သဝေထိုးရကောက်ရေ ရေ

Number of View: 2651
1‘၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလထုတ်၊ နှစ် (၅၀) ပြည့်အထူးထုတ်၊အောင်ပင်လယ် သဘာဝပါတ်ဝန်းကျင်ထိမ်းသိန်းရေးမဂ္ဂဇင်း’ ၌ ပါဝင်ခဲ့သည်။

             ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့နေတယ်။ ဘိုးဘဖေတစ်ယောက် ခေါင်းရင်းက ညမီးခလုပ်လေးကို ဖွင့်လိုက်တယ်။ မီးရောင်အောက်မှာ နာရီကို ကြည့်လိုက်တော့ နာရီပြန်တစ်ချက်။ ဘိုးဘဖေက ညဆို ကိုးနာရီ ဒေါင်ခနဲထိုးတာနဲ့ အိပ်ရာဝင်တတ်သူ။ ဒါပေမဲ့ ညနာရီပြန်တစ်ချက်တီးချိန်ဆို သူ့ဆီးအိမ်တင်းလာတာနဲ့အတူ အိပ်ရာက အလိုလို နိုးလာရပြီ။ ဆီးသွားပြီးတာနဲ့ သူ့ကို ဘယ်သူကမှ တာဝန်ပေးမထားတဲ့၊ သူကိုယ်တိုင်လဲ မလုပ်ရမနေနိုင်လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် အလေ့အထ ဖြစ်သွားတယ်လို့ပဲ ပြောရမလားမသိတဲ့ အလုပ်တစ်ခုကို ညတိုင်း မပျက်မကွက် လုပ်ပါတယ်။

            သူ့ ခြေထောက်တွေက သူ့ခန္ဓာကိုယ်နဲ့နဲ့ကို အိမ်ရှေ့ဝင်ပေါက်တံခါးရှေ့ရောက်အောင် သယ်ဆောင်သွားတယ်။ တံခါးကို အသာအယာဖွင့်ပြီး ခေါင်းလေးကိုငဲ့လို့ တခြား အခန်းက   ရေမော်တာတင်ထားခြင်း ရှိမရှိ နားကို စွင့်လိုက်တယ်။ နှစ်အိမ်အပြိုင်ဖွင့်ချိန် မီးအားကျချိန်နဲ့ တိုးရင် ရေမော်တာကွိုင် လောင်တတ်တယ်ဆိုတာ ဘိုးဘဖေ ကောင်းကောင်းသိနေပြီ။ ဒါကြောင့် လူခြေတိတ်တဲ့ ဒီလိုအချိန် ရေမော်တာတင်ရင် မြန်လဲမြန်၊ စိတ်လဲချရတာမို့ ဒီအချိန်ရောက်တိုင်း မျက်စိနှစ်ကွင်းက အလိုလိုပွင့်လာရစမြဲ။ နားစွင့်လို့ ဘာအသံမှ မကြားရတော့ဖူးဆိုမှ ဧည့်ခန်းထဲပြန်ဝင်ပြီး ရေမော်တာခလုတ်ကို ဖွင့်လိုက်တယ်။ ခလုတ်ဖွင့်လိုက်ပြီးတာနဲ့ သူ့ခြေလှမ်းတွေက အိပ်နေတဲ့ သားတွေ သမီးတွေမြေးတွေ မနိုးရလေအောင် ဖွဖွလျှောက်လို့ အလယ်ခန်းကနေ ရေချိုးခန်းထဲအထိ ရောက်အောင် နံရံတလျှောက် ကပ်ထားတဲ့ ပိုက်လိုင်းထဲ ရေဖြတ်စီးသွားတဲ့ အသံကြားရအောင် နားစွင့်ပြန်တယ်။ ရေစီးသံတိုးတိုးနဲ့အတူ ပိုက်လိုင်းတလျှောက် ရေတိုးနေတာကို သိရရင်တော့ ဘိုးဘဖေခြေထောက်အစုံက ရေချိုးခန်းဆီသို့ ဦးတည်လိုက်ပြီ။ ရေချိုးခန်းအ၀မှာ ရေပိုက်ထဲကရေတွေ ရေလှောင်တိုင်ကီထဲကျသံ တဗြန်းဗြန်းကို ကြားရပြီဆိုရင်တော့ ဒီညအဖို့ ဘိုးဘဖေ စိတ်အေးသွားရပြီ။ အိပ်ရာထဲ ခန၀င်လှဲ၊ စာဖတ်ရင်းကနေ အပေါ်တိုင်ကီနဲ့ အောက်က အုတ်ကန် ရေပြည့်အောင် အိပ်ရာထဲကနေ စာဖတ်ရင်း စောင့်ဖို့ ပြင်လိုက်ပါတယ်။ ဒါက ဘိုးဘဖေရဲ့ တစ်နေ့မပျက်၊ နေ့စဉ်ဝတ္တရားတစ်ခုပါပဲ။

            အိပ်ရာထဲ ရောက်ပြန်တော့ စာဖတ်ချင်စိတ်မရှိပဲ မျက်လုံးမှိတ်လျှက် စိတ်က အတွေးရွက်လွှင့်မိပြန်ပါတယ်။ ဟိုးတုန်းကတော့ သားတွေ၊ သမီးတွေ၊ ချွေးမတွေ၊ သားမက်တွေက “အဖေ.. အိပ်..အိပ်၊ သားတို့..သမီးတို့ ရေတင်လိုက်ပါ့မယ်” လို့ ပြောပေမဲ့ ဘိုးဘဖေက သူတို့ပြောတာကို စိတ်ကိုမချတော့တာ။ တစ်ခါနှစ်ခါမကပါဘူး၊ သူတို့ကို ယုံပြီး စိတ်ချလက်ချအိပ်မိပါတယ်၊ ရေတင်ဖို့ မေ့လို့ လူရှစ်ယောက်ရှိတဲ့ အိမ်မှာ မနက်လည်းရောက်ရော ရေဒုက္ခတွေ့တော့တာပါဘဲ။ ရန်ကုန်မြို့လယ်ခေါင်က တိုက်ခန်းတွေမှာ ရေရဖို့က အတော်မလွယ်ပါဘူး။ တစ်နေ့လယ်လုံး မီးအားတွေ ကျနေပြန်တော့ တိုက်ခန်းတိုင်းက ညအချိန်ကျမှ ရေတင်ကြတယ်။ သူများတင်တဲ့အချိန် လိုက်တင်မိပြန်ရင်လဲ လွှတ်ပေးတဲ့ရေအားကို ခွဲယူသလိုဖြစ်ပြီး ရေမရတာမျိုး၊ မော်တာလေခိုတာမျိုး ဖြစ်ပြန်ရော။ အခန့်မသင့် ရင် ရေချူတာတွေ၊ မော်တာကွိုင်လောင်တာတွေစတဲ့ အလုပ်ရှုပ်၊ ငွေကုန်တဲ့ ကိစ္စတွေက နောက်ဆက်တွဲ ပါလာဦးမယ်။ နေနည်းနည်းပူလာပြီ ဆိုတာနဲ့ ရေက မပြောမဆို ဖြတ်ပြန်ပြီ။ ဒါနဲ့ပဲ ဘိုးဘဖေတစ်ယောက် အိမ်မှာ ရေမရှိမှာ စိုးရိမ်ပြီး ညတိုင်း သူ့သဘောနဲ့သူ၊ ရေထထ တင်တယ်။ သားတွေသမီးတွေကလဲ ပြောမရတော့လို့ အရင်လို မတားတော့ပါဘူး။

             ကမ္ဘာကြီးပူနွေးလာပြီ။ အိုဇုန်းလွှာအပေါက်က ဖာထေးလို့ မရတော့အောင် ကြီးမားလာပြီ၊ ကမ္ဘာပေါ်က လူတွေမှာ သဘာဝဘေးအန္တရာယ် ကပ်ဘေးတွေးကို ကျော်လွှားနေကြရချိန် ရောက်နေပြီ ဆိုတာ ဘိုးဘဖေရဲ့သားတွေ သမီးတွေ မြေးတွေမသိ။ သူတို့သိတာက မီးဘယ်ကလာ မီးခလုတ်နှိပ်လို့လာ၊ ရေဘယ်ကရ ရေမော်တာကရလို့ ထင်နေကြသူများ။ အဲ့သည်လို သားသမီးတွေက တစ်ခါတစ်ရံ ရေဖြတ်ခံရလို့ အိမ်မှာ ရေပြတ်ချိန်များဆို ရေသန့်ဘူးဆိုင်က ရေတွေ သူများထက်ဦးအောင် အသည်းအသန် သွားဝယ်ထားဖို့သာ သိတတ်တဲ့သူများဆိုတာထက် မပိုဖူးဆိုတာ ဘိုးဘဖေ ကောင်းကောင်းသိနေတယ်။

            ရေနဲ့ပတ်သက်ရင် ဘိုးဘဖေက သူများထက် သည်းသည်းလှုပ်တယ်လို့များ သားသမီးတွေက ထင်ကြမလားမသိ။ အိမ်က အမယ်ကြီးရှိတုန်းက မီးဖိုချောင်မှာ ရေကို ဘယ်လိုချွေချွေတာတာ သုံးခဲ့သလဲဆိုတာ သိရင် ရယ်များနေလေမလား၊ ဒါမှမဟုတ် သူတို့ အခုတလော ဖောဖောသီသီ သုံးနှုန်းနေတဲ့ စကားလုံးနဲ့ “အဖေ့ဟာက ဟိုက်ဂျင်း (Hygiene) မဖြစ်ဖူး” ဆို ပြောနေလေမလားလို့ ဘိုးဘဖေ တွေးမိပြန်တယ်။

            ဘိုးဘဖေရဲ့အမယ်ကြီးက အင်မတန်မှ သိမ်းထုတ်သေချာတဲ့ အိမ်ရှင်မပါ။ တခြားမပြောနဲ့ ရေနဲ့ပတ်သက်တာပဲ ပြောရရင် ထမင်းချက်ဖို့ ဆန်ဆေးပြီးရင် ဆန်ဆေးရေကို ဘယ်တော့မှ သွန်မပစ်ဖူး။ ပန်းကန်ခွက်ယောက်တွေ ဆန်ဆေးရေနဲ့ အကြမ်းတစ်ထပ် အရင်ဆေးတယ်။ ထမင်းအိုးဆူလို့ ထမင်းရည်ငှဲ့ရင်လဲ ထမင်းရည်ကို ဆားခပ်သောက်ဖို့ဖြစ်စေ၊ ကင်မွန်းချဉ်ရွက် မန်းကျည်ရွက်၊ ချဉ်ပေါင်ရွက်လို ဟင်းချိုမျိုးချက်တဲ့အခါ ဟင်းခပ်အဖြစ် ပြန်သုံးသေးတယ်။ သောက်ရေ အိုးစင် အောက်မှာ ရေစိမ့်ရင်ခံဖို့ ဇလုံထားထားတယ်။ အဲ့ဒီဇလုံထဲမှာ သဲထည့်ထားပြီး ဂျင်းတက်တို့၊ ကြက်သွန်နီတို့ ထည့်ထား တတ်တယ်။ သောက်ရည်အိုးက စိမ့်တဲ့ ရေစက်လေးတွေ အလဟသ၁ မဖြစ်ရတော့ပဲ ဂျင်းတက်တွေ အမြစ်ပွား၊ ကြက်သွန်မြိတ်လေးတွေတက်လာရင် မီးဖိုချောင် ဟင်းအိုးအတွက် ပြန်သုံးလိုက်သေးတယ်။ ရေချိုးရင်လဲ အ၀တ်အသန့်တွေ အရင်လျှော် ဖွတ်ပြီး၊ အဲ့ဒီက ကျန်တဲ့ရေကို နည်းနည်းဟောင်းတဲ့ အ၀တ်အစားတွေ ဖွတ်၊ လက်ကျန်ကို လက်နှီးစုတ်၊ ကြမ်းသုတ်ဝတ်တို့ လျှော်ဖွတ်ရာမှာ ပြန်သုံးတယ်။

         အဲ့သည်လောက် ရေကို ချွေတာလွန်းတဲ့ အမယ်ကြီးက အိမ်ရှေ့မှာ ရေချမ်းစင်အိုးထားချင်တယ်ဆိုလို့ ဘိုးဘဖေ လုပ်ပေးရသေးတယ်။ ပဲခူးက ကိုတန်ဘီရေချမ်းစင်၊ ရွှေတိဂုံက ဦးထောင်ဗိုလ်ရေချမ်းစင် တို့လောက် နာမည်မကြီးပေမဲ့ အဲ့ဒီခေတ်က ဘိုးဘဖေရဲ့အိမ်ရှေ့က ရေချမ်းစင်လေးက အင်မတန် သောက်သုံးသူတွေ များခဲ့တာပါ။ ရေအကျိုးဆယ်ပါး မတောင့်တပဲ ပြည့်ရတာမို့ ဘိုးဘဖေ လဲ  ဝေနေယျဆိုတဲ့ ရေချမ်းစင်လေး အိမ်ရှေ့မှာ သေချာဆောက်ပေးထားတယ်။ တွံတေးက တူလေးကို သဲအိုးကောင်းကောင်း လေးနှစ်အိုးကိုတကူးတကန့်လှမ်းမှာ၊ ရေချမ်းစင်ပတ်ပတ်လည်မှာ မြက်ပင် စိမ်းစိမ်းလေးတွေ စိုက်ပေးထားလိုက်တယ်။ သောက်ရေချမ်းစင်က ရေအိုးလေးကို ကိုယ်တိုင်ရေ မှန်မှန် ဖြည့်ပေးတယ်။ အမယ်ကြီးကတော့ ရေချမ်းစင်သန့်ရှင်းရေး တာဝန်ယူခဲ့တာပေါ့။

   ဘိုးဘဖေတို့ခေတ်က ရေ အခုလောက် မရှားပါးခဲ့ပါဘူး။ အခုခေတ်လို့ ရေကို ၀ယ်သောက်ရတာမျိုး၊ ရေသန့်ဆိုတာမျိုးလဲ မရှိခဲ့ပါဘူး။ ကျေးလက်နေသူတို့ကလဲ ကြည်လင်တဲ့ မြစ်ရေ၊ ချောင်းရေ၊ ကန်ရေကို ဖောဖောသီသီ သုံးကြသလို၊ မြို့မှာနေထိုင်သူတွေ ကလဲ ဘုံဘိုင်ရေကို စစ်လို့တစ်မျိုး၊ ကျိုချက်လို့တစ်ဖုံ သောက်သုံးခဲ့ကြတာပါပဲ။ မြစ်ရေ၊ ချောင်းရေဆိုလို့ ဘိုးဘဖေရဲ့အတွေးများက ငယ်စဉ်ကာလဆီကို ပြန်ရောက်သွားရပြန်ပါတယ်။

            ဧရာဝတီမြစ်ကမ်းပါးကို မေးထိုးထားတဲ့ ရွာလေးတစ်ရွာမှာ ဘိုးဘဖေကို မွေးဖွားခဲ့တယ်။ ငယ်စဉ်က ရွာရဲ့အနောက်ဘက်တန်း လမ်းနဲ့ သဲသောင်ပြင်တွေရှိတဲ့ မြစ်ကမ်းပါးတလျှောက် မှာ ဆော့ကစားရင်း၊ ကလေးဘာဝ မြစ်ထဲမှာရေကူး ပျော်မြူးခဲ့ကြတယ်။ ဧရာဝတီမြစ်ရိုး တလျှောက် အစုန်အဆန်ချီသွားနေတဲ့ တံငါလှေ၊ ကူးတို့လှေ၊ ကုန်တင်သဘောင်္တွေ ဖြတ်သွားတာများ မြင်လိုက်ရရင် ဘိုးဘဖေတို့ ကလေးတစ်အုပ် လက်ဝှေ့ယမ်းအော်ဟစ်ရင်း ပျော်ရွှင်ခဲ့ရတယ်။ မြစ်ရေပြင်ကို ဖြတ်တိုက် လာတဲ့ လေကလဲ ရှုရှိုက်လိုက်တိုင်း မွှေးမြနေသယောင် ခံစားမိခဲ့ရတယ်။ အရွယ်ရောက်လာတော့ ရွာလယ်က သောက်ရေတွင်းမှာ အပျိုတွေ သောက်ရေခပ်ဆင်းချိန် သူငယ်ချင်းတွေနဲ့ ဟန်ရေးပြခဲ့ကြတာတွေ၊ မြစ်ကမ်းပါးပေါ်က ဆရာတော်ဦးသောဘိတ တည်ထားကိုးကွယ်ခဲ့တဲ့ ရွာဦးစေတီက ဆည်းလည်းသံ တလွင်လွင်နဲ့အတူ၊ ညနေနေ၀င်ချိန် အနောက်ဘက် ရခိုင်ရိုးမထဲ ပုဇွန်ဆီရောင်နေလုံးကြီး တအိအိနဲ့ ခေါင်းထိုးကျသွားတာကို လှိုင်းကြက်ခွပ်တွေ အနားသပ်ထားတဲ့ ဧရာဝတီမြစ်ကမ်း နံဘေးကနေ ကြည့်နေရတာ အလွမ်းဓာတ်ခံ ရှိသူများအတွက် အင်မတန်မှကို ကြည်နူးဆွတ်ပျံ့ဖွယ်အတိပါပဲ။

            အမယ်ကြီးဆုံးပြီးတစ်နှစ်၊ သားကြီးလိုက်ပို့လို့ ရွာဦးကျောင်းဆရာတော်ဘုရားဆီ အမယ်ကြီးနာမည်နဲ့ ငွေလှူဖို့ သွားဖြစ်ခဲ့တယ်။ နှစ်ကာလတွေ ကြာပြီဆိုတော့ ပြောင်းလဲသွား လိုက်တာများ နေရာဒေသ အသစ်တစ်ခုကို ရောက်နေရသလို ဘာကိုမှ ပြန်မမှတ်မိနိုင်လောက်အောင် ပါပဲ။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာတွေနဲ့အတူ ဖဲ့ပေးလိုက်ရတဲ့ သဘာဝအလှတွေက ဘယ်အရာမှ အစိုးမရဆိုတဲ့ စကားအတိုင်း ပါလားဆိုတာ ဘိုးဘဖေတစ်ယောက် မျက်မြင်ဒိတ္တ တွေ့ခဲ့ရတယ်။ နွေရာသီမို့ ရွာလယ်က သောက်ရေတွင်းက ခမ်းခြောက်နေလေပြီ။ မြစ်ရေကလည်း မသန့်ရှင်းလို့ အရင်လို မသောက်ဝံ့တာမို့ ပရဟိတအဖွဲ့တွေ လာလှူမယ့် ရေအလှူရှင်တွေကို မျှော်နေရချိန်။ ကမ်းပါးမှာ တည်ထားတဲ့ ဆရာတော်ရဲ့ ရွာဦးစေတီလေးနဲ့ ဆရာတော်ကျောင်းလေးလဲ ကမ်းပါးပြိုကျလို့ သင့်တော်တဲ့နေရာ ရွှေ့ထားရပြီ။

            “ဧရာဝတီရဲ့ရင်ငွေ့မှာ ဘုန်းဘုန်းတို့ မြန်မာပြည်သူပြည်သားတွေအားလုံး ခိုလှုံရင်း အသက်ရှင်  ကြီးပြင်းခဲ့ကြတယ်၊ ဧရာဝတီဟာ ဆန်စပါးတွေ စပါးတောင်လိုပုံအောင် စိုက်ပျိုးခွင့်ပေးခဲ့တယ်၊ ဧရာဝတီမှာ သစ်ဖောင်၊ ၀ါးဖောင်တွေ   မျောခဲ့ကြတယ်၊ ဧရာဝတီမှာ အစုန်အဆန်   ရောင်းဝယ်ဖောက်ကားခဲ့ကြတယ်၊ ဧရာဝတီမှာ ရေနေသတ္တ၀ါတွေ၊ ရှားပါးဧရာဝတီ လင်းပိုင်တွေ ပျော်မွေ့ခဲ့ကြတယ်၊ ဧရာဝတီဟာ မြန်မာတွေ့ရဲ့ ၀ိဥာဉ်၊ မြန်မာတွေရဲ့ စေတသိတ်၊ မြန်မာပြည် သူပြည်သားတွေရဲ့ အထွဋ်အမြတ်ပါ၊ ဧရာဝတီရဲ့ အရင်းအမြစ်၊ ရေရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ သယံဇာတတွေကို အမှီပြုပြီး ကိုယ်ကျိုးစီးပွားအတွက် မဆင်မခြင် လုပ်ကြတော့ ရေတိုက်စားလို့ ကမ်းပါးတွေ ပြိုတယ်၊ သောင်တွေကလဲ ထွန်းလာလို့ မြစ်ရေကြောတွေ တိမ်လာတယ်၊ လူတွေ စည်းမဲ့ကမ်းမဲ့ အမှိုက်တွေ၊ အနည်တွေ စွန့်ပစ်ကြလို့ မြစ်ရေတွေ နောက်ကျိလာတယ်၊ ဒီတော့ မြစ်ရေထဲ ရှင်သန်ရတဲ့ ငါးပုဇွန်တွေ အသက်ရှင်ဖို့ ခက်ခဲလာတယ်၊ အင်း.. ဧရာဝတီမြစ်နံဘေးနေပြီး ငါးပုစွန်ဝလင်အောင် စားခွင့်မကြုံတော့ဘူး၊ ရှားပါးလာတယ်၊ ရေကြည်ရေသန့် သောက်ခွင့်မရဖူး၊ ဧရာဝတီမြစ်ကြီးက ဘုန်းဘုန်းတို့တွေကို အများကြီးပေးခဲ့ပြီးပြီ ဒကာကြီး၊ ဘုန်းဘုန်းတို့က ဧရာဝတီမြစ်ကြီးကို ကိုယ်ကျိုးအတွက် အများကြီး အသုံးချခဲ့ပြီးပြီ၊ ဧရာဝတီမြစ်ကြီးလဲ ဘာသားနဲ့ ထုထားတာမို့လို့လဲ၊ ဒီအတိုင်း ဆက်သွားရင် ခံနိုင်တော့မှာ မဟုတ်ဘူး၊ ဒကာကြီးတို့လို ဦးဇင်းတို့လိုပဲ သူလဲ အိုမင်းမစွမ်း နာကျင်နေပြီပေါ၊ အင်း..တကယ်တော့ တစ်ဦးတစ်ယောက်ချင်းစီ အသိစိတ်နဲ့ပူးပေါင်းပါဝင်ပြီး၊ စည်းကမ်းတကျ အလေအလွင့်မရှိရအောင် လုပ်ဖို့၊ အလွဲမသုံးမိဖို့ လိုအပ်သလို၊ သိယုံနဲ့ မပြီးသေးဘူး၊ ကောင်းမွန်တဲ့ အလေ့အထကို လက်ဆင့်ကမ်းသယ်ဆောင်ဖို့ကလဲ အရေးကြီးသေးတယ် ဒကာကြီး”

            ဆရာတော်မိန့်မှာတာတွေ နားထောင်ခဲ့တုန်း၊ တစ်နွေက သားတော်မောင် ပြခဲ့ဖူးတဲ့ ဖောင်တော်ဦး ဘုရားတည်ရှိရာ ရှမ်းပြည်က အင်းလေးကန်ရဲ့ရေမျက်နှာပြင်အားလုံး ခမ်းခြောက်ပြီး၊ ပက်ကြားအက်ထနေတာကို ဓာတ်ပုံထဲ တအံ့တသြ တွေ့ခဲ့လိုက်ရတော့ ဧရာဝတီမြစ်ကြီးများ အဲ့သလိုဖြစ်ခဲ့ရင်ဆို တွေးပြီး ဘိုးဘဖေ ရင်ထဲ ပူလောင်သွားမိခဲ့လိုက်သေးတယ်။

            ရာသီဥတုကလဲ အခုပူ အခုအေးနဲ့ ဖြစ်ချင်သလို ဖြစ်နေခဲ့တာ။ နေ့ဘက်ဆို အပူချိန်က ပျမ်းမျှအပူချိန်ထက်ကို မကျော်လွန်တဲ့နေ့ တစ်ရက်မှမရှိ။ အပူရှိန်ကြောင့် ကတ္တရာလမ်းမတွေတောင် အရည်ပျော်ချင်ချင်။ နာဂစ်နတ်ဆိုးလက်ချက်နဲ့ အရိပ်ရအပင်တွေ နည်းပါးကုန်တော့ ပူချင်လျှက် လက်တို့သလို ပူချက်ကကမ်းကုန်။ ဒီကြားထဲ မသမာသူလက်ချက်နဲ့ သစ်တောတွေ ပြုန်းတီးကုန်တော့ အပူကို ထိမ်းချုပ်နိုင်စွမ်းတွေ လျော့နည်းကုန်ရော။ အပူငွေ့က နေရာတိုင်းမှာ။ တံလျှပ်တွေက တဖျတ်ဖျတ် ထလို့။ တို့ထိမိသမျှ အရာတိုင်းက ပူကြွပ်ရွလို့။ လေပူတွေကလည်း ပူသည်ထက်ပူအောင် ပံ့ပိုးနေသလို။ ဘယ်နေရာကြည့်ကြည့် နေအရှိန်နဲ့ တလက်လက်။ အသက်ကြီးတော့ ပန်ကာလေမခံချင်တော့လို့ သင်ဖျူးယပ်တောင်လေး တဖျတ်ဖျတ်ခပ်ယုံ။

        အခုပဲကြည့်၊ ညသန်းခေါင်အချိန် အိပ်ရာထဲမှာ ချွေးဒီးဒီးကျနေလေပြီ။ အိပ်ရာက ပြန်ထ၊ စားပွဲပေါ်က ရေချိုင့်ထဲက ရေတစ်ခွက်ကို ဘိုးဘဖေ ခပ်သောက်လိုက်တယ်။ ခန္ဓာကိုယ်ရဲ့ ၆၅%ဟာ ရေနဲ့ဖွဲ့စည်းထားတယ်၊ ရေတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့၊ ပိတ်ဆို့နေတဲ့၊ အညစ်အကြေးတွေကို အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့ စာထဲမှာ ဘိုးဘဖေ ဖတ်ထားဖူးတယ်။ ရေသာမရှိခဲ့ရင် လူသားတွေအနေနဲ့ ရပ်တည်ရှင်သန်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သစ်ပင်နဲ့ တိရစ္ဆာန်တွေတောင် ရေလိုနေမှတော့ လူသားတွေအဖို့ ရေလိုအပ်တာ မဆန်းပါဘူး။ ဒါကြောင့် ဘိုးဘဖေ ရေနဲ့ပတ်သက်လာရင် အင်မတန်ဇီဇာကြောင်တယ်။ ရေကို အမြဲတန်ဖိုးထားတယ်။

            အခုတော့ ဘိုးဘဖေလဲ ဘာမှ မစွမ်းတော့တဲ့အချိန်ရောက်နေပြီ။ အမယ်ကြီး ရှိစဉ်က ရေချမ်းစင်လေးတော့ ချွေးမဖြစ်သူကို ဆက်တာဝန်ပေးထားရတယ်။ သဲအိုးလေးနှစ်လုံးနေရာ မှာ ခေတ်နဲ့အမီ ရေသန့်ဘူးနှစ်ဘူးက နေရာယူထားပြီ။ ဘိုးဘဖေကတော့ ဒီတိုက်ခန်းလေးထဲမှာ သူတစ်ကိုယ်ရေ ထိမ်းသိမ်းလို့ရသလောက် ရေနဲ့ပတ်သက်ရင် အလေအလွင့်မရှိစေဖို့ အစွမ်းကုန် ကြိုးစားအား ထုတ်တယ်။ အသက်ကြီးလာတော့ စိုးရိမ်ကြောင့်ကျစိတ်တွေ များလာတယ်။ အိမ်က သားတွေသမီးတွေက ရေသုံးကြမ်းတော့ အိမ်မှာ ရေပြတ်သွားမှာ ဘိုးဘဖေစိတ်က အလိုလို စိုးရိမ်နေမိတယ်။ မစိုးရိမ်ရှိပါ့မလား။ အိမ်က သားယောကျာ်းလေးတွေအားလုံး မလိုအပ်ပဲ တစ်နေ့ရေသုံးခါလောက် ချိုးတယ်။ သမီးတွေကလည်း အသန့်အပျံ့ ကြိုက်လွန်းတော့ ဆေးကြော
လျှော်ဖွတ်ရင် ရေကို မလိုအပ်ပဲ ဗုံးပေါလအောကို သုံးတာ။ ဖျံဝင်စား မြေးတွေကလဲ ရေချိုးခန်းထဲ ၀င်ရင် ရေချိုးတာကနည်းနည်း၊ ရေကစားတာက များများ။ အိမ်အကူကောင်မလေးတွေကလဲ ရေသုံးကြမ်း လိုက်တာများ ပြောမနေပါနဲ့တော့။ ရေဘုံဘိုင်တွေများ ကြပ်ကြပ်ပိတ်ပါ ပြောလဲမရ။ ဘုံဘိုင်ခေါင်းတွေက အမြဲရေစက်လက်ကျလို့ ဘိုးဘဖေတစ်ယောက် အိုကြီးအိုမနဲ့ လိုက်လိုက်ပိတ်ရတာ အခါပေါင်းမနည်း။ မီးဖိုးချောင်နဲ့ ရေချိုးခန်းရှေ့မှာများဆို ရေတွေက နှစ်ဆယ့်လေးနာရီ ဗွက်ထနေတော့ ချော်လဲပြုမှာစိုးမိလို့ အကူကလေးမလေးတွေကို “ညည်းတို့ ရေသုံးတာ လွန်တယ်၊ အခန်းတောင်ဗွက်ပေါက်တယ်၊ ရေတွေ သုတ်ဦးဆို” မကြခဏပြောမိပြန်တော့ အသက်ခွန်နှဆယ်အဘိုးကြီး နေရာတကာဝင်ပါတယ် ပြောဦးမယ်။

             အာဖရိကမှာ ရေရှားလွန်းလို့ နွားက စွန့်ပစ်တဲ့ ကျင်ငယ်ရေကို ကလေးတစ်ယောက်က ငုံ့ပြီးသောက်နေရှာတာ ပုံထဲမှာ ဘိုးဘဖေတွေ့တော့ ရင်ထဲနာကျင်မိခဲ့ရဖူးတယ်။ အဲ့ဒီလိုနေရာမျိုး ဘိုးဘဖေသားသမီးမြေးမြစ်တွေကို ပို့မိရင် ဘယ်လိုများ နေကြမလဲမသိဖူး။ တစ်နေ့အနည်းဆုံး ရေနှစ်ကြိမ် မှန်မှန် တင်နေရလို့ မီတာခ၊ ရေဖိုးဆိုတာ လစဉ်မနည်းပေးနေရလဲ ငွေရှာနေနိုင်တော့ သူတို့က မမှုပါဘူး။ သုံးနေဖြုန်းနေတော့တာပါပဲ။ အခုခေတ်ကာလ သားသမီးတွေ အသုံးနဲ့အဖြုန်း မကွဲပြားကြတာ။ လွယ်လွယ်ရ၊ လွယ်လွယ်သုံးနေကြတာ၊ တန်ဘိုးကို နားမလည်ကြဘူး။ ဘိုးဘဖေရဲ့မျက်စိနဲ့တော့ တယ်မတွေ့လှဘူး။ ရေအသက်တစ်မနက်ဆိုတဲ့ ဆိုရိုးအတိုင်း၊ ရေရှားပါးတဲ့ ခေတ်ကာလကြီးရောက်နေပြီ ဆိုတာ သင်းတို့လို လူငယ်တွေမသိကြ။ ပတ်ဝန်းကျင်ဗဟုသုတ ဘာဆိုဘာမှ မရှိကြ။ ဘိုးဘဖေတို့ ငယ်စဉ်က အမေက သောက်တဲ့ရေတောင် ရေခွက်ထဲကို ကိုယ်သောက်နိုင်သလောက် ထည့်ဖို့ သင်ကြားထားတယ်။ သောက်ရေတွေ ဗုန်းပေါလအော ခွက်ထဲထည့်၊ သောက်ပြီးပိုလို့ သွန်ပစ်ရင်တော့ ဆော်ပလော် အတီးခံရပြီသာ မှတ်ပေတော့။

            ဘိုးဘဖေရဲ့ တောင်စဉ်ရေမရအတွေးတွေက တနံတလျား တဆန့်ကြီး။ ဝေါခနဲ ရေလျှံသံ ကြားလိုက်ရလို့ အိပ်ရာက ခပ်သုတ်သုတ်ထရင်း နံရံက နာရီကို ကြည့်လိုက်တယ်။ အလို နာရီပြန်နှစ်ချက်တောင် နီးနေပြီပဲ။ အတွေးနယ်လွန်သွားလိုက်တာ မလျှံစဖူး ရေလျှံကျတဲ့အထိ ဖြစ်နေပြီ။ အမှန်တကယ် သူလို အိုကြီးအိုမက အချိန်မတော် ရေထတင်နေစရာကို မလို။ သားတွေ၊ မြေးတွေကို တာဝန်ယူ ဆောင်ရွက်နိုင်ဖို့ ညွှန်ကြားလက်ဆင့်ကမ်းရမှာ။ ဘိုးဘဖေ ခြေလှမ်းတွေက ရေမော်တာ ခလုတ်ပိတ်ဖို့ အိမ်ရှေ့ကို ထွက်ခဲ့တယ်။

   တစ်အိမ်လုံးက တိတ်ဆိတ်လို့။ ဘိုးဘဖေ တစ်ယောက်ထဲ သက်ဝင်လှုပ်ရှားလို့နေတာ။ ရေမော်တာခလုတ်လေးကို ပိတ်လိုက်ပြီး ရေချိုးခန်းဘက် ပြန်လျှောက် ခဲ့တယ်။ အင်း… အဘိုးကြီးအတွေးတွေ လွန်လိုက်တာ မလျှံစဖူး ရေတွေလျှံကျကုန်ပြီ။ ဘိုးဘဖေ ကျွတ်ခနဲ ကျွတ်စုတ်လိုက်ပြီး ပုဆိုးကို တိုတိုဝတ်၊ လျှံကျရေကြောင့် ရေချိုးခန်းထဲ ပေါလောမျောနေတဲ့ အ၀တ်လျှော်ဘရပ်ရှ်ကို ကောက်ယူပြီး နေရာမှာ ပြန်ထားလိုက်တယ်။ ပြီးတော့ မီးဖိုးထဲ ပြန်ဝင်လာ၊ ပန်းကန်စင်အောက်က နို့ဆီခွက်အဟောင်းလေးကို ယူပြီး ရေချိုးခန်းထဲ လျှံကျနေတဲ့ရေတွေကို   နို့ဆီခွက်စုတ်နဲ့ လက်ဆွဲရေပုံးအနက်လေးထဲ ခပ်ကာခပ်ကာ ထည့်လိုက်တယ်။

             “ ဂျစ်..ဂျစ်.. ဂျစ်… ဂျစ်”

             ရေခပ်လိုက်တိုင်း နို့ဆီခွက်နဲ့သံမံတလင်းထိရှတဲ့ တဂျစ်ဂျစ်အသံက တိတ်ဆိတ်နေတဲ့ညဥ့်အချိန် တိုက်ခန်းထဲမှာ စည်းချက်ကျကျနဲ့ ထွက်ပေါ်နေတယ်။ ဘိုးဘဖေရဲ့ အိမ်သူအိမ်သားများကတော့ အိပ်မောကျနေကြတာများ တုတ်တုတ်မျှ မလှုပ်ကြပါဘူး။ တအောင့်နေတော့ လက်ဆွဲရေပုံးထဲ ရေချိုးခန်းကြမ်းပြင်ပေါ် လျှံကျနေတဲ့ ရေတွေ ပြည့်သွားတယ်။ ဘိုးဘဖေ တစ်ချက် စဉ်းစားလိုက်တယ်။ ၀တ်ထားတဲ့ပုဆိုးမှာ ရေစတွေ စိုနေပြီ။ ဒီပုံအတိုင်းဆို တော်တော်နဲ့ ပြန်အိပ်ပျော် ဖို့ကလဲ လွယ်မယ်မထင်။ ဘိုးဘဖေ ဆုံးဖြတ်ချက်ချလိုက်တယ်။ လက်က ရေပုံးကိုသတိထားဆွဲ၊ ဘိုးဘဖေ တစ်ယောက် အိမ်ရှေ့ကို ခြေသံဖွဖွ ချွတ်နင်းလျှောက်ရင်း ထွက်ခဲ့တယ်။ အိမ်ရှေ့အ၀င်တံခါးချက်ကို အသံမထွက်အောင် ဖွင့်လိုက်တယ်။ လှေကားထစ်တလျှောက် ဟန်ချက်ညီညီ သတိထားပြီး ဆင်းခဲ့တယ်။

             အိမ်ရှေ့လမ်း ဓာတ်မီးတိုင်က မီးရောင်ဖျော့ဖျော့ ကတ္တရာလမ်းမထက်မှာ ဖြာကျနေတယ်။ ခွေးတချို့ အူသံကြားနေရတယ်။ သစ်သားရေချမ်းစင်လေးရှေ့ ဘိုးဘဖေရောက်တော့ လက်ထဲက ရေပုံးလေး ကို ရေချမ်းစင်နဘေးမှာ တယုတယ ချလိုက်တယ်။ ရေပုံးနဲ့ အတူပါလာတဲ့ နို့ဆီခွက်စုတ်လေးနဲ့ ပုံးထဲက ရေတွေကို မဖိတ်မစင်အောင် ခပ်ယူလို့ လောင်းချလိုက်တယ်။ ရေချမ်းစင်ပေါ်မှာ စိုက်ထားတဲ့ မြေဇာမြက်ပင်လေးများက ရေလောင်းလိုက်တဲ့ အရှိန်နဲ့ ယိမ်းနွဲ့သွားတယ်။ ဘိုးဘဖေရဲ့မျက်နှာ ပြုံးယောင်သန်းသွားတယ်။ ဒီလိုနဲ့ တစ်ခွက်ပြီးတစ်ခွက်။ ဂရုတစိုက်။ တစ်ခွက်ပြီး တစ်ခွက်။ ရေပုံးထဲက ရေတွေကုန်တဲ့အထိ လောင်းနေမိတယ်။

             “ အဖေ… ဒုက္ခပါပဲ.. ညကြီးမင်းကြီး အချိန်မတော် ဘယ့်နှယ့် ရေဆင်းလောင်းနေရတာလဲ၊ ဒုက္ခပါပဲ..”

             ဘိုးဘဖေရဲ့ လက်မောင်းကို တုန့်ခနဲ ဆွဲတာခံလိုက်ရတယ်။ သားဖြစ်သူက အိပ်မှုန်စုံမွှားအသွင်နဲ့ ဘိုးဘဖေကို အပြစ်မြင်တယ်။

             “ အဖေကတော့ သူငယ်ပြန်နေပြီထင်တယ်၊ အဖေလုပ်ရမဲ့ကိစ္စတွေ မဟုတ်ဘူး၊ မလုပ်ပါနဲ့ဆိုလဲ ပြောမရဘူး၊ ပတ်ဝန်းကျင်က မြင်တော့ သားသမီးတွေ အသုံးမကျ ဖြစ်တော့မှာပဲ အဖေရယ်၊ ညကြီးမင်းကြီး ချော်လဲနေမှ ကြည့်ကောင်းမယ်”

       သမီးငယ်က စိုးရိမ်စိတ်တ၀က်၊ စိတ်ပျက်ပုံတ၀က်နဲ့။ ဘိုးဘဖေကတော့ ဘာမှ တုန့်ပြန်ပြောမနေတော့။ ပြုံးယုံသာ ပြုံးနေလိုက်တော့တယ်။

             တအောင့်နေတော့ သားနဲ့သမီးက လက်မောင်းတစ်ဘက်တစ်ချက်တွဲခေါ်လို့ ဘိုးဘဖေ အိမ်ပေါ်ပြန်ရောက်ခဲ့တယ်။ ပုဆိုးလဲပြီး အိပ်ရာထဲက စောင်ခြုံအောက် ဘိုးဘဖေပြန်ရောက်ချိန်မှာတော့ အိပ်မပျော်နိုင်ပဲ မျက်လုံးတွေ ကြောင်နေတော့တယ်။ ဒါကိုသိပုံရတဲ့ သားဖြစ်သူက ရေတစ်ဖန် ခွက်နဲ့ ဆေးတစ်လုံးလာတိုက်တယ်။ ဘိုးဘဖေ အိပ်မပျော်တဲ့ညတွေဆို ဒီလိုပဲ ဖြတ်သန်းနေကျလေ။ မျက်ခွံကို အားတင်းလို့ မှိတ်လိုက်တယ်။ ဒါပေမဲ့ ဘိုးဘဖေ အိပ်မပျော်သေးဘူး။

             ရေသီးရေပေါက်များအောက်မှာ ယိမ်းနွဲ့နေတဲ့ မြက်ပင်လေးများက ဘိုးဘဖေရဲ့အတွေးထဲမှာ တအိအိနဲ့စိမ်းစိုလို့။

                    ဘိုးဘဖေ မျက်နှာကလဲ အေးမြစွာ ပြုံးတုံ့တုံ့။

                    ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျပါစေ။

index

Share
This entry was posted in ၀တ္ထု. Bookmark the permalink.

One Response to သဝေထိုးရကောက်ရေ ရေ

  1. ရေရဲ့ တန်ဖိုးကြီးမားပုံကို လူတိုင်းလူတိုင်း နားလည်ပေမယ့် လိုက်နာကျင့်သုံးဖို့ ခက်နေကြတယ်အစ်မ ရေ လွယ်လွယ်ရနေ လွယ်လွယ်သုံးနေကြတာပါပဲ
    ငွေနဲ့ ပေးဝယ်တိုင်းမရတဲ့ ရေအဖြစ် တချို့ ဒေသတွေမှာ တန်ဖိုးအင်မတန်ရှိနေပါပြီ
    မြေအောက်ရေသုံးစွဲမှုကို အစိုးရကနေ ကြပ်မတ်ပြီး ပညာပေးလုပ်ငန်းတွေလုပ်ပြီး အခုကတည်းက တစ်နိုင်ငံလုံးအတွက် ကြိုတင်ကာကွယ်ထားရမယ့် အခြေနေပါဗျာ့
    ကျွန်တော်ရောက်နေတဲ့ ဂန့်ဂေါမြို့ဆိုရင် မြစ်သာမြစ်ဘေးမှာ တည်ရှိနေပြီး ရေရှားနေပုံကတော့ ရပ်မိရပ်ဖအပါအဝင် မြို့နယ်အုပ်ချုပ်ရေးအဆုံး ကိုယ့်ဒေသကိုယ့်မြို့အတွက် ဆိုတဲ့ အတွေးနဲ့ အကျိုးစီး ပွားတာဝန်ယူမှုအပိုင်းကို မီးမောင်းထိုးပြနေသလိုပါပဲ အစ်မရေ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>