ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား

Number of View: 12627

cover

“ဘာရယ်… ပြန်ပြောစမ်းပါဦးဝတီ”

ခင်မင်းလွင်တစ်ယောက်စိုးရိမ်စိတ်ကြီးစွာအလောတကြီးမေးလိုက်မိ၏။သိမ့်ဝတီကတော့မတုန်မလှုပ်ကျောက်ဆစ်ရုပ်။

“ခင်မင်း…. နင်ငါ့ကိုခွင့်မလွှတ်ပါနဲ့၊ငါ့မှာသီဟနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ခင်မင်း”

နှုတ်ကတိုးဖွဖွဖွင့်အံကျလိုက်သော်လည်း၊ခင်မင်းလွင်နားထဲဗုံးတစ်လုံးကျပေါက်ကွဲသလို။သို့တည်းမဟုတ်နာကျင်စွာနှင့်ညည်းတွားလိုက်သည့်ရင်ကွဲနာ။

“၀တီရယ်၊ငါအတန်တန်ပြောခဲ့ရက်နဲ့သတိပေးခဲ့ရက်နဲ့ဖြစ်ရတယ်လို့ဟာ၊နောက်ပြီးနင်သိုသိပ်လိုက်တာ၊ငါ့ကိုဘာမှမပြောပြခဲ့ပါလား”

ခင်မင်းလွင်၏မချင့်မရဲစကားသံကဘေးလူကြားလျှင်သာမန်စကားဟုသာထင်ပါလိမ့်မည်။သို့သော်သိမ့်ဝတီ့အနေဖြင့်မူခင်မင်းလွင်၏ဘ၀နှင့်ရင်းပြီးပြယ်လွင့်ကြေမွခဲ့ရသည့်ရက်ကွဲပက်လက်အဖြစ်များကိုခရေစေ့တွင်းကျသိထားခဲ့သူမို့၊ဤမချင့်မရဲစကားကိုရင်နှင့်အမျှခံစားသိနားလည်နိုင်ပါသည်။

 xxx

 “ခင်မင်းတို့မေဂျာကသူငယ်ချင်းတွေနဲ့ပရဟိတအဖွဲ့ရေဘေးအလှူခရီးသွားတုန်း၊အဖွဲ့မှာအတူပါလာတဲ့ကိုကိုနဲ့ခင်မင်းဆုံတွေ့ခဲ့ကြတာပေါ့၊အဲ့ဒီခရီးမှာကိုကိုနဲ့စသိခဲ့ရတယ်။ကိုကိုကပေါင်းသင်းဆက်ဆံရေးကောင်းယုံမက၊စီမံခန့်ခွဲတတ်တော့ခရီးတလျှောက်လုံးကိုကို့ကိုခင်မင်မိခဲ့ရတယ်။ခရီးကပြန်လာပြီးနောက်ပိုင်းခင်မင်းနဲ့ကိုကိုအဆက်အသွယ်မပြတ်တော့ဘူး၊ဖုန်းအမြဲအဆက်အသွယ်ရှိတယ်၊တချို့ညတွေဆိုတစ်ညလုံးဖုန်းပြောကြတယ်၊ကိုကိုကခင်မင်းရဲ့အတွေးထဲမှာနေ့ရက်တိုင်းစက္ကန့်မလပ်ရှိလာတော့ကိုကို့ကိုခင်မင်းချစ်နေပြီဆိုတာသိလိုက်ရတယ်၊ဒီလိုနဲ့ကိုကိုကချစ်တယ်လို့ပြောလာချိန်မှာခင်မင်းဟန်တောင်မဆောင်နိုင်တော့ပဲခေါင်းညိတ်မိခဲ့တယ်၊သူငယ်ချင်းတွေကခင်မင်းတို့စုံတွဲကိုနတ်ဖက်တဲ့ချစ်သူတွေလို့ပြောခဲ့ကြတယ်၊ကိုကိုကခင်မင်းကိုသိပ်ချစ်ခဲ့တယ်လို့ခင်မင်းယုံမိခဲ့တဲ့အချိန်ပေါ့”

ခင်မင်းယူလာပြသည့်ဓာတ်ပုံထဲမှကိုကို့ပုံကနှုတ်ခမ်းပါးရဲရဲ၊ဆံညိုခွေခွေလေးများနှင့်ယောကျာ်းပီသသည့်မျက်နှာထားကခင်မင်းလွင်ကြွေမယ်ဆိုလျှင်လည်းကြွေလောက်ချင်စရာပင်။ခင်မင်းလွင်သိပ်ချစ်ခဲ့မည်ဆိုတာယုံမှားသံသယဖြစ်စရာမရှိ။သို့သော်ခင်မင်းလွင်၏နောက်ဆက်တွဲစကားတွေကတော့သိမ့်ဝတီ၏သိချင်စိတ်ကိုနှိုးဆွလာခဲ့သည်။

“ခင်မင်းကိုမသိသူတွေကချစ်သူရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်လို့ထင်ကြတယ်။ဝတီကအစအဲ့ဒီလိုထင်ခဲ့တယ်မဟုတ်လား၊တကယ်တမ်းကပြည့်ဖုံးကားချထားတဲ့ခင်မင်းရဲ့အစိတ်စိတ်အမြွာမြွာအက်ကွဲခဲ့တဲ့နောက်ပိုင်းဇာတ်ကိုအခုအချိန်အထိခင်မင်းကလွဲလို့ဘယ်သူမှမသိခဲ့ပါဘူးဝတီ”

“ အင်းပါ… ပြောပြစမ်းပါခင်မင်းရယ်၊ခင်မင်းနဲ့ဝတီခင်လာတာပဲဘယ်နှစ်နှစ်ရှိနေပြီလဲ၊ခင်မင်းကိုမှမပြောပြရင်ဝတီဘယ်သူ့ကိုပြောပြမလဲလို့”

တစ်ဦးတည်းသောသမီးသိမ့်ဝတီ၏ဖခင်ကအစိုးရပိုင်းအရာရှိတစ်ဦးဖြစ်၍တာဝန်ဖြင့်မန္တလေးတွင်နေထိုင်ကာ၊ဆရာဝန်ဖြစ်သူအမေကလည်းခင်ပွန်းဖြစ်သူနှင့်သျှောင်နောက်ဆံထုံးပါလိုက်နေရသဖြင့်၊သိမ့်ဝတီမှာရန်ကုန်အိမ်တွင်ကြီးတော်ကြီးနှင့်နှစ်ယောက်အတူနေထိုင်ကာဘွဲ့လွန်တက်သူတစ်ဦးဖြစ်သည်။ခင်မင်းလွင်ကတော့နယ်မြို့လေးတစ်မြို့မှဖြစ်ပြီးရန်ကုန်တွင်အဆောင်နေကာဘွဲ့လွန်တက်နေသူဖြစ်သည်။

ညိုစိမ့်စိမ့်အေးချမ်းသည့်မျက်နှာပိုင်ရှင်ခင်မင်းလွင်နှင့်၊ခေတ်လူငယ်ပီပီထက်ထက်မြက်မြက်နှင့်ချောမောသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားသူသိမ့်ဝတီတို့ဘွဲ့လွန်တက်ရင်းခင်မင်ရင်းနှီးခဲ့ရသည်။တစ်ဦးတည်းသောသမီးသိမ့်ဝတီကခင်မင်းလွင်ကိုညီအစ်မအရင်းအချာကဲ့သို့ခင်တွယ်လှသည်။ရံဖန်ရံခါကြီးတော်နှင့်နှစ်ယောက်ထဲသာရှိသောသိမ့်ဝတီတို့အိမ်သို့ခင်မင်းလွင်တစ်ယောက်ညအိပ်ညနေပင်လိုက်သွားဖြစ်သည်အထိနှစ်ဦးကြားသံယောဇဉ်ကထုထည်ခိုင်မာခဲ့သည်။ခုတော့ညီမသဖွယ်ချစ်ခင်တွယ်တာရသောသိမ့်ဝတီကိုခင်မင်းလွင်တစ်ယောက်ရက်ပေါင်းများစွာမျိုသိပ်ကျိတ်မှိတ်ထားခဲ့ရသမျှဖွင့်အံချမိလေသည်။

“ကိုကိုနဲ့ခင်မင်းချစ်သူဖြစ်သွားပြီးနောက်ပိုင်းတစ်ရက်မှာကိုကို့သူငယ်ချင်းတွေနဲ့အတူကမ်းခြေတစ်ခုကိုခရီးအတူထွက်ဖြစ်ခဲ့ကြတယ်၊အဲ့ဒီခရီးမှာပါလာသူတွေအားလုံးကချစ်သူစုံတွဲတွေချည်းပဲ”

ကမ်းခြေရောက်လျှင်အတူပါလာသည့်စုံတွဲများကဟိုတယ်အခန်းတစ်ခန်းစီအသီးသီးယူကြချိန်တွင်၊ခင်မင်းလွင်ကရုတ်ချည်းစိုးရွံ့ပြီး၊ကိုကိုနှင့်တစ်ခန်းထဲအတူတူမနေချင်ကြောင်းပြောမိသည်။ကမ်းခြေရောက်လျှင်အတူလာမိန်းကလေးများတစ်ခန်းထဲစုစည်းနေရမည်ဟုထင်မှတ်ခဲ့သောခင်မင်းလွင်နှင့်ကမ်းခြေတွင်အတူတူတစ်ခန်းထဲအပမ်းဖြေချင်သည့်ကိုကိုတို့စကားအခြေအတင်ပြောခဲ့ရသည်။

“ခင်မင်းလေ… နောက်ဆုံးတော့ကိုကို့ကိုချစ်လို့ရော၊ယုံကြည်မိလို့ရော၊ကိုကို့ဆန္ဒကိုလိုက်လျောပေးဖြစ်ခဲ့တယ်”

မျက်လွှာချပြီးပြောလိုက်သည့်ခင်မင်းလွင်၏စကားကြောင့်သိမ့်ဝတီ၏မျက်လုံးလေးများဝိုင်းစက်သွားရ၏။

“ဟုတ်တယ်၊ခင်မင်းတို့အဲ့ဒီခရီးသုံးရက်မှာအတူနေဖြစ်ခဲ့တယ်၊ကိုကိုနဲ့ခင်မင်းကလက်ထပ်ဖို့အထိရည်ရွယ်ထားခဲ့ကြသူတွေ၊ကိုကို့ကိုယုံကြည်မိခဲ့တယ်လေ၊အဲ့ဒီအချိန်ကခင်မင်တို့တကယ်ပျော်ခဲ့ရပါတယ်၊ကမ်းခြေခရီးကပြန်လာပြီးကိုကိုနဲ့ခင်မင်းအရင်အတိုင်းပါပဲ၊အချစ်မပျက်ခဲ့ပါဘူး၊တစ်လလောက်အကြာမှာကိုကိုကသူနိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့စီစဉ်နေတာအဆင်ပြေပြီ၊အလုပ်ဝင်ဖို့အမြန်သွားရတော့မယ်၊သူနည်းနည်းအခြေကျတာနဲ့ခင်မင်းကိုပြန်လာလက်ထပ်ပြီးဟိုကိုအပြီးခေါ်သွားမယ်ဆို၊ခင်မင်းဟိုရောက်ရင်အလုပ်လုပ်နိုင်အောင်လိုအပ်တဲ့သင်တန်းတွေဘာတွေတက်ဖို့၊ပါ့စပို့တွေဘာတွေလျှောက်ထားနိုင်ဖို့ကအစ၊မသွားခင်ကိုကိုကပဲအစစအရာရာစီစဉ်ပေးခဲ့တယ်၊ကိုကိုနိုင်ငံခြားသွားတော့ခင်မင်းလေဆိပ်အထိလိုက်ပို့ပေးခဲ့တယ်၊အဲ့တာကိုကိုနဲ့ခင်မင်းနောက်ဆုံးတွေ့တာပဲဝတီ”

နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းဟုမထင်မှတ်ထားခဲ့သည့်ကိုကို၏နိုင်ငံခြားခရီးစဉ်နောက်ပိုင်း၊ကိုကိုကခင်မင်းလွင်ကိုအစိမ်းဖြတ်ဖြတ်ခဲ့သည်။ကိုကိုပေးခဲ့သည့်ဖုန်းနံပါတ်ကိုလဲဖုန်းဆက်သွယ်၍မရ။အီးမေးလ်ပို့ပြန်တော့လည်းစာမပြန်။အင်တာနက်အသုံးပြုပြီးဗိုင်ဘာ၊ဖေ့ဘုတ်ကနေဆက်သွယ်လည်းမရတော့။ကိုကိုလုံးလုံးခြေရာဖျောက်သွားလေပြီ။ကိုကို့သူငယ်ချင်းများမှတဆင့်ကိုကိုနှင့်သော်လည်းကောင်း၊အဆက်အသွယ်ရရှိရန်ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်းမည်သို့သောအဆက်အသွယ်မျှမရရှိခဲ့။ခင်မင်းတစ်ယောက်ကိုကို့ကိုနာကျည်းဖို့ဝေးစွ၊ကိုကိုတိုင်းတပါးမှာဘာတွေများအဆင်မပြေဖြစ်နေသလဲတွေးကာစိုးရိမ်ပူပန်စိတ်များကနေ့စားမ၀င်ညအိပ်မပျော်နှင့်လွမ်းမီးတွေတောက်ကာသောကတွေပင်လယ်ဝေနေခဲ့ရသည်။ထိုအချိန်မှာပင်တစ်ပူပေါ်နှစ်ပူဆင့်ပြဿနာတစ်ခုကပေါ်လာခဲ့ပြန်သည်။

“ ခင်မင်းခေါင်းမီးတောက်သွားတယ်ဝတီ၊ပုံမှန်ရာသီသွေးကရက်တွေအတော်ကျော်နေပြီဆိုတာသိလိုက်ရတယ်၊ပထမတော့စိတ်သောကတွေရောက်နေချိန်မို့ရက်တွေရွေ့ကုန်တယ်ထင်မိတာ၊နည်းနည်းကြာလာတော့ကိုယ့်ကိုယ်ကိုမသင်္ကာတော့ဘူး၊ဒါနဲ့ဆေးခန်းသွားပြကြည့်တော့ခင်မင်းမှာကိုယ်ဝန်ရှိနေပြီတဲ့”

“ဖြစ်ရလေခင်မင်းရယ်”

ထိုအချိန်ကာလများသည်ခင်မင်းလွင်အတွက်အရှင်လတ်လတ်ငရဲကျနေသည့်ကာလများပင်။နယ်ကမိဘများအားလည်းအသိမပေးရဲ၊မည်သူကိုမျှတိုင်ပင်ရမည်မသိနှင့်ကူရာကယ်ရာမဲ့နတ္ထိဖြစ်နေခဲ့၏။

“ခင်မင်းရဲ့တစ်ခြမ်းပဲ့ဘ၀လေးထဲတိုးဝင်လာတဲ့အဲ့ဒီကလေးလေးကိုကံဆိုးတယ်ပြောရမလား၊ဒါမှမဟုတ်ခင်မင်းကိုယ့်ကိုယ်ကိုကံကောင်းလို့သာပဲလို့ဖြေသိမ့်လိုက်ရမလား၊မဝေခွဲတတ်တော့ဘူး၊တစ်မနက်အိပ်ရာအထမှာလွယ်ထားရတဲ့သန္ဓေသားလေးပျက်ကျတယ်၊အဆောင်ကအခန်းဖော်အကူအညီနဲ့ခင်မင်းဆေးရုံတက်ပြီးသားအိတ်ခြစ်ထုတ်ပစ်ခဲ့ရတယ်၊ခင်မင်းအဲ့ဒီတစ်နေ့လုံးသည်းသည်းထန်ထန်ငိုကြွေးခဲ့တယ်၊ခင်မင်းရဲ့စိတ်ထဲမှာနှလုံးသားထဲမှာခန္ဓာကိုယ်ထဲမှာဘာဆိုဘာမှမကျန်တော့ဘူးဆိုတဲ့အသိနဲ့ပေါ့”

ခင်မင်းလွင်ဆေးရုံမှရက်ပိုင်းအတွင်းပြန်လည်ဆင်းလာပြီးနောက်အိနြေ္ဒရည်မပျက်ကျောင်းပြန်တက်ခဲ့သည်။ခင်မင်း၏နယ်မှမိဘများသာမက၊သူငယ်ချင်းများပင်ဤအဖြစ်အပျက်ကိုမသိလိုက်ကြ။အချိန်ယန္တယားကရက်မှလ၊လမှနှစ်သို့ကူးပြောင်းလာသောအခါ၊ကိုကို့ကိုသတိရလွမ်းတနေမိခဲ့သည့်နေရာတွင်၊ကြေကွဲမှုနာကြည်းမှုများကအုံနှင့်ကျင်းနှင့်အစားထိုးဝင်ရောက်လာသည်။ဘ၀ရပ်တည်မှုအတွက်မိမိကိုယ်ကိုပြန်လည်မတ်တည်နိုင်ချိန်တွင်ကိုကို့သူငယ်ချင်းများထံမှကိုကိုပြည်ပတွင်အိမ်ထောင်ကျနေပြီဆိုသောသတင်းကြားလာရသည်။ထိုသတင်းကိုခင်မင်းလွင်အပြုံးမပျက်နားထောင်လာနိုင်သည်အထိမာကျောရင့်ကျက်လာခဲ့ရသည်။ဖြစ်နိုင်လျှင်ဤအတိတ်ဆိုးကိုဘ၀ထဲမှအပြီးတိုင်းဆွဲထုတ်မြေမြုပ်သဂြိင်္ုလ်လိုက်ချင်မိသည်။

“ခင်မင်းလိုဖြစ်မျိုးဘယ်မိန်းကလေးကိုမှမကြုံစေချင်ဘူး၊အချစ်ဆိုတာတာဝန်ယူမှုတာဝန်ခံမှုမရှိပဲယစ်မူးပျော်ဝင်နေယုံမျှသက်သက်ဆိုရင်တန်ဘိုးမဲ့လွန်းတယ်ဆိုတာခင်မင်းဘ၀နဲ့ရင်းပြီးသိခဲ့ရတယ်၊ခင်မင်းတို့မိန်းကလေးတွေရဲ့ဘ၀ဆိုတာပါးပါးလေးပါ၊မပွန်းပဲ့မထိခိုက်မိအောင်စိတ်ကိုချွန်းအုပ်၊အသိဥာဏ်နဲ့ကိုယ်တိုင်ထိမ်းကျောင်းကာကွယ်တတ်ဖို့လိုတယ်၊ဒါကြောင့်ညီအစ်မလိုချစ်ခင်ရတဲ့ဝတီ့ကိုခင်မင်းရဲ့မလှပတဲ့ဇာတ်ကြောင်းတွေကိုရင်အနာခံပြီးပြောပြနေတာပါ၊၀တီလဲခင်မင်းအဖြစ်ကိုနမူနာယူပြီး၊ကိုယ့်ဘ၀ကိုမပွန်းပဲ့အောင်ဂရုစိုက်ပေးပါလို့ခင်မင်းတောင်းဆိုချင်တယ်”

xxxx

 

အပျော်ရည်းစားတစ်ယောက်နဲ့ပြတ်ပြီးသိပ်မကြာသေး၊နောက်တစ်ယောက်ပြောင်းထားတတ်သည့်သိမ့်ဝတီကိုခင်မင်းစိုးရိမ်စိတ်များနေမိသည်မှာမလွန်။စိတ်ရင်းကောင်းပြီး၊ဖြူစင်ပြီး၊ပြည့်စုံကြွယ်ဝသောသိမ့်ဝတီ့ဘ၀လေးကိုခင်မင်းဘာမှမစွန်းထင်းစေချင်။မိဘများနှင့်အဝေးမှာနေနေရသည့်သူမို့သိမ့်ဝတီ့ကိုတကယ်တန်းထိမ်းကျောင်းပေးမည့်သူမရှိ။မိဘများကလဲပိုက်ဆံမှန်မှန်ပို့ပေးနေရင်အဝေးကနေဖုန်းနဲ့စကားလှမ်းပြောနိုင်ရင်လုံလောက်ပြီထင်နေပုံ။အတူနေကြီးတော်အပျိုကြီးကလည်းခေတ်ကိုအမီမလိုက်နိုင်တော့သူဆိုတော့ဝတီ့အတွက်အနီးကပ်ပြောပေးမည့်သူကခင်မင်းလွင်သာရှိသည်။

တလောကပင်အင်တာနက်ကနေတွေ့သည့်ကောင်လေးတစ်ယောက်နှင့်အပျော်သဘောခဏတွဲနေရာကဖြတ်လိုက်ပြန်သည်။ကောင်လေးကဖုန်းတွေတဂွမ်ဂွမ်းဆက်တော့ခင်မင်းလက်ထဲဖုန်းထိုးထည့်ပေးကာရှောင်တိမ်းပြန်၏။

သို့သော်အခုတလောသိမ့်ဝတီတစ်ယောက်ခြေငြိမ်နေ၏။ငြိမ်ဆိုဆေးကျောင်းတက်နေသည့်ဆရာဝန်ပေါက်စလေးတစ်ယောက်နှင့်တည်တည်ငြိမ်ငြိမ်တွဲနေသည်ကိုတွေ့ရ၏။ “ဒီတစ်ခါတော့မောင့်ကိုဝတီတကယ်အတည်ချစ်မိပြီထင်ရဲ့” ဟုပြောလာတော့တကယ်ချစ်မည့်သူတွေ့လေပြီပဲဟုခင်မင်းစိတ်အေးချင်မိရပြန်သည်။သီဟ၏မိဘများကကုန်သည်တွေမို့စီးပွားချောင်လည်ကြသည်။သီဟဆရာဝန်ဘွဲ့ရ၍၊သိမ့်ဝတီလည်းဘွဲ့လွန်ဖြေပြီးလောက်ချိန်နှစ်ယောက်သားမိဘများကိုဖွင့်ပြောပြီး၊လက်ထပ်ကြဖို့ခင်မင်းလွင်ကတိုက်တွန်းထားသည်။နေနဲ့လရွှေနဲ့မြနှစ်ယောက်လုံး၏လိုက်ဖက်သည့်ဘ၀လေးထူထောင်မည်ကိုသူငယ်ချင်းတစ်ယောက်အနေနှင့်ခင်မင်းမြင်ချင်လှသည်။

သို့သော်…။

xxxx

 

“ခင်မင်း…. နင်ငါ့ကိုခွင့်မလွှတ်ပါနဲ့၊ငါ့မှာသီဟနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီခင်မင်း”

ဝတီ့နှုတ်ကနာကျင်စွာနှင့်ညည်းတွားလိုက်သည့်ရင်ကွဲနာသံ။

နှုတ်ကတိုးဖွဖွဖွင့်အံကျလာလေသည်လား၊သို့တည်းမဟုတ်နာကျင်စွာဖြင့်ညည်းတွားလိုက်လေသည်လားမကွဲပြား။ဘ၀မှာပေါက်ကွဲခဲ့ဖူးသောကျိန်စာဗုံးတစ်လုံးသည်၊နားဝတွင်ဒုတိယအကြိမ်မြောက်ထပ်မံပေါက်ကွဲသွားသလိုခင်မင်းလွင်ခံစားမိလိုက်သည်။

“၀တီရယ်၊ငါအတန်တန်ပြောခဲ့ရက်နဲ့သတိပေးခဲ့ရက်နဲ့ဖြစ်ရတယ်လို့ဟာ၊နောက်ပြီးနင်သိုသိပ်လိုက်တာ၊ငါ့ကိုဘာဆိုဘာမှမပြောပြခဲ့ပါလား”

ခင်မင်းလွင်၏မချင့်မရဲစကားသံကဘေးလူကြားလျှင်သာမန်စကားဟုသာထင်ပါလိမ့်မည်။သို့သော်သိမ့်ဝတီ့အနေဖြင့်မူခင်မင်းလွင်၏ဘ၀နှင့်ရင်းပြီးပြယ်လွင့်ကြေမွခဲ့ရသည့်ရက်ကွဲပက်လက်အဖြစ်များကိုခရေစေ့တွင်းကျသိထားခဲ့သူမို့၊ဤမချင့်မရဲစကားကိုရင်နှင့်အမျှခံစားသိနားလည်နိုင်ပါသည်။

ကုလားထိုင်ပေါ်သို့အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည့်ခင်မင်းလွင်ကိုသိမ့်ဝတီကတွေတွေကြီးကြည့်နေသည်။အမြဲတမ်းနှုတ်သွက်လွန်းသော၊ဖြတ်ဖြတ်လတ်လတ်နေတတ်သော၊ရယ်မောပျော်ရွှင်နေတတ်သောသိမ့်ဝတီ၏မျက်နှာအေးစက်တည်ငြိမ်နေပုံကထိတ်လန့်စရာ။

“ဘယ်တုန်းကဖြစ်ခဲ့ကြတာလဲဝတီရယ်၊အခုနင်ဘယ်လိုလုပ်မလဲ”

ခင်မင်းလွင်၏မေးခွန်းအဆုံးသိမ့်ဝတီ၏မျက်ဝန်းအိမ်မှမျက်ရည်များယိုစီးကျလာသည်။

“မောင့်ငါ့ကိုသိပ်ချစ်တယ်ထင်ခဲ့တယ်၊ဒါပေမယ့်အခုသူင့ါကိုမယူနိုင်ဘူးတဲ့”

“ဘာ.. သူတကယ်အဲ့ဒီလိုပြောလား”

ပါးပါးလှပ်လှပ်နှုတ်ခမ်းအစုံကိုတင်းတင်းစေ့ထားရင်းလဲ့ဝတီကခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါတော့သီဟလုံးဝမမိုက်ဘူး၊နင်တို့ဒီလောက်တွဲလာတာအကုန်သိနေကြတာပဲဟာ”

“ဒီထက်တောင်ဆိုးသေးတယ်ခင်မင်း”

“သူနဲ့ရခဲ့တဲ့ကိုယ်ဝန်ကိုမယူနိုင်ပါဘူးလို့ငြင်းလိုက်တဲ့အဖြစ်ထက်ဘာများထပ်ဆိုးစရာကျန်သေးလို့လဲ”

လဲ့ဝတီကသူ့၏နှုတ်ခမ်းထောင့်စွန်းလေးတွန့်ကွေးသွားယုံပြုံးလိုက်၏။လဲ့ဝတီ၏ထိုအပြုံးကြောင့်ခင်မင်းလွင်ကျောထဲပင်စိမ့်သွားရ၏။

“မောင်ကဗိုက်ထဲကကလေးကသူနဲ့မဆိုင်ဘူးတဲ့”

“ဟင်………”

“ဟက်… ၀တီကရည်းစားများခဲ့ဖူးတော့ဒီကလေးကသူနဲ့ရတာသေချာလို့လားတဲ့”

အံ့သြမင်တက်ရလွန်းလို့ခင်မင်းလွင်စကားပင်မဆိုနိုင်တော့။ရုတ်ချည်းရင်ထဲအောင့်တက်လာ၏။ဒါပညာတတ်တစ်ယောက်ရဲ့တာဝန်မဲ့တဲ့နှုတ်ထွက်စကားလား။ဟက်ခနဲနာနာကျင်ကျင်ရယ်ရင်းဆက်ပြောလိုက်သည့်လဲ့ဝတီ၏အသံကတုန်ခိုက်နေသည်။

“ဘယ်လောက်တောင်အံ့သြဖို့ကောင်းလိုက်သလဲခင်မင်း၊သူတင်မကသူ့မိဘတွေကပါဖျက်ချဖို့တိုက်တွန်းနေတယ်၊သူတို့အဲ့ဒီအတွက်အကုန်စီစဉ်ပေးမယ်ဆိုပဲ”

“၀တီ….. နင်ဘယ်လိုဆုံး…ဖြတ်…..”

ခင်မင်းလွင်၏စကားမဆုံးလိုက်ပါ။ယွန်းဝတီကကျားနာတစ်ကောင်၏မာန်ဖီလိုက်သံလိုမျိုးဖြင့် -

“ဒီကလေးကိုငါရအောင်မွေးမယ်၊ဘယ်သူတွေဘယ်လောက်တားတားအပြစ်မဲ့တဲ့ကလေးကိုငါလုံးဝကိုမဖျက်ချနိုင်ဘူးခင်မင်း”

ကျားနာမလေးလဲ့ဝတီ၏မျက်ဝန်းထဲနူးညံ့မှုလေးဖြတ်ပြေးသွားသည်ကိုခင်မင်းလွင်တွေ့ဖြစ်အောင်တွေ့လိုက်သည်။လဲ့ဝတီ၏လက်အစုံကိုခင်မင်းတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားလိုက်မိသည်။

“နင့်ဘေးမှာငါရှိနေပေးမယ်ဝတီ၊နင်နဲ့ငါ့စိတ်တစ်သားထဲပဲ၊ငါသီဟကိုအရမ်းစိတ်ဆိုးတယ်ဟာ၊သူဒီလိုပြောရက်လိမ့်မယ်လို့ငါလုံးဝမမျှော်လင့်ထားဘူး”

မမျှော်လင့်ခဲ့သည်များလက်တွေ့ကြုံလာသည့်အခါအတ္တနှင့်လူသားဆန်မှုကြားလွန်ဆွဲနေခြင်းမှမည်သည့်ဘက်သို့ခိုင်ခိုင်မာမာရပ်ရမည်ကိုလဲ့ဝတီပို၍ထင်ထင်ရှားရှားသိလာ၏။

“ငါလူကဲခတ်ညံ့ခဲ့တယ်ခင်မင်း၊ငါလိုက်လျောပေးခဲ့သမျှငါပြန်ရမယ်လို့စိတ်ချထားခဲ့တာလေ၊ငါမောင့်ကိုတကယ်ချစ်မိခဲ့တာပါ၊အခုတော့သူဟာငါ့ချစ်ခြင်းနဲ့မထိုက်တန်တဲ့သူ”

“အေးပါ.. နင်သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာငါသိပါတယ်၊သူလဲနင့်လိုပဲတကယ်ချစ်တဲ့သူလို့ထင်ခဲ့မိတာ”

“နင်အိမ်ကိုရောအသိပေးပြီးပြီလား”

လဲ့ဝတီ၏ခန္ဓာကိုယ်ကခင်မင်းလွင်၏ရှေ့တွင်ထိုင်လျှက်ရှိနေသော်ငြား၊စိတ်နှင့်ခန္ဓာကတခြားစီတစ်ကန့်စီလွင့်သွားပြန်သည်။

“ဖေဖေနဲ့မေမေဆီငါလာမယ့်ပိတ်ရက်သွားရင်းပြောပြလိုက်မယ်၊ဒီကလေးကိုမွေးဖို့အတွက်ငါ့မိဘတွေကိုသေချာပေါက်အသိပေးမှဖြစ်မယ်လေ”

“ဟုတ်တာပေါ့အခုအချိန်မှာမိဘတွေရဲ့အခန်းကဏ္ဍကအရမ်းအရေးကြီးလာပြီ၊နင်အဆင်ပြေပါစေ၊ငါဒီကနေဆုတောင်းပေးနေမယ်”

“ငါသူ့ကိုဥပဒေကြောင်းအရတရားစွဲနိုင်ဖို့ကြိုးစားမယ်ခင်မင်း၊လူတစ်ယောက်ရဲ့လူမပီသမှု၊တာဝန်မဲ့မှုကိုသူနဲ့ငါရဲ့ဝန်းကျင်ကလူတွေအကုန်လုံးသိစေရမယ်”

“အေးပါဝတီရယ်၊ငါတို့မိန်းကလေးတွေဆိုတာဘာဆိုဘာမှမကျန်သည်အထိချစ်သူအတွက်ပေးဆပ်ဖို့အသင့်ဖြစ်နေကြသူများပါ၊ဒါပေမယ့်သူတို့ယောကျာ်းလေးတွေမှာတော့ငါတို့မမျှော်လင့်ထားတဲ့တုန့်ပြန်မှုတွေကိုယ်လွတ်ရုန်းမှုတွေတာဝန်မယူမှုတွေအမြဲရှိနေတတ်တယ်၊ဘာပဲဖြစ်ဖြစ်နင်ဒီအခြေအနေထိရောက်မှတော့ခေါင်းအေးအေးနဲ့ရင်ဆိုင်ပါ၊နင်နဘေးမှာငါရှိနေမယ်ဝတီ”

xxxx

 

တစ်လုံးချင်းပြောပြနေသည့်ဝတီ့မျက်နှာကိုငေးကြည့်နားထောင်နေရင်းခင်မင်းရင်ထဲတင်းကြပ်နာကျင်လာရသည်။

“သမီးတခုခုလုပ်မယ်ဆိုသမီးဖေဖေရဲ့မျက်နှာကိုထောက်ထားပါ၊သမီးဖေဖေရဲ့အနှစ်နှစ်အလလတည်ဆောက်ခဲ့တဲ့ကောင်းမွန်တဲ့အမည်နာမကိုထိခိုက်မှာမေမေစိုးရိမ်တယ်၊ရုံးပြင်ကန္နားရောက်တရားတဘောင်တွေရင်ဆိုင်ကြနဲ့၊သမီးဖေဖေရဲ့ပုံရိပ်တွေကျဆင်းကုန်မှာပေါ့၊ကလေးကိုမယူပဲတနည်းနည်းလုပ်လို့ရမယ့်လမ်းကိုရွေးကြည့်ပါလားသမီးရယ်….တဲ့၊ဆရာဝန်တစ်ယောက်ဖြစ်တဲ့မေမေကိုယ်တိုင်ကအဲ့ဒီလိုပြောလာတော့ဝတီလေနေရာမှာတင်ကျောက်ရုပ်လိုဖြစ်သွားပြီးဆွံ့အသွားမိတယ်ခင်မင်းရယ်”

ခင်မင်းဆို့နင့်သွားမိသည်။ရင်ထဲနင့်ခနဲ၊စူးခနဲ။

“ငါ့အဖြစ်ထက်နင့်အဖြစ်ကပိုဆိုးနေပါလားဝတီရယ်”

ပြောရင်းကတသိမ့်သိမ့်ခုန်လှုပ်နေသည့်ဝတီ၏ခန္ဓာကိုယ်လေးကိုခင်မင်းတင်းကြပ်စွာထွေးပိုက်ထားပေးမိသည်။အတောမသတ်ကျနေသည့်ဝတီ၏မျက်ရည်စက်များကြောင့်ခင်မင်း၏ပခုံးနှင့်အိကျီင်္ရင်ဘတ်တို့မှာရွှဲရွှဲစိုနေလေပြီ။

“ငိုလိုက်ဝတီ၊နင်တ၀ကြီးငိုချလိုက်စမ်းပါ၊မချုပ်တည်းထားပါနဲ့၊နင့်ရင်ထဲမှာဘာဆိုဘာမှမကျန်တဲ့အထိအားရအောင်ငိုချလိုက်စမ်းပါ၊နင်ပေးဆပ်လိုက်ရတာနဲ့မတန်လောက်အောင်နင်ပြန်ရတာတွေကဒီလောက်တောင်ပဲလားဝတီရယ်”

အံကြိတ်ရင်းထွေးပိုက်နှစ်သိမ့်ရင်းကပြောလိုက်သည့်ခင်မင်းကိုယ်တိုင်တတွေတွေကျလာသည့်မျက်ဝန်းအစုံမှမျက်ရည်များကိုတားဆီးရန်မစွမ်းသာပါချေ။

“ငါတို့တွေယုံကြည်ခဲ့ကြတယ်၊အဲ့ဒီယုံကြည်မှုကနေပေးဆပ်ခဲ့ကြတယ်၊အဆုံးတော့အဲ့ဒီပေးဆပ်မှုရဲ့ရလဒ်ကတာဝန်မဲ့စွန့်ပစ်ခံခဲ့ရတယ်၊ဒါတင်ကျေနပ်အားမရကြသေးဘူးလား၊ငါတို့ရဲ့အားကိုးအားထားရာတွေ၊ငါတို့ရဲ့ယုံကြည်သူတွေကိုပါထပ်ပြီးငါတို့ဆုံးရှုးံကြရဦးမှာလား၊လောကကြီးကမတရားလိုက်တာ၊ငါတို့ရဲ့အပြစ်ဆိုလို့ငါတို့ယုံကြည်ခဲ့၊ချစ်ခဲ့လို့ပုံအပ်မိခဲ့တာပဲရှိတာပါဝတီရယ်”

ဖြေသိမ့်သူကိုယ်တိုင်နာကျင်ခံခက်စွာအစိတ်စိတ်ကွဲကြေနေသည့်စကားလုံးများနှုတ်မှဖွင့်အံထွက်ကျလာသည်။ဝတီနှင့်ခင်မင်းအပြန်အလှန်တွယ်ဖက်ရင်းနှစ်သိမ့်ပေးမိသည်။တစ်ဦး၏မျက်နှာပေါ်မှမျက်ရည်စများကိုတစ်ဦးသုတ်ဖယ်ပေးမိကြ၏။

ခင်မင်းနှင့်မျက်လုံးချင်းရင်ဆိုင်ကာဝတီထိုင်လိုက်၏။

“ ခင်မင်း… ၀တီလေမေမေ့ကိုအရင်ဖွင့်ပြောပြခဲ့တာပါ၊မေမေဒီလိုတုန့်ပြန်လိမ့်မယ်လို့ဝတီလုံးဝမှမမျှော်လင့်ထားမိဘူးခင်မင်းရယ်”

ဝတီ၏အငိုမျက်နှာလေးကညှိုးနွမ်းလျှက်နီမြန်းမို့အစ်နေသည်။

“၀တီသတ္တိရှိရှိနဲ့ဒက်ဒီကိုထပ်ရင်ဆိုင်ခဲ့ပါတယ်၊ဒက်ဒီက၀တီ့ကိုစကားပြောဖို့အခွင့်အရေးလုံးဝမပေးခဲ့ဘူး၊မေမေ့ဆီကအကုန်သိထားပြီးပြီ၊မေမေ့ဆန္ဒကဒက်ဒီဆန္ဒပဲလို့ပြောပြီးစကားဖြတ်ချလိုက်တယ်ခင်မင်းရယ်”

ခင်မင်း၏အဖြစ်နှင့်ဝတီအဖြစ်ကမတူ။သို့ပေမယ့်ခင်မင်းတို့နှစ်ဦးလုံးယုံကြည်မှု၏သားကောင်၊တာဝန်မဲ့သူများ၏သားကောင်ဖြစ်ခဲ့ရတာကတော့အသေအချာပင်။

“ခင်မင်း… ၀တီဒီကလေးကိုရအောင်မွေးမယ်၊ကြီးပြင်းပြီးလူလားမြောက်လာအောင်စောင့်ရှောက်မယ်၊ကလေးရဲ့အဖေဘယ်သူဆိုတာကိုလူသိရှင်ကြားတရားဝင်ဖြစ်အောင်ဝတီကြိုးစားမယ်၊၀တီတို့မိန်းမသားတွေဘ၀ကဒီလိုပြုသမျှခံနေရမယ့်ဘ၀မဟုတ်ဘူးဆိုတာသူတို့တွေကိုသိစေချင်တယ်၊၀တီသတ္တိရှိရှိရင်ဆိုင်သွားချင်တယ်၊၀တီ့နဘေးမှာမိသားစုကလဲမရပ်တည်ပေးနိုင်ဘူး၊ဒီတော့ခင်မင်းဝတီ့ဘေးမှာရှိနေပေးပါ၊၀တီအရာအားလုံးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီ”

ဝတီ့၏လက်အစုံကိုခင်မင်းတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်လိုက်မိသည်။ခိုင်ခိုင်မာမာချလိုက်သည့် ၀တီ့၏ရဲဝံ့သည့်ဆုံးဖြတ်ချက်ကြောင့်ခင်မင်းထက်ပင်သတ္တိရှိနေသည့်ဝတီ့ကိုခေါင်းညိတ်ရင်းက ခင်မင်း    ပြောလိုက်မိသည်။

“သေချာပေါက်ဝတီ့ဘေးမှာခင်မင်းရှိနေပေးမယ်၊ဒီမယ်ဝတီ… အခုလိုဝတီဆုံးဖြတ်လိုက်တာဟာဝတီအတွက်သာမဟုတ်ဘူး၊ခင်မင်းအတွက်လဲဖြစ်တယ်၊ခင်မင်းတို့လိုမိန်းမသားတိုင်းအတွက်လဲဖြစ်တယ်”

မျက်ရည်စများနှင့်မျက်နှာပြင်နှစ်ခုပေါ်တွင်ခိုင်မာသည့်ယုံကြည်ချက်များက၀ံ့ဝံ့စားစားပွင့်လန်းလာတော့သည်။

ချစ်ခြင်းကိုတစ်ကမ္ဘာထင်ခဲ့ပြီးဘ၀နှင့်ရင်းပေးဆပ်မိခဲ့ခြင်း၏ရလဒ်များကအကျည်းတန်ခဲ့သောငြား၊လူသားဆန်သည့်စိတ်ဖြင့်ရဲဝံ့နိုင်ခြင်းကလှပသည့်အနာဂတ်ကိုအကောင်းဆုံးအနားသတ်ပေးနိုင်မှာအသေအချာပင်။

(မြန်မာဘလော့ဂါ (၉၂) ဦးရဲ့ လက်ရာများစုစည်းထားတဲ့ “Feeling 92″ စာအုပ်ထဲတွင် ပါဝင်ခဲ့ပါသည်။)

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျပါစေ။

index

 

 

 

=====

5

 

“Feeling 92″ စာအုပ်မိတ်ဆက်ပွဲ တက်ရောက်ကြသည့် Blogger အချို့။

1

viber image 2019-03-31 , 14.00.22

“Feeling 92″ စာအုပ်အဖုံး။

3“Feeling 92″ တွင် ပါဝင်သော Blogger များ။

 

Share
This entry was posted in ၀တ္ထု. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>