်ခဲ့ရာမှ အမှတ်မထင် ၀တ္တုတိုပထမဆုရခဲ့ပြီး စာပေနယ်ပယ်မှ လက်ဦးဆရာများနှင့် ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့ကာ၊ မဂ္ဂဇင်းစာမျက်နှာများပေါ် တဖန်ပြန်လည်ခြေချမိ၏။ ထိုစဉ်က ဆုတံဆိပ်အဖြစ် အွန်လိုင်းမှပေးခဲ့သော ဆုတံဆိပ် ဆော့ဖ်ကော်ပီလေးကို ကျွန်မ၏ဘလော့ဂ်စာမျက်နှာပေါ်တွင် ယခုတိုင် သိမ်းဆည်းထားခဲ့ပြီး၊ ဆုငွေဒေါ်လာတစ်ရာကိုမူ အနန္တမေတ္တာဘုန်းတော်ကြီးစာသင်ကျောင်းတွင် သံမံတလင်းပေါ်၌် ပီနမ်အိတ်ခင်း၍ စာထိုင်စာသင်နေရသည့် ကလေးများအတွက် ထိုင်ခုံများလိုအပ်နေ၍ လှူဒါန်းရာတွင် ပါဝင် အားဖြည့် ခဲ့သည်။ ဤသည်က စာပေဖြင့် အမှတ်မထင် ရရှိခဲ့သည့် အဦးဆုံးဆုဖြစ်ပြီး လိုအပ်သည့်နေရာအတွက် ဆုကြေးငွေကို ပြန်လည်အသုံးချနိုင်ခဲ့သဖြင့် ကျွန်မ ကျေနပ်မိခဲ့ရ၏။

               တဖန် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၏ “သက်ဝင်မဂ္ဂဇင်း၏ (၉)နှစ်မြောက်ပွဲ ဖန်တီးသူများနှင့်ပါဝင် တင်ဆက်သူများ” ပွဲအပြီး အစီအစဉ်၌ ပါဝင်သူတိုင်းကို မှန်သားဖြင့်ပြု လုပ်ထားသည့် အမှတ်တရဆုဆံဆိပ်လေးများ ပေးအပ်ခဲ့ရာ ကျွန်မလည်း တစ်ခုရခဲ့ဘူးသည်။ ထို့နောက် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကပင် စီစဉ်သည့် ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ တွင်လည်း ပါဝင်ဆွေးနွေးသူတိုင်းကို အမှတ်တရ ရုပ်ထုလေးများပေးရာ ရရှိခဲ့ပြန် သဖြင့်၊ ထိုဆုတံဆိပ်လေးနှစ်ခုသည်လည်း ကျွန်မအတွက် တန်ဖိုးထားရသည့် အမှတ်တရ ပစ္စည်းလေး များဖြစ်ခဲ့ရသည်။

            စာပေနယ်ထဲ တကြော့ပြန်ဝင်ချိန်တွင် ချစ်ခင်လေးစားရသည့် ဆရာ ဆရာမများ၊ ရေးဖော် မောင်နှမ များထံမှ နွေးထွေးသည့် ကြိုဆိုမှုများ ရရှိခဲ့ခြင်းသည် လစဉ်ထုတ် မဂ္ဂဇင်းများတွင် ရသ၀တ္တုတိုများ မှန်မှန်ရေးဖြစ်ရန် ခွန်အားဖြစ်ခဲ့ရ၏။ ၂၀၁၃ ခုနှစ်၊ ထရိတ်ဒါးဟိုတယ်တွင် ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ရွှေအမြုတေစာပေ ဆုပေး ပွဲသည် ပထမဆုံးအကြိမ်အဖြစ် ကျွန်မ တက်ရောက်ခွင့်ရခဲ့သည့် စာပေပွဲကြီးတစ်ခုဖြစ်ခဲ့သည်။ အရှိန်အ၀ါကြီးလွန်းသော၊ စာပေဂုဏ်သိက္ခာမြင့် မားလွန်းသော ရွှေအမြုတေစာပေဆုပေးပွဲ၏ ညချမ်းတွင် ကျွန်မသည် ချွေးစေးများ တလိမ့်လိမ့် ပျံနေခဲ့ဖူး၏။ ထိုနေ့မနက်ပိုင်း မန္တလာမြေမှ ဆရာမ ချောအိမာန်၏ ဟုမ်းမှာ ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲကို တက်ခဲ့စဉ် အချိန်ထိ၊ ကျွန်မအတွက် ထိုနေ့ညနေ ၆နာရီတွင် ကျင်းပမည့် ရွှေအမြုတေစာပေ ဆုပေးပွဲတက်ရောက်ဖို့ အရိပ်အယောင် မျှပင် အခွင့်အလမ်း မရှိခဲ့။

             ရွှေအမြုတေစာပေဆုပေးပွဲကြီးမတိုင်မီ ရွှေဆုအတွက် စာရေးဆရာများ၏ ခန့်မှန်း အင်တာဗျူးများကို အလင်းတန်းဂျာနယ်တွင် ဖော်ပြပေး၏။ ထိုဖော်ပြချက်များတွင် ထိုနှစ် မဟေသီမဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့် ကျွန်မ၏ “အရုဏ်ဦး၏အလင်းတေး” အမည်ရ ရသစာတမ်းအား ရနံ့သစ်မှအယ်ဒီတာ ဆရာပြည်သွေးနိုင်က နှစ်သက်ကြောင်း ဖော်ပြထားသည်ကို ဖတ်လိုက်ရ၏။ ထိုရသစာတမ်းလေး ဖော်ပြခံရစဉ်ကပင် ဆရာရဲသျှမ်းမှလည်း ဖတ်ပြီး သဘောကျကြောင်း ပြောခဲ့သေးသည်။ ကျွန်မ ၀မ်းသာလိုက်သည်မှာ မဖော်ပြတတ်တော့။ ထိုရသစာတမ်းကို ကိုယ်တိုင်လည်း အားရ၏။ သို့သော် ပွဲမတိုင်မီ နာရီပိုင်းလိုချိန်အထိ ကျွန်မအတွက် ပွဲတက်ရန်ခွင့်အလမ်း မတွေ့ရတော့သည်မို့ ကျွန်မ စိတ်တွေ လျော့ချထားလိုက်သည်။

            သို့သော် ဆရာမချောအိမာန်၏ စာအုပ်မိတ်ဆက်ပွဲ ပြီးကာနီးအချိန်လေးတွင် ကျွန်မထံ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းအယ်ဒီတာ ဆရာမျိုးမြင့်ညိမ်းထံမှ ဖုန်းဝင်လာ၏။ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတွင် Blog Digest ကဏ္ဍလစဉ် ကျွန်မ တာဝန်ယူရေးနေချိန်ဖြစ်၍ မဂ္ဂဇင်းအတွက် ပြောရန်ကိစ္စရှိသဖြင့် ဘားလမ်းရှိ (ယခင်) ရွှေအမြုတေရုံးခန်းသို့ ဖုန်းဆက်ခေါ်ခြ င်းဖြစ်သည်။ ကျွန်မ၏ ရင်ခုန်သံ နည်းနည်းမြန်လာသည်။ ရွှေအမြုတေစာပေဆု ရနိုင်သူများ၏လက်ထဲသို့ ဖိတ်စာကို မထင်မှတ်သည့်ပုံစံမျိုးဖြင့် ပေးတတ်သည်ကို ဖတ်ထားရဖူးသည်။ ကျွန်မကို ဖိတ်စာပေးရန် ခေါ်သည်ရော မဖြစ်နိုင်ဘူးလားဟု တွေးမိသည်။ ထင်ထားသည့်အတိုင်း ရုံးခန်းရောက်ချိန် လာရင်းကိစ္စ ပြောပြီးချိန်တွင် ဆရာမျိုးမြင့်ညိမ်း မှ ရွှေဖိတ်စာ မရသေးဘူးလားဟု မေးပြီး ဖိတ်စာ တစ်စောင်ထုတ်ပေးကာ ရွှေပွဲတက်ရန် ပြော၏။ ကျွန်မ ကတုန်ကရင် ဖြစ်သွားရ၏။ ပွဲစကာနီး သုံးနာရီလောက်မှ လက်ထဲရောက်သည့် ဖိတ်စာအတွက် ကျွန်မ မည်သို့ အဓိပ္ပာယ်ဖော်ရမည် မသိ။ တိုက်ဆိုင်သည်ပဲလား။ ခင်ပွန်းသည်ထံ ဖုန်းဆက်ပြောတော့ သူကလည်း ခုလို ကပ်ပြီးဖိတ်တာ ရများရနေလား မသိဟု မီးလောင်ရာ လေပင့်ပေးပြန်သည်။

                        သို့နှင့် ထရိတ်ဒါးဟိုတယ်၏ ညမီးရောင်အောက် စာရေးဆရာများကြား၌ အသာ ငြိမ်ကုတ်ထိုင် နေရင်း ပထမဦးဆုံး တက်ရောက်ဖြစ်ခဲ့သည့် ခမ်းနားလှသည့် ရွှေအမြုတေစာပေ ဆုပေးပွဲကြီးတွင် ကျွန်မ အသက်ရှူရန်ပင် မေ့လျော့နေခဲ့သည်။ ကျွန်မအတွက် အရှိန်အ၀ါ ကြီးလွန်းလှသည်။ ခန်းမအတွင်း၌ စာရေးဆရာများ စုံညီလှ၏။ သိသူများ ရှိသလို၊ မသိသူတွေလဲ များလှ၏။ ဆရာမ မီမိုး၊ ဆရာမ ခင်သန္တာနှင့် ခင်ပွန်း၊ ဆရာ မြေမှုန်လွင်နှင့်ဇနီး၊ ဆရာဇော်ခိုင်ဦးတို့နှင့်အတူ နောက်ဘက်နားခပ်ကျကျ စားပွဲဝိုင်းတွင် ထိုင်ခွင့်ရခဲ့သည်။ တွေ့ရ ခဲသည့် လေးစားနှစ်သက် ရသည့် ဆရာသင်းရီ၊ ဆရာနေ၀င်းမြင့်၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)တို့ကို ပြင်ပတွင် ကိုယ်တိုင်မြင်လိုက်ချိန် အရဲစွန့်သွားရောက် နှုတ်ဆက်ဖြစ်ခဲ့သည်။ စားပွဲဘေးနားမှ ဖြတ်သွားသော ဆရာမျိုးမြင့်ညိမ်းက ဒီည မြသွေးနီရမယ်ဟု စသွားပြန်ရာ လှုပ်ရှားလွန်းသည့်စိတ်ဖြင့် ရင်ခုန်သံအရှိန်ပြင်းလာရ၏။ အခမ်းအနားမှူးက ရသစာတမ်းအတွက် ခန့်မှန်း စာရင်းဝင်အမည်များ ဖတ်ကြားစဉ် ကိုယ့်နာမည်ကိုယ် ပြန်ကြားရချိန် ကျွန်မမှာ မူးဝေေ၀ပင် ခံစားလာရ၏။ ထိုစဉ်ကာလ ရွှေညက ကျွန်မအတွက် စိတ်လှုပ်ရှားမှုအရှိန် အမြင့်ဆုံးရောက်ခဲ့ရသလို၊ ထိုနှစ် ရသစာတမ်းဆုရရှိသူ ဆရာမောင်နှင်းပန်း အတွက် မုဒိတာလက်ခုပ် တီးပေးခဲ့ရင်း အပျော်တွေ ကူးဆက်ခဲ့ရသည်။ ရွှေအမြုတေစာပေဆုသည် တော်ယုံတန်ယုံ အလွယ်တကူဖြင့် ရရှိနိုင်သည့်ဆုမျိုး မဟုတ်ပေ။

Untitled

                        ၂၀၁၅ ခုနှစ်၊ ရွှေအမြုတေစာပေဆုပေးပွဲ။ ယခုနှစ် ရွှေအမြုတေစာပေဆုပေးပွဲတွင် ကျွန်မ၏ ၀တ္တုရှည်ကို အလင်းတန်းဂျာနယ်၌ ခန့်မှန်းခြင်းခံရပြန်၏။ စာဖတ်သူတော်တော်များများ ထိုဝတ္တုရှည်အား နှစ်သက် သဘောကျ၏။ ရွှေဝါရောင်အရေးအခင်းကာလနောက်ခံ ၀တ္တုဖြစ်ပြီး၊ တိုင်းပြည်တွင် လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုများ ဖြစ်ပေါ်ခဲ့ချိန်တွင် ထိုဝတ္တုကို ရေးဖြစ်ခြဲ့ခင်း ဖြစ် သည်။ မနှစ် ရွှေပွဲတုန်းကကဲ့သို့ ခင်ပွန်းသည်အတွက် ဖိတ်စာတစ်စောင်လောက်ကို ဆရာညီငယ်လေးဆီက အကူအညီတောင်းမည် ကြံယုံရှိစဉ်၊ ကျွန်မတို့ လင်မယား နှစ်ယောက်နာမည်ဖြင့် ဖိတ်စာနှစ်စောင်ကို စာအိတ်တစ်လုံးထဲအတူ ထည့်ဖိတ်ထားသည်ကို ကျေးဇူးတင် ၀မ်းမြောက်စွာ လက်ခံရရှိလိုက်၏။

         ရွှေအမြုတေမဂ္ဂဇင်း၏ပဲ့ကိုင်ရှင် ဆရာဦးဝင်းငြိမ်း၏ (၆၉)နှစ်ပြည့်မွေးနေ့တွင် ကျင်းပသည့် ဒသမ အကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲကို နိုဗိုတယ်ဟိုတယ်တွင် မေလ ၂၈ရက်နေ့၌ ကျင်းပခဲ့၏။ ရုံးဖွင့်ရက် လည်းဖြစ်၊ အိမ်နှင့် အနည်းငယ်လည်းဝေးသဖြင့် ကားလမ်းပိတ်သည့်ဒုက္ခ မတွေ့ရလေအောင် အိမ်မှ ခင်ပွန်းသည်နှင့်အတူ စောစောထွက်ခဲ့၏။ ယခုနှစ် ရွှေအမြုတေစာပေဆုပေးပွဲတွင် ခန့်မှန်းစာရင်း ပါဝင်သော်ငြား အချိန်၊ အသက်အရွယ်၊ အတွေ့အကြုံကြောင့်လားမသိ၊ ၂၀၁၃ ခုနှစ်တုန်းကကဲ့သို့ ကျွန်မ စိတ်လှုပ်ရှားခြင်း အလျဉ်းမရှိသလို ခံစားရ၏။ ခန့်မှန်းကြသလို ရခဲ့လျှင် ယူလိုက်မည်။ မရခဲ့လျှင်လည်း မုဒိတာအပြည့်ဖြင့် ရမည့်သူအား လက်ခုပ်တီးအားပေးမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ ဆုရသည်မရသည်ထက် ရွှေပွဲတွင် စာပေမောင်နှမများ၊ ချစ်ခင်လေးစားရသည့် စာရေးဆရာကြီး များအား တစ်နေရာထဲတစ်ချိန်ထဲ တွေ့ခွင့်ရသည်ကပင် ကျေနပ်ချင်စရာပင် မဟုတ်ပါလား။ စာပေအဖွဲ့အစည်း၊ စာပေလှုပ်ရှားမှုများဖြစ်သည့် ပဲန်မြန်မာနှင့် စာရေးသူများ၏ ရသစာဖတ်ဝိုင်းတို့တွင် တတ်အားသလောက် ပါဝင်ဖြစ်ခဲ့ သဖြင့် လေးစားချစ်ခင်ရသည့် စာရေးဆရာများစွာနှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့၍ ယခုနှစ် ရွှေပွဲတွင် ခင်မင်သိကျွမ်းသူများစွာဖြင့် နှုတ်ဆက် မ၀ဖြစ်နေရခြင်းက အင်မတန်မှ ပျော်ရွှင်စရာပင်။ ရွှေပွဲလာ လူငယ်မျိုးဆက်သစ်ရွှေများကို တစ်စုတစ်ဝေးထဲ မြင်ရသည်မှာလည်း ရသစာပေအတွက် အားရစရာပင်။

                     အစီအစဉ်စတင်ချိန်တွင် အခမ်းအနားတင်ဆက်သူဖြစ်သည့် ဆရာညီမင်းညိုက ထုံးစံအတိုင်း အ၀ဇ္ဇန်းရွှင်ရွှင်ဖြင့် တင်ဆက်ပေး၏။ ဆုများကို တစ်ဆုပြီး တစ်ဆု ကြေညာ၍ ပေး သွားလေပြီ။ ဆုရရှိသူများအတွက် လက်ခုပ် သံများက ခန်းမတစ်ခုလုံး ပြည့်လျှက်ရှိ၏။ ဆရာ ဆရာမများ တစ်ယောက်ပြီးတစ်ယောက် ကြိုတင်၍ ကွန်ဂရက် ကျူလေးရှင်း လာလုပ်ကြသဖြင့် ကျွန်မ၏စိတ်လှုပ်ရှားမှု ဒီရေသည် တအိအိတက်လာရ၏။ ရေးဖော်မောင်နှမများဖြစ်သည့် ဆရာထွန်းတောက်ထွဋ်၊ ဆရာမင်းဝေဟင်၊ ဆရာမ စံပယ်ဖြူနု၊ ဆရာမ ယုယ၊ ဆရာမ ရွှေသင်နဲ့ ဆရာမ ရွှေအိမ်စည်တို့က ဒီနှစ်ဝတ္တုရှည် ကျွန်မဟု ကြိုတင်၍ နမိတ်ဖတ်ထားကြသည်။ ဆရာမ လဲ့ဝင်းကြည် (ချို)၊ ဆရာမ ကြည်မွေ့အိမ်၊ ဆရာ မြေမှုန်လွင်၊ ဆရာ မြစ်ကျိုးအင်း၊ ဆရာဟန်ဇော်၊ ဆရာညီငယ်လေး၊ ဆရာ နေဘုန်းလတ်နှင့် ခင်မင်ရသည့် စာရေးဆရာများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး ကွန်ကရက်ကျူလေးရှင်း ကြိုလုပ်နေကြသဖြင့် “ကြေတောင် မကြေညာရသေးဘူး၊ မသေချာသေး ပါဘူးဟယ်” ဟုသာ ကျွန်မ ပြောဖြစ်၏။ ရွှေဆုက နတ်ကြီးလှသည် မဟုတ်ပါလား။ နဘေးနားတွင် စာရေးဆရာမ စံပယ်ဖြူနုက ကျွန်မ၏လက်ဖ၀ါးတစ်ဘက်ကို ဆုတ်ကိုင်ကာ အားပေးရန် အသင့်ပြင် ထား၏။ အားပေးလိုသည့် သူ့၏ လက်ဖ၀ါးများက တဖန် ပြန်အေးစက်နေပြန်တော့ ကျွန်မတို့ ရယ်ဖြစ်ကြသည်။ ကျွန်မကို လာနှုတ်ဆက်သူတွေ တိုးတိုက်မိသဖြင့် မထုံးတတ်ထုံးတတ်ဖြင့် ထုံးဖွဲ့လာသည့် နောက်တွဲဆံထုံးလေးက ရွဲ့စောင်းကာ တွဲလောင်းကျလာသဖြင့်၊ လူသူမရိပ်မိအောင် မနည်းပြန်ထုံးရသေးသည်။ တစ်ဘက်ဝိုင်းမှာ ထိုင်နေသည့် ခင်ပွန်းသည်ကို လှမ်းကြည့်လိုက်လျှင် ပြုံးနေသည့် မျက်နှာအေးအေးကို တွေ့ရ၏။

                   အဆုံးတွင် မဂ္ဂဇင်းဝတ္တုရှည်ဆု ကြေညာရန်သာ ကျန်တော့သည်။ ဆုမကြေညာခင် သုံးသပ်ချက်ကို အခမ်းအနားမှူးက ချစ်ခင်စိတ် စနောက်လိုစိတ်ဖြင့် အချိန်ဆွဲဖတ်ရာ အသည်းယားစွာ အားလုံး စင်အောက်မှ ၀ိုင်းအော်တော့၏။ ကျွန်မ၏ စားပွဲနားသို့ တစ်ယောက်ပြီးတစ်ယောက် ၀ိုင်းအုံလာကြ၏။ ၀ိုင်းအုံလာသည့် လူများကြောင့် စင်မြင့်ပေါ်သို့ ကျွန်မ လှမ်းမမြင်ရတော့ပါ။ ဟိုးတမြန်နှစ်ကကဲ့သို့ မတုန်လှုပ်ပါ၊ အိနြေ္ဒရပါသည်ဆိုသော ကျွန်မသည် ခြေဖျားလက်ဖျား များ အေးစက်လာကာ ဒူးများပင် တဆတ်ဆတ်တုန်လာတော့၏။ ခင်ပွန်းသည် ကိုညိုရင့် အနား ရောက်လာ၍ ပုခုံးကို ဆုတ်ကိုင်ကာ အားပေး၏။ “အမေမြ အမေမြ” ဟု ရေးဖော်များ၊ ဆရာများမှ သံပြိုင်ညာသံပေးကာ ၀ိုင်းအော်ကြ၏။ နားထဲမှ လေများ အဆက်မပြတ်ထွက်နေသလို ခံစားလာရ၏။ စင်ပေါ်က ကြေညာနေသည်များကို ဘာဆိုဘာမျှ မကြားရတော့ပေ။

               ကျွန်မအပေါ် ချစ်ခင်စိတ်ဖြင့် အွန်လိုင်းပေါ်မှ မအိပ်ဘဲ ဆုရသတင်းကို စောင့်ဆိုင်းနေကြမည့် မချစ်ကြည်အေး၊ မမေဓာဝီ၊ ချောနှင့် ရေးဖော်ဘလော့ဂါမောင်နှမများ၊ စာဖတ်သူများ၊ ကျွန်မ၏အနားတွင် စိုးရိမ်စိတ်၊ ရစေလိုစိတ်ဖြင့် ၀ိုင်းဝန်းစောင့်ဆိုင်းပေးနေကြသည့် ဆရာ ဆရာမများ၊ ရေးဖော်များ၊ ကျွန်မကို ချစ်ခင်ကြသူများစွာကို အမှတ်မထင် ကျွန်မ တွေ့သိလိုက်ရသည်။ အားလုံးနှင့် ကျွန်မ၏ရင်ခုန်သံသည် တထပ်တည်း ဖြစ်နေ၏။ သူတို့၏ ချစ်ခင်မှု ပမာဏက ရင်ထဲအထိ တုန်လှုပ်လာရကာ မျက်ရည်များပင် ရစ်ဝိုင်းလာရ၏။

            တစ်ဝိုင်းထဲထိုင်နေသည့် ကံ့ကော်ဝတ်ရည်စာပေမှ မ၀ိုင်းက “မြသွေးနီကို ၀ိုင်းအော်နေကြပြန်ပြီ၊ မြ… အဲ့လောက်ဝိုင်းအော်နေကြပြီးမှ မြမရခဲ့ရင် ငါတော့ ငိုချလိုက်မှာ”ဟု ပြောသလို နဘေးနားမှာရှိသည့် ဆရာမ အဖြူရောင်(ရွှေ)ကလည်း လာရောက် နှုတ်ဆက်သူ များကြား ယောင်တောင်တောင်ဖြင့် စိတ်လှုပ်ရှားစွာ ထရပ်မိသည့် ကျွန်မကို “အခုထိ မကြေညာသေး ဘူးနော်၊ ဆရာမ ထမသွားလိုက်နဲ့ဦး” ဟု သတိပေးရှာသည်။ ဆရာမ မြူမြူက ဆုသတင်းပါ စာအိတ်ဖောက်ရန် စင်ပေါ်တက်သွားလေပြီ။ ကျွန်မကား စိတ်နှင့်လူ မကပ်တော့ပြီ။

                      “အနန္တစင်္ကြ၀ဋ္ဌာ အနန္တသတ္တ၀ါတို့” အစရှိသည့် ကြေညာသံသံသဲ့သဲ့ကို ညာသံပေးသံများကြားမှ ကြားလိုက်ချိန်တွင် ကျွန်မ ဒူးတွေ တဆတ်ဆတ်တုန်လာကာ မတ်မတ်ရပ်နိုင်ဖို့ မနည်းပင်အားတင်းရ၏။ ဆရာရဲသျှမ်း၊ ဆရာမျိုးမြင့်ညိမ်း၊ ဆရာတင့်ခိုင်၊ ဆရာ ဆြာသော်ဒိုး၊ ဆရာမ သန်းမြင့်အောင်၊ ဆရာမ မစန္ဒာ၊ ဆရာမ မနှင်းဖွေး၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာမ နီနီနိုင် (သထုံ)နှင့် အနားသို့ လာရောက် နှုတ်ဆက်သူတိုင်းကို ပြန်နှုတ်ဆက်ဖြစ်သည်။ ရယ်စရာအဖြစ် ချစ်ခင်ရသည့် ဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်) ကျွန်မအနားသို့ ရောက်လာချိန် ကျွန်မကပင် ဦးအောင် အနမ်းပေးခဲ့သည်အထိ စိတ်တွေ လွင့်သွားခဲ့ရသည်။ ဆုသုံးသပ်ချက်ကို စင်ပေါ်မှ ဆရာမာန်(တောင်လုံးပြန်) ဖတ်နေချိန် မှာတော့ ရွှေအမြုတေစာပေဆု ပဲ့ကိုင်ရှင် ဆရာဦးဝင်းငြိမ်းရှိရာသို့ ချက်ချင်းသွားရောက် ဂါရ၀ပြု နှုတ်ဆက်ဖြစ်ခဲ့သည်။ ကျွန်မနှုတ်မှ နှုတ်ဆက်လာသူ တိုင်းကို ကျေးဇူး တင်ပါတယ်ဟု အဆက်မပြတ် ပြောဖြစ်၏။ စင်ပေါ်တွင် ကျေးဇူးတင်စကား ပြောချိန်၌လည်း ကျေးဇူး တင်ထိုက်သူများ မကျန်ရစ်ရလေအောင် သတိထားပြောဖြစ်ခဲ့၏။

                             စာပေချစ်သူတိုင်း တန်ဘိုးထားသည့် စာပေဆုတစ်ခုကို ကျွန်မ ရရှိလိုက်သလို၊ စာပေဆုနှင့်တကွ ချစ်ခင်ရသည့် မိတ်ဆွေများ၏ အပိုထပ်ဆောင်းပေးလိုက်သည့် ချစ်ခင်မှု ဆုကိုပါ ရွှေအမြုတေ စာပေဆုပေးပွဲညတွင် အံ့သြစွာ ခုန်လှိုက်စွာ ကျွန်မ ရရှိခဲ့ခြင်းပင်။ အမှန်စင်စစ် မိတ်ကောင်းဆွေကောင်းဟူသည် မိုးကောင်းကင်ကြီးပေါ်က ကြယ်ပွင့်လေးများကဲ့သို့ပင်။ အမြဲတစေ တွေ့မြင်နေရန် မဖြစ်နိုင်ချေ။ သို့သော် မိုးကောင်းကင်ပြင်ကျယ်ကြီးတွင် မိမိနှင့် အတူ သူတို့ ရှိနေသည်ကိုသာ သိထားရန်လိုပါသည်။

Untitled

                                            ကျွန်မအိမ်၏ ဧည့်ခန်းကျဉ်းကျဉ်းလေးသည် ရွှေရောင်ကလောင်ဆု တံဆိပ် ရောက်လာသည့် နေ့မှစ၍ ပိုမိုပြည့်စုံသွားသလိုရှိ၏။ ဤရွှေရောင်ကလောင်ရုပ်ထုကို ဧည့်ခန်းက မှန်စားပွဲငယ်ပေါ် တင်ထားရင်းက ဖုန်တက်မည်ကို စိုးရိမ်မိ၏။ ကြာလာလျှင် အရောင်တွေ ပျယ်သွားတတ်သည်၊ ဆေးသားတွေ လွင့်ပျယ်သွားတတ်သည်ဟု ပြောကြသဖြင့် တစ်နေ့တစ်နေ့ အရိပ်တကြည့်ကြည့်ဖြင့် ဘယ်နားထား၍ ထားရမည်မသိ။ ရွရွလေး တို့ထိလိုက်၊ တစ်ယောက်ထဲ ကြည့်ပြီး ပြုံးလိုက်နှင့် အိမ်ခန်းကျဉ်းလေးထဲတွင် ထားစရာနေရာ ရှာမရပေ။ ဖုန်များတက်နေမည်လား၊ အရောင်များ မှိန်သွားသလား ဟု မကြာမကြာ လက်ညှိုးလေးဖြင့် တဖွဖွသွားတို့မိသည်။ ဂဏှာမငြိမ်သည့် ကျွန်မအဖြစ်ကို မြင်နေသည့် ခင်ပွန်းသည်က သူ့အတွက် မှန်အိမ်လေးတစ်ခု လုပ်ပေး၏။

               တန်ဖိုးမဖြတ်နိုင်သည့် ရွှေအမြုတေစာပေကလောင်ဆုသည် ယခုအခါ အိနြေ္ဒကြီးမားသည့် ရှင်ဘုရင်ကြီးတစ်ပါးကဲ့သို့ မှန်အိမ်လေးထဲ၌ ရှိနေပြီဖြစ်သလို၊ ရွှေညတွင် အပိုဆုအဖြစ် ထပ်ဆောင်းလက်ခံရရှိခဲ့သည့် ချစ်ခင်လေးစားရသူများထံမှ ချစ်ခြင်းတရားများစွာသည်လည်း ကျွန်မ၏နှလုံးအိမ်ထဲတွင် ထာဝရတည်ရှိနေပြီးဖြစ်၏။

“သဘာဝက လူတိုင်းအတွက် ဘ၀ဆိုတဲ့ ဆုလာဘ် ပေးထားတယ်၊

ဒါပေမဲ့ ဆုလာဘ်တွေအတွက်နဲ့တော့ ဘ၀ကို မတည်ဆောက်လိုက်ပါနဲ့ ”

       (Lao Tzu)

 

               ဆုဆိုသည်ကား လုပ်ရပ်တစ်ခု၏ အရည်အသွေးသည် ထိရောက်မှုရှိပြီး သတ်မှတ်ထားသည့် စံကို ကောင်းမွန်စွာမီခဲ့ပါက ထိုလုပ်ရပ်အပေါ် အသိအမှတ်ပြုသည့်အနေဖြင့် မှတ်တမ်းတင်ခြင်းမျိုး ဟု ယေဘူယျ နားလည် ထား၏။

                ဆုတံဆိပ်များ၏နောက်ကွယ်တွင် ခိုင်မာသော နောက်ခံအကြောင်းတရားများ ကိုယ်စီရှိနေသလို၊ ဆုတံဆိပ်တိုင်းသည် ကိုယ်တိုင်ကိုယ်ကျ အားထုတ်၍ စိုက်ထူခဲ့သော သမိုင်းမှတ်တိုင်များသာ ဖြစ်သင့်ပါသည်။

(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလထုတ်၊ ရွှေအမြုတေမဂ္ဂဇင်း)

index

 

Share
This entry was posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အက်ဆေး/ ရသစာတမ်း. Bookmark the permalink.

6 Responses to အပိုဆုပါရခဲ့သည်

  1. ကာယကံရှင်တော့မသိဘူး တီတင့်တောင်ဖတ်ရင်းနဲ့ ရင်ခုန်လာတယ် မြသွေးရေ….
    ‘ခန့်မှန်းကြသလို ရခဲ့လျှင် ယူလိုက်မည်။ မရခဲ့လျှင်လည်း မုဒိတာအပြည့်ဖြင့် ရမည့်သူအား လက်ခုပ်တီးအားပေးမည်ဟု စိတ်ပိုင်းဖြတ်ထားသည်’ ဆိုတဲ့အတွေးလေးကို လေးစားမိတယ် ♥♥♥

  2. မေဓာဝီ says:

    ဖတ်ရင်းနဲ့ ပီတိဖြစ်ပြီး မျက်ရည်တောင် ဝဲမိတယ် မမြသွေးရေ … ။ အဲဒီတုန်းက ဖီလင်ကိုလည်း ပြန်သတိရသွားတယ်။

    • မမေရေ
      မမေ အိပ်မက်ကြိုမက်ထားတာ ကွက်တိပဲနော်။
      မြသွေးနဲ့ ထပ်တူ စိတ်တွေ ရှိပေးခဲ့တာ အမှတ်တရပါပဲ မမေရယ်။
      ကျေးဇူးပါနော်။

  3. အစ်မရေ
    ဖတ်နေရင်းနဲ့ အဲဒီညကို သတိရသွားတယ်။ အခုပြန်တွေးရင်း အသစ်ပြန်ဖြစ်လာတယ်။
    အဲဒီညက ကိုယ်တွေလဲ အင်တာနက်ပေါ်က တက်လာမဲ့ သတင်းတွေကို နားစွင့်ရင်း ရင်တထိတ်ထိတ်ပေါ့။
    သားပြည့်ဆီက မက်ဆေ့လေးရတော့ ထအော်ပစ်တာ အိမ်က ညီမတွေတောင် လန့်သွားတယ်။
    အစ်မလိုပဲ ထပ်တူထပ်မျှ ရင်ခုန် ပျော်ရွှင်ခဲ့ရတာလေ…
    ထိုက်တန်တဲ့ ဆုအတွက် ဝမ်းသာဂုဏ်ယူရင်း စာတွေလည်း အများကြီးရေးနိုင်ပါစေလို့နော်။

    • mamyathway says:

      ချောရေ
      အဲ့ဒီညက ကျေးဇူးစကားဆိုကာနီး သတိအရဆုံးသူ
      နှစ်ဦး ရှိခဲ့တယ်။ ကွယ်လွန်သွားတဲ့ အမေရယ် အဝေးက ညီမချောရယ်ပေါ့။ <3

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>