ချစ်ခင်ရပါတဲ့ မချစ်ကြည်အေး က ” အသွင်တူ၏ မတူ၏ ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Tag လာလေတော့ မြသွေးနီလည်း စိတ်ကူးထဲ ရေးလုလတံ့၊ ရေးလုဆဲ၊ ရေးလုခင် ဖယိုဖရဲ အတွေးလေးများအား ခဏခေါက်သိမ်းလို့ အကြွေးရှိရင် မနေတတ်သူပီပီ ဘယ်လိုများ ပြန်ရေးပေးရရင် ကောင်းမလဲလို့ အတွေးတွေ တစ်ပြုံတစ်မကြီး နယ်ချဲ့နေမိပါတယ်။
အသွင်တူ၏ မတူ၏…တဲ့။ ရှေးရှေးခေတ် စကားပုံကတော့ ” အသွင်တူမှ အိမ်သူဖြစ်တယ်” တဲ့။ အသွင်မတူရင် ဘ၀ခရီးလျှောက်ရာမှာ အဆင်မပြေ တတ်ဘူးတဲ့။ ဒါတွေကို ကျွန်မကတော့ ရာနှုန်းပြည့် မမှန်နိုင်ဘူးလို့ ထင်မိတာပါဘဲ။ ဒီနေရာမှာ အသွင်ဆိုတာ ရုပ်အသွင်အပြင်ထက် စိတ်အသွင် သဏ္ဍန်ကို ရည်ညွှန်းတာ။ စိတ်အသွင်သဏ္ဍန်မှာမှ နားလည်မှု၊ စာနာစိတ်လေး ပြွန်းထားတဲ့ စိတ်လေးနဲ့ အခြေခံ တည်ဆောက်ထားရင် မျှခြေညှိစရာကို မလိုတော့ပဲနဲ့ အော်တိုမက်တစ်ကို ဘ၀နှစ်ခုက အနီးစပ်ဆုံး ညီမျှခြင်း ထပ်တူကျလာမယ်လို့ ကျွန်မထင်တယ်။ ရုပ်ဆိုတာမျိုးကတော့ အမြင်အာရုံနဲ့ တွေ့တွေ့ချင်းက အပြန်အလှန် ဖမ်းစားထားပြီးသား။ မိသားတစ်စုထဲ၊ မိခင်တစ်ဦးထဲက မွေးဖွားလာသူချင်း အတူတူတောင် ကွဲပြားတဲ့စိတ်၊ အသွင်သဏ္ဍန် ရှိနေသေးတာ။ တစ်မိစီကနေ ပေါက်ဖွားလာသူ နှစ်ဦးထပ်တူ ထပ်မျှကျဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ချစ်သူဘ၀မှာ အချစ်စိတ်တွေ မိုးမွှန်လို့ ညှိနှိုင်းမရတာတွေကို တော်ယုံတန်ယုံ လျစ်လျူရှုနိုင်ခဲ့ပေမယ့် အိမ်ထောင်သည်ဘ၀မှာတော့ တစ်ဦးစီရဲ့ ကောင်းမှု၊ မကောင်းမှု စရိုက်တွေက မှောက်ထားတဲ့ ခွက်ကိုလှန်လိုက်ဘိသကဲ့သို့ ဘွားဘွားကြီးကို ပေါ်လာတော့တာနော်။ ဒါကြောင့် အဆင်မပြေတာတွေကို အပြန်အလှန် နားလည်မှု၊ စာနာစိတ်လေးတွေနဲ့ တစ်ဖြည်းဖြည်း ပွတ်ဖျက်ရင်း၊ သူတင်းရင် ကိုယ်လျှော့၊ ကိုယ်တင်းရင် သူက အလိုက်တသိရှိရင်းနဲ့ ဘာသာမသိလိုက်ခင်မှာပဲ နှစ်ဦးသား မျှခြေတစ်ခုမှာ အတူတကွ ယှဉ်တွဲ ရပ်နေမိလျှက်သား ရှိလာကြတာ။ ကျွန်မကြတော့ရော….။ မြသွေးနီ ကြတော့ရော…။ အဲ.. ကျွန်မတို့ နှစ်ယောက်ကတော့ ” မတူညီသော တူညီခြင်း” လို့ ခပ်ရွတ်ရွတ် အမည်တပ်ရင်ကောင်းမလားမသိ။ လူကြီးက .. သူက… တစ်မျိုး…။ ကျွန်မကရော… ။ အင်း ကျွန်မက လည်း …။
…………………………………………………………………………………………
>>>>သူနဲ့ကျွန်မအကြား. – မတူတာနဲ့ တူတာများ <<<<
အသက် – ကျွန်မက သူ့ထက် ၆နှစ်တိတိငယ်တယ်။ ကျွန်မကလည်း သူ့ကို ကျွန်မနဲ့ အသက်နည်းနည်းသာ ကွာတယ်လို့ ဟိုး…အစက ထင်ခဲ့မိတာ။ နင်လား ငါလားကြတော့ ၆နှစ်ကြီးများတောင်ကွာတာ။ ကျွန်မက လူကောင်ကြီးတော့ မသိသူတွေက ကျွန်မတို့ နှစ်ယောက်ကို ရွယ်တူ ထင်နေကြတယ်။ သူ့ကို နုတယ်တဲ့။ ဒါကိုပဲ သူက ကြံဖန်ဂုဏ်ယူနေရှာတာ။ ကျွန်မကလည်း နဂိုရှိရင်းစွဲထက် အသက်ကြီးချင်နေတတ်သူဆိုတော့ အဟုတ်ကို အံဝင်ခွင်ကျဖြစ်လို့။ ဒီတော့ အသက်ကမတူ.. အရွယ်တူလို့ ပြောရမလားဘဲ။
မိသားစု – သူက မိသားစုများသူ။ ကျွန်မကတော့ မောင်လေးနဲ့မှ ၂ယောက်ထဲ။ အဲ့လိုမတူညီ ပေမယ့် သူက သူ့မိသားစုမှာ ယောကျာ်းလေး အကြီးဆုံးဆိုတော့ မိသားစုမှာ အကြီးဆုံးဆိုတာခြင်း တူနေပြန်ရော။ မိဘအစုံအလင် ရှိနေတဲ့ သူက အမေမရှိရှာတော့တဲ့ ကျွန်မကို သနားမိကြောင်း မကြာခဏဆိုသလို ပြောတတ်တယ်။ ဒါကြောင့်လည်း အမြဲဂရုစိုက်တယ်။
ပညာရေး – သူနဲ့ ကျွန်မက မေဂျာတူ။ ကျွန်မက 1st year သူက ဖိုင်နယ်တွေ့ခဲ့ကြတာ။ သူကျောင်းပြီးသွားပေမယ့် ကျွန်မနဲ့ တစ်ပူးတွဲတွဲရှိခဲ့လို့ ဆရာမတွေက နှစ်ကြော့ပြန် ဘွဲ့ရသင့်သူလို့ ကင်ပွန်းတပ်ခံရသူ။ အံ့သြစရာတစ်ခုက ကျွန်မတို့နှစ်ယောက် မပေါင်းစည်းခင် ၁၁နှစ်လုံးလုံး မပျင်းမရိ အတူတူ ရှိနေခဲ့ကြတာ။ တစ်ယောက်အကြောင်း တစ်ယောက် စောဖေက နောကြေနေကြပြီ။
ရုပ်ရည်သွင်ပြင် – ကျွန်မကတော့ သူ့ကို ဘဲရုပ်ဆိုးလို့ နာမည်ပြောင် ခေါ်ခဲ့တာ။ သူနဲ့ကျွန်မကို ရုပ်ချင်းဆင်တယ်လို့ ပြောကြတယ်။ ကျောင်းတုန်း က မောင်နှမထင်လို့ သူ့ကို ယောက်ဖခေါ်ခံရလို့ မအီမလည်ဖြစ်ခဲ့ရတာ မှတ်မိသေး။ ကျွန်မရုပ်ကတော့ သိကြတော်မူတဲ့အတိုင်း။ 🙂 ဘာပဲဖြစ်ဖြစ် ကျွန်မတို့ နှစ်ယောက်ကို တွေ့သူတိုင်းက ချစ်ခြင်းမေတ္တာတရားတွေ သူတို့ဆီကို ကူးစက်ခြင်းခံရတယ်လို့ ပြောကြတာဘဲ။ အဲ.. သူနဲ့ကျွန်မက ရုပ်တင်မကဘူး လက်ရေးကလည်း တော်တော်လေး ဆင်နေပြန်တယ်။
တာဝန်နဲ့ဝထ္ထရား – သူကအိမ်နဲ့ ၁၅မိနစ် လမ်းလျှောက်တောင်ရောက်တဲ့ သူဝါသနာပါတဲ့ စာအုပ်စာပေလုပ်ငန်းတွေနဲ့ သူ့ကိုယ်ပိုင်အလုပ်မှာ မနာလိုစရာ ကောင်းအောင် ပျော်မွေ့လို့။ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကို ကျလို့။ ကျွန်မမှာသာ ကုမ္ပဏီတစ်ခုမှာ အမြစ်တွယ်နေတဲ့ ၀န်ထမ်းဆွေးတစ်ဦး။ အိမ်မှာ လူခွဲမရှိလေတော့ သူက ဈေးဝယ်၊ အ၀တ်လျှော်တာဝန်ယူ။ ကျွန်မက မီးပူတိုက်၊ ဟင်းချက်ပေါ့။ သူကတော့ သူ့တာဝန်သူ အမြဲကျေပြွန်သူ။ ကျွန်မသာ သူခလုပ်နှိပ် ဒိုင်ခံလျှော်ပြီးသမျှ ပြည့်မောက်လျှံနေတဲ့ မီးပူတိုက်ရမယ့် အ၀တ်ခြင်းကြီးကိုကြည့်လို့ သက်ပြင်းမောတွေ အကြိမ်ကြိမ် ချလို့ပေါ့။ တစ်ခါတစ်ခါ ကျွန်မက အပျင်းကြီးလို့ သူ့လက်ရာလေး စားချင်လိုက်တာ.. လို့ ညာတာပါတေးနဲ့ ပြောရင်… “ ရူးချင်ယောင်ဆောင် မနေနဲ့… ” ဆိုပြီး ရှုတေတေနဲ့ ၀င်ချက်ပေးတတ်ပါသေးတယ်။ တစ်ပတ်တစ်ခါ အိမ်ကိုတော့ အတူတူရှင်းကြတာပေါ့။ နှစ်ဖက်မိဘတွေကို လစဉ်မှန်မှန် ပံ့ပိုးကန်တော့ကြတာလည်း မပျက်ကွက်ခဲ့ကြပါဘူး။
စိတ်နေသဘောထား – သူက အားနာတတ်သူ၊ သနားတတ်သူ၊ စိတ်ကလည်း အလွန်ရှည်တတ်သူ။ အားနာတတ်ပုံများ ကျောင်းတုန်းက သူ့အိကျီ င်္လေး ကြိုက်တယ်ဆိုလို့ ချက်ခြင်း ချွတ်ပေးခဲ့တာ။ သူ့ကို ခါးပိုက်နှိုက် ခံနေရတာသိတာတောင် အားနာလို့ မသိချင်ယောင်ဆောင်ပေးတတ်သူ။ ကျွန်မကတော့ စိတ်မြန်လက်မြန်၊ သနားတတ်တယ်၊ အတိုင်းအတာတစ်ခု အထိတော့ အားနာတတ်တယ်။ ကိုယ်မှန်ရင်ဘယ်သူမှ မကြောက်၊ အားမနာတတ်သူမျိုး။ နောက်.. သူက တနင်္ဂနွေသားပီပီ စိတ်ကောက်တတ် တယ်။ သူစိတ်ကောက်ရင် ဘာမှမေးမရတော့ဘူး။ နောက်နေ့ကြရင်တော့ အလိုလိုစိတ်ပြေပြီး ကျွန်မအတွက် surprise ဖြစ်နိုင်မှာလေးတွေ လုပ်ထားပြီး စိတ်ကောက်တဲ့ သူကပဲ တစ်ဖန်ပြန်ချော့လေတယ်။ အစက သူ့အထာ မသိလေတော့ သူစိတ်ကောက်ရင် ဘာဖြစ်တာလဲ.. ပြောလေ..ဆို မရမက မေးပေါ့။ အခုတော့..ရိုး..ဟိုး…သွားပြီ။ မပြောရင်နေ.. လုံးဝမှ မမေးတော့။ ကိုယ်စာဖတ်ချိန်.. စာရေးချိန်ပိုတောင်ရသေး။ နောက်တစ်နေ့ သူ့ရဲ့ surprise ချော့နည်းလေးက ဘာများဖြစ်မလဲ ကြိုတင်ရင်ခုန်နေရတာကိုက စိတ်လှုပ်ရှားစရာ..။ နောက်.. သူကရှက်တတ်သူ။ အင်္ကျီအသစ်များ ၀ယ်လာကြည့်၊ ချက်ခြင်းဝတ်ရမှာ ရှက်သူ။ အသုံးအဆောင်အသစ် အိမ်မှာ ၀ယ်ထားလို့ အဲ့ဒီနေ့များ အိမ်ကိုဧည့်သည်လာရင် ရှက်လို့ နေစရာကို မရှိတော့ ။ ဘယ်လို လူကြီးမှန်းကို မသိ။ ကျွန်မများဝယ်လာတဲ့ အသစ်ချက်ခြင်းဝတ်ရင် တစ်ပတ်လောက် ထားလိုက်ပါဦးကွာ..တဲ့။ နောက်.. သူက ပေါင်းသင်း ဆက်ဆံရေး အလွန်ကောင်းသူ။ အပေါင်းအသင်းများသူ။ ကျွန်မတို့ ရပ်ကွက်မှာ ကျွန်မထက် သူ့ကို လူပိုသိကြတယ်။ လမ်းသွားလို့ မတိုးဘူးဆို အနည်းဆုံး တစ်ယောက်တော့ သူ့အသိနဲ့တိုးရစေမယ်။ ဗုဒ္ဓုဟူးနဲ့ တနင်္ဂနွေ အုံးမနွေးဆိုပဲ။ ဒါဆို သူနဲ့ကျွန်မကရော………။ ကျွန်မတို့ ၂ယောက်လုံး ရှေ့ဖြစ်တို့… ဗေဒင်တို့ မယုံတတ်ဘူးရှင့်။
အစားအသောက် – သူက ဘုရားစူး ကုလားစာကြိုက်သူ၊ ညအချိန် မတော်ကြီးတောင် လမ်းထိပ်က ကုလားမကြီး ဘရာကြော်လေး စားချင်လိုက်တာ တ..နေသူမျိုး။ ကျွန်မက တရုပ်စာကြိုက်သူ..။ သူက ငါးဆို အသေကြိုက်၊ ကျွန်မက လာခဲ့အသီးအရွက်.. ဘာအသီးအရွက်လာလာ နွားဝင်စားလို စားတာ။ ဒီတော့ တစ်ခါတစ်ခါ အပြင်ထွက်စားမယ်ဆို သူနဲ့ကျွန်မ ကလေးများလို စုန်..ဆန်…ဆီ.. လုပ်ရပြီ။ ကျားဗိုလ်ဆွဲရပြီ။ သူပဲနိုင်နိုင်.. ကျွန်မပဲ နိုင်နိုင်၊ နိုင်တဲ့သူ အကြိုက်လိုက်စားကြတာပဲ။ အခုတော့ ကျွန်မလဲ ချာပါတီ၊ ပူရီ ၊ ဒန်ပေါက်ကြိုက်တတ်လာပြီ ။ သူကလည်း ကြေးအိုး တစ်ပွဲဆိုကုန်အောင် သောက်မယ့် စိတ်မျိုး မွေးတတ်လာပြီ။ အဲ့ဒီလို သူ့အကြိုက် ကိုယ့်အကြိုက်လိုက်စားလိုက်ရလို့လဲ ကိုယ်စီ စိတ်ကသိကအောင့် မဖြစ်ကြပါဘူး။
ဝါသနာ – ၀ါသနာကြတော့ ၂ယောက်လုံးထူးခြားစွာ တူနေကြတယ်။ ၂ယောက်လုံး စာဖတ်ဝါသနာပါတယ်။ စာအုပ်ဝယ်ဖို့ ဘယ်တော့မှ ညှိနှိုင်း စရာမလိုခဲ့ဘူး။ မနက်မိုးလင်းရင် အိပ်ရာထဲက စာအုပ်ပုံတွေထဲက ၂ယောက်သား တိုးဝှေ့ ထရတယ်။ သူကလည်း ကဗျာသမား၊စာသမား။ ကျွန်မ အသက် ၁၈နှစ်..၁၉နှစ်တုန်းက ရေးခဲ့သမျှစာတွေ သူပဲ မဂ္ဂဇင်းတိုက်တွေ ခြေတိုအောင် ပို့ပေးခဲ့ရတာ။ သူက အခုဆို ကျွန်မကို အွန်လိုင်းမှာ စာရေး တာထက် အပြင်မှာ စာရေးစေချင်သူ။ ကျွန်မကလဲ အားအားရှိ ဘလော့ဂ်ပဲ ဂင်ချင်နေသူ။ ဒါပေမယ့် ကျွန်မဘလော့ဂ်လေးအတွက် ကျွန်မရဲ့ပို့စ်တွေ အတွက် အကြံဥာဏ် အမြဲပေးတတ်သူ။ ယုံမလားမသိ.. ကျွန်မရဲ့ ၀က်ဘ်ဆိုက်ကို သူတစ်ခါမှ မရောက်ဘူးသေးဘူးရှင့်။ ကျွန်မအပြောနဲ့ပဲ သူကပုံဖော်နေတာတဲ့။ တကယ် ဟုတ်မဟုတ်တော့မသိ။ နှစ်ယောက်သား သီချင်းဆိုရတာလဲ ၀ါသနာပါတယ်။ ကာရာအိုကေ ဆိုလို့ကတော့ မိုက်ခ်ကို အပြန်အလှန် လုယူရတဲ့ အထိပဲ။ သူက မြန်မာသီချင်းတွေ ပိုင်ပိုင်နိုင်နိုင်ဆိုရင် ကျွန်မမှာ အသက်ရှူတွေမှားလို့။ ကျွန်မ ထွန်းအိဒြာဗိုသီချင်းဟဲလို့ကတော့ သူက ပြုံးစိစိနဲ့ ကြိတ်သဘောကျနေတော့တာ။ အချက်အပြုတ်ကလည်း ၂ယောက်လုံး ၀ါသနာပါသေးတယ်။ ဒါပေမယ့် နှစ်ယောက်သား ဟင်းအတူတူ ချက်လို့တော့မရဘူး။ အတူတူချက်လို့ကတော့ ဟင်းတောင် ဆီမသတ်ရသေးဘူး ပွဲပျက်ပြီသာမှတ်။ သူက စိတ်ရှည်လက်ရှည်နဲ့ စိမ်ပြေနပြေ ချက်တတ်သူ၊ ကျွန်မက ဒိုးဒိုးဒေါက်ဒေါက် ချက်ပြုတ်တတ်သူ။ ဒီတော့ သူစီစဉ်ထားတာတွေ ကျွန်မက မှားသွန်မိ၊ မှားထည့်မိ၊ အဲ့ဒီတော့ ပဋိပက္ခတွေကြားမှာ ဟင်းအိုးက အချောင်တရားခံဖြစ်ရရော။ အဲ့ဒီကထဲက ၂ယောက်ပူးတွဲပြီး ဘယ်တော့မှ မချက်ပြုတ်ကြေးဆို ရန်နပိုစာချုပ် ချုပ်ထားတယ်။ ညဖက် လူခြေတိတ်ချိန်တွေမှာ ဂီတာအိုလေး ရံဖန်ရံခါ တီးဖြစ်ပါတယ်။ သူဂီတာတီးရင် ကျွန်မက ဆိုတာများပြီး ကျွန်မဂစ်တာတီးပြီး သီချင်းဆိုရင်တော့ သူက ငြိမ်သက်စွာ နားထောင်ရင်း အဓိပ္ပါယ် ဖော်နေတတ်သူပါ။
ကြိုက်တာနဲ့ မကြိုက်တာ – နှစ်ယောက်လုံး စိန်ရွှေကျောက်မျက်တွေ မမက်မောဘူး။ ၀တ်ရမှာရှက်တယ်။ စာအုပ်တွေ မက်မက်စက်စက် မက်မော တယ်။ သီချင်းတွေ နားထောင်ကြတယ်။ ပရဟိတအလုပ်တွေ လုပ်ဖို့ ၀ါသနာပါတယ်။ တန်ဘိုးရှိပြီး သေးကွေးတဲ့ ပစ္စည်းလေးတွေ ကြိုက်နှစ်သက်တယ်။ သူက ကြွက်ဆို လွန်လွန်ကျူးကျူးကြောက်သူ။ ကျွန်မ ကတော့ တွန့်လိမ်တွန့်လိမ်နဲ့ သွားတတ်တဲ့ တီကောင်၊ ကင်းခြေများ၊.. အမယ်လေး ပြောရင်း ကြက်သီးထနေပြီ.. အသေကြောက်ပေါ့။ သူရော ကျွန်မရော အိမ်မှာနေရတာကို ခုံမင်တာတူတယ်။ ပင်လယ်ကမ်းခြေတွေကို ချစ်မက်တာတူတယ်။ ကျွန်မက လှလှပပနေရတာ ကြိုက်ပေမယ့် ရေချိုးအလှပြင် ၁၀မိနစ်ဆို ကျွန်မအတွက် လုံလောက်နေပြီ။ သူကတော့ ရေတစ်ခါချိုး ပဲကြီးအရေခွံတက်အောင် တစ်မေ့တစ်မော။ ကျွန်မက စိတ်မြန်လက်မြန်၊ သူက အရာရာမှာ စိတ်အေးလက်အေး။ သူက စီမံကိန်း ရေးဆွဲသူဆို ကျွန်မက အကောင်အထည်ဖော်သူပေါ့။ ကျွန်မတို့နှစ်ယောက်မှာ တူတာနောက်တစ်ခုက ကိုယ်တွေအချင်းချင်းသာ နားလည်တဲ့၊ အချင်းချင်းဖဲ့တဲ့ ဟာသလေးတွေကို သူများမသိအောင် အထာနဲ့ ပြောတတ်ကြတာပါဘဲ၊ ဒီလို ရယ်စရာလေးတွေ ပြောရတာကို သူရောကျွန်မရော သဘောကျပေမယ့် ကျွန်မက ရယ်ရင် အူလှိုက်သည်းလှိုက် အားပါးတရ အသံထွက်ပြီး အော်ကြီးဟစ်ကျယ် ရယ်မောတတ်သူ..၊ သူက မိန်းကလေးတန်မဲ့ ဒီလိုရယ်တာကို မကြိုက်ဘဲ၊ သူကိုယ်တိုင် ကြိတ်ပြုံးကလေးသာ ပြုံးတတ်ပြီး သူသိပ်သဘောကျတာမျိုး ရှိရင်တော့ လူတစ်ကိုယ်လုံး တစ်သိမ့်သိမ့်တုန်အောင် အသံမထွက်ဘဲ ရယ်မောတတ် သူပါ။
မတူညီသော တူညီခြင်း – တူညီခြင်း၊ မတူညီခြင်းတွေနဲ့ ရောယှက်နေတဲ့ သူနဲ့ကျွန်မကို မျှခြေညှိပေးလိုက်တဲ့၊ ကျွန်မတို့နှစ်ဦးလုံးရဲ့ နှလုံးသည်းပွတ်ကို ချည်နှောင်မယ့် နှောင်ကြိုးလေးတစ်ပင်က တစ်နေ့မှာ ခိုင်မြဲစွာနဲ့ ရစ်ပတ်လာခဲ့တယ်။ သားသားကို မွေးတဲ့နေ့မှာတော့ သူက ကျွန်မလက်ကို သူ့လက်အစုံနဲ့ အုပ်မိုးဆုတ်ကိုင်လို့ ကျေးဇူးတင်ကြောင်း အခါခါပြောပြီး ကျွန်မ ဘယ်တော့မှ မမေ့နိုင်မယ့် ကဗျာတိုလေးတစ်ပုဒ်ကို ရွတ်ဆိုကာ လက်ဆောင်ပေးခဲ့လေတယ်။
ကဲ… ကျွန်မ စိတ်တွေအရည်မပျော်ဆင်းပဲ ခံနိုင်ပါတော့မလားရှင်..။ သူပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ လူတွေဟာ သူတို့ရဲ့ အသက်ရှင် နေထိုင်နေသမျှ ကာလပါတ်လုံးမှာ သူတို့ရဲ့ ကိုယ်ပွားကို အမြဲ လိုက်လံ ရှာဖွေနေတတ်ကြတယ်တဲ့။ တချို့က စစ်မှန်တဲ့ ကိုယ်ပွားရလို့ ဘ၀တစ်လျှောက်လုံး အေးချမ်းပျော်ရွှင်ရတယ်တဲ့။ တချို့ကတော့ စစ်မှန်တဲ့ ကိုယ်ပွားကို ရရှိဖို့အတွက်ကို တစ်ဖန်တလဲလဲ ရှာဖွေနေရတယ်တဲ့။ စစ်မှန်တဲ့ ကိုယ်ပွားကို ဘ၀မှာ တစ်ကြိမ်တစ်ခါထဲနဲ့ ရှာဖွေခွင့် ရခဲ့တဲ့အတွက် သူကျေနပ်လို့ မဆုံးပါဘူး…တဲ့။
စကားမစပ် အခု ဒီပို့စ်က သူနဲ့ကျွန်မရဲ့ လက်ကလေး ၂ဘက်ကလည်း သူ့ အိုင်ဒီယာ။ ဓာတ်ပုံလေးကတော့ မြသွေးနီ ကိုယ်တိုင် လက်တစ်ဖက်ထဲနဲ့ ခဲရာခဲဆစ် ရိုက်ယူခဲ့ရတာလေ။ ချစ်ခင်ရတဲ့ အစ်မချစ်ကြည်အေး ခရီးမထွက်ခင် ဒီTag Postလေး ဖတ်သွားစေချင်လို့ တက်သုတ်ရေး လိုက်ရပါတယ်ရှင်။ ဒီပို့စ်လေးအတွက် မချစ်ကျေနပ်မယ်လို့ မျှော်လင့်လျှက်…..။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေရှင်။
မြသွေးနီ
မချစ် မဖတ်ရသေးခင် အရင်လာဖတ်တယ်ကွ… ဟေးဟေးပျော်လိုက်တာ
ပိုစ့်ကိုဖတ်ရတာလဲပျော်တာပါဘဲ.. ဒီအစ်မတစ်တွေဟာ အားကျအောင်လုပ်နေကြတယ်.. ပြောကိုမပြောချင်ဘူး..
ဒီတစ်ယောက်ကတော့ တော်တော်ဆိုးပါတယ်.. လုပ်ကြပါလုပ်ကြပါ .. မနာလိုအောင် .. ဟွန့်
ကဗျာလေး လက်ဆောင်ပေးတယ် ဆိုတဲ့အပိုဒ်မှာ မျက်ရည်တောင်လည်ချင်တယ်.. အားကျဖို့ရော.. ချီးကျူးဖို့ရောကောင်းလိုက်တာ… အစ်မတို့၂ယောက်လုံးကို လေးစားအားကျပါကြောင်း ပြောလိုက်ပါရစေ..
တူညီခြင်းနှင့် မတူညီခြင်းတွေကြားမှာ နှောင်ကြိုးတွေ အထပ်ထပ်ရစ်လို့ ရာသက်ပန်ခိုင်မြဲပါစေသော်..
အားကျခြင်းများစွာနဲ့း)
ညီမ
ချော
မမြသွေး ရေ
လာဖတ်သွားတယ်နော် တူညီခြင်း မတူညီခြင်း တွေ ပျော်စရာ
နှစ်ပေါင်းများစွာ ကျန်းမာချမ်းသာစွာ ပေါင်းဖော်နိုင်ပါစေဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အမရေ..တူညီသော..မတူညီသော..
ချစ်ခြင်းတွေကိုသီကုံးထားတာ..အားကျလေးစားစရာပါ
ပဲ..ဖတ်လာရင်းနဲ့လက်ဆောင်ပေးတဲ့ကဗျာလေးနား
ရောက်တော့..ကိုယ်တောင်ကြည်နူးမိတယ်..အမဆိုရင်ပြောစရာ
မရှိနေမယ်.။
အမရေ..တူညီသောချစ်ခရီးလမ်းမှာသာယာဖြောင့်ဖြူးစွါ
ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။
ခင်မင်စွါဖြင့်
ခိုင်နုငယ်
အားကျဒလယ်…………
အားးးးးးးးးးးးးးးးးးးးးးကျဒလယ်…………………
မမြသွေးရေ..
တူညီခြင်း၊မတူညီခြင်းတွေနဲ့ရစ်ပတ်ထားတဲ့ချစ်ခြင်းမေတ္တာလေးကိုဖတ်ပြီးကြည်နူးပျော်ရွှင်မိပါတယ်..။
ဘယ်လောက်ပဲမတူညီပါစေ..နားလည်ခွင့်လွှတ်ချစ်ခင်မှုတွေနဲ့ရောပြွမ်းနေတဲ့အတွက်ဘ၀တလျှောက်
သာယာတဲ့ခရီးဖြစ်နေမှာပါ..။
အော်..ဒါနဲ့.သိပ်အားကျအောင်မရေးနဲ့နော်..တချို့အားကျနေတဲ့သူတွေရှိတယ်..(သဒ္ဓါအပါအ၀င်…း)
မမြသွေးတို့မိသားစုအားလုံးကျန်းမာပျော်ရွှင်အေးချမ်းပြီးအဆင်ပြေချောမွေ့ပါစေ…
ချစ်တဲ့
သဒ္ဓါ
မမ
အရမ်းအားကျတာဘဲမမရယ်..
မတူညီသောတူညီခြင်းတွေနဲ့ပေါင်းစည်းထားတဲ့
အမတို့မိသားစုဘ၀လေးပျော်ရွှင်ကံကောင်းပါစေလို့
အဖြူလေးဆုတောင်းပေးလိုက်ပါတယ်မမ…
ချောညီမ >>> အားကြီးပဲကျမနေနဲ့…. ကိုယ်တိုင်ကလည်း ကြိုးစားဦးပေါ့.. ဘလော့ဂ်ပဲ ဂင်မနေနဲ့..။ လိုအပ်လို့တာဝန်ပေးရင် ယူဖို့အသင့်နော်.. ဒီက..။
မရွှေစင်ဦးရေ >>>ကျေးဇူးတင်ပါတယ်ရှင်။ ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ 🙂
ညီမခိုင်နုငယ်, ဇင်အိ, သဒ္ဓါနဲ့ ဖြူစင် >>> အလဲ့။ သူတို့တွေကလဲ အားကျပြန်ပြီတဲ့။ ကဲ.. အစ်မချစ်ကြည်အေးရေ.. မြသွေး ဘယ်နှယ်လုပ်ရပါ့။
ဆုတောင်းပေးမှုအတွက် အားလုံးကိုကျေးဇူးတင်ပါသည်နော်…။
တူညီခြင်းနှင့် မတူညီခြင်းတွေကြားမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ဘ၀တစ်လျှောက်လုံး အေးချမ်းပျော်ရွှင်ပါစေ
ကိုယ့် အစ်မတွေ အဆင်ပြေပြေ ကြားရ မြင်ရတာ ဝမ်းသာ ကြည်နူး မိပါတယ်။
တွဲလက်တွေ ထာဝစဉ် ခိုင်မြဲကြပါစေ…။
အမရေ..တူညီတဲ့ချစ်ခြင်း….မတူညီတဲ့ချစ်ခြင်းတွေမှာ
အဓိက..အချစ်ဆိုတာရှိနေဖို့ဘဲလိုတာပါအမရယ်….
နှလုံးသားနဲ့ခံစားပြီးဖတ်သွားပါတယ်ရှင်…
ဘ၀အမောတွေထဲမှာ ဒီလိုအေးမြသာယာတဲ့ ချစ်ခြင်းမေတ္တာလေးရှိနေရင် ရှေ့ဆက်ရင်ဆိုင်ကြဖို့ ဘာများလိုဦးမှာလဲနော်။
သူငယ်ချင်းအတွက် ကြည်နူးလိုက်တာ။ ကျိတ်ချစ်နေသူတွေရှိရင်တော့ ငိုနေလောက်ပြီနော်။
ဆန္ဒနဲ့ ဘ၀လဲ တထပ်ထဲကျရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အစ်မရေလွန်စွာမှဘဲဘဘောကျနှစ်ခြိုက်မိပါတယ်ခင်ဗျာ
တစ်နေ့နေ့တော့အစ်မတို့လိုဘ၀မျိုးလေးမျှော်လင့်မိပါသေးတယ်
အားကျတယ်ပေါ့ဗျာအစ်ကို့ကိုလဲပြောပေးပါဗျာ
နှောင်ကြိုး…ကဗျာလေးခံစားမိပါတယ်လို့
ဝါးးးးးးးးးးးးး
အရမ်း အရမ်းကို ဂွတ်တယ်..မမရာ
အားကျတယ်..
ကြည်းနူးတယ်..
အပျော်တွေ ကူးစက်လာတယ်..
နောက်……..
အများကြီး အများကြီး …
so good…
မကေ >>> ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။
ကိုမြစ် >>> သူများအတွက်ကြီးပဲဝမ်းသာမနေနဲ့ဦး။ အချိန်ရှိခိုက် လုံ့လစိုက်လေ..။
Blackrozeှ>>> နှလုံးသားနဲ့ခံစားပြီးဖတ်သွားလို့ ကျေးဇူးအထူးတင်မိပါတယ်နော်။
CKL (မချော) >>> ဆန္ဒနဲ့ ဘ၀လဲ တစ်ထပ်ထဲကျရအောင်ကျိုးစားနေဆဲပါ မချောရေ။
အနက်ရောင်ရေ >>> ဟုတ်တယ်..။ ဒီကဗျာလေးကို အစ်မလဲ ကြီုက်၏။
မြတ်မွန် >>> မြတ်မွန်ညီမ…( အဲ..နောက်..အများကြီး အများကြီး …) ရှိုဒါ ဘာလဲဟင်..? တိဂျင်လာဘီနော်..။
ဆုတောင်းပေးမှုတွေအတွက် အားလုံးကိုကျေးဇူးတင်ပါသည်နော်…။ 🙂
မမြသွေးနီ ရေ
ရေးထားတာအရမ်းသဘောကျဖို့ကောင်းတာပဲ၊
သားလေးမွေးပေးတဲ့နေ့က ကျေးဇူးတင်ကြောင်းအခါခါပြောတဲ့ အဖေတစ်ယောက်ကိုလဲလေးစားမိတယ်၊
အားရပါးရ အသံထွက်အောင်ရယ်တဲ့ မေမေ၊ အသံမထွက်ပဲ တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်အောင်ရယ်တဲ့ ဖေဖေတို့ရဲ့
သားလေးကရော၊ အသံလဲထွက် တသိမ့်သိမ့်ရောတုန်အောင်ရယ်လား၊၊ 🙂
ခင်မင်တဲ့
ပြောဖို့ကျန်သွားလို့ပါ၊ လက်ကလေးတွေပုံလဲ လှတယ်၊ စိတ်ကူးကောင်းလိုက်တာ
မမြသွေးနီရေ…….
အခုတစ်လော ဖတ်ဖြစ်နေတဲ့ တက်ဂ်ပို့စ်လေးကို ဖတ်သွားပါတယ်…….။
ပျော်ရွှင်စိတ်ချမ်းမြေ့စရာမိသားစုဘ၀လေး အမြဲပိုင်ဆိုင်သွားနိုင်ပါစေဗျာ………။
ခင်မင်ခြင်းအားဖြင့်……..
ဏီလင်းညို
* The devoted rope
It is only one hardest and strongest bond,
Nothing but an ardent bond as well as affectionate tie,
Just to wreathe our love like garland,
Poetry is the record of the best and happiest moments of the happiest and best minds.
Equalize if the situations are unequally equality,
Regulate if the circumstances are irregularly regular,
Normalize if the events are abnormally normal,
They all will asymmetrically be symmetric.
မမ.စာရေးထားတာတွေက..ထိထိမိမိနဲ့အရမ်းဖတ်လို့ကောင်းတယ်..။ တစ်လုံးဆို..ဆိုသလောက်..
အသဲကိုစူးနစ်စေတယ်..ကဗျာလေးကိုလည်းအရမ်းကြိုက်တယ်..ကဗျာလေးက..
နှလုံးသားကို.စုပ်ယူတုန်ခါသွားစေတယ်။…အဲလိုမျိုးစာအရေးလေးတွေကို..နောင်လည်း
ဖတ်ချင်သေးတယ်….။အမြဲအားပေးနေတယ်နော်..
မတူတာလေးတွေကတော့..အိမ်တိုင်းရှိစမြဲပါ။ကျွန်တော်နဲ့သူလည်း ဒီတိုင်းဘဲ။
အသက်…ကျွန်တော်က.သူ့ထက် ၃ လက်မပုတယ်လေ။သူက ၂ လက်မမြင့်တဲ့ဒေါက်ကိုစီးသေးတယ်။
ဒါနဲ့သူက..၅ လက်မရှိတဲ့ရှုးကို ရှင်စီးဆိုပြီးဝယ်လာပေးသေးတယ်.။ဘယ်ရမလဲ..စီးပစ်လိုက်တယ်။
အရောင်….ကျွန်တောက်ကအနက်ရောင်ဆိုကြိုက်မှကြိုက်…သူကတော့ဟုတ်ဖူး..အမဲရောင်.မှ.အမဲရောင် တဲ့။
လျှော်ရမဲ့..အ၀တ်ပုံကြီးကြည့်ပြီး.ဟူး..မောပါ့.လို့ပြောမိတာနဲ့..သူကမျက်စောင်းထိုးပြီးဇိုးကနဲ့ဇက်ကနဲအကုန်ယူသွားပြီ.
ဒိုဘီကုလားဆီပို့လိုက်တယ်လေ..။အစားစားရင်လည်း..ပြသာနာတစ်ခု။ကျွန်တော်ကငရုပ်သီးပါမှစားလို့ကောင်းတယ်။
သူကတော့စပ်စပ်ကလေးစားမှ.ခံတွင်းမြိန်တယ်တဲ့လေ..။.ကျွန်တော်က.ကစ်တရောင်ဆိုအရမ်းကြိုက်ပေမဲ့.သူကကြေးအိုးမှ
ကြေးအိုး။ဟူး….။အိပ်ရင်လည်းအဆင်မပြေပါဘူး။ကျွန်တော်က.ညဉ့်နက်မှအိပ်တတ်တယ်လေ။သူက..သန်းကောင်ရံမှအိပ်
တတ်တယ်တဲ့။ကျွန်တော်က.ရုပ်ရှင်ဆို.ကြိုက်ပါ့။သူက..ဓါတ်ရှင်ပဲကြိုက်တယ်တဲ့လေ။သီချင်းဆိုရင်ကျွန်တော်က.မပွင့်တပွင့်
တိုးတိုးဆိုတတ်တယ်။သူက.လက်မလေးနဲ့အုပ်ပြီး.မကြားတကြားဆိုတတ်တယ်တဲ့လေ.။သူကကျောင်းအမြဲတက်တော့.
ကျွန်တော်က.လိုက်လိုက်သွားရတယ်။ကြာတော့..မေးကြတော့တာပေါ့။..ဒကာလေးက..ကပ်ပိယလား.ကပ်ပလီလားတဲ့..
ဆရာတော်မေးတာလေ။စိတ်ဆိုးလို့..ဒါပဲနော်..ဟင်း..၊လို့ပြောလိုက်ရင်သူပြာပြာ..ပြာပြာ နဲ့အပြင်ထွက်သွားရော..ချိုင့်က
လေးဆွဲပြီး..။ဘာဟင်းများဝယ်လာပြီးချော့မလဲလို့.မျှော်နေရတာ.ရင်တောင်တုန်တယ်လေ။ကျွန်တော်က.ပင်လယ်စာသိပ်
ကြိုက်တယ်။သူကတော့..ဟူး..ဆီးဖုဒ်မှဆီးဖုဒ်တဲ့..။အသစ်ဝယ်လာရင်..ကျွန်တော်ကသူငယ်ချင်းတွေအိမ်သွားပြီးအိပ်လာ
လည်ဖို့သွားဖိတ်နေတာ..သူကတော့လေ..အိမ်ပြန်ရောက်လို့ကြည့်လိုက်ရင်..ပါတီတောင်လုပ်ပြီးသွားလေ..။ဟူး……
အမ..လူတယောက်ကို တကယ်ချစ်မိပြီဆိုရင်..ပထမဆုံး သူ့ရဲ့ အပစ်အနာအဆာတွေကို ခွင့်လွှတ်နိုင်တဲ့သူဖြစ်ရမှာပေါ့. ဒါမှ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဖြစ်နိုင်မှာပေါ့..ကိုယ်ကတကယ်ခွင့်လွှတ်တတ်တဲ့အခါ.တဖက်လူကပိုကောင်းအောင် ကြိုးစားချင်တဲ့စိတ်လေးရှိလာတာတော့တာပေါ့…အောင်မြင်တဲ့ လူတယောက်ဖြစ်ဖို့လွယ်ပေမဲ့ အောင်မြင်တဲ့ မိသားစုဘ၀ကို တည်ထောင်နိုင်ဖို့ဆိုတာ ခုခေတ်ကြီးထဲ တကယ်မလွယ်တဲ့ ကိစ္စတခုဖြစ်နေပြီနော်
ညီမမြသွေးရေ…ခရီးမသွားခင် မနက်က ဖတ်သွားခဲ့တယ်။ ခုမှ ကော်မန့်လာရေးရတာ။ လက်နဲ့ မရေးပဲ နှလုံးသားနဲ့ ရေးထားလို့ ထင်ပါရဲ့ ပိုစ့်လေးက ချိုမြ နွေးထွေးလို့….:)
အားကျပါတယ်ဗျာ၊ အစ်မတို့ မိသားစုလိုပဲ တစ်ကယ်ချစ်ပြီး ဘ၀ထူထောင်တဲ့ ဇနီးမောင်နှံတိုင်း တစ်ဦးနှင့်တစ်ဦး ခွင့်လွှတ်နားလည်နိုင်ကြပြီးကြည်နူးစရာဘ၀ကို ပြည့်ပြည့်၀၀ ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဖြိုးဖြိုး ရေ >>>> .သားသားကရယ်ရင် တခစ်ခစ်နဲ့တော့..။ ပုံလေးကတော့ ရိုက်တဲ့သူတော်လို့ပါနော်..။ 🙂
ကိုဏီရေ >>>> မူးနေတဲ့ကြားက လာရောက်ဖတ်သွားတာ အားနာမဆုံး၊ ကျေးဇူးတင်မဆုံးပါ။ ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။ ကျန်းမာရေးလဲ ဂရုစိုက်ဦးနော်။
Ko Min Yar Zar >>> Heartfelt thanks for your Nice Quote. It’s going to hit me something. Always appreciate & read carefully on your valued comments. Take care!
သဲသဲရေ >>> ကြိုးစားပါ့မယ်ရှင်။ သဲသဲတို့လို အမြဲဖတ်ပေးနေသူတွေကြောင့် မြသွေးနီ ရှင်သန်ခွင့်ရနေတာပါ။
Mr. အိုဘားမား >>> ကွန်မန့်တိုင်း ဖတ်ပြီးပြုံးမိရပါတယ်။ ဒီအတိုင်းဆို မီရှယ်နဲ့ Mr.နဲ့က တော်တော် တိုက်ဆိုင် တူညီနေကြတာပဲနော် ။ ဘ၀မှာပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေနဲ့ တွေ့နိုင်ပါစေရှင်..။
ညီမသင်ဇာရေ >>> စာနာတတ်တဲ့ စိတ်လေးကပဲ အရာရာကို balance ညှိပေးသွားတာပါ..။
မကြီး ချစ်ကြည်အေး >>> သူများက သူ့ကွန်မန့်လေး စောင့်နေရတာ..။ မနက်စောစော မချစ်ရဲ့ ကွန်မန့်လေးကြောင့် မြသွေး ပျော်သွားရ၏။ လက်နဲ့မရေးပဲ တကယ်ကို နှလုံးသားနဲ့ ရေးခဲ့တာပါ မချစ်ရေ..။
win ရေ >>> ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။ Win လည်း အစအစအဆင်ပြေပါစေနော်..။
ဆုတောင်းပေးမှုတွေအတွက် အားလုံးကိုကျေးဇူးတင်ပါသည်နော်…။ 🙂
အားကျစရာလိုက်တာ!
ပျော်ရွှင်တဲ့မိသားစုဘ၀လေးကို အမြဲပိုင်ဆိုင်ပါစေ အမ
ကြည်နုးမှုတွေ မျှဝေစီးကျလာစေပါတယ် အမရယ်………
ပဲာပဲာ အရည်တောင် ပျော်ချင်သွားပြီ………(အားကျလို့)
ကျွန်တော့် မျက်လုံးထဲမှာ ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဒေါ်မမလေးတို့ကို ပြေးမြင်လိုက်ရသလိုပဲ
တကယ်…………
မမရေ
ကြည်နူးစွာနဲ့ ဖတ်ရှုအားပေးသွားပါတယ်ရှင်
” မတူညီသော တူညီချင်း ” အဟုတ်တွေကြီးပဲနော်
ကြည်နူးဖို့ကောင်းလိုက်တဲ့ ဘ၀လေး ပါလား… အားကျလိုက်တား)
အားပေးနေလျှက်
လူမူဘ၀ ရသတစ်ခုကို အပြည့်အ၀ခံစားရပါတယ် .. 🙂
အားကျ အတုယူဖို့ကောင်းပါတယ် ….