နတ်ရေးတဲ့ရွှေစာ

Number of View: 7258
14449711_10207209277819173_5289347810873453864_n၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ်၊ မြင်ကွင်းမဂ္ဂဇင်း မှာ ပါဝင်ခဲ့သည်။ (ပန်းချီ- မမွှေး)

မကြာခင် မင်္ဂလာဆောင်တော့မည့် သတို့သမီးများထဲမှာ စိတ်အတည်ငြိမ်ဆုံးသူလို့ သတ်မှတ်ရ လောက်အောင် နန္ဒာက မတုန်မလှုပ်။ နန္ဒာ မတုန်လှုပ်သလောက် ကိုကိုက စိတ်လှုပ်ရှားနေလိုက်တာများ နန္ဒာဖြင့် ရှက်အားပင် ပိုလာချင်သည်။ နန္ဒာစိတ်တွေက အဲ့ဒီလိုမျိုးပင်။ အရာရာကို ကြိုတင်တွေးပူနေတတ် သော်လည်း တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ဆိုလျှင် စိတ်တွေက အေးခဲတည်ငြိမ်သွားလေ့ ရှိသည်။

“နန္ဒာနော်.. မတုန်မလှုပ်နဲ့၊ ဘာလဲ.. ကိုကိုကို မယူချင်တော့ဘူးလား”

ကိုကို့ရဲ့ ပင်ကိုယ်သဘာဝက အငြိမ်။ ၀မ်းနည်းဝမ်းသာ ခံစားချက်ကို မျက်နှာပေါ်တင်မက၊ ဟန်အမူအရာဖြင့်ပါ ဖော်ပြတတ်သူမဟုတ်။ ဒါပေမယ့် မင်္ဂလာဆောင်ဖို့ ရက်နီးလာလေလေ၊ ကိုကို့ရဲ့ အပျော်တွေက မဖုံးနိုင်မဖိနိုင်လေလေ။ ကိုကို့အိမ်က မိသားစုဝင်တွေကတောင် ကိုကို့ အမူအယာကို ကြည့်ပြီး အံ့သြပြုံးတွေနဲ့ ပြုံးလို့။

စိုးရိမ်ပူပန်တတ်သူပီပီ ချစ်သူသက်တမ်း ဘယ်လောက်ပဲရှည်ကြာခဲ့သော်လည်း၊ နန္ဒာစိတ်က ဘ၀သစ်တစ်ခုထဲ တိုးဝင်ရမှာကို စိုးထိတ်လို့နေ၏။ ဖေဖေက ကိုကိုနှင့် ချစ်သူဖြစ်နေတာ သိခဲ့ချိန်တုန်း ကလည်း ဘာမျှမကန့်ကွက်ခဲ့။ ချစ်သူသက်တမ်း ငါးနှစ်ရောက်ချိန် လက်ထပ်ရန် ခွင့်တောင်းလာ ခဲ့ပြန်တော့လည်း “ကိုယ်တိုင်ဘ၀သစ်တစ်ခုကို ရွေးချယ်ခဲ့ပြီးပြီဆိုရင် ဆိုးဆိုးကောင်းကောင်း လက်ခံဖို့ အမြဲအသင့်ရှိပါ သမီး” ဟုသာ ပြောခဲ့သည်။

နန္ဒာ မေမေကို လွမ်းသည်။ မေမေရှိလျှင် နန္ဒာ ဤမျှ အေးစက်နေမည်မထင်။ ဖေဖေက ယောကျာ်းသား တစ်ယောက်ဆိုတော့ ဖေဖေ့ကို နန္ဒာ တိုးတိုးတိတ်တိတ် သိပ်မတိုင်ပင်ဖြစ်ခဲ့ပေ။ နန္ဒာတို့ မင်္ဂလာဆောင်တော့မည်ဟု ဖေဖေ့ကို ဖွင့်ပြောခဲ့စဉ်၊ ဖေဖေက သူမျက်ကွယ်မပြုသွားခင် မျိုးဆက်သစ် မြေးလေးတွေ မြင်တွေ့ ချီပွေ့သွားချင်သည်ဟု ပြောလာတော့ နန္ဒာစိတ်ထဲ ဖေဖေလဲ မေမေ့ကို သူ့နည်းတူ သတိများရနေသည်လားဟု တွေးမိသည်။

ကိုကိုက သူ့မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပြီး၊ သူ့အထက်မှာ အစ်မက သုံးယောက်။ ထက်မြက် အောင်မြင်တဲ့ အစ်မတွေကြားထဲမှာ ကိုကိုက အသက်သာ သုံးဆယ့်ငါးနှစ်ရှိသော်ငြား၊ အစ်မတွေ ရင်ခွင်ထဲတိုးဝှေ့လို့ ကလေးတစ်ယောက်လို နေတတ်သူမှန်း သိခဲ့ရတုန်းက နန္ဒာ အံ့သြလို့မဆုံး။ အိနြေ္ဒကြီးကြီးနဲ့ အေးအေးဆေးဆေးနေတတ်တဲ့ ကိုကို့ရဲ့စတိုင်ကို နှစ်သက်ချစ်မက်ခဲ့သူမို့ ဒီလို ကလေးဆန်ဆန် အပြုအမူတွေ တွေ့ခဲ့တုန်းက အံ့သြမင်တက်နေမိခဲ့ရသည်။ ယောင်းမများက ကိုကို့ချစ်သူ နန္ဒာ့ကို ညီမတစ်ယောက်လို ချစ်ကြပေမယ့်၊ နန္ဒာကို ကိုကို့ကို ဆက်ဆံသလို ကလေးတစ်ယောက်လို ဆက်ဆံတာကိုတော့ဖြင့် သဘောမကျလှပါ။

မေမေက နန္ဒာ့ကို တစ်ဦးတည်းသောသမီးမို့ ဘယ်အရာမဆို ရဲဝံ့တဲ့စိတ်၊ ကိုယ့်ကိုယ် ယုံကြည်မှုရှိတဲ့စိတ် ပျိုးထောင်ပေးခဲ့တာမို့၊ အရွယ်ရောက် လွန်မြောက်လို့ မကြာမီ အိမ်ထောင်ပြုတော့မယ့် နန္ဒာ့ကို လူကြီးတစ်ယောက်လိုသာ ဆက်ဆံစေချင်မိသည်။

မင်္ဂလာဆောင်ပြီးရင် ဘယ်မှာနေမလဲ စဉ်းစားချိန်မှာ နန္ဒာတစ်ယောက် ကိုကိုနဲ့ အခြေအတင် ဖြစ်ရသည်။ “မကြီးတို့က နန္ဒာ့ကို ချစ်နေကြပြီပဲ။ ကိုကိုတို့ အိမ်မှာ အခန်းလွတ်တွေလဲ ရှိနေတာ။ မကြီးတို့နဲ့ပဲ အတူတူနေရင် ကိုကို့နန္ဒာလေး ခြေမွှေးလက်မွှေးမီးမလောင်အောင် မကြီးတို့က ထားမှာ၊ အိမ်ထောင်ကျပြီး နန္ဒာကို မပင်ပမ်းစေချင်တာ ကိုကို့ဆန္ဒပါ၊ အိမ်ခန်းငှားနေရမယ့်စရိတ်လဲ သက်သာသွားတာပေါ့” လို့ ကိုကို ပြောလာတော့ နန္ဒာတစ်ယောက် သက်ပြင်းဖွဖွ ချမိ၏။

“နန္ဒာ့အိမ်မှာနေလဲ အိမ်ငှားစရိတ်သက်သာမှာပဲ ကိုကိုရဲ့၊ နန္ဒာ့အခန်းကို ကိုကိုနဲ့နှစ်ယောက် အတူနေလို့ရအောင် ပြုပြင်လိုက်ရင် ရတာပဲ၊ အိမ်ထောင်ကျပြီးမှတော့ နန္ဒာတို့က ကလေးတွေလို အပြုစုခံ မနေချင်တော့ပါဘူး။ လင်မယားနှစ်ယောက် လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်၊ အိမ်မှာဆို ဖေဖေကလဲ အပေါ်ထပ်က သူ့အခန်းမှာပဲနေတော့ အောက်ထပ်တစ်ထပ်လုံး နန္ဒာတို့နှစ်ယောက်ပဲ၊ ဖေဖေ အထီးကျန်နေမှာစိုးလို့၊ မဟုတ်ရင် နန္ဒာက ကိုကိုနဲ့နှစ်ယောက်ထဲ အိမ်တောင် ခွဲနေချင်သေးတာ၊ နန္ဒာ့အိမ်က အကောင်းဆုံးပါပဲ ကိုကိုရယ်” လို့ ပြောတော့ အစ်မတွေ စိတ်ကောက်ဦးမှာကို ကြိုမြင်နေသည့် ကိုကိုတစ်ယောက် ခေါင်းကုတ်ပြီး စိတ်ရှုပ်ခဲ့သေးသည်။

နေဖို့နေရာ ဆုံးဖြတ်ပြီးချိန် ယောင်းမများက နောက်တစ်စခန်း ထလာပြန်သည်။ နေ့ကောင်းရက် သာ ရွေးရမည်။ မင်္ဂလာသတို့သားနှင့်သတို့သမီး နေ့ရက်တွေ နက္ခတ်တွေ ကိုက်မကိုက် သိချင်သည်။ မင်္ဂလာနေ့ရောက်လျှင် ဘယ်အရောင်ဝတ်သင့်သည်ဆိုသည်ကို သူတို့လက်စွဲ နာမည်ကျော် ဗေဒင် ဆရာဆီ သွားမေးမည်။ နန္ဒာတစ်ရက်လောက် အချိန်ပေးပါဟု ကိုကိုဆိုလာတော့ နန္ဒာ စိတ်လေသွားရသည်။

“ကိုကိုနဲ့ နန္ဒာရဲ့ မွေးရက်တွေ မကိုက်ရင်ရော နန္ဒာတို့က မင်္ဂလာမဆောင်ရတော့ဘူးလား ကိုကို” လို့ ကိုကို့ကို ဘုတောမိတော့ ကိုကိုက “အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ နေ့နက္ခတ်တွေ မကိုက်ရင်လဲ ယတြာလေး၊ အဆောင်လေးနဲ့ ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဖြေလျော့ရတာပေါ့၊ နန္ဒာနဲ့ ကိုကိုရဲ့ ဘ၀တလျှောက် အဖုအထစ်မရှိ အဆင်ပြေအောင် မကြီးတို့က လုပ်ပေးတဲ့သဘောပါ နန္ဒာရဲ့”

နန္ဒာ အံ့သြရပြန်သည်။ မင်္ဂလာဆောင်ကာနီးမှ ကိုကိုနဲ့ ပတ်သက်ပြီး နန္ဒာ အံ့သြမှုတွေ ဆက်တိုက်ကြုံ နေရသည်။ “နေ့နံတွေ၊ နက္ခတ်တွေ၊ ရက်ကောင်းရာဇာတွေက ကိုကိုနဲ့ နန္ဒာတို့ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ဘယ်လိုနည်းနဲ့မှ မကွာဝေးစေနိုင်ပါဘူး ကိုကို၊ တစ်ခုပဲ ရှိတယ်၊ ကိုကိုက နန္ဒာ့အပြင် နောက်တစ်ယောက်ကို ကြိုက်မိလို့၊ နန္ဒာနဲ့နေရတာ ငြီးငွေ့လို့၊ နန္ဒာ့ကို မုန်းသွားလို့၊ အဲ့ဒီ ကိစ္စတွေကလွဲပြီး နန္ဒာတို့နှစ်ယောက် ဘယ်အကြောင်းနဲ့မှ ဝေးဖို့ မဖြစ်နိုင်ဘူး ကိုကို”

အဲ့သည်လိုပြောပြန်တော့ ကိုကိုက နန္ဒာ့ကို ရင်ခွင်ထဲ ထွေးပွေ့ပြီး “သူတို့လဲ ကိုကို့ကို ချစ်လွန်းတော့ စိုးရိမ်မိပြီး လုပ်မိလုပ်ရာ လုပ်မိတာနေမှာပါ နန္ဒာရယ်၊ နန္ဒာက လူငယ်ဆိုတော့ နားလည် ခွင့်လွှတ်ပေးလိုက်ပါ၊ ကိုကိုတို့အတွက် ဘာမှလဲ ထိခိုက်သွားတာမှ မဟုတ်တာပဲနော်” ဟု ပြောပြီး ချစ်သူနှင့်အစ်မများကြား ဗျာများနေပြန်လျှင် နန္ဒာမှာ ကိုကို့ကို သနားပိုမိသည်က တစ်ဘက်၊ မချင့်မရဲ ဖြစ်မိသည်က တစ်ဘက် ခံစားရပြန်၏။

နန္ဒာ သဘောနှင့်ဆိုလျှင် တရားရုံးမှာ လက်မှတ်တက်ထိုးပြီး၊ နန္ဒာ အင်မတန် သွားလှူချင်နေသော ဘုန်းတော်ကြီးကျောင်းလေးမှာ မိတ်ဆွေသူငယ်ချင်းများနှင့် အကျဉ်းချုံး မင်္ဂလာဆွမ်းလေး ကပ်လိုက်ချင်သည်။ စရိတ်စကတွေ အများကြီး အကုန်အကျမခံချင်တော့။ အခုတောင် နန္ဒာတို့အတွက် အိမ်မှာ မင်္ဂလာအခန်းလေး ပြင်ဆင်တာ၊ ခန်းဝင်ပစ္စည်းများ ၀ယ်ပေးတာနှင့် ဖေဖေ ပိုက်ဆံတွေ အတော်ကုန်နေပြီ။ ကိုကိုနှင့်နှစ်ယောက် အတူတူနေရမည့် အခန်းလေးကို နန္ဒာတို့ စိတ်တိုင်းကျ ပြင်ဆင်ခွင့်ရလို့သာ တော်ရော့သည်။

သည်တော့ နန္ဒာ စိတ်ကို လျှော့ချလိုက်သည်။ မင်္ဂလာရက်က ဘာမျှပင်မလိုတော့။ ကိုကို့အစ်မများ စိတ်တိုင်းကျ ဗေဒင်လည်း မေးပြီးပြီ။ နေ့ကောင်းရက်သာ ရွေးပေးတာ လက်ခံပြီးပြီ။ ဗေဒင်ဆရာအလိုကျ ခရမ်းရောင်သတို့သမီး ၀တ်စုံကိုလည်း မနှစ်သက်သော်ငြား ၀တ်ဖို့ နန္ဒာခေါင်းညိတ်ခဲ့ပြီးပြီ။ “မင်္ဂလာနေ့အတွက် ကိစ္စအ၀အ၀ကို နန္ဒာစိတ်ကုန်လွန်းလို့ ကိုကို့အစ်မတွေလက်ထဲ ကြိုက်သလိုသာလုပ်ဆို ၀ကွက်အပ်ထား လိုက်ပြီ ကိုကိုရေ” ဟုပြောမိတော့ ကိုကို့မျက်နှာက ကလေးတစ်ယောက်လို ၀င်းလက်သွားကာ “ အဲ့တာ အကောင်းဆုံးပဲ၊ မင်္ဂလာဆောင်နေ့ တစ်ရက်ထဲအတွက် နန္ဒာ့ယောင်းမတွေကို စိတ်ကြိုက်လုပ်ခွင့် ပေးလိုက်ပါကွာ၊ ကိုကိုတို့မှာ မိဘနှစ်ပါးလုံး မရှိတော့ဘူးဆိုတော့ သူတို့တွေက အစ်မကြီး အမိနေရာကနေ လုပ်ပေးချင်နေတဲ့သဘောပါ နန္ဒာရာ ” ဟု စိတ်လက် ပေါ့ပါးသွားသလို ပြော၏။

သည်လိုနှင့် မင်္ဂလာနေ့ရက်ကိစ္စကို ကိုကို့အစ်မများ လုံးပမ်းနေချိန်မှာတော့၊ ကိုကိုနှင့်နန္ဒာက အတူနေမည့် အိပ်ခန်းလေးကို နှစ်ယောက်အတူတူ ဆေးသုတ်ကြသည်။ အဖြူရောင်သုတ်ဆေးတွေ ပေပွနေသည့် နန္ဒာနှင့်ကိုကို၊ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ရယ်မိကြသည်။ ဆေးသုတ်ပြီးတော့ မင်္ဂလာကုတင်အတွက် ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ဖက်လုံး အားလုံးကို အဖြူရောင်ဆွတ်ဆွတ် ရွေးဝယ်လိုက်သည်။ မှန်တင်ခုံကလဲ အဖြူရောင် မလေးရှားကြိတ်သားနဲ့ ချစ်စရာ ခပ်သေးသေးပုံစံလေး။ နံရံကပ်ဘီဒိုကိုတော့ အလူမီနီယံ အဖြူရောင်လေး အပ်လိုက်သည်။ အိပ်ခန်းနံရံထောင့်တွင်တော့ ပန်းအိုးလေးတင်ဖို့ ကြိမ်စားပွဲလှလှလေးတစ်လုံး။ အိပ်ရာပေါ်က အိပ်ရင်း ဇိမ်ကျကျကြည့်နိုင်သည့် နံရံပေါ်နေရာတွင် တီဗီအပြားလေး ကပ်ထားလိုက်သည်။ အိပ်ခန်းလေး အသင့်ဖြစ်ချိန်မှာတော့ နှစ်ယောက်သား အိပ်ခန်းလေးကို ကြည့်ရင်း ကိုကိုက နန္ဒာ့ကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ နဖူးကို နမ်းမွှေး၏။ မင်္ဂလာဆောင်မတိုင်မီ အပျော်ရွှင်ရဆုံးအချိန်ကို ပြောရလျှင် နန္ဒာတို့ အိပ်ခန်းလေးကို နှစ်ယောက်အတူ ပြင်ဆင် မွမ်းမံနေရချိန်ပင် ဖြစ်မည်။

မင်္ဂလာပွဲ လက်မှတ်မထိုးခင် သုံးရက်အလိုတွင် ယောင်းမသုံးယောက် အိမ်ရောက်လာပြီး ရေပက် မ၀င်အောင် လုပြောနေသည်ကို နားထောင်ရင်း နန္ဒာတစ်ယောက် စိတ်တွေ ရှုပ်ထွေးလာရသည်။ မင်္ဂလာလက်မှတ်ရေးထိုးဖို့ အိမ်မှာပင် တရားသူကြီးခေါ် လက်မှတ်ရေးထိုးပြီး အိမ်နီးနားချင်း များနဲ့ ဆွေမျိုးအရင်းအချာအနည်းငယ်ကို လက်မှတ်ရေးထိုးတဲ့နေ့မှာ ဖိတ်ပြီး ဒန်ပေါက်ကျွေးမည်။ သက်သေအတွက်လဲ ဂုဏ်သရေရှိ မိတ်ဆွေ လင်မယားနှစ်ဦးကို ဖိတ်ခဲ့ပြီး၊ ဗီဒီယိုနဲ့ ဓာတ်ပုံမှတ်တမ်းတင်ဖို့လဲ စီစဉ်ထားပြီးပြီဟု ပြောလာတော့ ကိုကိုတစ်ယောက် မျက်နှာပျက်သွားသည်။ တရားရုံးချုပ်မှာ လက်မှတ်ထိုးဖို့ ဟိုးအရင်ထဲက နန္ဒာရော ကိုကိုပါ စိတ်ကူးယဉ်ခဲ့ပြီး၊ သက်သေအဖြစ် လက်မှတ်ရေးထိုးဖို့အတွက် နန္ဒာနှင့်ကိုကိုတို့၏မိတ်ဆွေ အချစ်ဆုံး သူငယ်ချင်းလင်မယားကို အကူညီတောင်းထားပြီးသားဖြစ်သည်။ တရားရုံးကအပြန် သူငယ်ချင်း လင်မယားနဲ့အတူ ရွှေတိဂုံ ဘုရားအတူတူတက်ဖူးပြီး နီးစပ်ရာဆိုင်တစ်ဆိုင်တွင် နေ့လယ်ဝင်စားကြမည်ဟု စီစဉ်ထားကြသည်။

အခုတော့ ဖေဖေက ဘာမသိညာမသိ “မောင်ကိုကို့ အစ်မတွေ စီစဉ်ထားတာ ကောင်းသားပဲ” ဟု ၀င်ပြောနေပြန်တော့ နန္ဒာရောကိုကိုပါ အခက်တွေ့ရလေပြီ။ စိတ်ကူးအိပ်မက်ထဲက အစီအစဉ်အားလုံး အခုတော့ သဲထဲရေသွန် ဖြစ်ရလေပြီ။ ကိုကို့အစ်မတွေ ပြန်သွားတော့ ကိုကိုပါ တပါတည်း လိုက်ပြန်ရသဖြင့် နန္ဒာတစ်ယောက် ရင်ထဲ ပြည့်ကျပ်နေသည့် ခံစားချက်တွေ ရင်မဖွင့်လိုက်ရပေ။ ရင်ထဲသက်သာလို သက်သာငြား “နန္ဒာ့တို့က စီစဉ်သမျှ လိုက်လျောနေရအောင် သက်မဲ့တွေမဟုတ်၊ သက်ရှိတွေ၊ ကာယကံရှင် တွေဘက်ကိုလဲ တဆိတ်လောက်တော့ မေးမြန်းကြပါဦး” ဟု အော်ဟစ်ပြော လိုက်ချင်မိသည်။ ညကျတော့ ပုံမှန်အတိုင်း နန္ဒာဖုန်းလေး မြည်လာသည်။ ဖုန်းမြည်သံတေးသွားက ကိုကို့အတွက်သီးသန့်မို့ ကိုကို့ ဖုန်းမှန်းသိသည်။ သို့သော် နန္ဒာ ဖုန်းကို စိုက်ကြည့်ပြီး မကိုင်မိပေ။ ကိုကိုက ဆက်တိုက်ခေါ်နေပြန်တော့ ရင်းထဲတင်းကျပ်နေရာက မျက်ဝန်းထဲ မျက်ရည်များပါရစ်ဝိုင်းလာရင်း ဖုန်းကို တီးလုံးသံ ဖျောက်ထားလိုက်မိသည်။ အခုနေခါ ကိုကိုနှင့် စကားပြောလျှင် သေချာပေါက် ရန်ဖြစ်ရတော့ မည်။ နန္ဒာ ကိုကိုနှင့် ရန်မဖြစ်ချင်ပေ။ တစ်ခဏနေတော့ ကိုကိုက “နန္ဒာလေး.. စိတ်မကောင်းဖြစ်နေ သလား၊ ကိုကိုလဲ စိတ်မကောင်းပါဘူး၊ မနက်အစောဆုံး ကိုကိုအိမ်ကို လာခဲ့မယ်၊ ခုတော့ အိပ်တော့နော်” ဟု မက်ဆေ့ခ်ျ လှမ်းပို့လာ၏။ အဲ့သည်ညက နန္ဒာတစ်ယောက် တော်တော်နှင့်အိပ်မပျော်ပါ။ ကိုကိုလဲ နန္ဒာ့နည်းတူ ရှိနေပေလိမ့်မည်။

မြန်မာမိန်းကလေးတစ်ယောက်မို့ တစ်သက်တစ်ခါသာ ဆောင်ရသည့် မင်္ဂလာပွဲအတွက် အကောင်းဆုံး အပြည့်စုံဆုံးဆိုတာတွေ ဖြစ်သင့်သည်ဆိုသည်မှာ မှန်သော်ငြား၊ ယောကျာ်းနှင့်မိန်းမ ချစ်ခင်စုံမက်၍ အိမ်ထောင်ရက်သားကျရာမှာ မလိုအပ်ပဲ ဇာချဲ့နေသည်များက နန္ဒာ့အတွက်တော့ အပိုအလုပ်တွေဟု ခံစားရသည်။ နောက်တစ်နေ့မနက် ကိုကိုရောက်လာပြီး နန္ဒာ့ကို တောင်းပန်သည်။ အဆုံးတွင် ကိုကို့ကို ချစ်တဲ့ နန္ဒာ့အတွက် စိတ်လက်မအီမသာဖြင့်သာ ကျေနပ်ပေးလိုက်ရသည်။ သို့သော် ကိုကို့ကို “မင်္ဂလာဆောင်ပြီး ရင်တော့ အခုလို နန္ဒာတို့ သဘောမတူပဲ ကိုကို့အစ်မတွေ တစ်ခုခု စီစဉ်လာခဲ့ရင် လုံးဝမှ လက်မခံနိုင်ဘူးနော်၊ ကိုကိုလဲ နန္ဒာမသိပဲ အစ်မတွေကို ခေါင်းမညိတ်ခဲ့နဲ့၊ ပကာသနတွေကို နန္ဒာ လုံးဝမှ မနှစ်သက်ဘူး၊ သူတပါးရဲ့ စိန်ရွှေကျောက်မျက်တွေနဲ့ တောက်ပနေမယ့်ဘ၀ထက်၊ နန္ဒာတို့နှစ်ယောက် အားထုတ်ထားတဲ့ ချွေးသွေးနဲ့ ရှိတာလေးနဲ့ပဲ နန္ဒတို့ဘ၀ကို အေးအေးချမ်းချမ်း တည်ဆောက်ချင်တယ်” ဟု ပြောမိတော့ ကိုကိုက နန္ဒာ့ဆံပင်တွေကို ဖွလိုက်ရင်း “အင်းပါ နန္ဒာရယ်၊ မင်္ဂလာဆောင်ပြီးတာနဲ့ ကိုကိုတို့ သဘောဖြစ်ပါပြီ၊ ကိုကို့ နန္ဒာလေးက တကယ့် မာနခဲလေးပဲ” ဟုပြောရာ “အဲ့တာ ပစ္စည်းမဲ့မာန ကိုကိုရေ၊ ကိုယ့်စွမ်းကိုယ်စ မာနလို့လဲ ခေါ်တယ်ရှင့်” ဟု ကက်ကက်လန် ပြန်ပြောမိ၏။

14441200_10207209278699195_3556895788064874100_nမင်္ဂလာဆွမ်းကျွေးသည့်နေ့ကတော့ နန္ဒာ့တို့ အိမ်လေးထဲ မှာ ဗီဒီယိုရိုက်သည့် မီးရောင်တ၀င်းဝင်းဖြင့် လူဝင် လူထွက်များ ခဲ့သည်မို့ ဘေးအိမ်တွေ ၀ိုင်းကြည့်ကြ၏။ ပိုဆိုးသည်က ကိုကိုက နန္ဒာတို့အိမ်ကို ၀င်သည့်အချိန် အစ်မများစီစဉ်ပေး ထားသည့် အုန်း၊ ငှက်ပျော ကန်တော့ပွဲကြီးကို မျက်နှာနီနီနဲ့ မ ပြီး ၀င်လာသည်မို့ နန္ဒာ့မှာ ရှက်အားပိုနေသည့် ကိုကို့ကို မရယ်ရက်ပဲ အသနားကြီး အသနားခဲ့ရသည်။ သက်သေ လက်မှတ် ထိုးပေးရန် ပြောထားမိသည့် သူငယ်ချင်း လင်မယား ကိုလဲ အဲ့သည်နေ့က တောင်းပန်ပြီး ဖိတ်ထားမိ တာမို့၊ သူတို့လည်း နန္ဒာတို့ဖြစ်အင်ကို မျက်မြင်ဒိဋ္ဌတွေ့ကာ နားလည်သွားတော့သည်။

မင်္ဂလာဆွမ်းကျွေးပြီး နောက်တစ်ပါတ်ကတော့ နန္ဒာနှင့် ကိုကို၏ ဧည့်ခံပွဲနေ့ ဖြစ်သည်။ မူလ နန္ဒာတို့ မင်္ဂလာဆွမ်းကျွေးရန် ရည်ရွယ်ထားသည့် ဘုန်းတော် ကြီးကျောင်းမှာ ကိုကို့အစ်မများက မလုပ်စေတော့ပဲ၊ ခန်းမတစ်ခုမှာ ဧည့်ခန်းပွဲလုပ်စေပြန် သည်။ နန္ဒာနှင့်ကိုကို စိတ်လျော့ထားလိုက်ပြီမို့ ဘာဆိုဘာမျှ မပြောချင်တော့။

“အခါတော်…ပေးတာက… နတ်ရေးတဲ့ရွှေစာ…
သာသနာရောင်လင်း…. ကောင်းခြင်း ခု သည်ချိန်ခါ….”

အဆိုတော်က အခါတော်ပေးသီချင်းနဲ့ ပွဲထုတ်ချိန်မှာတော့ ပွဲမထွက်ချင်ပါဘူးဆိုသည်ကို အတင်း ထွက်ခိုင်းခဲ့တာမို့ လျှောက်လမ်းတလျှောက် နှစ်ယောက်သား အယောင်ယောင်အမှားမှားနှင့် စိတ်မွန်းကြပ်စွာ လျှောက်ခဲ့ရသည်။ ကိုကိုရော နန္ဒာပါ မိစုံဘစုံ မရှိတော့သဖြင့်၊ ကိုကို့ဘက်က ကိုကို့ အစ်မကြီး လင်မယားနှင့် နန္ဒာ့ဘက်က ဖေဖေနှင့်အတူ ကိုကို့အစ်မအပျိုကြီးတစ်ယောက်က မိဘအရာကနေ အတူဝင်လျှောက်ပေး သဖြင့်၊ စိတ်မွန်းကြပ်လျှက်က ရယ်မိရသေးသည်။ ကိုကိုရော နန္ဒာပါ ဖိတ်ထားသည့် အသိမိတ်ဆွေများအား တွေ့စဉ် စင်ပေါ်က ဟိတ်ဟန်မလုပ်နိုင်ပဲ လက်ပြနှုတ်ဆက်မိကြ၏။

မင်္ဂလာပွဲအပြီးမှာတော့ နန္ဒာက လက်ဖွဲ့ပစ္စည်းများအား ကိုကို့အစ်မများအိမ်မှာပဲ သိမ်းထားပေးပါ ဆို ယောင်းမများ အတင်းတားသည့်ကြားက ကားပေါ်သို့ တင်ပေးလိုက်၏။ မင်္ဂလာဆောင်က ရရှိခဲ့သည့် လက်ဖွဲ့ငွေများ စုစည်းထားသည့် အထုတ်တစ်ထုတ်ကို ကိုကို့အစ်မကြီးက ကိုကို့ လက်ထဲ ထည့်ပေးရင်း မောင်ဖြစ်သူကို နှမျောသည့် မျက်ဝန်းများဖြင့် ကြည့်၏။

မင်္ဂလာခန်းမကနေ အိမ်ကို ပြန်ရောက်ချိန်မှာတော့ နန္ဒာ့စိတ်တွေ ပေါ့ပါးလွတ်လပ်သွားသလို ခံစားလိုက်ရ၏။ ကိုကိုကရော။ ကိုကိုက အစ်မများကို လွမ်းနေမည်လား။ နန္ဒာ မယားဝတ္တရားကျေပွန်အောင် ကိုကို့ကို ပြုစုယုယသွားမှာပါ ကိုကို ဟု စိတ်ထဲက ပြောမိသည်။

ကိုကိုက အိပ်ခန်းထဲ ရောက်လျှင်ရောက်ချင်း နန္ဒာ့လက်ကိုဆွဲလို့ ဖြူလွှနေသည့် ကုတင်ပေါ်ထိုင် ခိုင်းလိုက်တော့ နန္ဒာ့ရင်တွေ တဒိန်းဒိန်းခုန်သွားရ၏။ မြန်မာသတို့သားဝတ်စုံနှင့် ကိုကိုက သည်နေ့မှ ပိုချောပိုခန့် နေသလိုလို။ ကိုကိုက တိုက်ပုံအိကျီ င်္အိတ်ထဲက လက်ဖွဲ့ငွေထုတ် ကို ဖြည်ပြီး ငွေများကို ရေတွက်လိုက်၏။ ပြီးလျှင် ငွေများကို လေးပုံပုံလိုက်ပြီးလျှင် စာအိတ် (၄) လုံးယူ၍၊ ခွဲထားသည့်အတိုင်း ငွေများကို စာအိတ်ထဲ ထည့်လိုက်၏။ ကိုကိုအပြုအမူက နန္ဒာ့အတွက် ထူးဆန်းနေသည်။ ပြီးလျှင် ကိုကိုက စာအိတ်တစ်အိတ်စီပေါ်တွင် ဘောပင်ဖြစ် ချရေးနေပြန်သည်။ နန္ဒာ့လက်ထဲကို ထည့်ပေးလိုက်သည့် စာအိတ်လေးများပေါ်က ရေးထားသည်များကို ကြည့်မိလိုက်ချိန် မှာတော့ နန္ဒာတစ်ယောက် ကိုကိုရဲ့ “မင်္ဂလာဆောင်ပြီးတာနဲ့ ကိုကိုတို့ သဘောဖြစ်ပါပြီ” ဟု ပြောခဲ့သည်ကို ပြန်သတိရမိလိုက်ပြီး၊ ကိုကို့ကို ချစ်သော မေတ္တာစိတ်များဖြင့် ရွှန်းရွှန်းစားစား ကြည့်မိရင်း ကိုကို့လည်ပင်းကို သိုင်းခို၍ ဖက်တွယ်ထားလိုက်မိ တော့သည်။

နောက်တစ်နေ့ မနက်မှာတော့ ဖေဖေ့ကို ကိုကိုနှင့် နန္ဒာ မင်္ဂလာဦးငွေ စာအိတ်လေးဖြင့် ကန်တော့၏။ ထို့အတူ့ ကိုကို့အစ်မများကိုလဲ စာအိတ်လေးတစ်လုံးဖြင့် ကန်တော့ဖြစ်ရာ “မကြာမကြာ လာလည်ကြနော် မောင်လေး” ဟု အစ်မများက မျက်ရည်တလည်လည်ဖြင့် မှာ၏။ အစ်မတို့ အိမ်ကအပြန် စာအိတ်တစ်လုံးထဲက ငွေဖြင့် အနာဂတ်မှာဖြစ်လာမည့် ကိုကိုနှင့်နန္ဒာ၏ ရင်သွေးလေးအတွက် ဘဏ်တွင် အမှတ်တရ သွားစုဖြစ်သည်။

နောက်ဆုံး လက်ကျန်စာအိတ်လေးအတွက် နှစ်ယောက်သား၏ ခြေလှမ်းများက သွက်လက်လို့နေသည်။ ရည်ရွယ်ခဲ့သော်ငြား ကိုကိုနှင့်နန္ဒာ မင်္ဂလာဦးဆွမ်းကျွေး မပြုလုပ်ခဲ့ရသည်၊့ နွမ်းပါးသည့် ဘုန်းတော်ကြီး ပညာသင်ကျောင်းလေးဆီသို့ ရောက်ချိန်မှာတော့ နှစ်ဦးသား၏မင်္ဂလာဦးဆန္ဒ ပြည့်ဝသွားပြီကို သိလိုက်ရ၏။

ဆရာတော်ကို ဦးချကန်တော့ပြီးချိန်မှာ မင်္ဂလာဦးအတွက် မင်္ဂလာရှိတဲ့အလှူ ယခုမှ အမှန်တကယ် ထမြောက်သွားပြီမို့ ကိုကိုရောနန္ဒာပါ ကြည်နူးကျေနပ်စိတ်ဖြင့် ခံစားသိလိုက်ရ၏။

တကယ်တော့ ဘ၀တစ်ခုထူထောင်ရာတွင် နှစ်ဦးထဲဖြင့် မပြီးပဲ၊ နှစ်ဘက်မိသားစုများ ဆက်နွယ်ပါဝင် လာမည်ကို သိထားသော်ငြား၊ နန္ဒာကမူ နှစ်ဘက်မိဘ အကူအညီ လွှမ်းမိုးမှုကို မခံယူလိုပဲ ဘ၀ခရီးကို ချစ်သောသူဖြင့်သာ ဒိုးတူဘောင်ဘက် လက်တွဲ၍ ကျော်ဖြတ်ချင်သူ ဖြစ်လေသည်။ တင်းတင်းဆုတ်ကိုင် ထားသည့် ကိုကို့လက်ဖ၀ါးက နွေးထွေးနေပြန်တော့ ယုံကြည်ချက်ဖြင့် နှစ်ယောက် အတူတူ ရှေ့ဆက် ရမည့် ဘ၀ခရီးရှည်ကြီးကို ကျော်ဖြတ်ဖို့ အားမာန်တွေ တဖန်ပြည့်လာရပြန်သည်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျပါစေ။

index

Share
This entry was posted in ၀တ္ထု. Bookmark the permalink.

One Response to နတ်ရေးတဲ့ရွှေစာ

  1. jasmine says:

    ကိုကိုနှင့် နန္ဒာတို့ရဲ့မင်္ဂလာပွဲကိုမြင်တွေ့ရသလိုခံစားရင်း
    သက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေလို့

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>