လမ်းကလေးများ၏ အဆုံးတွင် အုတ်ခုံလေးတွေ ရှိနေတတ်သည်။ သို့သော် လမ်းလေးတိုင်း၏ အဆုံးတွင် အုတ်ခုံလေးများ ရှိနေရန်ဆိုသည်မှာ မသေချာလှပါ။ အုတ်ခုံလေးများ မရှိနေတတ်ပါ။ သို့သော် မနက်ခင်းတိုင်း ကျွန်မ ဖြတ်သန်းနေရသည့် လမ်းကလေး၏အဆုံးတွင်တော့ အုတ်ခုံလေးတစ်ခု
နေရှိပါသည်။
ထိုလမ်းကလေးသည် ကျွန်မနှင့် မစိမ်းပါ။ ညနေဈေးသို့ သွားလျှင်ဖြစ်စေ၊ မုန့်သွားစားလျှင် ဖြစ်စေ၊ မြို့ထဲသို့သွားလျှင် လိုင်းကားစောင့်စီးရန်ဖြစ်စေ၊ မကြာခဏဆိုသလို ထိုအုတ်ခုံလေးရှိသော လမ်းကို ဖြတ်သန်းနေကျဖြစ်ပါသည်။ သို့သော် ထိုဖြတ်သန်းခဲ့သည့် အချိန်ကာလများစွာတို့တွင် အုတ်ခုံကလေးကို သတိမထားမိကြောင်း ၀န်ခံချင်ပါသည်။ ထိုအုတ်ခုံလေးကို စတင် သတိပြုမိချိန်သည် ကျွန်မ၏ အလုပ်၊ မြို့ထဲမှသည် ရုံးချုပ်ရှိရာ ကမာရွတ်မြို့နယ်သို့ ရွှေ့ပြောင်းလိုက်ချိန်မှ စတင်ခဲ့ပါသည်။
မနက် (၈)နာရီစွန်းစွန်းဆိုလျှင် ကျွန်မသည် ထမင်းချိုင့်၊ ဖုန်းဘက်ထရီချာ့ဂျာ၊ တစ်ရှူးထုတ်၊ ရံဖန်ရံခါ ကော်ဖီမစ်ထုတ်၊ ဘီစကစ်ထုတ် အနည်းငယ် ထည့်ထားသည့် ကြိမ်ခြင်းတောင်းလေးက တစ်ဘက်၊ ရုံးအလုပ်မှန်သမျှနှင့် ကျွန်မရေးထားသည့်စာမူမှန်သမျှ သိုသိမ်းထားတတ်သည့် လက်စွဲတော် ကွန်ပျူတာ အစုတ်လေးထည့်ထားတတ်သည့် အိတ်ကတစ်ဘက်၊ ပုခုံးပေါ်တွင်မတော့ ဆလင်းဘက်အိတ် ခပ်ကြီးကြီး တစ်လုံးဖြင့်၊ ကျွန်မ၏မနက်ခင်းတိုင်းသည် ၀န်စည်စလည်များစွာဖြင့် အိမ်မှ ခုနှစ်မိနစ်သာသာ လမ်းလျှောက် လျှင်ရသော ရုံးဖယ်ရီကားစောင့်ရမည့်နေရာသို့ လမ်းကလေးမှတစ်ဆင့် ခေါ်ဆောင် သွားလေသည်။
လုပ်ငန်းခွင်ဝင်နေရသည့် အိမ်ရှင်မတစ်ယောက်၏ မနက်ခင်းက ဗာဟီရများလွန်းလှသည်။ ရုံးထမင်း၊ ကျောင်းထမင်းချိုင့်များအမီ ချက်ပြုတ်ရသလို၊ အိမ်မှာ ကျန်ရစ်ခဲ့သည့် အသက်ရှစ်ဆယ် ဖခင်ကြီး အတွက်လည်း တစ်နေ့စာဆေး၊ စားစရာ၊ ဖတ်စရာ အစစ ပြင်ဆင်ပေးခဲ့ရသည်။ မနက်ရှစ်နာရီထိုးရန် ၁၅မိနစ်ခန့်တွင် လုပ်စရာများ လက်စသတ်၍ ရေချိုးရသည်။ ရှစ်နာရီထိုးကာနီးလျှင် အိမ်ပေါ်မှ ကမူးရှူးထိုး ဆင်းကာ လမ်းကလေးအတိုင်း လျှောက်လာချိန်မှာတော့ တသုန်သုန်တိုက်နေသည့် နံနက်ခင်း လေ အေးမြမြ၏ မျက်နှာပြင်ကို တို့ထိခြင်းအား နှစ်သက်စွာခံယူရင်း၊ ခြေလှမ်းခပ်မှန်မှန်ဖြင့် လမ်းကလေးအတိုင်း လျှောက်ခဲ့၏။
ရုံးကားက ကျွန်မကို တဖန်ပြန်စောင့်ရသည်မျိုး ကျွန်မဖြစ်မှာ အင်မတန် အားနာမိသည်။ ကျွန်မကို ရုံးကားက တဖန် ပြန်မစောင့်စေရ။ သို့ဖြစ်၍ ကျွန်မ၏ ရုံးတက်ရက် မနက်ခင်းတိုင်းသည် ကသုတ်ကယက်ဖြင့် ဟောဟဲလိုက် မနက်ခင်းမျိုး ဖြစ်နေခဲ့သည်။ ကျွန်မသည် ကျွန်မနှင့်အတူပါမြဲ ၀န်စည်စလည်များဖြင့် လမ်းထိပ်ပလက်ဖောင်းရောက်လျှင် ခြေလှမ်းကိုအရှိန်သပ်ကာ၊ အမြန်လျှောက်လာ သည့်အရှိန်ဖြင့် ခုန်လှိုက်နေသောအမောကို ဖြေရင်း ရုံးဖယ်ရီအလာကို မျှော်၏။ ဤသို့ မျှော်ရင်း၊ လက်နှစ်ဘက်က ဆွဲကိုင်ထားသည်များကြောင့် မကြာမီလေးလံလာလျှင်၊ ကျွန်မသည် ဟိုသည်ကို မျှော်၍ လက်ထဲက ခြင်းတောင်းဖြစ်စေ ခေတ္တတင်ထားနိုင်ရန် နေရာကို ရှာမိလေသည်။ ထိုသို့ရှာမိချိန်တွင် ကျွန်မ ရပ်နေရာ လမ်းထိပ်နှင့် မလှမ်းမကမ်းတွင် ငြိမ်တိတ်စွာတည်ရှိနေသော အုတ်ခုံလေးကို စတင် သတိပြု မိလိုက်လေသည်။
ကျွန်မ ဟန်ပင် မဆောင်နိုင်တော့ပါ။ အုတ်ခုံလေးရှိရာသို့ အပြေးသွား၍ လက်ထဲမှာ ကြိမ်ခြင်းတောင်းနှင့် ကွန်ပျူတာအိတ်ကို အသာချကာ၊ အုတ်ခုံလေးပေါ်တွင်ထိုင်ချမိရင်း၊ ရုံးကား အလာကို အေးအေးလူလူ ထိုင်စောင့်နေမိတော့သည်။
အုတ်ခုံလေးသည် ရေမြောင်းကို အုပ်မိုး၍ခင်းထားသော လမ်းကလေး၏ထိပ်တွင် ရှိနေ၏။ အုတ်ခုံလေးသည် အချို့လမ်းသွယ်များကဲ့သို့ ဘယ်တစ်ဘက် ညာတစ်ဘက် အစုံမရှိချေ။ လမ်း၏ထိပ် ညာဘက်တစ်ဘက်ထဲ၌သာ ရှိ၏။ အုတ်ခုံလေး၏ အချို့နေရာများ၌ အင်္ဂတေများ အချပ်လိုက် ကွာလျှက် အောက်မှ အုတ်ခဲအရာကိုပင် မြင်နေရ၏။ အုတ်ခုံလေးက မသစ်လွင်ပါ။ မှိုင်းမှိုင်းညစ်ညစ် ရှိသည်။ ထို့ထက်ဆိုရလျှင် အုတ်ခုံလေးက အိုဟောင်းနေပေပြီ။ သို့သော် ထိုင်၍ ရသည့် အနေအထား ရှိနေသေးသည်။ အုတ်ခုံလေး၏အကျယ်သည် အလျားသုံးပေ၊ အနံတစ်ပေ၊ အမြင့်နှစ်ပေခန့်သာ ရှိသည်။ အုတ်ခုံလေးသည် လမ်းထိပ်ရေမြောင်းပေါ် အုပ်မိုး၍ တည်ရှိ၏။ အုတ်ခုံလေး၏အောက် တွင် မြောင်းရေညစ်ညစ်သည် စီးဆင်းလျှက်ရှိသည်။ အုတ်ခုံလေးတည်ရှိရာ တိုက်နံဘေးတွင် ဂရုစိုက်သူမဲ့နေပုံရသည့် ပုဏ္ဍရိပ်ပန်းခြုံလေး ကျိုးတိုးကျဲတဲ ရှိနေသည်။ အုတ်ခုံလေးနှင့် ကပ်လျှက်အဆောက်အဦသည် တချိန်တခါက နာမည်ကျော် ဘဏ်တစ်ခုဖြစ်ခဲ့ပြီး၊ ဒေ၀ါလီခံပြီးချိန်တွင် ကုမ္ပဏီတစ်ခုမှ ပြန်ငှားထားသော သုံးထပ်တိုက်တစ်လုံးဖြစ်၍၊ ကျွန်မရုံးဖယ်ရီ စောင့်ချိန်တိုင်း အောက် ထပ် တံခါးကို သော့ခလောက် ခတ်လျှက်သားတွေ့ရ၏။
မည်သို့ပင်ဖြစ်စေ အုတ်ခုံလေးသည် နံနက်ခင်းတိုင်း ကျွန်မအတွက် အမောဖြေစရာ နေရာလေး ဖြစ်သည်။ အုတ်ခုံလေးသည် ကျွန်မ၏အမောတကော နံနက်ခင်းတွင်း အတူပါဝင်ပေးသည့် သက်မဲ့ ပစ္စည်းတစ်ခုဖြစ်သည်။ ကျွန်မတစ်ယောက်ထဲအတွက် အုတ်ခုံလေး က အေးအေးလူလူ၊ ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။ ရုံးကားဟွန်းသံမကြားရမချင်း အုတ်ခုံလေးတွင် အမောဖြေထိုင်ခြင်းဖြင့်၍ ကျွန်မ၏မနက်ခင်းတိုင်း သည် ဇိမ်ကျလျှက်ရှိသည်။
မနက် လမ်းထိပ်ရောက်သည်နှင့် အုတ်ခုံလေးပေါ်မှာရှိနေနိုင်သည့် ဖုန်မှုန်များကို လေဖြင့် ဖူးကနဲ မှုတ်၍ ဖယ်ရှားသည်။ ပြီးလျှင် လက်ထဲက ကြိမ်ခြင်းနှင့် ကွန်ပျူတာအိတ်ကို အုတ်ခုံလေးပေါ်တင်၍ ရုံးဖယ်ရီမလာမချင်း ၁၀မိနစ်ခန့် အချိန်တွင် လမ်းသွားလမ်းလာများကို ဤအုတ်ခုံလေးတွင် ထိုင်ကာ ကျွန်မ ငေး၏။ အတွေးကွန့်မြူး၏။ ရံဖန်ရံခါ အိမ်နားကဆိုင်မှ ၀ယ်လာသည့် သတင်းစာဖြစ်စေ၊ ဂျာနယ်တစ်စောင်စောင်ဖြစ်စေ အုတ်ခုံလေးမှာ ထိုင်ဖတ်ရင်း ရုံးကားစောင့်သည်။ အုတ်ခုံလေးရှေ့မှ ပုံမှန်ဖြတ်သွားနေကျ အဖြူအစိမ်းဝတ် ကျောင်းသူ တစ်ဦးနဲ့လည်း ကျွန်မတို့ချင်း အပြန်အလှန် မှတ်မိနေချေပြီ။ မနက်ခင်းတိုင်း အသက်၆၀ကျော်သားဖြင့်သူနှင့် လမ်းလျှောက်ရင်း အုတ်ခုံလေးမှာ အမောဖြေ ၀င်ထိုင်တတ်သည့် အသက် ၈၆နှစ် အဘွားနှင့်လည်း ကျွန်မ ခင်နေလေပြီ။ ချစ်သူကောင်မလေး၏ စလင်းဘက်အိတ်ကို လွယ်ပေးယုံမျှမကပဲ ကောင်မလေး ခိုမှီတွယ်ထားသည့် လက်မောင်းကိုပါ အားတင်းရင်း ကြည်ကြည်နူးနူး ယှဉ်တွဲလျှောက်သွားသည့် သမီးရည်းစားစုံတွဲနှင့်လည်း မျက်မှန်းတမ်းနေလေပြီ။
“ဒီနေ့ လူတွေ ဒီလို အရိပ်အောက်မှာ ထိုင်နေနိုင်တာဟာ၊ ဟိုးအရင်ကထဲက လူတွေ အပင်တွေ စိုက်ခဲ့လို့ဖြစ်တယ်” ဟု ဆိုစကား ရှိခဲ့ဖူးသည်။ ဤအုတ်ခုံလေးမှာ ယခုလို ထိုင်နေနိုင်အောင် မည်သူက စတင်ပြုလုပ်ခဲ့ပါသလဲဟု ကျွန်မ အတွေးနက်မိသည်။ အုတ်ခုံလေးက မြောင်းတစ်ခု၏ အရံအတားတစ်ခုမျှ သာမကပဲ၊ စောင့်မျှော်နေချိန် ခေတ္တထိုင်စောင့်နိုင်သည်။ မောလာလျှင် အမောပြေ ထိုင်နားနေနိုင်သည်။ ညဘက်အချိန်တွင် ဤအုတ်ခုံလေးမှာ သမီးရည်းစား စုံတွဲများ လာတွတ်မထိုးဘူးဟု မည်သူပြောနိုင်ပါသနည်း။ ခေတ်လူငယ်များ ဂစ်တာတစ်လက်ဖြင့် ညတေးများ လာရောက် ဟစ်ကြွေးနိုင်သေးသည်။
သို့နှင့် အုတ်ခုံလေးက ကျွန်မ၏မနက်ခင်းများတွင် မရှိမဖြစ် ပါဝင်နေခဲ့သည့် သက်မဲ့ အရာဝတ္တု တစ်ခု ဖြစ်လာသည်။
တစ်မနက်ခင်းတွင် ဖြစ်သည်။ ထုံးစံအတိုင်း လမ်းထိပ်တွင် ရုံးဖယ်ရီစောင့်ရန် ထွက်လာခဲ့သည်။ လမ်းထိပ်သို့ လျှောက်လာစဉ် ကျွန်မ၏ မြင်နေကျ လမ်းထိပ်မြင်ကွင်းသည် အပြောင်းအလဲများ ဖြစ်နေ၏။ ထိုင်နေကျ အုတ်ခုံလေး၏ မလှမ်းမကမ်း ပုဏ္ဍရိပ်ခြုံနေရာတွင် ဆိုင်ခပ်သေးသေးတစ်ခုနှင့်၊ ဆိုင်နားတွင် လူအချို့လည်း ရှိနေသည်ကို ထူးခြားစွာ တွေ့လိုက်ရ၏။ ဆိုင်နေရာနားက ပုဏ္ဍရိပ်ခြုံလေးလဲ ခုတ်လိုက်သည် လားမသိ၊ ပြောင်ရှင်းနေပေပြီ။ အနားရောက်လျှင် ဆေးလိပ်ကွမ်းရာဆိုင်မှန်း သိလိုက်ရသည်။ ဆိုင်နာမည် မတပ်ထားသော်လဲ ကွမ်းရွက်၊ ထုံးအိုးနှင့် ကွမ်းထဲ ထည့်စားသည့် ဆေးဗူးများ စီရရီ စီထားသည်ကို တွေ့ရ၏။ ထို့ပြင် ဖုန်းကဒ်မျိုးစုံရသည်ဆိုသည့် ဆိုင်းဘုတ်လေးလဲ ချိတ်ထားသေးသည်။ ကွမ်းယာဆိုင်အသစ်လေး၏ ပတ်ပတ်လည်တွင် အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး ကြော်ငြာဗီနိုင်းများဖြင့် အလှဆင်ထားသည်။
မည်သို့ကြောင့်မသိ၊ ကျွန်မ၏ နံနက်ခင်းသည် ၀န်စည်စလယ်များအား အုတ်ခုံလေးပေါ်တွင် ယခင်လိုချထားပြီး ၀င်ထိုင်လိုက်ရသော်ငြား၊ အမောမပြေသလိုလိုနှင့် နံနက်ခင်း၏ လွတ်လပ်ပေါ့ပါးသည့် စိတ်များက ယခင်နှင့်မတူ၊ ကွယ်ပျောက်၍နေ၏။ အုတ်ခုံလေး၏အနားတွင် အဖော်အဖြစ် ကွမ်းရာဆိုင်လေး ရှိလာသော်ငြား ကျွန်မ၏ စိတ်ထဲတွင် နှမျောသလိုလို ခံစားချက် ၀င်လာမိသည်။
နောက်တစ်နေ့နံနက်တွင် ကျွန်မသည် ထုံးစံအတိုင်း ရုံးဖယ်ရီစောင့်ရန် အိမ်မှ ထွက်လာခဲ့ သည်။ အုတ်ခုံလေးနားအရောက်တွင် ကျွန်မ စိုးရိမ်ထားသည်များက ဆီး၍ ကြိုနေလေသည်။ အုတ်ခုံလေးတွင် ယောကျာ်းနှစ်ဦးထိုင်နေ၏။ တစ်ဦးက ကွမ်းရာဆိုင်က အမျိုးသမီးကို ကျယ်ကျယ်လောင်လောင် စကားလှမ်း ပြောနေသည်။ ယောကျာ်းနှစ်ဦးလုံး၏ ပါးစပ်ထဲတွင် ကွမ်းများ ပလုပ်ပလောင်းနှင့်။ ကွမ်းတံတွေးကို ပျစ်ကနဲ အနားတွင် အလွယ်တကူ ထွေးချလိုက်သည်။ အုတ်ခုံလေး၏ ရှေ့မျက်နှာစာသည် ကွမ်းသွေးနီနီများဖြင့် စွန်းထင်းနေလေပြီ။ ကျွန်မသည် ယောကျာ်းနှစ်ယောက်ထိုင်နေသော အုတ်ခုံလေးတွင် ယခင်လို ထိုင်ရန် မဖြစ်နိုင်တော့ချေ။ အနားမှ ကျော်ဖြတ်ခဲ့ရပြီး၊ မလှမ်းမကမ်း ပလက်ဖောင်းနေရာတွင် သွားရပ်၍ ရုံးဖယ်ရီကားကို စောင့်နေ ရတော့၏။ ဖယ်ရီစောင့်ရင်း ဤအုတ်ခုံလေးတွင် အရင်လို ကျွန်မထိုင်ရန် မဖြစ်တော့သည်ကို သတိပြုမိလာသည်။
သည်လိုနှင့် ကျွန်မ၏ မနက်ခင်းလေးတွင် အုတ်ခုံလေးမပါဝင်တော့သည်မှာ အတော်ပင် ကြာလာခဲ့သည်။ ကျွန်မနှင့် မျက်မှန်းတမ်းနေသည့် မနက်ခင်း လမ်းသွားသူများသည်လည်း စစတွေ့ချင်း တစ်ရက်နှစ်ရက်သာ ကျွန်မ ယခင်လို အုတ်ခုံတွင် မထိုင်သည်ကို သတိပြုမိပေလိမ့်မည်။ သိပ်မကြာခင် အချိန်ကာလတွင် သူတို့သည် ကျွန်မအား သတိပြုမိချင်မှ သတိပြုမိပေတော့မည်။
ကျွန်မသည် အုတ်ခုံလေးအပေါ် သံယောဇဉ်ရှိပေသော်ငြား၊ ယောကျာ်းသားတွေ တရုန်းရုန်းဖြင့် ရှိနေတတ်သည် အနှီအုတ်ခုံလေးကို ယခင်လို စေ့စေ့မကြည့်ရဲတော့ပြီ။ အုတ်ခုံလေးကတော့ ကွမ်းသွေးများညစ်စွန်းခံလျှက်က ကွမ်းဖောက်သည်များနှင့် ရင်းနှီးနေလေပြီ။ ကွမ်းရာဆိုင်က အမျိုးသမီးကို ထိကပါးရိကပါးပြောသော အမျိုးသားများနှင့်လဲ အုတ်ခုံလေး အကျွမ်းဝင်နေလေပြီ။ အုတ်ခုံလေးသည် ယခင်က အိုဟောင်းနေပေသော်ငြား ထိုင်ရန် သင့်တော်သေး၏။ ယခုမူ ကွမ်းရာဆိုင်လာ ယောကျာ်းများ၏ ဆေးလိပ် ထိုင်သောက်ရာ၊ ကွမ်းထိုင်စားရာနေရာ ဖြစ်နေလေပြီ။
တစ်နေ့မနက်တွင် ဖြစ်သည်။ ရုံးသွားရန် လမ်းထိပ်သို့ ထုံးစံအတိုင်း ကျွန်မထွက်လာခဲ့သည်။ အုတ်ခုံလေးကို လှမ်းမြင်ရချိန်တွင် ထိုအနား၌ လူသုံးလေးယောက် စုစုရုန်းရုန်းတွေ့ရ၏။ အနားသို့ရောက်သော် အုတ်ခုံလေးပေါ်တွင် လူတစ်ယောက် ဆောင့်ကြောင့် တက်ထိုင်နေသည် ကို တွေ့ရ၏။ ထိုလူ၏လက်ထဲတွင် အိတ်ဆောင်ရေဒီယိုတစ်လုံး ကိုင်ထားပြီး ပြည်ပသတင်းဋ္ဌာနတစ်ခုမှ သတင်းကြေညာနေသည်ကို လမ်းသွား လမ်းလာများ ကြားလောက်သည့် အသံနှုန်းဖြင့် ဖွင့်ထား၏။ ထို့နောက် စွာကျယ်ကျယ်အသံဖြင့် ကွမ်းရာဆိုင်ဘက်သို့ ‘လာမဲ့ တနင်္ဂနွေ အမှိုက်ကောက် ရမယ်နော်၊ ကြေညာထားတယ်၊ မင်းတို့ အားလုံး မှတ်ထားကြဦး၊ မေ့မယ်၊ တို့တိုင်းပြည်မှာ အမှိုက်တွေချည်းပဲ၊ တာဝန်သိစိတ်နဲ့ ကောက်မှဟေ့ ’ ဟု လှမ်းပြော၏။ ‘ခင်ဗျားပဲ ကျုပ်တို့အတွက် ပိုကောက်လိုက်’ ‘ခင်ဗျားလို လူမျိုးက ပိုကောက်သင့်တယ်၊ စောစောစီးစီးေ-ာက်ရှူးက တစ်မူးလာ ပိုရှူနေတယ်’ ဟု တစ်ဘက်မှ ပြန်အော်ပြော၏။ မနက်ခင်းလေးသည် ရေဒီယိုမှ အသံများ၊ ဆဲရေးသံများဖြင့် ညစ်ပေသွား၏။
ထိုရေဒီယိုနှင့်လူမှာ အုတ်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်နေရာမှ လမ်းပေါ်သို့ ခုန်ချလိုက်ပြီး၊ သူကို မထေမဲ့မြင်ပြောဆိုဆဲရေးသည်ကို ဂရုပင်မပြုပဲ ‘ အမှိုက်တွေ ကောက်ရမယ်နော်၊ မမေ့ကြနဲ့၊ မမေ့ကြနဲ့’ ဟု ထပ်မံ၍ ပွစိပွစိပြောကာ နေရာမှထွက်သွား၏။ ကွမ်းရာဆိုင်ရှေ့တွင် ကွမ်းရာရပ်ဝယ်နေသည့် လူက ‘ ဒီလူက အစဉ်အဆက် ဆယ်အိမ်ခေါင်းလေ၊ ရပ်ကွက်မေတ္တာ အမြဲခံယူနေသူပေါ့၊ အခုတော့ ရေဒီယို တစ်လုံးနဲ့ လိုင်းပေါင်းစုံဖွင့်နားထောင်ပြီး၊ နိုင်ငံရေးပဲ စိတ်ဝင်စားသယောင်ယောင်နဲ့၊ ရပ်ကွက်တစ်ခုလုံး သူပဲ ကယ်တင် ထားရပုံနဲ့၊ သတင်းထဲက ကြားတာတွေ ဟိုလူ့ ဟိုဟာလိုက်ပြော၊ ဒီလူ့ ဒီဟာလိုက်ပြောနဲ့၊ ကြောင်သလိုလို ဖြစ်နေတာလေ’ ဟု ကွမ်းရာဆိုင်မှ အမျိုးသမီးအား လှမ်းပြော၏။ ကွမ်းရာဆိုင်မှ အမျိုးသမီးက ထိုလူ၏ စကားကို ကွမ်းရာနေသည်လောက်မျှတောင် စိတ်မ၀င်စားပေ။
အုတ်ခုံလေး၏ ပတ်ပတ်လည်တွင် ကွမ်းတံတွေးများဖြင့် ပေပွ ညစ်ထပ်နေယုံမျှမက၊ ဆေးလိပ် ခိုးဆေးလိပ်ငွေ့များဖြင့် မွှန်ထူနေလေပြီ။ ကွမ်းရာဆိုင်မှ အမျိုးသမီးနှင့် သူ့ဖောက်သည်များ၏ ဟီးဟီးဟားဟား ရယ်သံများကလည်း အုတ်ခုံလေး၏ နံနက်ခင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလေ၏။ ဤအုတ်ခုံနေရာလေးသည် ယခင်က အိုဟောင်းယုံမျှသာဆိုသော်လည်း၊ ယခုအခါ ညစ်ထေးမှုပါ ထပ်ဆောင်း လာချေပြီ။
တစ်နေ့ မနက်ခင်းတွင် ဖြစ်သည်။ တစ်ကြိမ် ကျွန်မကြုံခဲ့ဖူးသည့် ရေဒီယိုနှင့် လူသည် ရေပုံးကတစ်ဘက်၊ အုန်းတံမြက်စည်းကတစ်ဘက်နှင့် အုတ်ခုံလေးရှေ့ရှိ ကွမ်းတံတွေးများကို တရှဲရှဲ လှည်းနေ၏။ ထိုလူ၏ ပါးစပ်မှလည်း ‘ အသိစိတ်၊ တကိုယ်စာ တာဝန်ယူစိတ်လေးတွေ မရှိကြဘူး၊ ကိုယ့် ပတ်ဝန်းကျင်တောင် သန့်ရှင်းဖို့ တာဝန်မယူနိုင်သေးရင် ကျန်တာကတော့ ဝေးပါသေးကွာ’ ဟု ပြောနေ ပြန်သည်။ ကွမ်းရာဆိုင်က အမျိုးသမီးက ထိုသူပြောနေသည်ကို ကြားသွားပုံရ၏။ ‘ ရှင်နေ့တိုင်း ရေဆေးတောင် အလျဉ်မီမှာ မဟုတ်ဘူး၊ ထွေးနေကျလူက ပျစ်ဆို ထွေးထည့်လိုက်မှာပဲ၊ ဘာပဲဖြစ်ဖြစ် အခုလို ရှင် သန့်ရှင်းအောင် လုပ်ပေးတာ ကောင်းပါတယ်၊ ရော့ ရော့ ကျေးဇူးတင်လို့ ဒီမှာ ကွမ်းတစ်ရာ လာဝါးချေ ’ ဟု ပြောလည်းပြော ကွမ်းတစ်ရာပါ လှမ်းပေးလိုက်၏။ ထိုလူလည်း ကွမ်းကို ပါးစောင်ထဲ ထည့်ဝါးလိုက်သည်ကို ရုံးဖယ်ရီပေါ်မတက်မီ ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်ရသည်။
ရုံးတာဝန်ဖြင့် ကျွန်မ ပြည်တွင်းခရီး တစ်ပါတ်ခန့် ထွက်ရသည်။ နံနက်ခင်း အုတ်ခုံလေးနှင့် ကျွန်မ အခိုက်အတံ့ ဝေးနေရချိန် ဖြစ်သည်။ နောက်တစ်နေ့ နံနက်ခင်း ရုံးသွားရန် ဖယ်ရီစောင့်ချိန်တွင် ကျွန်မသည် အံ့သြစဖွယ် မြင်ကွင်းကို တွေ့လိုက်ရ၏။ ရေဒီယိုနှင့်လူသည် ထိုင်နေကျ အုတ်ခုံပေါ်တွင် ဆောင့်ကြောင့် ထိုင်မနေတော့ပေ။ သူနှင့်အတူ ယှဉ်တွဲတွေ့ရတတ်သည့် အိတ်ဆောင်ရေဒီယိုလေးကိုလဲ မမြင်ရပါ။ တံမျက်စည်းလည်း လှည်းပုံမရတော့ပါ။ သူသည် ကွမ်းရာဆိုင်နံဘေးတွင် ထိုင်ခုံတစ်လုံးဖြင့် ထိုင်လျှက်၊ ကွမ်းရာဆိုင်က အမျိုးသမီးနှင့် အကြည့်ချင်းဆုံ စကားလက်ဆုံကျနေ၏။ ထိုသူ၏ ပါးစပ်သည် တလှုပ်လှုပ်ဖြင့် ရှိ၏။ ထိုသူသည် ကွမ်းကိုမြိန်ရည်ယှက်ရည် မြုံ့နေရာမှ ကွမ်းတံထွေးကို အနား၌ ပျစ်ခနဲ ထွေးချလိုက်၏။
ကျွန်မ မျက်နှာကို လွှဲလိုက်မိသည်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လမ်းလေးတလျှောက် စည်ပင်မှဝန်ထမ်းများက အများပြည်သူ ဖြတ်သန်းသွား၍ မရအောင် ကာရံနေသည်ကို အိမ်ပေါ်မှ တွေ့နေရ၏။ ကျွန်မ အဖေ့ကို မေးကြည့်လျှင် လမ်းချဲ့ပြီး ပြန်ခင်းရန် လုပ်နေခြင်းဟု သိရ၏။ ‘ဘယ်သူက ခင်းပေးတာလဲ အဖေ’ဟု မေးမိရာ၊ ‘အခုတလော လမ်းတွေ တံတားတွေ အပြီးသတ် ခင်းနေ ပြင်နေကြတာ သမီးမသိဘူးလား’ ဟု မေးခွန်းပြန်ထုတ်ခြင်း ခံရ၏။ ကားများ ဖြတ်၍မရ။ လူအများလည်း တစ်ဘက်လမ်းမှ ကွေ့ပတ်သွားရ၏။ သို့နှင့် ကျွန်မလည်း အများနည်းတူ တစ်ဘက်လမ်းမှ ပတ်ကာ လမ်းထိပ်သို့ သွားရ၏။ လမ်းထိပ်သို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်နေစဉ် ကျွန်မ တစ်စုံတစ်ရာကို သတိရသွားလျှက် စိတ်လှုပ်ရှားသွားရ၏။
သို့နှင့် ခြေလှမ်းများကို သွက်သွက်နှင်လိုက်မိသည်။ တစ်ဘက်လမ်းမှ ပတ်၍ ရုံးဖယ်ရီစောင့်နေကျ လမ်းထိပ်သို့ ရောက်ခဲ့ချိန် ကျွန်မ၏ မနက်ခင်းမြင်ကွင်းသည် အသစ်ဖြစ်နေသည်။ လမ်းထိပ်တွင် ကျောက်ပုံများ ပုံထားသည်။ လမ်းခင်းရန် အလုပ်သမားများဖြင့် စည်ကားနေပေပြီ။ ကွမ်းရာ ဆိုင်လေးလည်း ဘယ်ရွေ့သွားသည်မသိ၊ လမ်းပြင်ရန် ဖယ်ရှားခံလိုက်ရပြီ။ ကွမ်းရာသည်အမျိုးသမီးနှင့် ရေဒီယိုနှင့်လူရော ဘယ်နေရာရောက်သွားသည်မသိ။ ကွမ်းရာစားရင်း ဆဲရေးတတ်သူများလဲ နောက်ကွမ်းရာ ဆိုင်တစ်ဆိုင်သို့ ကူးချေရော့မည်။
ထို့ထက်ပိုဆိုးသည်က ကျွန်မ၏ အုတ်ခုံလေးအား တူအကြီးကြီး တစ်လက်ဖြင့် လမ်းခင်း အလုပ်သမားတစ်ဦးက ထုနှက် ဖြိုဖျက်နေလေပြီ။ အားနှင့်မာန်နှင့် လွှဲ၍ ထုဖျက်နေသဖြင့် အုတ်ခုံလေးမှာ မွမွကြေကာ ပုံသဏ္ဍာန်ပျက်နေလေပြီ။
ကျွန်မ မျက်နှာကို လွှဲထားလိုက်မိပြန်၏။
လမ်းကလေးများ၏အဆုံးတွင် အုတ်ခုံလေးတွေ ရှိနေတတ်သည်။ သို့သော် လမ်းလေးတိုင်း၏ အဆုံးတွင် အုတ်ခုံလေးများ ရှိနေရန်ဆိုသည်မှာ မသေချာလှပါ။
(၂၀၁၆ ခုနှစ်၊ မတ်လ၊ ရတီမဂ္ဂဇင်းအထူးထုတ်)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျပါစေ။
အလည်လာသွားပါတယ် ဆရာမ…