နတ်ဆိုးကျိန်စာ
Number of View: 11773
20141107-haiyan-damagePhoto Credit to – www.rappler.com
ရွှံ့များ၊ နုန်းများ၊ အမှိုက်များဖြင့် ဗွက်ပြင်ကျယ်ကြီးသည် မျက်စိတစ်ဆုံး ရှိနေ၏။ မည်သည့်အရာဟု မဖော်ပြနိုင် လောက်တော့သည့် အပျက်အစီး၊ အကျိုးအပဲ့များက နေရာအနှံ့တွင်တွေ့နေရသည်။
ကောင်းကင်ပြင်ကြီးကတော့ ဘာမျှ မသိလိုက်သကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေ၏။ ဟိုးအဝေးပျပျတွင် လူသုံးယောက် ဆန့်ကျင်ရာဘက်သို့ တရွေ့ရွေ့ လျှောက်သွားနေသည် ကို တွေ့ရ၏။ လှမ်းအော်ခေါ်လိုက်ချင်သော်ငြား ပါးစပ်ဖွင့်ဟဖို့ပင် ခံစားချက်မရှိတော့။ ပတ်ဝန်းကျင်တွင် လူရုပ်မပေါ် ပွယောင်းနေသည့်အသွင်ဖြင့် ပျံ့ကျဲနေသည့် အသက်မဲ့ ခန္ဓာကိုယ်များနှင့် လူ၊ တိရစ္ဆာန် အသေကောင်များကို ကြည့်မိတော့ အသက်နှင့်ခန္ဓာ ယှဉ်တွဲလျှက် ရှိနေသေးသည်ကိုပင် ခင်ညို ယုံရန်ခက်ခက်ဖြစ်နေသည်။
နဘေးနားတွင် ထိုင်နေသည့် ခင်မိကို သတိထားမိလျှင် ခင်ညိုရင်ထဲ ကြေကွဲဆို့နစ်လာရပြန်၏။ ဤနေရာတွင် နှစ်ယောက်သားထိုင်နေသည်မှာ တစ်နာရီမျှပင်မကတော့။ ၀မ်းဗိုက်ထဲ ဆာလောင်လွန်းသဖြင့် တကျုပ်ကျုပ် မြည်နေ၏။ လမ်းစပျောက်နေချေပြီ။ ခင်ညိုတဲဘေးက ခင်မောင်တို့မိသားစုလဲ အခုဆို ဘယ်ကမ္ဘာရောက်နေပြီမသိ။ မသိဆို ယခု ခင်ညိုတို့ လင်မယားရောက်နေရာနေရာသည်လည်း အဘယ်နေရာဆိုသည်ကိုပင် မမှန်းနိုင်တော့ချေ။ ထိုမျှမကသေးပေ။ ခင်ညို၏၀န်းကျင်တွင်လည်း အပျက်အစီးများက အနန္တ။ မြင်မြင်ရာ မျက်စိတစ်ဆုံး အနိဋ္ဌာရုံများက ထုနှင့်ဒေး။ ခင်ညိုနှင့် ခင်မိတို့၏ကမ္ဘာ ပြိုပျက်ခဲ့သည်မှာ လတ်လတ်ဆတ်ဆတ်ပင် ရှိနေချေသေးသည်။ သို့တည်းမဟုတ် ခင်ညိုတို့နှစ်ဦးသည် ကမ္ဘာအသစ်တစ်ခုသို့ ယခုမှပင် ခြေစချမိသူလို။ ခင်ညို၏ကမ္ဘာသည် ခင်ညိုမပိုင်တော့သလို။
ခင်ညိုနှင့်ခင်မိတို့ ရွှံ့ဗွက်ထဲ လဲနေသည့် အုန်းပင်စည်ပေါ်တွင် ငုတ်တုတ်ထိုင်နေကြ၏။ ခင်ညိုက ခင်မိကို ငဲ့ကြည့် လိုက်မိသည်။ ခင်မိ၏အမူအယာက တုံဏှိဘာဝေ။ ရှေ့တူရှူသို့ မျက်တောင်မျှပင် မခတ်ပဲ ကြည့်နေ၏။ ထိုသို့ ကြည့်ပင် ကြည့်နေသော်လည်း ခင်မိ၏မျက်လုံးအိမ်ထဲတွင် ဘာမျှ မြင်ရသည့်ပုံမပေါ်။ ရွှံ့စရွှံ့နများ ပေကျံနေသည့် စိုစွတ်နေသည့် ဆံပင်ကျပ်ခဲနှင် မျက်နှာထက်ဝယ် မျက်ရည်မြစ်နှစ်စင်းက တသွင်သွင်စီးဆင်းလျှက်ရှိ၏်။ ခင်မိ၏ခါးတွင် မကြာသေးခင်ကပင် ခင်ညိုချွတ်ပေးထားသည့် ညစ်ပေစိုနေသည့် ခြေသလုံးဝက်ဘောင်းဘီတိုကို ၀တ်ထား၏။ အ၀တ်ကင်းမဲ့နေသည့် ခင်မိ၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင်မူ ရွှံ့ဗွက်တောထဲမှာ တင်ကျန်နေသည့် ပလတ်စတစ်အိတ်ကျွတ် အမည်းအပိုင်းအစကို အရှက်လုံယုံ ပတ်ပေးထား သည်။ ခင်ညိုကိုယ်တိုင်လဲ အပေါ်ပိုင်းဗလာ၊ ခန္ဓာကိုယ်အောက်ပိုင်းကို သစ်ပင်၌ ငြိကျန်ရစ်ခဲ့သည့် ပီနန်အိတ်ခွံ အစုတ်တစ်ထည်ဖြင့် ပတ်ထား၏။
ယခုအချိန်မှာတော့ ခင်မိအတွက်သာ ခင်ညိုစိတ်ပူသည်။ ခင်မိ၏ မျက်လုံးများက ကြောင်တောင်တောင်။ သတိပြန် ရချိန်ထဲက ခင်မိသည် သမီးလေးနာမည်ကိုခေါ်ကာ ပဋာမြေလူးအရူးတမျှ သည်းသည်းလှိုက်လှိုက် ရင်ပွင့်ထွက်မတတ် အကြိမ် မရေတွက်နိုင်အောင် ငိုကြွေးခဲ့ပြီးပြီ။ ယခုတော့ အမောဖြေနေပုံရ၏။ တဖန် ပြန်ငိုဦးမည်ဆိုလျှင် ခင်မိကို ရင်ခွင်ထဲဆွဲသွင်း၍ တင်းတင်းဖက်ထားပေးယုံသာ ခင်ညိုတတ်နိုင်တော့သည်။ တကယ်တော့ ခင်ညို့၏မျက်လုံးအိမ်ထဲမှ မျက်ရည်စများကို ခင်မိကို မမြင်စေချင်ပေ။
Untitledခင်ညိုတစ်ယောက် ကြယ်မြင်လမြင်ဖြစ်နေသည့် လယ်တဲလေးကို ဓနိရွက်များဖြင့် ကိုယ်တိုင်ကိုယ်ကျ စိတ်ပါလက်ပါ မိုးနေ၏။ ခင်မိက တဲမိုးဖို့ တိုက်တွန်းနေသည်မှာ ကြာလှပြီ။ သမီးလေး ဖြူဖွေးပင် ရှစ်လထဲရောက်နေပြီ။ သားဦးဖြစ်၍ ကျန်းမာသည့်သမီးငယ်လေးဖြူဖွေး၏ ချစ်စဖွယ်မျက်နှာက ခင်ညိုနဲ့ခင်မိတို့အတွက် အမေပြောသည့် အမောပြေဖြစ်နေရာ၏။ ခင်ညို့မိဘ လက်ငုတ်လက်ရင်း အမွေဖြစ်သည့် လယ်ကွက်လေးမှာ တဲထိုးပြီး လင်ကိုယ်မယား ဒိုးတူဘောင်ဘက် လယ်လုပ်ခဲ့ကြသည်။ သမီးလေးဖြူဖွေးကို အိမ်ထောင်သက်ခြောက်နှစ်ကြာမှ ရခဲ့တာမို့ ခင်ညိုရော ခင်မိပါ သည်းသည်းလှုပ် နေမိသည်မှာ မထူးဆန်းတော့။ သမီးမွေးပြီးချိန်မှ ခင်ညိုလယ်က စပါးတွေအောင်သည်။ လူကြုံဖြင့် ထိုးခိုင်းလိုက်သည့် ထီဆုက ဆုသေးလေးပေါက်သည်။ သမီးလေးဖြူဖွေးမျက်နှာဖြင့် ခင်ညို့နှင့် သမီးဖြစ်သူကို သဘောမတူသည့်ယောက္မမကြီးက ခင်ညို့ကို စကားပြန်ပြောသည်။
မနက်က ရွာလယ်ကျောင်းမှ ဦးဇင်းကြီး လပွတ္တာကနေ ဆွမ်းစားပြန်လာချိန် `ချိန်ခါမဟုတ် မုန်တိုင်းဝင်မယ် ကြားတယ်၊ ဒီနှစ် မိုးများ စောမလားမသိဘူး´ဟု နေ့လယ်က ပြောသံ ကြားပြီးထဲ ကပင် အသင့်ပြင်ထားသည့် ဓနိများ ယူချလာပြီး တဲမိုးဖို့ အစပြုခဲ့တာ ဖြစ်၏။ `တဲမိုးမှာဖြင့် မိုးပါတော့၊ ကလေးကို နေပျောက်ထိုးလှတယ်´ဟု ခင်မိပြောနေတာလည်း ကြာနေလေပြီ။ ပို၍ သေချာသွားစေသည်က မနက်က မြစ်ဆိပ်ဘေးရောက်ချိန် ဟိုး…အရှေ့ဘက် ကောင်းကင်ပြင် တွင် နီရောင်သန်းပြီး ညို့နေသည့် တိမ်ဆိုင်များ၊ လေဖြင့် တရွေ့ရွေ့ နှင်နေသည်ကို မြင်ရချိန် ချိန်ခါမဟုတ်မိုး ရွာမည်ကို စိုးရိမ်စွာဖြင့် ခင်ညိုတစ်ယောက် မနက်စာစားပြီးထဲက တဲမိုးဖို့ ပြင်နေခြင်းဖြစ်၏။
အချိန်က နေမွန်းတိမ်းခဲ့ပေပြီ။ ဒီနေ့ ထူးထူးခြားခြား လေငြိမ်နေ၏။ ပုံမှန်ဆိုလျှင် မြစ်ကမ်းနား နီးသော သူတို့တဲ နေရာမှဆိုလျှင် မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်သည့် လေအေးအေးလေး၏ အတွေ့ကိုရတတ်သည်။အခုတော့ လေငြိမ် နေ၍ခင်ညို့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေ၏။
လေမတိုက်သော်ငြား ကောင်းကင်ပြင်စွန်းစွန်းတွင် အုံ့မှိုင်းနေသည်ကို တဲမိုးရင်းက လှမ်းမြင်နေရ ၏။ ခင်ညိုတို့တဲ၏ ခြေရင်းတဲက ကိုအောင်ဘ မိန်းမက `မိုးရွာမလားမသိဘူး၊ အုံ့မှိုင်းနေလိုက် တာ၊ လေက ငြိမ်တော့ အတော်အိုက်တယ်၊ ကိုအောင်ဘလဲ အခုထိ ပြန်မလာသေးဘူး´ဟု ထွက်ပြောသံကို ကြားရ၏။
 နေ့လယ် သုံးနာရီလောက် တဲမိုးပြီးချိန်လောက်တွင် လေခပ်ပြင်းပြင်း စတင်တိုက်ခတ် လာသည်ကို သတိထားမိ လိုက်၏။ လေနှင့်အတူ မိုးစက်လေးများပါ တဖွဲဖွဲကျလာ၏။ ခင်မိက သမီးဖြူဖွေးကို နို့တိုက်နေရာမှ လှမ်းထားသည့် အနှီးစတွေကို ရုတ်ဖို့ လှမ်းပြော၏။ မြစ်နီးချောင်း ပါး နေလာသူများဖြစ်၍ မိုးမကြောက် လေမကြောက်၊ ဤမျှလောက် အခြေအနေက အခုလို နွေရာသီ ပူပြင်းနေပုံမျိုးဖြင့် အအိုက်ပင်ပြေသေးဟု ထင်မိသည်။
သို့သော် ကောင်းကင်တိမ်သားများက မိုးစက်မှုန်များကြားက ရုတ်ချည်းညိုမည်းလာ၏။ လေက
ပြင်းပြင်းမွှေ့၍ ခင်ညို၏တဲနဘေးရှိ သရက်ပင်က ယိမ်းထိုးခါလာသည်။ တစ်ခဏ အတွင်းမှာ လေက ပြင်းလာရာ မွေးထားသည့် ကြက်မမိသားစုလည်း တဲအောက်သို့ ကသောကမျော ပြေးဝင်၏။ အ၀တ်လှမ်းရန် တဲနှင့်သရက်ပင်ကို သွယ်တန်းထားသည့် ကြိုးတန်းသည်လည်း ပြတ်ထွက်သွား၍ လွင့်သွားသည့် အနှီးများ၊ အ၀တ်များကို ခင်ညိုခမျာ ကမမ်းကတမ်းပင်လိုက်ကောက်ရ၏။ မြင်နေရသည့် မြစ်ရေမျက်နှာပြင်တွင် လှိုင်းကြက်ခွပ်ကြီးများ ရုတ်ချည်းပင် ယောက်ယက်ခတ် ဘောင်ဘင်ထ လာ၏။
             “ဂျိန်း…. ဂျိန်း…၀ုန်း..”
မိုးကြိုးတစ်ချက် ခပ်ပြင်းပြင်းပစ်ချလိုက်သဖြင့်ခင်ညို့သမီးလေးဖြူဖွေးခမျာ ထိတ်လန့်သွား၍လား မသိ၊ ၀ါးခနဲ ထငို၏။ ခြေရင်းတဲမှ ကိုအောင်ဘမိန်းမက ငါးနှစ်အရွယ်သားငယ်ကို ပုခုံးဖက်ထားလျှက် “ ကိုခင်ညိုရေ… မိုးတော့ အကြီးအကျယ် ရွာမဲ့ပုံပဲ၊ ရှင့်သူငယ်ချင်း ကိုအောင်ဘနှယ်၊ မိုးရွာမဲ့ဟန်မြင်ရင် စောစောပြန်လာတာမဟုတ်ဘူး၊ ကလေးက မိုးချိန်းသံ ကြားတော့ ကြောက်နေပြီ၊ တကတဲ လူကို စိတ်ပူပြီး မျှော်နေရအောင်လုပ်တယ်” ဟု ခင်ညိုတို့ တဲဘက်ကြည့်ရင်း လှမ်းအော်ပြော၏။
          “စိတ်မပူပါနဲ့ မသီရေ… ပြန်လာမှာပါ… နင်တို့သားအမိ မိုးချိန်းသံကြောက်ရင် ငါတို့တဲဘက် လာနေလေ”
ခင်မိက လှမ်းပြောလိုက်ချိန်မှာပဲ ပူပူနွေးနွေးမိုးထားသည့် ဓနိရွက်များက လေပြင်းပြင်း အတိုက်တွင် လွင့်ထွက်ကုန်တော့၏။ မိုးချိန်းသံက ဆက်တိုက် အဆက်မပြတ်။ မိုးစက်မိုးပေါက်များ က ရေလှောင်ထားသမျှ ဖောက်ထုတ်လိုက်သလို ဖျောခနဲ အုန်းခနဲ ရွာချလိုက် ၏။ လေအဟုန် မိုးအရှိန်ဖြင့် ဓနိအမိုးများ ဟိုသည်တစ်ရွက်စီလွင့်ကုန်ပြီ။ ခင်မိတို့တဲလေး အမိုး မလုံတော့၊ ရေတုတ်တုတ်ရွှဲကုန်လေပြီ။ ခင်ညိုနဲ့အတူ တစ်ဘက်တဲမှ မသီတို့ သားအမိနှစ်ယောက် တဲပေါ်ကို အပြေးအလွှားတက်လာ၏။ တဲကလေး တသိမ့်သိမ့် တုန်နေလေပြီ။
သမီးလေးကို ရင်ခွင်ထဲ ကျစ်ကျစ်ပါ ပွေ့ဖက်ထားရင်း၊ တဲပေါ်မှ လှမ်းမြင်လိုက်ရ သည့် မြင်ကွင်းကြောင့် ခင်မိတို့အားလုံး မျက်လုံးများ ၀ိုင်းစက်ကုန်ရ၏။ မြစ်ရေ စိုးရိမ်ရေမှတ် ကို ကျော်လွန်၍ လျှံတက်လာလေပြီ။ တဲမှ လှမ်းမြင်နေရသည့် ရေလှိုင်းလုံးများကြောင့် ကြောက်
စိတ်တွေ ရုတ်ချည်းခိုတွယ်လာရ၏။ မြစ်ရေလွှမ်းလာသည်က ကမ်းပါးကိုပင် မမြင်ရတော့။ မသီက ဘုရားစာ တတွတ်တွတ်ရွတ်ရင်းက ယောကျာ်းဖြစ်သူ ကိုအောင်ဘကို မျှော်၏။ မသီရဲ့သား
အောင်မိုးက ကြောက်လန့်စိတ်ဖြင့် တအိအိငိုနေလေပြီ။ ခင်မိလည်း သမီးလေးကို ပွေ့လျှက်က ခင်ညို့ လက်မောင်းကို ဆုတ်ကိုင်ကာ တရိပ်ရိပ်တက်လာသည့် မြစ်ရေပြင်ကိုအံ့သြထိတ်လန့်စွာ ကြည့်နေမိ၏။
လေက အငြိုးတကြီး ၀ုန်းဒိုင်းကျဲတိုက်ခတ်လာသည်။ မိုးသီးမိုးပေါက်များက အလျဉ် မပြတ်တော့။ လေရောမိုးပါ သည်းသည်းထန်ထန်၊ သည်းသည်းလှုပ်လှုပ် ရှိ၏။ ၀ှီခနဲ၊ ရွှီခနဲ လေချွန်သံကဲ့သို့ အသံများနှင့်အတူ လေပြင်းမွှေ့လိုက်ရာ ခင်ညိုတို့တဲလေး ယိုင်ရာမှ စောင်းသွား၏။ အားလုံး တဲပေါ်တွင် ဖင်ထိုင်လျှက် ကျသွား၏။
          “ အောင်မလေး… လုပ်ကြပါဦး.. တဲရှေ့ကပြင်အထိ ရေတွေ တက်လာပြီ”
ခင်မိက ထိတ်လန့်တကြားအော်လိုက်၏။ သစ်ပင်ကျိုးသံများလား၊ သို့တည်းမဟုတ် တဲတွေ မြစ်ရေလျှံသည့်အထဲ မျောကုန်သည်လားမသိ။ ဖြောင်းခနဲ၊ဒိုင်းခနဲ၊ ၀ုန်းခနဲအသံများ ကြားနေရ၏။ ၀န်းကျင်တခွင်တွင် အုံ့ဆိုင်းမှိုင်းမှောင်သွားသဖြင့် သည်းသည်းကွဲကွဲ မမြင်ရတော့ပေ။ မြင်နေရသည်က ဘယ်နေရာကြည့်ကြည့် အားဖြင့်မာန်ဖြင့် အရှိန်ကောင်းစွာ စီးဆင်းနေသည့် မြစ်ရေအဟုန်။ တဲကပြင်မှတဆင့် တဲကြမ်းခင်းပါ ရေထဲ တဖြည်းဖြည်း မြုပ်လာ ချိန်တွင် ခင်ညိုတစ်ယောက် ဆုံးဖြတ်ချက်ကို ခပ်သွက်သွက်ချရလေပြီ။
      “ကဲ.. ခင်မိ..နင်က ကလေးကို သေချာပိုက်ထားပြီး ငါ့ဘောင်းဘီကို မြဲမြဲကိုင်လိုက်ခဲ့၊ ငါ့လက်တစ်ဘက်နဲ့ နင့်ကိုထိမ်းခေါ်သွားမယ်၊ မသီ.. နင်လဲ နင့်သားကို သေချာခါးထစ်ခွင်ချီလိုက်၊ ပြီးရင် ငါ့လက်တစ်ဘက်ကိုကိုင်၊ ငါတို့ ဒီတဲက အမြန်ခွာမှဖြစ်တော့မယ်”
ခင်မိတို့ ဘာဆိုဘာမျှ ယူရန် အချိန်ပင်မရလိုက်ပေ။ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် တဲကိုစွန့် ခွာရန် ဆုံးဖြတ်လိုက်ပြီးနောက် ရေထဲသို့ အားလုံးခြေလှမ်းချချိန်တွင် ရေက ပေါင်လယ်လောက်
ရောက်နေလေပြီ။ အော်သံဟစ်သံများကြားနေရ၏။အခြေအနေက တောင်မင်းကို မြောက်မင်း
မကယ်နိုင်သည့် အခြေအနေ။ ခင်ညိုတို့ ရေထဲ ခက်ခက်ခဲခဲဖြင့် ခြေလှမ်းကာ မလှမ်းမကမ်း တွင် မြင်နေရသည့် သောက်ရေကန်ဘောင်ရိုးဆီသို့ ဦးတည်လိုက်၏။ အချိန်က ညနေငါးနာရီ ၀န်းကျင်ခန့်ရှိပြီ။ သို့သော် အချိန်ထက်ပို၍ ၀န်းကျင်သည် မှောင်ရိပ်သန်းနေ၏။
အရှိန်အဟုန်ကောင်းသည့် ရေစီးနှင့်အတူ မျောပါ မသွားစေရန် မနည်းထိမ်း၍ လျှောက်နေ ရ၏။ ရေစီးထဲတွင် အမျိုးအမည်မသိ အရာများပါ မျောပါနေ၏။ ပိုင်ရှင်မဖော်နိုင်သည့် နွား တစ်ကောင်လည်း ရေစီးဖြင့် ဒရောသောပါး မျောပါသွားသည်ကို တွေ့ရ၏။ သစ်ကိုင်းကျိုးများ၊ ၀ါးလုံးများ၊ အမှိုက် သရိုက်များဖြင့် မြင်ရာတဆုံး ကျယ်ပျံ့သည့် မြစ်ပြင်ကြီးဖြစ်လာ၏။
ကန်ဘောင်ရိုးပေါ်ရောက်ချိန်တွင် ခင်ညိုတို့တဲလေးသည့် မြစ်ရေ၏ သယ်ဆောင်မှုဖြင့် စတင်မျော
နေလေပြီ။ ထိုစဉ် လူတစ်ယောက် သူတို့ရှိရာဆီ ရေကူးလာသည်ကို လှမ်းမြင်လိုက် ရ၏။
             “ကိုအောင်ဘ”
            “အဖေ”
မသီတို့သားအမိ အော်လိုက်သံနှင့်အတူ ကလေးကို ခါးထစ်ခွင်လျှက်က မသီတစ်ယောက် ကိုအောင်ဘ ရှိရာဆီသို့ ရေထဲမှ ဖြတ်ပြေး၏။
             “ ၀ုန်း….”
            “အောင်မလေး… သေပါပြီ…. လုပ်ပါဦး ကိုခင်ညိုရယ်…လုပ်ပါဦး”
ခင်မိ အသံကုန်ဟစ်လိုက်၏။ ကန်ဘောင်ပေါ်အထိ ရိုက်ခတ်လာသည့်ရေအရှိန်ကြောင့် ခြေမ ယိုင်ရန် တောင့်ခံ ထိမ်းထားချိန် မြင်လိုက်ရသည့်က အရှိန်အဟုန်ပြင်းပြင်းဖြင့် တက်လာ သည့် မြစ်ရေလှိုင်း။ ထိုရေလှိုင်းက ကိုအောင်ဘတို့ မိသားစုဆီ တည့်တည့်ဝင်တိုးရာ၊ မျက်စိအောက်တွင် သုံးယောက်သား ရေအောက်သို့ ရုတ်ချည်းမြုပ်ရင်း ပျောက်ကွယ် သွား၏။ မြစ်ရေပြင်သည် စီးဆင်းဆဲ၊ ကြမ်းတမ်းဆဲ၊ ရမ်းကားဆဲပင်။ မသီတို့ မိသားစုအား မြစ်ရေ
က အဘယ်နေရာဆီသို့ ခေါ်ဆောင်သွားပြီ မသိပေ။ မျက်စိအောက်တွင် ဖြစ်သွားသည့် အဖြစ်အပျက်ကြောင့် ခင်ညို သွေးပျက်သွား၏။ ခင်မိက သမီးလေးကို မလွတ်စတမ်းပွေံဖက်လျှက်
ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ငိုကြွေးနေလေပြီ။
ရေသည် မကြာမီ ကန်ဘောင်အထိတက်လာပြီး၊ ကန်ဘောင်သည်လည်း အချိန်တစ်ခု တွင် ရေအောက်သို့ နစ်မြုပ်ရပေဦးမည်။ ခင်ညို တွေဝေနေ၍ မရတော့ပါ။ ခင်ညိုတို့ မိသားစု ယခုထက် ရေလွတ်နိုင်သည့် အမြင့်တစ်နေရာဆီသို့ ရွှေ့မှ ရပေတော့မည်။ ခင်ညိုနှင့်ခင်မိ ခပ်လှမ်းလှမ်းရှိ ကောက်ရိုးပုံကြီးဆီသို့ ခဲရာခဲဆစ် ရေကူးကြပြန်၏။ သမီးလေးဖြူဖွေးလည်း ရေဖြင့်
စိုနစ်နေလေပြီ။ လူနှစ်ရပ်နီးပါး ကောက်ရိုးပုံသည် ရေထဲတွင် ရင်ညွန့်လောက်အထိ မြုပ်နေလေပြီ
။ ပြေးစရာ မြေမရှိတော့ပေ။ ၀န်းကျင်တွင် ကောက်ရိုးပုံထက် မြင့်သည့်နေရာ မရှိတော့။ အသက်ဘေး လွတ်ရန် မည်သည်များက တွန်းအားပေးသည်မသိ။ ကောက်ရိုးပုံပေါ်သို့ ခဲခဲယဉ်းယဉ်း တွန်းတင်တွယ်တက်ရင်း သုံးယောက်သား ကောက်ရိုးပုံထိပ်သို့ ရောက်ခဲ့ရ၏။
နေရာတိုင်းတွင် မှောင်နှင့်မည်းမည်း။ မိုးက သည်းထန်စွာ ရွာနေဆဲ။ လေက ပြင်းပြင်းထန်ထန် တိုက်နေဆဲ။ ကောက်ရိုးပုံထိပ်ကို ချိုင့်ခွက်ဖြစ်အောင်လုပ်လိုက်ပြီး သမီးလေးဖြူဖွေးကို ထိုချိုင့်ခွက်ထဲ ထည့်လိုက်၏။ ခင်မိက သမီးလေးဖြူဖွေး မိုးမစိုစေရန် အပေါ်မှ မှောက်အိပ်လိုက်၏။ တဖန် ခင်ညိုက ခင်မိပေါ်မှ ထပ်၍ ပြုတ်မကျစေရန် အုပ်မိုးဖက်ထားလိုက်၏။ ကျောပြင်ကို လာထိမှန်သည့် ပြင်းထန်သည့် မိုးစက်မိုးပေါက်များက ကျောက်ခဲစများဖြင့် အဆက်မပြတ် ပစ်ပေါက်ခံနေရသလိုပင်။ ကြောက်စိတ် ၀မ်းနည်းစိတ်ဖြင့် ငိုရင်းက သိမ့်သိမ့်တုန်နေသည့် ခင်မိ၏ခန္ဓာကိုယ် အတွေ့ကို ခင်ညိုသိနေရသည်။ ခင်ညိုမျက်လုံးမှလည်း မျက်ရည်များ ကျနေသည်လား။ ကိုယ်တိုင်ပင် မကွဲပြားတော့ပေ။
           “ကိုခင်ညို လုပ်ပါဦး သမီးလေး အေးစက်လာသလိုပဲ၊ အသံမထွက်တော့သလိုပဲ..”
မိုးတိတ်သွားသော်ငြား လေက ပြင်းပြင်းတိုက်ခတ်နေဆဲ။ မှောင်နှင့်မည်းမည်းတွင် တစ်ဦးမျက်နှာ တစ်ဦး မမြင်ရ။ ထို့အတူ သမီးလေးဖြူဖွေး၏မျက်နှာကိုလည်း မမြင်တွေ့ရ။ စမ်းတ၀ါးဝါးဖြင့် ငြိမ်သက်နေသည့် သမီးလေးကို ခင်မိက ကောက်ရိုးပုံချိုင့်ခွက်ထဲမှ ပွေ့ယူကာ ရင်ခွင်ထဲထည့် ရင်း ဖြူဖွေး၏အေးစက်နေသည့် လက်ဖ၀ါးလေးများကို အာငွေ့ဖြင့် အနွေးပေးကာ နွေးစေ၏။ ထို့အတူ ခင်ညိုကလဲ ဖြူဖွေး၏ ခြေဖ၀ါးလေးများကို လက်ဖြင့်ဆုတ်နယ်ရင်း အပူငွေ့ပေး၏။ အတန်ကြာ ဆုတ်နယ်အနွေးပေးရင်းက ဖြူဖွေး၏ ညည်းသံလေးထွက်လာ၏။
     “တော်ပါသေးရဲ့…တော်ပါသေးရဲ့ သမီးလေးရယ်.. အမေက သမီးလေး အသက်ပါသွားပြီတောင် ထင်နေတာ”
အရူးတစ်ယောက်လို တဖွဖွရွတ်လျှက်က ခင်မိက ဖြူဖွေးကို ခက်ခက်ခဲခဲ နို့တိုက်၏။ တကူးတကန့် အိကျီ င်္လှန်၍ နို့တိုက်ရန်မလို။ လေအရှိန်မိုးအရှိန် ပြေးရင်းလွှားရင်း ကူးခတ်ရင်းဖြင့် ခင်မိတွင် အိကျီ င်္ပင် မရှိတော့။ ထို့အတူ ခါးဝတ်လည်း နတ္တိပင်။ အသက်ဘေးရုန်းကန်နေရသည်နှင့် အဘယ်နေရာတွင် ကျွတ်ကျန်ရစ်ခဲ့သည်မသိ။ ခင်ညိုသည်လဲ ခြေသလုံးဝက် ဘောင်းဘီတို   ချောင်နေသဖြင့် ခါးရှိ ခါးပတ်ကွင်းတွင် ပလတ်စတစ်ကြိုးထည့်ပြီး ချည်နှောင်ဝတ်ထားမိ၍သာ ကျွတ်မကျ ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်က အရှက်ထက် အသက်က ပို၍ အရေးကြီးနေသောအချိန်ပင် မဟုတ်ပါလား။
ထိုစဉ် ခင်ညိုတို့ရှိနေသည့် ကောက်ရိုးပုံကြီး သိမ့်ခနဲ လှုပ်ရှားသွား၏။ ထို့နောက် ကောက်ရိုးပုံကြီး သည် ရေစီးအတိုင်း စတင်၍ တအိအိမျောတော့၏။
           “ ကိုခင်ညိုရေ… ကျုပ်တို့ မျောနေပြီ.. လုပ်ကြပါဦး.. လုပ်ကြပါဦး.. ဘာမှလဲ မမြင်ရဘူး.. ကျုပ်တို့ သေတော့မယ်ထင်တယ်.. ကျုပ်သမီးလေးလဲ သေတော့မှာပဲ.. လုပ်ပါ ကိုခင်ညို.. သမီးလေးသေလို့ မဖြစ်ဘူးနော်..”
ကောက်ရိုးပုံကြီးသည် မျောရာမှ အရှိန်ရလာကာ တဖြည်းဖြည်းမြန်လာ၏။ မျောပါနေသည့် နဘေးတွင် သစ်ပင် ထိပ်ဖျားများ ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့လောက်အောင် အရှိန်က မြန်လာ ၏။ မှောင်မည်းနေသဖြင့် ဘာကိုမျှ မမြင်ရ။ မည်သည့် နေရာသို့ မျောနေသည်ကိုလဲ မသိရပေ။ မျောနေသည့် ကောက်ရိုးပုံထိပ်တွင် ခင်မိက ဖြူဖွေးကို အုပ်မိုး၊ ခင်ညိုက ခင်မိကို ထပ်မံအုပ်မိုး၍ ဖက်ထားလျှက်မှပါလာခဲ့၏။
ကောက်ရိုးပုံကြီးသည် မျောပါစဉ် လမ်းတလျှောက်ရှိ သစ်ပင်များဖြင့် ငြိမိတိုက်မိ၏။ ထို့နောက် တစ်ကြိမ်တိုက်မိတိုင်း နည်းနည်းစီ ပဲ့ပဲ့ထွက်လာရင်း တဖြည်းဖြည်းသေးလာ ၏။ လေက ပြင်း လွန်းသဖြင့် ရွှီခနဲ ၀ီခနဲ အော်မြည်လျှက်တိုက်နေရာ ကျောပြင်အနှံ့ အပ်သေးသေးလေးများဖြင့် အဆက်မပြတ် ထိုးစိုက်နေသလို စပ်ဖျဉ်းဖျဉ်းဖြင့် နာကျဉ်နေရ၏။ တစ်ကြိမ်တွင် ကောက်ရိုးပုံသည် သစ်ငုတ်တိုတစ်ခုဖြင့် ၀င်ငြိမိရင်း ဆက်မရွေ့ပဲချိတ်မိနေ၏။ ကောက်ရိုးပုံသည် ဆက်၍ခိုကပ် မနေသင့်လောက်အောင် သေးငယ်လာပေပြီ။ အခြေအနေမဟန်တော့သည့် အနှီကောက်ရိုးပုံကို စွန့်ခွာမှ ဖြစ်တော့မည်ကို ခင်ညို သိလိုက်မိသည်။ ဖြူဖွေးကိုပွေ့ပိုက်ထားသည့် ခင်သီ့ကို သစ်ငုတ်ပေါ်တွန်းတင်လိုက်ပြီး ခင်ညိုလည်း နောက်မှ လိုက်တက် လိုက်၏။
ခင်ညို့ဆုံးဖြတ်ချက်မှန်လေသည်။ သစ်ငုတ်ပေါ်ရောက်၍ များမကြာမီ ငြိနေသည့်   ကောက်ရိုးပုံ သည် အစအနမျှပင် မမြင်ရတော့ပဲ ရေစီးထဲမျော ကာ မြင်ကွင်း မှ ပျောက်သွားတော့၏။ သစ်ငုတ်က လူတစ်ယောက်ဖင်ထိုင်စရာနေရာသာ ရှိသော်ငြား၊ ခင်ညိုနဲ့ခင်မိ ခက်ခက်ခဲခဲ ထိုင်နေရသော်ငြား၊ အခုလို အသက်ဘေးက လွတ်မြောက်နေ ရသည်ကပင်ကံကြမ္မာ ကို ကျေးဇူးတင်ရပေမည်။ အေးစက်နေသည့်သမီးဖြူဖွေး၏ ခြေထောက်လေး များကို ခင်ညိုက သူ့ချိုင်းကြားထဲသို့ ထည့်ကာ နွေးထွေးစေ၏။ ခင်မိကလည်း လက်ဖ၀ါးလေးနှစ်ဘက်ကို
နွေးလာအောင် ပွတ်ပေး၏။ သို့သော် သူတို့နှစ်ယောက် ကိုယ်တိုင်က အ၀တ်ဗလာဖြင့် မေးရိုက်မတတ် ခိုက်ခိုက်တုန်နေ၏။ သစ်ငုတ်အခြေအနေ ခိုင်မခိုင် ခင်ညိုက ရေအောက် ဆင်း၍ စမ်းကြည့်ရာ ရေထဲ မျောမည့်အနေအထားမရှိ။ မြေတွင် ခိုင်ခိုင်မြဲ သည့် သစ်ငုတ်ဖြစ်နေ၍ သည်တစ်ညတော့ သစ်ငုတ်ပေါ်တွင် မနက်မိုးလင်းရတော့မည်ဟု စိတ်ဒုံးဒုံးချကာ ခင်မိကို အိပ်စေလိုက်၏။
သူ့ကို မှီထားရင်း မှေးနေသည့် ရင်ခွင်ထဲကလေးနှင့် ခင်မိကို ကြည့်၍ သေကံမရောက် သက်မပျောက်သည့် သူတို့ အဖြစ်ကို အံ့သြနေမိ၏။ တဲအတွင်းရှိစဉ် မြစ်ရေစတင်တက်ချိန်က ကြားရသည့် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်သံများကို ပြန်တွေးမိရင်း ရွာကလူတွေ ဘယ်တွေရောက် ဘယ်တွေပေါက်ကုန်ပြီနည်း။ မည်သူတွေ သေ၍ မည်သူတွေ ရှင်သနည်း။ အိမ်နားက ကိုအောင်ဘတို့ မိသားစုရော သေမင်းက ခေါ်ဆောင်သွားလေပြီလား။ တွေးရင်းက ခင်ညို မှေးခနဲ အိပ်ပျော်သွား၏။
မိုးစဲသွားလေပြီ။ လေက ပြင်းပြင်းတိုက်နေဆဲ။ ရေစီးကလည်း ပြင်းပြင်းစီးဆင်းနေဆဲ။
သမီးလေးဖြူဖွေးက ဂါဝန်အနီရောင်လေးဖြင့် လှလို့နေသည်။ ခင်ညိုနဲ့ခင်မိက သမီးဖြစ်သူ ဖြူဖွေးကို လက်တစ်ဘက် တစ်ချက် တွဲထား၏။ သမီးလေးက ပါးပြင်ဖောင်းဖောင်း အိအိလေးဖြင့် ချစ်ဖို့ကောင်းလွန်းလှသည်။ ခင်မိတို့သုံးယောက်သား ရွာဦးစေတီရှိရာသို့ ဦးတည် လျှောက်လာခဲ့သည်။ လှေကားထစ်များအတိုင်း စေတီရှိရာသို့ တက်လာခဲ့၏။ ဖြူဖွေးက   လှေကားထစ်များ တက်ရသည်ကို ပျော်၍လားမသိ၊ တခစ်ခစ် ရယ်နေသည်။ တက်လာ လိုက်သည်မှာ တစ်ထစ်ပြီးတစ်ထစ်။ အို… လှေကားထစ်တွေက တက်လို့မဆုံးနိုင်တော့ ပါလား။ ခြေထောက်များပင် ညောင်းချိလာပြီ။ သမီးလေးလဲ ခြေထောက်တွေ ညောင်းနေတော့ မှာပဲ ဟု ခင်မိတွေးမိသည်။ ထိုစဉ် လှေကားနောက်ထပ် တစ်ထစ်သို့ ခြေအလှမ်း၊ ၊ခြေနင်း ရန် နေရာမရှိတော့ပဲ လေဟာနယ်ထဲသို့ သုံးယောက်သား နစ်ဆင်းသွားတော့၏။ ခန္ဓာတစ်ခုလုံး လှပ်ခနဲ အေးခနဲ။ ထိတ်လန့်သွားလျှက်က “အား” ဟု စီစီလောင်လောင်အသံဖြင့် ခင်မိ အော်ဟစ်လိုက်မိသည်။
            ““““အား…”””
 စူးစူးနစ်နစ်အော်လိုက်သံကြောင့် ငုတ်တုတ်အိပ်ပျော်သွားရာမှ ခင်ညိုလန့်နိုးလာ၏။ ကြည့်လိုက်တော့ ခင်မိ မျက်နှာက ကြောင်စီစီ။
             “ အိပ်မက်..အိပ်မက်… သမီးလေး..သမီးလေး…”
       “ အောင်မလေး.. ကိုခင်ညိုရေ.. မရှိတော့ဘူး… မရှိတော့ဘူး… လုပ်ပါဦး.. သမီးလေး မရှိတော့ဘူး…”
ခင်မိ၏ မျက်ရည်လူးနေသည့်မျက်နှာ။ ထို့နောက် ဖြူဖွေး။ သမီးလေး ဖြူဖွေး ဘယ်ရောက်သွား သနည်း။ သစ်ငုတ်အစွန်းတွင် ငြိတွယ်ကျန်ရစ်နေခဲ့သည်က ဖြူဖွေးကို ထုတ်ပတ်ထားခဲ့သည့် အနှီးပိုင်းလေး။ ခင်ညိုသည် ခင်မိကို ရင်ခွင်ထဲ ဆွဲသွင်း၍ ယောကျာ်းတန်မဲ့ ဟီးချကာ ငိုလိုက် မိတော့သည်။ ရောင်နီပျို့ချင်လေပြီ။ ကောင်းကင်တွင် ကျီးကန်းအာသံများနဲ့အတူ ကျီးကန်းများ ဟိုသည် ၀ဲပျံနေကြ၏။ ၀န်းကျင်တွင် ခင်ညိုနှင့်ခင်မိ၏ ငိုသံများ ပျံ့လို့နေ၏။ အဖေနှင့်အမေ ပင်ပမ်းနွမ်းနယ်၍ ငုတ်တုတ်အိပ်ပျော်သွားချိန် ဖြူဖွေးလေး ရေစီးထဲ ပြုတ်ကျကာ အဘယ်နေရာသို့
ရောက်သွားခဲ့လေပြီနည်း။
Untitled
အလင်းရောင်ပီသစွာ ထွက်ပေါ်လာချိန်တွင် လေရောမိုးပါ ငြိမ်သွားချေပြီ။ ထို့အတူ သူတို့နှင့် အတူရှိခဲ့သည် မြစ်ရေပြင်ကျယ်ကြီးသည်လည်း မျက်လှည့်ဆရာ မျက်လှည့်ပြ လိုက်သလိုပင် ယခု အဘယ်နေရာသို့ ရောက်သွားသည်မသိ။ ပါတ်ဝန်းကျင်တွင် အော်သံ ခေါ်သံ အကူအညီတောင်း သံများ စတင် ကြားလာနေရပြီ။
ခေါင်းမွှေးစုတ်ဖွား ခန္ဓာအထက်ပိုင်းဗလာဖြင့်  ဟိုထိုးဒီထိုး လက်ညှိုးညွှန်ရာသို့ ခင်မိအလိုတော်ကျ သစ်ကိုင်းတစ်ချောင်းဖြင့် ရွှံ့နွံထဲထိုးဆွ၍ သမီးရှာပုံတော်ဖွင့်နေရသည့် ခင်မိတို့လင်မယား ကို တွေ့မြင်နေရသည်မှာ  ရင်နင့်စရာကောင်းလှပေသည်။
ပီနံအိတ်ခွံစုတ်ပတ်၍ ခင်မိလက်ကို တင်းတင်းဆုတ်ကိုင်ထားသော ခင်ညိုခန္ဓာကိုယ်မှ ချွေးများနှင့် အပြိုင် သူ၏မျက်ဝန်းမှ တလိမ့်လိမ့်ကျဆင်းနေသော မျက်ရည်များသည် အမှိုက်သရိုက်များ၊ လူသေကောင်များဖြင့် တစပြင်ကဲ့သို့ဖြစ်နေသည့် ဗွက်တောထဲတွင် အသောမသတ်ကျဆင်းလျှက် ရှိသည်။
“ ဟိုမှာ.. ဟိုမှာ… တွြေ့ပီ… တွေ့ပြီ…” ဆိုသည့် ခင်မိ၏ ဆောက်တည်ရာမဲ့ သမီးပျောက်အော်သံနှင့် အတူ၊ ခင်မိပြေးသွားသည့်နောက် သစ်ကိုင်းတစ်ချောင်းဖြင့် တကောက်ကောက် လိုက်နေရသည့် ခင်ညို့ကို ဘ၀တူဒုက္ခသည်များသာမက ကယ်ဆယ်ရေး အဖွဲ့ဝင်များကပါ မည်သို့သော အားပေးစကား ပြောကြားရမှန်း မသိအောင်ပင် ရင်နင့်ကြေကွဲစွာ ကြည့်ရင်း အားလုံး၏ရင်ထဲ မျက်ရည်မစဲအောင် ဖြစ်နေလေတော့သည်။    ။
Untitled1a
(၂၀၁၅ ခုနှစ်၊ မေလ၊ နာဂစ် ၇ နှစ် နှစ်ပတ်လည် အမှတ်တရအထူးထုတ်၊ အောင်ပင်လယ်မဂ္ဂဇင်း)
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ။
 index
Share
Posted in ၀တ္ထု, ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ | 4 Comments
ခိုင်ရင်သံကြိုးထက်ခိုင်
Number of View: 17511
 1
ညီမ Black Roseက ငယ်နုစဉ်ဆယ်ကျော်သက်အရွယ်က ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ သံယောဇဉ်များအကြောင်းကို Tag Post လုပ်သည်။ မြ ရင်များပင် ခုန်သွားရ၏။ မြ ယုံကြည်ပါသည်။ မည်သူမဆို ငယ်ရွယ်စဉ်အချိန်ကာလ၏ သံယောဇဉ် ရင်ခုန်သံများကို ပြန်ပြောင်းစဉ်းစားကြည့်ကြမည်ဆိုလျှင်ရင်ခုန်ကြပါလိမ့်မည်။ နှလုံးသားရှိသောသူတိုင်း ရင်ခုန်တတ်ကြပါသည်။ အနှီလူသားတစ်ယောက် မြသည်လည်း နှလုံးသားရှိသူ ပုထုစဉ်ပီပီ ရင်ခုန်မိသည်မှာ မဆန်းကြယ်လှပါ။ သို့နှင့် မြ၏စိတ်များသည် ရုပ်ရှင်ထဲကလို ငယ်စဉ်အတိတ်ဘ၀သို့ ဖလက်ရှ်ဘက်ခ် ပြန်ရောက်သွားရတော့၏။ ဟုတ်ပါသည်။ မြ ရင်ခုန်မိပါသည်။ ရင်ခုန်စွာဖြင့် စဉ်စားလိုက်မိသောအခါ မြ၏ငယ်ရွယ်စဉ်ကာလတို့သည်……။
Untitled
မြ ငယ်စဉ်ကလေးဘ၀က အင်မတန် အဆော့မက်သည်။ အဘွား၏ကျောက်ကုန်းက ခြံကျယ်ကြီးထဲတွင် မည်းပေသလူးနေအောင် ဆော့ကစားသည်။ ခြံထဲတွင် ၀မ်းကွဲမောင်နှများပါ အတူနေကြသဖြင့် အတူဆော့ကစားစရာ အဖော်များကို ဝေးဝေးလံလံ ရှာမနေရပါ။ အကိုများ၊ မောင်များနှင့်ဆော့ကစားရသူမို့ မြသည် အိုးပုတ်ဖြင့် ထမင်းဟင်းချက်တမ်း ကစားတာမျိုး၊ အမေ့ထမီအရှည်ကြီးယူဝတ်၍ အငြိမ့်မင်းသမီးလုပ်တာမျိုး၊ အမေ့စွန့်ပစ်ပစ္စည်း များဖြစ်သည့် ကရင်ပတ်မှန်ကွဲလေး၊ နှုတ်ခမ်းဆိုးဆေးတောင့်အဟောင်းလေးများ၊ လက်သည်းနီ ပုလင်းဟောင်းများ၊ တြိရတနမျက်နှာလူးဆေးဘူးဟောင်းများနဲ့ အလှပြင်တမ်းကစားတာမျိုးအပြင်၊ အကို မောင်များနှင့် ယောက်ျားလေးများလို ဘောလုံးလည်းကန်သည်။ ဂျင်လည်းပေါက်သည်။ စွန်လည်းလွှတ်သည်။ သစ်ပင်လည်းတက်သည်။ အဖေ့ဘက်မှ အဘိုးဖြစ်သူ အိမ်သို့ အလည်လာစဉ် ပိန္နဲပင်ပေါ် မြ ရောက်နေသည်ကို မြင်သောအခါ အဘွားကို ဖောက်သည်ချသည်။ အဘွားက မြကို ယောကျာ်းရှာဖြစ်မှာ အင်မတန်စိုးရိမ်သည်။ အမှန်က မြ ယောကျာ်း စိတ်မပေါက်ပါ။ မိန်းမပေါက်ကျော်ဖြစ်နေခြင်းသာ။
မြ မည်မျှကစားမက်သနည်းဆိုသော် တစ်ခါတွင် သူငယ်ချင်းများနှင့် ခြံပတ်လည် လက်လက်ထကစားနေစဉ် ကျောင်းမှ အတန်းပိုင်ဆရာမ လမ်းထဲသို့ ကိစ္စတစ်ခုဖြစ် အမှတ်မထင် ရောက်လာ၏။  ဆရာမကို တွေ့ချိန် ဝမ်းသာအားရဖြင့် ‘မင်္ဂလာပါဆရာမ’ဟု ထုံးစံအတိုင်း လက်ကလေးပိုက်၍ အပြေးနှုတ်ဆက်ရာ ဆရာမမှာ ဇဝေဇဝါဖြင့် မြကို ကြည့်ချေ၏။ ဆရာမ မြကို လုံးဝမမှတ်မိပါချေ။ မြသည် နီရဲချွေးပျံနေသော မျက်နှာ ပွယောင်းရှုပ်ပွနေသောဆံပင် မဲပေသလူးနေသော အိကျီ င်္တို့ဖြင့် ညစ်ပေမှောင်ကျုတ်နေလေရာ ကျောင်းလာတိုင်း မီးပူကျော့နေအောင်တိုက်ဝတ်လာတတ်သည့် အဖြူအစိမ်းကျောင်းဝတ်စုံ သနပ်ခါးပါးကွက်ကြားဖွေးဖွေး ဆီဖြင့်သေသပ်စွာ ဖီးသင်ထားသော ဆံပင်တို့ဖြင့် ကျော့မော့နေသော မြကို မယုံမရဲ လူပင်မှားခဲ့ဖူး၏။
အနှီမြသည် စိန်ဆေးဗီးယားဟုခေါ်သည့် ရန်ကင်း အလက(၂)တွင် သူငယ်တန်းမှ ၄တန်းအထိ တက်ခဲ့သည်။ ကျောင်းမှ မြတို့ နေရာခြံဆီသို့ ကလေးခြေလှမ်းဖြင့် အနည်းဆုံး မိနစ်၂၀လောက်လျှောက်ရသည်။ ကားလမ်းရှင်းသည့် ရန်ကင်းကုန်းတက်တလျှောက် က၀လွယ်အိတ်လေးကို နောက်ကျောကနေ ခေါင်းပေါ်ချိတ်လွယ်ရင်း အိမ်နီးချင်းသူငယ်ချင်း များနှင့်အတူတူ စကားတွေပြောရင်း အိမ်ပြန်ရသည်ကို အဖော်မက်သည့် မြပျော်သည်။ မြက ငယ်စဉ်ထဲက အပေါင်းအသင်းဆန့်သူမို့ ယောကျာ်းလေး မိန်းကလေး သူငယ်ချင်းအများကြီး ရှိသည်။
၃တန်းကျောင်းသူ မြတစ်ယောက် တစ်ရက်မှာ နေ့လည် ကျောင်းဆင်းချိန် အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို အိမ်သို့ ခေါ်ချလာ၏။ အိမ်ရောက်တော့ အဖေနဲ့အမေက မရှိ။ အိမ်အကူ ဒေါ်ကြီးပြုံးက ယောကျာ်းလေးသူငယ်ချင်း တစ်ယောက်ကို အိမ်ခေါ်ပြီး ပြန်လာသည့် မြကို ကြည့်၍ မျက်လုံးမျက်ဆန် ပြူးနေတော့သည်။ မြကတော့ စိတ်အေးလက်အေး။  ‘နင် ခနလေးစောင့်နော် ငါအိမ်စာတွေ အရင် အမြန်လုပ်လိုက်ဦးမယ်’ ဟု ပြောကာ  အိမ်ရောက်တော့ စာကြည့်စားပွဲမှာ လွယ်အိတ်လေး ဘုတ်ဆိုချပြီး၊ အိကျီ င်္ကမမ်းကတမ်းလဲ၊ ပါလာသည့် အိမ်စာများကို အိမ်ခေါ်လာသည့် သူငယ်ချင်းလေး ဘေးနားထားပြီး ကသောကမျော လုပ်၏။ “ကျောင်းအိမ်စာများပြီးရင် ကျန်တဲ့အချိန်တွေက သမီးရဲ့ကိုယ်ပိုင်အချိန်”ဟု အမေလေ့ ကျင့်ပေးထားသည်က မြအတွက် အရိုးစွဲနေလေပြီ်။ အိမ်စာပြီးမှ မြ စိတ်အေးလက်အေး ကစားနိုင်မည်။ သူငယ်ချင်းလေးက နဘေးနားထိုင်၍ မြ သချာင်္တွက်နေသည်ကို အငေးသားရှိ၏။ ဒေါ်ကြီးပြုံးက ရင်တဖိဖိနှင့် အဖေနဲ့အမေ အမြန်ပြန်လာဖို့ တရွရွဆုတောင်းရင်း အိမ်ရှေ့ထွက်မျှော်၏။
သူငယ်ချင်းလေးကို မြ ခင်သည်။ ကျောင်းတွင် သူက မြ၏ အနောက်ခုံမှာ ထိုင်၏။  သူက  စကားလည်း နည်းသည်။ စာလည်း ညံ့သည်။ မြ ဆရာလုပ်သည်ကို ငြိမ်ခံသည်။ အတင်းလဲ မပြောတတ်။ အတိုင်အတောလည်းမထူ။  မြဆီက မုန့်ကိုလဲ တောင်းစားတတ်သည်။ မြကိုလဲ သူ့မုန့်ကို တောင်းမစားရပဲ ကျွေးသူဖြစ်၏။ မြက စကားများသူ။ ဆရာလုပ်တတ်သူ။ အစားပုတ်သူ။ ဆိုတော့ အခင်ဆုံး မဟုတ်သော်ငြား မြ သူငယ်ချင်းလေးကို ထူးထူးခြားခြား ခင်၏။
အိမ်စာများပြီးသည်နှင့် မြနှင့် သူငယ်ချင်းလေးတို့ ကစားကြသည်။ ကစားစရာများ သိမ်းကျုံးထည့်ထားသည့် ကဒ်ထူပုံးကြီးထဲက ကစားစရာများ အခန်းထဲ ပွထကုန်သည်။ တူတူပုန်းတမ်း၊ သေနတ်ပစ်တမ်းလဲပါသည်။ အလှပြင်တမ်းဆော့လျှင် မြက သူ့ကို လက်သည်းနီ ဆိုးပေးသည်။ သူက မြကို နှုတ်ခမ်းနီ ပြန်ဆိုးပေး၏။ သည်လိုနှင့်   နေ့လည်ထဲက ဆော့လိုက်သည်မှာ တမေ့တမော ညနေ၄နာရီပင်ထိုး၍ အဖေနဲ့အမေ အိမ်ပြန်ရောက်လာမှ ရပ်တော့သည်။
ဒေါ်ကြီးပြုံးက ဖြစ်ကြောင်းရယ်ကုန်စင်ကို အဖေနဲ့အမေသို့ နတ်သံနှော ပြောပြ၏။ မြတို့ သူငယ်ချင်း နှစ်ယောက်ကား စိတ်တိုင်းကျ ဆော့ကစားထားကြသည်မှာ မည်းပေသလူး၍ ကြောင်ချေးကုတ်နေပေပြီ။ အဖေက မြတို့နှစ်ယောက်ကို ကြည့်၍ “ အဖေ့သမီးက ကောင်လေးကို အိမ်ပေါ်အထိကို ခေါ်လာတာကိုး” ဟုဆိုကာ တဟားဟားဖြင့် သဘောတကျရယ်သည်။ အမေက သူငယ်ချင်းလေး၏အိမ်မှ လူကြီးတွေ စိတ်ပူနေလောက် မည်ကို တွေးပြီး ပြာယာခတ်သွားသည်။ မြကို အမေက “ဘာလို့ လူကြီးတွေ မသိပဲ အိမ်ခေါ်လာရသလဲ”ဟု ဆူသည်။ မြ၏ အဖြေကား “သူက သမီးနဲ့ကစားချင်တယ်ဆိုလို့ပါ မေမေ” ဟူ၏။ သူငယ်ချင်းလေးကို မေးတော့လဲ အိမ်လိပ်စာမပြောနိုင်။ ကျောင်းရှေ့ပြန်ရောက်လျှင် သူ့အိမ်ကိုသူ ပြန်နိုင်ပါသည်ဟု သူငယ်ချင်းလေးကဆိုလာသဖြင့် မြအမေလည်း အချိန်မဆိုင်းတော့ပဲ ပေသလူးပွနေသည့် မြနှင့်သူငယ်ချင်းလေးကို လက်တစ်ဘက်တစ်ချက်စီ ဆွဲလျှက် ကျောင်းရှိရာသို့ ဒုန်းဆိုင်းနှင်တော့၏။
 ကျောင်းရှေ့ရောက်လျှင် ကျောင်းတံခါးများ ပိတ်ထားချေပြီ။ တစ်ခဏကြာလျှင် မြတို့ သုံးယောက်တစ်တွဲသည် သူငယ်ချင်းလေးညွှန်ပြသည့် ကျောင်းမှ ၅မိနစ်ခန့်မျှ လမ်းလျှောက်လျှင် ရောက်သည့် သူငယ်ချင်းလေး၏အိမ်သို့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်၏။ အိမ်သို့ဝင်ရန် သစ်သားတံတားလေးပေါ်အဖြတ် “မေမေရေ”ဟု သူငယ်ချင်းလေးက အော်ခေါ်လိုက်လျှင် အိမ်ထဲရှိ လူကုန် အိမ်အပြင်သို့ ထွက်ချလာရာ အိမ်ပေါက်ဝတွင် လူများဖြင့် ပြည့်ချေ၏။ သူငယ်ချင်းလေး၏အမေသည် သားဖြစ်သူကို ပွေ့ဖက်ရင် “သားညီရယ် သားညီရယ် မေမေ စိတ်ပူလိုက်ရတာ” ဆိုပြီး ဒူးထောက်၍ သူငယ်ချင်းလေးကို ဖက်ကာ ငိုလေ၏။ ထိုအခါ သူငယ်ချင်းလေးက အရှက်မရှိ “သူ ခေါ်လို့ သားလိုက်သွားတာ” ဟု မြကို လက်ညှိုးထိုးလျှက် အာပြဲဖြင့် ဟီးချငိုလေတော့သည်။ မြလည်း ဆူခံရမည်ကို ယခုမှ ကြောက်လာရကား လက်သည်းကို ခေါင်းငုံ့ကိုက်၍ တအိအိဖြင့် ငိုချင်းအမှုကိုစ၏။
အိမ်ထဲရှိ ကုလားထိုင်တွင် မြတို့ သားအမိထိုင်ပြီးချိန် အမေက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြ၏။ သူငယ်ချင်းလေး၏အမေမှ “အိမ်နဲ့ကျောင်း အရမ်းနီးတော့ ကျောင်းဆင်းရင် သူ့ဟာသူ   ပြန်လာနေကျ၊ စောင့်ရင်းက မလာလို့ စိတ်တွေပူလာပြီး ကျောင်းကိုလိုက်သွားတော့ အတန်းထဲ ဘယ်သူမှ မရှိတော့ဘူး၊ ကျောင်းအုပ်ကြီးဆီလဲ အကြောင်းကြား တိုင်ထားတယ်၊ ရဲစခန်းမှာလဲ လူပျောက်တိုင်ကြားထားသေးတယ်” ဟု ပြောပြရာ ရဲစခန်းတွင် အဖမ်းချုပ်ခံရတော့လေမည်လား ဟုတွေးမိပြီး မြမှာ ကြောက်လွန်းသဖြင့် ဒူးများပင် တဆတ်ဆတ်တုန်လာလေ၏။ ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။
‘မြက အရမ်းအဆော့မက်တယ်.. ကျွန်မတို့လဲ အိမ်မှာ မရှိချိန်ဆိုတော့ ဒီလောက်ကြာသွားရတာ.. တောင်းပန်ပါတယ်ရှင်’ လို့ အမေကပြောတော့ သူငယ်ချင်းလေးအမေက ‘ အခုလို အိမ်အရောက် ပြန်ပို့ပေးတာကိုပဲ ကျေးဇူးတင်မဆုံးပါဘူး..  ကလေးတွေဆိုတော့ ကစားဖို့ကလွဲလို့ ဘာမှမသိဘူးပေါ့.. ကျွန်မတို့က ကျေးဇူးတင်ရမှာပါ’ ဟု ပြောတော့မှ မြအမေလည်း သက်ပြင်းချနိုင်တော့၏။ အဆုံးတွင် ကောင်လေးမိသားစုလည်းစိတ်အေးသွားရကား မြတို့သားအမိကို ကော်ဖီမုန့်များဖြင့်   ကျွေးမွေးဧည့်ခံ၏။
မျက်ရည်စီးကြောင်းများဖြင့် မျက်နှာတွင် နှုတ်ခမ်းနီလျှံသလံနေအောင် ဆိုးထားသည့် မြကို သူငယ်ချင်းလေးက သူ့အမေပေါင်ပေါ်တွင် ထိုင်လျှက်က “နင့်မျက်နှာက နှုတ်ခမ်းနီတွေရော ချေးတွေနဲ့ရော အတော်လှတယ်” ဟု ပြောရင်း လျှာထုတ်ပြောင်ပြ၏။ မြသည် စူပုတ်နေသော ၀က်နှုတ်ခမ်းဖြင့် မျက်စောင်းအကြီးကြီးလှမ်းထိုးကာ “ညီညီနော် နင်လဲ လက်မှာ ဖုတ်တွေနဲ့ လက်သည်းနီ ဆိုးထားတာပဲ” ဟု ပြောရာ သူငယ်ချင်းလေးက သူ့လက်သည်းနီဆိုးထားသည့် လက်ကို လူမမြင်ရအောင် နောက်ပြန် ဖွက်ထား၏။
မြတို့နှစ်ယောက်ကို ကြည့်၍ တစ်အိမ်လုံး ၀ိုင်းရယ်ကြကုန်၏။ ပြန်ကာနီး “ သားညီတို့ကလဲ ကောင်မလေးက ကစားမယ်ခေါ်တာနဲ့ အိမ်ကိုမေ့ပြီး ကောက်ကောက် ပါအောင်ကို လိုက်သွားတော့တာပဲနော် အံ့ရော” ဟု သူငယ်ချင်းလေး၏အမေ ပြောလိုက် ချိန်တွင် မြသည် ကလေးအရွယ်ပင်ဖြစ်လိမ့်ကစား ရှက်လွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အခုချက်ချင်းပင် မြေလျိုးမိုးပျံချင်စိတ် ပေါက်သွားရတော့၏။
ထိုစဉ်က မျက်ရည်စီးကြောင်းများဖြင့် ပေသလူးနေသည့် မြ၏မျက်နှာသည် ရှက်စိတ်ကြောင့် ရဲရဲနီစွေးနေခဲ့မည်မှာ အသေအချာပါပင်။
Untitled
ထိုအဖြစ်အပျက်က နောင်တွင် မြကို အဖေနှင့်အမေတို့ စ နောက်စရာ ဖြစ်လာခဲ့၏။ “ငါတို့ သမီးက ခေသူမဟုတ်ဘူး၊ ငယ်ငယ်လေးထဲက ကောင်လေးကို အိမ်ခေါ်လာတာ” ဟု ပြောလျှင် မြသည် မရှက်တော့သော်လည်း မည်သည့်ဘ၀ မည်သည့်နေရာ သို့ ရောက်နေသည်၊ မည်သည့်ရုပ်ရည်ဆိုသည်ကိုပင် မမှတ်မိတော့သော သူငယ်ချင်းလေးအား အမှန်ပင် သတိရမိပါသည်။
အချိန်တန် အရွယ်ရောက်လာချိန် ချစ်သူနှင့်ဆုံဖြစ်ရာ၊ ချစ်သူက “ ကိုယ့်အရင် ချစ်ခဲ့ဖူးသူများ ရှိခဲ့သလား”ဟု သမရိုးကျ မေးခွန်းမေးလာရာ မြသည် ခေါင်းကို သွက်သွက်ရမ်းခါမိ၏။ ထိုအခါ ချစ်သူက “ရင်းရင်းနှီးနှီးနေခဲ့ဖူးတဲ့ ယောကျာ်းလေးမိတ်ဆွေ တကယ်ကို မရှိဘူးလား”ဟု ထပ်မံမေးလေသော် မြစိတ်သည် မရည်ရွယ်ပဲနှင့် ငယ်စဉ် သုံးတန်းကျောင်းသူအရွယ်က အိမ်သို့ခေါ်လာဖူးသည့် သူငယ်ချင်းလေး ညီညီအား ချက်ချင်းပင် အမှတ်ရသွားလေတော့၏။
ထိုအခါ မြသည် ချစ်သူမသိအောင် ပြုံးလိုက်မိ၏။
Untitledမြ အိမ်ထောင်ကျပြီးပြန်သောအခါ ချစ်သူတဖြစ်လဲ ခင်ပွန်းသည်နှင့် သားဖြစ်သူတို့က အခွင့်ကြုံလျှင် ထိုငယ်စဉ်က ကိစ္စကို ပြန်လည်၍ ချေးခြောက်ရေနူး၏။ ထိုအခါ ယခင်ကလို မသိအောင် မပြုံးဖြစ်ပါ။ မိသားစုသုံးယောက်သား အတူတူ စနောက်ရင်း အူလှိုက်သည်းလှိုက် ရယ်မိကြပါသည်။
cute_marshmallows_by_lieveheersbeestje-d4oaqofUntitled
သံယောဇဉ်ကြိုးဆိုသည်ကား ခိုင်လျှင် သံကြိုးထက်ခိုင်ကာ၊ ပျော့လျှင် ပိုကြိုးထက်ပင်ပျော့သည် မဟုတ်ပါချေလား။ သို့သော် – ဖြူစင်သော သံယောဇဉ်ကား နှောင်ထုံးမပါ။ ရာသက်တိုင် မြဲခိုင်၏။
(ချစ်ခင်ရတဲ့ ညီမ Black Rose (ပစ်ပစ်)ရဲ့ tag postလေးပါ။ နောက်ကျနေရတာကို နားလည်ပေး ပါ ချစ်ညီမရေ..။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ။
 index
Share
Posted in Tag Post | 9 Comments
သေသော်မှတည့်….
Number of View: 19041
972650_10202742719238000_941243875_n
အဘိုး၏ ဦးခေါင်းရှိ ဆံပင်များက ဖွေးဖွေးဖြူနေသည်။ အဘိုး၏မျက်နှာပေါ်တွင် အရေးအကြောင်းတို့ ထင်နေလေပြီ။ သို့သော် အဘိုး၏ အသားအရည်က ကြည်ကြည်လင်လင်။ အဘိုးက ဗမာလူမျိုးစစ်စစ်။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်ရှိသည်။ အဘိုး၏အသက် ခွန်နှဆယ်နားနီးပြီ။ အဘိုးသည် ၀ရန်တာရှိ နှစ်ယောက်ထိုင် ကုလားထိုင်ပေါ်တွင် တင်ပ္ပလင်ခြိတ်ထိုင်နေ၏။ ထိုတင်ပ္ပလင်ခြိတ် ထိုင်ထားသည့် ပေါင်ပေါ်တွင် သုံးထပ်သားပျဉ်ပြားတစ်ချပ်ကိုတင်၍ တစ်ခါသုံးဘောပင်အပြာဖြင့် စာရေးနေ၏။ စွတ်ကြယ်အဖြူနှင့် ချည်ချောပုဆိုးနွမ်းကို ရင်ခေါင်းဘက် မြှင့်၍ ၀တ်ဆင်ထားသည့် အဘိုး၏အသွင်အပြင်က အေးချမ်းနေ၏။ အဘိုး၏ သေးသေးချွန်ချွန် လက်ရေးစာလုံးလေးများက မျဉ်းကြောင်းမဲ့စာရွက်ဝါဖျော့ဖျော့အပေါ်တွင် ညီညီညာညာ စီးဆင်းနေ၏။ တစ်ကြောင်းပြီး တစ်ကြောင်း၊ ထိုမှတဆင့် တစ်ရွက်ပြီးတစ်ရွက်။ ရေးပြီးသမျှကို နံဘေးရှိ ကုလားထိုင်၏   နေရာလွတ်တွင် ချထား၏။ သို့နှင့် အဘိုးအို၏နံဘေးတွင် စာရွက်များက အပုံလိုက် အထပ်လိုက်ရှိလာ၏။
ထိုနှစ်ယောက်ထိုင်ခုံနဘေးသို့ အသက်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးတစ်ယောက် ချဉ်းကပ်လာ၏။ မိန်းကလေးက ခုံနံဘေး ကြမ်းပြင်တွင် အသာအယာ မ၀ံ့မရဲဖြင့် ကျုံ့ကျုံ့လေး ထိုင်ချလိုက်၏။ ထိုင်ခုံပေါ်ကနေ အဘိုးက မိန်းကလေးကို တစ်ချက်လှမ်းကြည့်ရင်း ပြုံးပြသည်။ ထို့နောက် အဘိုးက သူ့ရေးလက်စ စာကို ဆက်ရေး၏။ အဘိုး၏အပြုံးကြောင့် မိန်းကလေး၏စိတ်ထဲ နူးညံ့သွားသလို၊ တစ်ချိန်ထဲမှာ ရဲဝံ့ပျော်ရွှင်မှုများ ရှိလာသလို ခံစားလိုက်ရ၏။ အဘိုးက မြေးများနှင့် လက်ပွန်းတတီးနေသူ မဟုတ်ပါ။ ထို့ထက်ပို၍ မိန်းကလေးအနေနဲ့ အဘိုးကို ယခုလို နီးနီးကပ်ကပ်တွေ့ခွင့်ရသည်မှာ မကြာလှသေးပေ။ မိန်းကလေးတို့ မြေးများနှင့် အဘိုးက အဘွားလောက် ရင်းနှီးမှု မရှိကြသည်မှာ အမှန်ပင်။ မည်သို့ပင်ဖြစ်စေ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် အဘိုးနှင့်အဘွားအိမ်သို့ရောက်ချိန်လေးတွင် ဤသို့ အဘိုး၏အသိအမှတ်ပြု အပြုံးလေးရလိုက်သဖြင့် မိန်းကလေး ပျော်ရွှင်မိသွားရသည်မှာ အနှိုင်းအဆမဲ့။
မိန်းကလေးက အားတင်း၍ တစ်ဆင့်တက်လိုက်သည်။ ပြီးလျှင် သူ၏ မျက်လုံးပြူးဝိုင်းဝိုင်းများဖြင့် အဘိုးအား ၀င့်ကြည့်လျှက်က – “ အဘိုး…သမီးလေ အဲ့ဒီ အဘိုးရေးထားပြီးတာလေးတွေကို ဖတ်ကြည့်ချင်လို့… ရမလားဟင်” ဟု ထိတ်သောစိတ်ဖြင့် မေးလိုက်၏။
နှုတ်ခမ်းထောင့်ချိုးတစ်ဘက်တည်းကို တွန့်ကွေးပြုံးလျှက်က အဘိုးက သူ၏မြေးမလေးကို ကြည့်၏။ ထို့နောက် အဘိုးက ခေါင်းကို ညိတ်ပြလိုက်ရာ မြေးဖြစ်သူ မိန်းကလေး၏ မျက်ဝန်းအစုံသည် တဖျတ်ဖျတ် တောက်ပလင်းလက်သွား၏။ အဘိုး၏ မြေးအားလုံး အဘိုးနှင့် တရင်းတနှီး မရှိကြပေ။ မိန်းကလေးက လူကြောက်တတ်သူဆိုတော့ သူတို့အားလုံးထက် အကြောက်ပိုသူ ဖြစ်သည်။ သို့သော် မည်သို့သော ခွန်အားများက မိန်းကလေးကို ယခုကဲ့သို့ အဘိုးထံတောင်းဆိုရဲသည်အထိ တွန်းပို့လိုက်သည်မသိ။ ထို့နောက် မိန်းကလေးက ကုလားထိုင်လက်တန်းအောက်မှ လက်လျို၍ အဘိုးရေးပြီး ဘေး၌ချထားသည့် စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် ယူငင်ကာ ရေငတ်မွတ်သိပ်လာသူတစ်ယောက်၏ လက်ထဲသို့   ရေတစ်ဖန်ခွက်  ထည့်ပေးလိုက်သလို စာရွက်ထဲက စာများကို အငမ်းမရ ဖတ်ရှုလေတော့သည်။
အဘိုးသည် သူရေးထားသည့် စာများကို အငမ်းမရ ဖတ်ရှုနေသည့် မိန်းကလေးအား   စေ့စေ့ကြည့်၍ နှစ်လိုဖွယ်ရာ ပြုံးလေ၏။ မိန်းကလေး ခေါင်းအမော့ အဘိုးနှင့် မျက်လုံးချင်းဆုံလျှင် အဘိုးက “ ဆက်ဖတ်လေ” ဟု အဓိပ္ပာယ်ရသည့် ပုံစံမျိုးဖြင့် ခေါင်းဆတ်ပြ၏။ ထို့နောက် အဘိုးက ရေးလက်စ စာကို ဆက်၍ရေးသည်။ မိန်းကလေးသည် ဖတ်လက်စ စာများထဲတွင် နစ်မျောသွားကာ သူမ၏ဘေးဝန်းကျင်တွင် အဘိုးရှိနေသည်ကိုပါ မေ့လျော့သွားတော့၏။
Untitled
အမှန်တကယ်တွင် မိန်းကလေးသည် အဘိုးကို သူ့အသက် ဆယ်နှစ်ကျော်ချိန်မှ မျက်ဝါးထင်ထင် တွေ့ခွင့်ရခြင်း ဖြစ်သည်။ မိန်းကလေး၏ ငယ်စဉ်ကလေးဘ၀က မိန်းကလေး၏ မေမေနှင့် အဘွားဖြစ်သူ ပြောပြခဲ့သဖြင့် အဘိုးနှင့် ပတ်သက်သည့် တချို့တ၀က်ကို သိခွင့်ရထား၏။ ထိုစဉ်ကတည်းက အဘိုးက မိန်းကလေးအတွက် ခမ်းနားသည့်  ကမ္ဘာကြီးတစ်ခုကဲ့သို့ ခံစားရ၏။ ကျွန်းမှန်ဘီဒိုထဲမှ အဘိုးရေးသားထားသည်ဆိုသော စာအုပ်များက စာဖတ်ဝါသနာပါသူ မိန်းကလေး၏ ငယ်ရွယ်နုနယ်သော စိတ်နှလုံးကို ကိုင်လှုပ်ထားခြင်းခံရ၏။ မြေးများထဲမှာမှ အဘိုးရေးသားထားခဲ့သည့် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် တခုတ်တရ ခွင့်တောင်းပြီုး ဖတ်ရှုနေသည့် မိန်းကလေးကို အဘွားက အံ့သြနေခဲ့မည် ထင်၏။ အဘိုးနှင့်အဘွား အတူတူ ဖြတ်သန်းခဲ့ကြသည့် ဖက်ဆစ်ဂျပန်တော်လှန်ရေး သည်းထိတ်ရင်ဖို စွန့်စားခန်းများကို အဘွားပြန်လည်ပြောပြစဉ် မိန်းကလေး၏ ငယ်ရွယ်နုနယ်သော စိတ်ကြေးမုံပြင်တွင် အဘိုးကို မြင်ဖူးတွေ့ဖူးချင်စိတ်များ ဟိုးယခင်ထဲက စွဲစွဲထင်ထင် ရှိနေခဲ့ပြီးဖြစ်၏။
လွယ်အိတ်လွယ်ထားသည့် အဘိုးဓာတ်ပုံနှင့်အတူ “ရန်ကုန်ဘဆွေ ပြန်လာပြီ” ဆိုသည့် သတင်းအား လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် တွေ့မြင်ခဲ့ရသောအခါ မိန်းကလေး၏ စိတ်ထဲတွင် အဘိုးကို မြင်တွေ့ခွင့်ရတော့မည်ဟူသည့် စိတ်ဖြင့် ပျော်ရွှင်မှုတွေ လှိုင်းခတ်လာ၏။ သို့သော် လူကြောက်တတ်သူဖြစ်သည့် မိန်းကလေးက အဘိုးနဲ့တွေ့ရချိန်မှာတော့ အနောက်နားတွင် ကုတ်ကပ်နေကာ မျက်ရည်များ ရစ်ဝိုင်းလာပြီး ၀မ်းနည်းဝမ်းသာ ခံစားချက်များ ရောပြွန်းခဲ့ရသည်။
10711686_10202742732958343_1244374696_n
ရန်ကုန်ဘဆွေပြန်လာပြီ
မိန်းကလေးသည် သူ၏ ကျောင်းပိတ်ရက်များအား အဘိုးနှင့်အဘွားရှိရာ တိုက်ခန်းကျဉ်းလေး၌သာ အချိန်ကုန်ချင်ခဲ့သည်။ ဒေါ်လေးနှင့်အတူ ဧည့်သည်များအတွက် မီးဖိုးချောင်ထဲ ၀ိုင်းဝန်းကူညီ ချက်ပြုတ်ပေးရင် အဘိုးထံလာသည့် နိုင်ငံရေးဧည့်သည်များ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ပန်းချီဆရာများ၊ အယ်ဒီတာများ၊ ကာတွန်းဆရာများ၊ သတင်းသမားများကို မိန်းကလေး တွေ့မြင်ခွင့် ရခဲ့သည်။ စာအုပ်ထဲ၊ ရုပ်ရှင်ထဲ၌ တွေ့မြင်ဖတ်ရှုထားခဲ့ဖူးသည့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ စာရေးဆရာ မောင်သော်က၊ ဆရာဒေါင်းနွယ်ဆွေ၊ မင်းသားကြီး ထွန်းဝေ၊ စာရေးဆရာ   အောင်လင်း၊ စာရေးဆရာ ရန်အောင်၊ ပန်းချီ ၀သုန်၊ ပန်းချီ မင်းဝေအောင်နှင့် အခြား အခြားသော မျိုးဆက်ဟောင်း မျိုးဆက်သစ် အနုပညာရှင်များစွာကို အရှင်လတ်လတ် ပြင်ပမှာ တွေ့မြင်ခွင့် ရသောအခါ မိန်းကလေး၏   ကျောင်းပိတ်ရက်များသည် အဘိုးအို၏ တိုက်ခန်းငယ်အတွင်း၌သာ ကုန်ဆုံးဖို့ သေချာခဲ့ရသည်။ အဘိုးအို၏ ပြည်တော်ပြန် ဖဆပလတိုက်ခန်းလေးထဲတွင် တော်လှန်ရေးသမားများ၏   နိုင်ငံရေး ဆွေးနွေးငြင်းခုန်သံများ၊ အနုပညာသည်များ၏ အနုပညာအကြောင်း ဆွေးနွေးသံများ သည် မိန်းကလေးအတွက် စိတ်ကြိုက်စာအုပ်တစ်အုပ်ကို တစ်မျက်နှာပြီးတစ်မျက်နှာ လှန်လှော ဖတ်ရှုနေရသကဲ့သို့ပင်။
မိန်းကလေး၏ စိတ်သဏ္ဍာန်ထဲတွင် ထိုစဉ် အချိန်ကာလထဲက ကိန်းအောင်းနေသည့် စာပေချစ်မြတ်နိုးသည့် သန္ဓေမျိုးစေ့သည် ဤသို့နှယ် အစပျိုးခဲ့၏။
မိန်းကလေး၏မိခင်က အဘိုး၏ သမီးအကြီးဆုံးဖြစ်သည်။ မိခင်၏ပြောပြချက်အရ သိခဲ့ရတာ တချို့ရှိသည်။ မိခင်ဖြစ်သူသည် ကံအားလျော်စွာ အရွယ်ရောက်ချိန်၊ တက္ကသိုလ်ကျောင်းသူ ကာလများတွင် အဘိုးနှင့်အဘွား ခွဲခွာနေကြချိန်၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းထဲက သီးပင်စားပင်များဖြင့် စိမ်းစိုနေသည့် အနုပညာများထုတ်လုပ်ရာ တင်းကုတ်ခြံကြီးထဲတွင် အဘိုးနှင့် ကာလတစ်ခုအကြာ အတူနေခွင့်ရခဲ့၏။ ခေတ်မီသောအဘိုးက မိန်းကလေး၏ မိခင်ကို ခေတ်မီသော တက္ကသိုလ်ကျောင်းသူဘ၀ကို ယုံကြည်ချက်ရှိရှိဖြင့် ဖြတ်သန်းစေခဲ့သည်။ မှန်တာလုပ် ဟုတ်တာပြောတတ်ဖို့၊ လောကဓံကို သတ္တိရှိရှိ ရင်ဆိုင်ရဲဖို့၊ မိမိလုပ်ချင်သည်ကို မဖြစ်မနေ ရအောင်လုပ်ဖို့ ပျိုးထောင်ပေးခဲ့လေရာ၊ မိန်းကလေး၏မိခင်သည် ရှေးရိုးဆန်သော မိခင်တိုင်း၏ မြန်မာဓလေ့ ထုံးစံများအောက်တွင် ဗိုင်းကောင်းကျောက်ဖိနေနေရသော မိန်းကလေးများထက် လွတ်လပ်ခွင့် ရခဲ့သည်။ မိန်းမပျိုတစ်ယောက်အတွက် ခေတ်မှီ သည်နှင့် ခေတ်ဆန်သည် မတူညီကြောင်း၊ မိန်းမသားတစ်ယောက်၏ စစ်မှန်သည့် အလှဆိုသည်မှာ အရေပြားတထောက်စာအလှထက် ပို၍ လေးနက်သည့် အဓိပ္ပာယ်ရှိသည်ကို ဖခင်ဖြစ်သူက သိခွင့်ပေးခဲ့သည်။ မိန်းကလေးအတွက် ထိုစဉ်ကာလ အမေပြောပြစဉ်ကတည်းက ဓာတ်ပုံထဲမှာကလွဲ၍ တစ်ခါမှအပြင်မှာ မမြင်ဘူးသေးသော အဘိုးကို စိတ်ကူးဖြင့် ပုံဖော်ခဲ့ရသည်မှာ အမောပင်။
Untitled
ရန်ကုန်ဘဆွေရဲ့ ၀တ္တုတိုများ
Painter U Thaung Han
ပုင်္ဂစာအုပ်တိုက်က ပထမဆုံးထုတ်ဝေခဲ့သည့် “နန်းဟာဗီး” မျက်နှာဖုံး
 “ရွှေဝါပြည်” “မြန်မာပြည်သား” “သေသော်မှတည့် သြော် ကောင်း၏” “ တိုက်ယူရသော မျက်ရည်တစ်ပေါက်” “စနစ်တွေအတင်းပြောင်းလဲမည်” “သူပုန်ဆိုးပေ” “သည်မိုးသည်လေ” “ခေတ်၏သားကောင်” “ချီလေသော်လည်း” “နန်းဟာဗီး” “ မြင့်မိုရ်ကိုချွေ ပျက်ကြွေမည့် ယော က်ျား” “ချစ်ဇနီးသို့” “သီကုံးပန်းသွင် ရေးဖွဲ့ချင်” “ပန်းတွင်သီကုံး   ရေးနည်းထုံးကား” “စကားနက်” စသည့် အဘွား၏စာအုပ်ဘီဒိုထဲက အဘိုး၏စာအုပ်များက ဖတ်ပြီးရင်း ပြန်ဖတ်ချင်နေအောင် မိန်းကလေး၏ စိတ်နှလုံးကို  သိမ်းကျုံးယူငင်နေတော့သည်။
qq
သူပုန်ဆိုးပေ
427138_3973039197890_20068649_n
မြ၀တီမဂ္ဂဇင်းမျက်နှာဖုံးမှ ရန်ကုန်ဘဆွေ
အဘိုးသည် နိုင်ငံရေးသမား၊ စာရေးဆရာသာမက ရုပ်ရှင်လဲ ရိုက်သေး၏။ မြန်မာ့ရုပ်ရှင် အစဦးပိုင်းကာလ ဘောက်ဆတ်ဘောက်ဆတ် စကားပြောများနဲ့ ရုပ်ရှင်များကြားထဲတွင် “လူလိုစကားပြောမယ်”ဟု ကြေ ညာပြီး “မာန်”ရုပ်ရှင်ကို အဘိုးကိုယ်တိုင် ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ထိုမာန်ရုပ်ရှင် ဇာတ်ကား မွေးဖွားခဲ့ရာ ကျောက်ကုန်းက သီးပင်စားပင်အစုံအလင်နှင့် စာတင်းကုတ်   ခြံကျယ်ကြီးထဲတွင် အဘိုးအဝေးသို့ရောက်နေချိန် ကာလအပိုင်းအခြား၊ မိန်းကလေး၏ မူလတန်းကျောင်းသူ ငယ်ဘ၀၌ မိသားစုဆွေမျိုးများနှင့် အတူ နေခွင့်ရခဲ့လိုက်သေးသည်။
တကယ်တော့ မိန်းကလေးမှာ အဘိုးနှင့် တရင်းတနှီး တခုတ်တရ စကားဟုတ်တိပတ်တိပင် မပြောဘူးပါချေ။ ကြီးပြင်းလာချိန်မှ အဘိုးနှင့် ပြန်ဆုံခွင့်ရသည်ကလဲ အဘိုးနှင့် မရင်းနှီးရသည့် အကြောင်းတစ်ချက်ပင်ဖြစ်သည်။ အဘိုးအား တွေ့နိုင်ချိန်ကလဲ တစ်ပတ်နှစ်ရက် ကျောင်းပိတ်ချိန် အဖေအမေတို့နှင့်အတူ၊ အဘိုးအိမ်သို့ သွားလည်ခွင့်ရမှာသာ တွေ့နိုင်သည်။ သွားလည်ခွင့် ရချိန်များတွင်လည်း ဧည့်သည်မပြတ်ရှိနေတတ်သည့် အဘိုးအိမ်တွင် မိန်းကလေးမှာ အဝေးကသာ အဘိုးကို လှမ်းမျှော်ငေးရင်း ဧည့်သည်များနှင့် စကားပြောနေသည်များကို နားထောင်ခွင့်ရ၏။
သို့သော် မိန်းကလေးတွင် အဘိုးနှင့်ပတ်သက်သည့် အမှတ်တရ နည်းနည်းတော့ ရှိပါသေးသည်။
သင်္ကြန်ကျရောက်သည့် ဧပြီလတစ်လတွင် အဘိုးက သူနေထိုင်ရာ ဖဆပလတိုက်ခန်းအောက် လမ်းမတွင် အုန်းလက် ရေကစားမဏ္ဍပ်တစ်ခု ဆောက်ပေး၏။ မဏ္ဍပ်အမည်ကို “ဧပရယ်ဗီးနပ်စ်” ဟု အမည်ပေး၏။ မိန်းကလေးတို့ မြေးမများ အပါအ၀င်၊ သမီးများကို အိကျီ င်္ဆင်တူ ကိုယ်တိုင် ဒီဇိုင်းဖော်၍ ချုပ်ပေးသည်။ အဖြူခံချည်သားပေါ်မှာ ပန်းချီဆေး အပြာအ၀ါဆေးစက်များ   ပြောက်မွှမ်းလျှက် ဖားဖားလျားလျား ပုံစံချုပ်ပေးထားသည့် သင်္ကြန်ဝတ်စုံလေးက ထိုခေတ် ထိုအခါက လွန်စွာမှ ခေတ်မီကာ လှပသည့် အိကျီ င်္ပုံစံဖြစ်ခဲ့သည်။ အပျိုဖော်ဝင်ခါစအချိန် လှချင်နေပြီဖြစ်တဲ့ မိန်းကလေးအတွက် ထိုအိကျီ င်္လေးသည် အမှတ်ရ တသသဖြစ်စရာပင်။
နောက်တစ်ကြိမ် အမှတ်တရကလဲ မိန်းကလေးအတွက် အင်မတန် ရင်ခုန်ချင်စရာ   ကောင်းလှသည်။  အဘိုးက စာတွေ ရေးသည်မျှမက ပန်းချီလည်း ဆွဲသေးသည်။ ရေဆေး၊ ဆီဆေးလက်ရာမွန် ပန်းချီကားချပ်များကို အရက်တကျိုက် မော့လိုက်၊ စုတ်တစ်ချက်ဆွဲလိုက်ဖြင့် အဘိုး တစ်ချပ်ပြီး တစ်ချပ်ဆွဲ၏။ မိသားစုထဲ အရက်သောက်သည်ကို ယခုလို နီးနီကပ်ကပ် မြင်ရတော့ လူကြောက်တတ်သည့် မိန်းကလေးက နည်းနည်းတော့ ထိတ်မိသည်။ သတ္တိရှိလွန်းတဲ့အဘိုးက နှုတ်မကြမ်းတမ်းပဲ စကားပြော အလွန်ယဉ်ကျေးလွန်းတာကလဲ အဘိုးရဲ့ ကိုယ်ပိုင်ဟန်တစ်ခုများ ဖြစ်မည်လား မပြောတတ်ပေ။ အရက်ဘယ်လောက် မူးမူး အယုတ္တ အနတ္တများတစ်ခါမှ မကြားဘူးပေ။ အလွန်ဆုံး သူ သိပ်စိတ်ဆိုးလျှင် “ခွေးကောင်၊ ၀က်ကောင်၊ ကြွက်ကောင်၊ ပိစိပိစိကောင်” “ခွေးမ၊ ၀က်မ၊ ကြွက်မ၊ ပိစိပိစိမ” စသဖြင့် ချစ်စဖွယ် ဆဲရေးတတ်သည်။ မိန်းကလေး၏အဖေက ပြောဖူးသည်။ သူလို သားမက်ဖြစ်သူကိုတောင် ကျွန်တော် ခင်ဗျားဖြင့် ယဉ်ယဉ်ကျေးကျေး ပြောသည်ဆို၏။
အဘိုး၏အလုပ်ခန်းဟု ဆိုရလောက်သည့် ၀ရန်တာကျဉ်းကျဉ်းလေးတွင် ပန်းချီကားဘောင်များ၊ စုတ်တံများ၊ ပန်းချီကားများ၊ ဆေးတောင့်များ နေရာယူလာသည်။ သည်လိုနှင့် အဘိုးက ပါတိတ်ပန်းချီကို အိမ်မှာကိုယ်တိုင်တီထွင် ရေးဆွဲပြန်သည်။ မီးဖိုလေးနှင့် အိုးလေးထဲမှာ ဖယောင်းတွေ ထည့်ကျို၊ ကိုယ်တိုင်တီထွင်ပြုလုပ်ထားသည့် သံစုတ်တံအချွန်နှင့် ဆေးရောင်များ   ပေါင်းစပ်၍ ပါတိတ်ပန်းချီကို ပိတ်စပေါ် ရေးဆွဲ၏။ သွေးကြောမျှင်များ ယှက်ဖြာနေသည့် စုတ်ချက်ကြားက ရုပ်လုံးပေါ်လာသည့် ရှုခင်းများ၊ လူများ၊ တောတောင်ရေမြေများသည် မိန်းကလေးအတွက် အလွန်ပင် အံ့သြလှစွာ လှပဆန်းကြယ်နေတော့၏။ အဘိုး၏ တီထွင်ဖန်တီးမှု အားကောင်းသည့် အနုစိတ်လက်ရာများအပေါ် မိန်းကလေးမှာ ရင်သပ်ရှုမောလျှက်။ သည်လိုနှင့် ပါတိတ်ပန်းချီကားချပ်များ ရေးဆွဲချိန် ပန်းချီ၊ ကာတွန်း၊ အနုပညာလောကမှ အနုပညာရှင်များ လာရောက်လေ့လာကြ၊ ဆည်းပူးကြနှင့် အဘိုး၏တိုက်ခန်းကျဉ်းလေးသည် ပို၍ စည်ကားလာ ခဲ့ပြန်၏။
တစ်ရက်တွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အရှေ့ရွာပန်းချီပြခန်းတွင် ပါတိတ်ပန်းချီပြပွဲ ပြသမည်
ဖြစ်သဖြင့် အဘိုးသည် မိန်းကလေးကို ထိုပန်းချီပြပွဲသို့ ခေါ်သွား၏။ ရိုးရိုးခေါ်သွားခြင်း မဟုတ်။ သူကိုယ်တိုင် ဖျဉ်စပေါ်တွင် ရေးဆွဲထားသော ပါတိတ်လက်ရာ၊ သူကိုယ်တိုင် ဒီဇိုင်းထွင်၍ ချုပ်ထားသော အိကျီ င်္ပုံစံ ထက်အောက်ဆင်တူ ၀တ်စေလျှက် ခေါ်သွားခြင်းဖြစ်သည်။ ပိတောက်ခြောက်ရောင်နှင့် အစိမ်းရင့်ရောင် ရောယှက်ထားသည့်၊ လည်ပင်းနှင့် အိကျီ င်္လက်ဖျား များတွင် အမွေးဖွားလေးများ တွဲလွဲကျနေသည့် ဒီဇိုင်းဆန်း ပါတိတ်ဆင်လေးကို လူအများကြားတွင် ၀တ်ဆင်ပြချိန်၊ အဘိုး၏အနုပညာလက်ရာအတွက် လူအများက တလေးတစား အသိအမှတ်   ပြု ကြသောအခါ မိန်းကလေးသည် အဘိုး၏မြေး ဖြစ်ခွင့်ရခြင်းအပေါ် ဂုဏ်ယူမိ၏။ ဤသည်က အဘိုးနှင့် ပတ်သက်သည့် ဒုတိယမြောက် အမှတ်တရပင်။
တတိယမြောက် အမှတ်တရအနေနဲ့ မိန်းကလေးစိတ်ထဲတွင် အမြဲအမှတ်ရနေမည့်အရာ ရှိသေးသည်။ မိန်းကလေး ပညာသင်ကြားနေသည့် ကျောင်းတွင် အထက်တန်းကျောင်းသူဘ၀ ပညာသင်ကြားနေချိန်   ကျောင်းသူတစ်ဦးနှင့်တစ်ဦး အချင်းချင်း အော်တိုဂရပ်   ရေးသည်များ   ခေတ်စားခဲ့သည်။ မိန်းကလေးက အော်တိုဂရပ် စာအုပ်လေးတစ်အုပ် ပြုလုပ်ထားသည်။ သို့သော် ကျောင်းသူ အချင်းချင်း မရေးခိုင်း။ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာမများအား   ရေးခိုင်းသည်။ အဖေနှင့်အမေကို ရေးခိုင်းသည်။ ဦးလေးနှင့်အဒေါ်ကို   ရေးခိုင်းသည်။ ဤတွင် မိန်းကလေးသည် အဘိုးဖြစ်သူအားလဲ အော်တိုဂရပ်   ရေးခိုင်းချင်လာ၏။ ကြောက်ကြောက်ဖြင့် အဘိုးထံသို့ ခွင့်တောင်းရာ အဘိုးက နှစ်လိုစွာပင် သေချာ ရေးပေးခဲ့၏။ သို့နှင့် မိန်းကလေးထံတွင် မည့်သည့် သားသမီးမြေးများထံတွင်မျှ မရှိနိုင်သည့် အဘိုး၏လက်ရေးနှင့် သေသေချာချာ   ရေးပေးထားသော အော်တိုဂရပ်ကို ရခဲ့၏။ မိန်းကလေးအတွက် တန်ဘိုးမဖြတ်နိုင်ပါပေ။
Scan10003
အဘိုးရဲ့လက်ရေးနဲ့အော်တိုဂရပ်
မိန်းကလေးအတွက် မှတ်မိနေတာ တစ်ခုရှိသေးသည်။ မတ်လ(၂၇)ရက်နေ့ရောက်တိုင်း၊ အစိုးရက တပ်မတော်နေ့ဟု မည်သို့ပင် အမည်ပြောင်းစေကာမူ အဘိုးက တော်လှန်ရေးနေ့ အထိမ်းအမှတ်ဟု ခေါင်းစဉ်တပ်၍ သူ့၏ တိုက်ခန်းလေးထဲတွင် စာရေးဆရာများ၊   တော်လှန်ရေးသမားဟောင်းကြီးများနှင့် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပ၏။ သူတို့အချင်းချင်း ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလအကြောင်းများ ပြန်ပြောင်း စားမြုံ့ပြန်ကြလျှင် မိန်းကလေးသည် အခန်းအကွယ်မှ စိတ်ဝင်တစား နားထောင်ဖြစ်ခဲ့၏။ အဘိုးက သတ္တိရှိ၏။ အဘိုးသည် ဂုဏ်ထူးအဆောင်အယောင် အရှိန်အ၀ါများအား ရွံမုန်းသူ၊ အမျိုးသားရေးအတွက် အသက်ကို ပေးဖို့ပင် ၀န်မလေးသူဟု အဘွား၊ အမေတို့ထံမှ သိခဲ့ ကြားခဲ့ရ၏။
အဘိုး၏နောက်ဆုံးအချိန်ကို ဖြတ်သန်းနေရသည့် ကာလတစ်ခုတွင် အဘိုး၏သတ္တိကို မိန်းကလေး သိခဲ့ရပြန်၏။ ခေါင်းတွင် သာမန် ထိခိုက်မိသည့်အနာအား ဗမာဆေးမှုန့်များ သိပ်ထည့်မိရာ၊ အနာနှင့်ဆေးမတည့်ပဲ အနာမှာ ပွကြွလာပြီး ကင်ဆာကျူမာ ဖြစ်သည်အထိ အမြစ်များ ပျံ့ပွားလာရ၏။ ထို့နောက် ဦးခေါင်းတွင်သာမက နားရွက်များဆီသို့ပါ ပျံ့ပြီး မှိုပွင့်ကြီးများသဖွယ် အနာများဖြစ်လာ၏။ သို့နှင့် ဦးနှောက်နှင့်အာရုံကြောတွင် ဓာတ်ရောင်ခြည်ကင်၏။ အနာများကို ခွဲစိတ် ခြစ်ထုတ်သန့်စင်ရန် လိုအပ်ရာတွင်၊ ပုံမှန်အရက်သောက်ခဲ့သည့် အရှိန်ဖြင့် အသည်းအခြေအနေမှာလဲ မကောင်း၍ မေ့ဆေးပေးမရခဲ့ပေ။ သို့နှင့် ပြုစုကုသပေးသည့် ဆရာဝန်များ၊ နာ့စ်များအား အပြုံးမပျက် မျက်နှာဖြင့် “ လုပ်ပါ လုပ်စရာရှိတာလုပ်ပါ၊ ကျွန်တော် မနာပါဘူး” ဟု အခါခါ ပြောပြီး အနာများကို အစိမ်းခြစ်ထုတ်သန့်စင်ဆေးထည့်ခြင်းကို ခံယူခဲ့သဖြင့် ဆရာဝန်များ၊ နာ့စ်များ၏ မှတ်တမ်းတင် လူနာအဖြစ် လက်ဖျားခါခဲ့ရသည့် အဘိုး၏သတ္တိကို မိန်းကလေး တွေ့သိခဲ့ရပြန်သည်။ ထိုစဉ်အခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်ဖြစ်၍ အဘိုးအား ပြည်ပ၌ သွားရောက်ဆေးကုသခွင့်တင်ရာ ခွင့်ပြုချက် ချမပေးခဲ့ချေ။
photo.php
ရဲဘော်ရဲဘက် အဘွားဒေါ်မြသွေးနှင့်…
အဘိုးဆုံးသည့်နေ့က အဘိုး၏၀ရန်တာလေးတွင် ယခုနိုင်ငံကျော် ပန်းချီဆရာ မင်းဝေအောင်က အဘိုး၏နောက်ဆုံးခရီးအတွက် ပုံတူပန်းချီကား ရေးဆွဲပေးခဲ့၏။ မိန်းကလေး၏တစ်သက်တာတွင် အစည်ကားဆုံး နာရေးခရီးကို လိုက်ပို့ခွင့်ရခဲ့သည်။ စာပေလောကမှ၊ နိုင်ငံရေးလောကမှ၊ ပန်းချီလောကမှ၊ ရုပ်ရှင်အနုပညာသည်လောကမှ၊ တော်လှန်ရေးရဲဘော်ဟောင်းများ၊ အဘိုးကို လေးစားချစ်ခင်ကြသူများနှင့်၊ အစိုးရအသိုင်းအ၀ိုင်းမှ လွမ်းသူပန်းခွေပန်းခြင်းများကား မနိုင်မနင်း။ အဘိုးအလောင်းကို ကြံတောက မီးသဂြိ င်္ုလ်စက်အတွင်း ထည့်တော့မည့်အချိန်မှာပင် ဦးဝိစာရလမ်းတလျှောက် နာရေးလိုက်ပို့သည့် ကားတန်းများက မပြတ်သေးသည်အထိ အဘိုး၏နောက်ဆုံးခရီးက စည်ကားခဲ့၏။ မီးသဂြိ င်္ုလ်စက်ရှိသည့် နေရာတ၀ိုက်က သက်တမ်းရင့် ကုက္ကိုပင်ကြီးများပေါ်တွင် နာရေးလာသူများ၊ သတင်းသမားများ တက်ပြီးကြည့်ကြရာ သစ်ပင်တိုင်းတွင် လူများ သီးပွင့်နေသကဲ့သို့ ရှိ၏။ အဘိုးက သေပန်းပွင့်ခဲ့၏။
Untitledအဘိုးအကြောင်းကို မိန်းကလေး ထဲထဲဝင်ဝင် မသိပါ။ ကြားထား သိထား ပြောထား ဖတ်ထားသလောက်သာ သိပါသည်။ အဘိုးအကြောင်း ဘယ်တော့မှ ရေးဖြစ်မည်မဟုတ်ဟုလည်း ထင်ထားပါသည်။ သို့သော် ဝေးကွာနေသည်မှာ နှစ်ချီနေပြီဖြစ်သည့် အဘိုး၏သား၊ ဦးလေးနှစ်ယောက်အား အင်တာနက်ခေတ်ကြီးတွင် ပြန်လည်၍ ဆုံတွေ့ခွင့်ရချိန် မိန်းကလေးသည် အဘိုးကို စူးစူးနစ်နစ် သတိရလာပြန်၏။ ဦးလေးနှစ်ယောက်အနက် တစ်ယောက်က နိုင်ငံရေး နယ်ပယ်မှာ၊ ကျန်တစ်ယောက်က ပြည်ပမှာ ပန်းချီဆရာအဖြစ်နှင့်။  အဘိုး၏ မြေးယောက်ျားလေး တစ်ယောက်လည်း ပန်းချီဆွဲနေပြီ။ အဘိုး၏မြေးမလေးလည်း စာတွေ ရေးနေလေပြီ။ အဘိုး၏ အနုပညာသွေးများ မြေးများထံတွင် ကျန်ခဲ့သည်ကို အဘိုး သိမသွားခဲ့ပေ။ အဘိုးက မြေးများကို တမလွန်မှ ပြုံးပြုံးကြီး ကြည့်နေလေမလားမသိ။
၁၇.၉.၁၉၈၆ – အသက် ၇၁နှစ်တွင် အဘိုးကွယ်လွန်ခဲ့သည်။ ပြီးခဲ့သည့် ၁၇.၉.၂၀၁၄ ခုနေ့ဆိုလျှင် အဘိုးလူ့လောကက ထွက်ခွာသွားသည်မှာ ၂၈နှစ်တင်းတင်း ပြည့်ခဲ့လေပြီ။ အဘိုးအလွန်ချစ်သည့် သမီးကြီးဖြစ်သည့် မိန်းကလေး၏အမေသည်လည်း လူ့လောကတွင် မရှိတော့ပေ။
10629539_271198793089102_4620422644705966643_o
မိန်းကလေး၏ အမေ၊ အဘိုး၏ သမီးကြီးမှ အဘိုး၏နာရေးမှတ်တမ်းတွင် ဤသို့ရေးခဲ့၏။
အချိန်ကာလတွေ တဖြည်းဖြည်းတိုက်စားရွေ့လျားခဲ့ပြီ။ ပြက္ခဒိန်စာမျက်နှာတွေ တစ်ရွက်ပြီးတရွက်   ကြွေကျကုန်၏။
မိန်းကလေးလည်း လူလတ်ပိုင်းအရွယ် သားတစ်ယောက်မိခင် ဖြစ်နေချေပြီ။ အဘိုးကို   လေးစားချစ်ခင်သူများ ရှိသလို၊ အဘိုးကို ပြစ်တင်ကဲ့ရဲ့သူများလဲ ရှိ၏။ သို့သော် အဘိုးသည် တော်လှန်ရေးသမားတစ်ယောက်၊ စာရေးဆရာ ပန်းချီဆရာတစ်ယောက်အဖြစ် ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ပြီး ရင်းခဲ့သူဖြစ်သည်။ အဘိုးရင်းခဲ့သမျှ ပြန်ရခဲ့လေသလား။ မသေချာပါ။ ဤအဖြေကို အဘိုးသာ သိနိုင်ပါလိမ့်မည်။ သေချာသည်က အဘိုးသည် သူလုပ်ချင်သည်မှန်သမျှ၊ သူမှန်သည်ထင်သမျှကို စိတ်ပါလက်ပါနှစ်မြုပ် လုပ်ခဲ့သူပင်။
အဘိုးနှင့် မိန်းကလေးအကြား ထူးထူးခြားခြား ဖြစ်စဉ်များက ဤမျှသာပင်။ မလိုအပ်ပဲနှင့် အဘိုး၏ မြေးဆိုသည်ကို မည်သူမျှ မပြောပြဖြစ်ခဲ့ပါ။ အဘိုး၏ အရှိန်အ၀ါကို သုံး၍ မိန်းကလေး စာမရေးခဲ့ဘူးပါ။ ဤသည်ကလဲ အဘိုးကို လေးစားတန်ဖိုးထားလွန်းသည့် မိန်းကလေး၏ စိတ်ရင်းပင်ဖြစ်သည်။ အဘိုးသည်လည်း သူ၏ မြေးမလေးအား ကျေနပ် နားလည်လိမ့်မည်ဟု ယုံကြည်ပါသည်။
ယခုရေးထားသမျှသည် အဘိုး၏ အထုပ္ပတ္ထိ မဟုတ်ပါ။ သမိုင်းဝင်အချက်အလက်များ မပါဝင်ပါ။ အဘိုးကို လေးစားချစ်ခင်သော၊ တန်ဘိုးထားသော မြေးမတစ်ယောက်၏ အမှတ်ရစရာများထဲမှ ဘယ်တော့မှ မမေ့နိုင်မည့် အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါသည်။
 (ခင်မင်ရသည့် စုချစ်သူBBP Challenge Tag Postအတွက်  ရေးပါသည်။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ။
index
Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 5 Comments
ရသလမ်းမှာ ပွင့်သောပန်း
Number of View: 14395
coverနေရာလေးတစ်နေရာ ရှိနေ၏။ ထိုနေရာလေးကား အသွားအလာ ခက်ခဲသည့် နေရာလဲမဟုတ်။ ထိုနေရာမှ ငါးမိနစ်ခန့် သွက်သွက်လျှောက်ပါက မလှမ်းမကမ်းတွင် ခေတ်မီအဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံ တွေ့ရမည်။ ထိုရုပ်ရှင်ရုံ၏ မျက်စောင်းထိုးတွင် ခရစ်ယာန်ဘုရားကျောင်း တစ်ခုရှိသည်။ ဘုရားကျောင်းနောက်ကျောဘက်တွင် ပြန်လည် မွမ်းမံထား သည့် အားကစားကွင်းအိုကြီး ရှိသည်။ ကွင်းအိုကြီးပတ်လည်တွင် အဝေးပြေးကားဂိတ်လက်မှတ် အရောင်ဆိုင်များ စီတန်းနေသည်။ သူနဲ့ မလှမ်းမကမ်းမှာတော့ ဓာတ်ဆီဆိုင်တစ်ဆိုင်၊ ထိုမှ လှမ်းမျှော်လိုက်လျှင်တော့ ကုန်းကျော် တံတား တစ်စီး။ သူ့နဘေးမှာတော့ ရန်ကုန်ဘူတာကြီး။ ဤဘူတာကြီ်း၏မျက်နှာစာ ကုန်းကျော်တံတားအောက်ရှိ လမ်းလေးက ခြောက်လမ်းသွား လမ်းမတွေလို ဖြူးမနေ။ နွေအခါ ဖုံထ၊ မိုးအခါ ရေလျှံ။
ဝန်းကျင်တွင် ခရီးသွားများ ရှိသည်။ လက်လုပ်လက်စားများ ရှိသည်။ သစ်သီးဝလံ ပန်းမာလ်ကုန်သည်များ ကုန်ဝယ်၊ ကုန်ဖလှယ်ရာနေရာလည်း ဖြစ်၏။ အ၀စားမှလေးရာ ထမင်းဆိုင်လည်း ရှိသည်။ ဆိုက်ကားများ ဖြတ်သန်း သွားလာနေတာ တွေ့နိုင်၏။ ခရီးသည်မျှော် တက္ကစီများနှင့် ခရီးသည်ခေါ် ရွှေကြိုများလဲ ရှိသည်။ တာဝန်အရ ရစ်သီရစ်သီ လုပ်နေကြသူများလဲ ရှိသည်။ ကားများလည်း ဥဒဟို ဖြတ်သန်းသွားလာနေကြသည်။ ဆိုက်ကားဘဲလ်တီးသံများနှင့် သရက်သီးချဉ်စပ်လှည်း၏ ကြေးမောင်းထုသံကိုလဲ ကြားနိုင်သေးသည်။ ဥသြဆွဲသံနဲ့အတူ ရထားခုတ်မောင်း သံကိုလဲ ရံဖန်ရံခါ ကြားရ၏။
 ကုန်းကျော်တံတားအောက်ရှိ လက်ဖက်ရည်ဆိုင်နေရာလေးသည် ပကတိ ရိုးစင်းသည်။ ဟန်ဆောင်မှု အပေါ်ယံ လွှာတွေ ခြုံမထား။ သာမာန်လူတန်းစားအလွှာတို့ ဥဒဟို ဖြတ်သန်း သွားလာရင်း ခရီးတထောက် နားခိုရာ နေရာဖြစ်၏။ ရထားစောင့်ခရီးသည်များလည်း ဖြစ်နိုင် သည်။ အေးအေးလူလူ လက်ဖက်ရည်ဆိုင် လာထိုင်တာ မျိုးလည်း ဖြစ်နိုင်သည်။ မိတ်ဆွေသူငယ်ချင်းများကို စောင့်ဆိုင်းနေတာလဲ ဖြစ်နိုင်သည်။ အုံနာခ နေ့တွက်မကိုက်သေး၍ ခရီးသည်မျှော်ရင်း ခဏ၀င်ထိုင်တာလဲ ဖြစ်နိုင်သည်။ အဖန်ရည်ကျဲတောက်တောက်နှင့် အသင့်ဖျော် ကော်ဖီမစ်တို့ကို စွဲငြိသူများလဲ ရှိနိုင်၏။
ဆိုင်၏ အပြင်အဆင်က ရိုးရိုးစင်းစင်း။ ဘူတာကြီးကို အမှီပြုပြီး ကုန်းတံတားအောက် ဆိုင်ခန်းထဲတွင် အခြေပြု ထား၏။ အငွေ့ထနေသည့် လက်ဖက်ရည်ခွက်ပုံ ပန်းချီကားချပ်လေးက အပြာရောင်မွဲနေသည့် ဆိုင်ခန်းလေး၏အတွင်းနံရံ ညိုညစ်ညစ်လေးကို အားကန်ယူ၍ လင်းလက်နေ၏။ ဆိုင်အပြင် ကုန်းတံတားအမိုးအောက်နေရာက ကျယ်ကျယ်ပျံ့ပျံ့ ရှိသည်။ မိုးလုံလေလုံသည်။ ပလတ်စတစ်စားပွဲပုလေးများ ခပ်ကျဲကျဲ ခင်းထား၏။ ခါးတွင် ချိတ်ထားသည့် အ၀တ်စုတ်စဖြင့် ဆိုင်ထဲဝင်လာသူများအား စားပွဲသုတ်ရင်း ၀မ်းတီးတူးကော်၊ ဘယ်ညာဝမ်းထော၊ လက်ဖက်ထမင်းရမယ်၊ ဘာမှာမလဲ ဆိုသည့် လူလားမမြောက်သေးသည့် ဖင်ပေါ့အကင်းပါးသည့် စားပွဲထိုးကလေးငယ်များ၏ ပျူငှာမှုကိုလဲ မြင်တွေ့ရမည်။ ခပ်လှမ်းလှမ်းတွင် ပျင်းပျင်းရိရိ အိပ်နေသည့် ခွေးတစ်ကောင်က ပတ်ဝန်းကျင်တစ်ခုလုံး ဘာမှလှုပ်ရှားမှု မရှိတော့ သလိုမျိုးဖြင့် အိပ်မောကျနေတတ်သေး၏။ ရံဖန်ရံခါ မုန့်ကျွေးသောသူကို မာန်ဖီတတ်သည့် အရူးတစ်ယောက်လဲ ရှိသည်။
ဤနေရာ ဤသို့သော အခြေအနေနှင့် လက်ဖက်ရည်ဆိုင်ကလေးကို ပေးထားသည့် အမည်နာမက အင်္ဂလိပ်လို လပ်ကီးဖလားဝါး။ တနင်္ဂနွေ နှစ်ပတ်တစ်ကြိမ် နေ့လည်(၂)နာရီမှ ညနေ(၄)နာရီအထိ စတည်းချ စာလာဖတ်ပြကြသော စာရေးဆရာများ၏ “ကံကောင်းခြင်း ပန်းပွင့်” အဓိပ္ပာယ်ရသော ဘူတာကြီးရသစာဖတ်ဝိုင်း၏ မျက်နှာစာ သံဆန်ကာကွက် တွင် ဗီနိုင်းတစ်ချပ်ချိတ်ထားသည်။ အုတ်ကွက်နောက်ခံဖြင့် အပြာရောင်လေးထောင့် သံပြားအချပ်ငယ် ပုံပေါ်တွင် အဖြူရောင်ကောက်လိုင်းဖြင့် လူတစ်ယောက်စာဖတ်နေသည့် လိုဂို။ အပေါ်ဘက် နားတွင် ရေးထားသည်က…
“ ခိုင်ကျည်စေတဲ့စိတ်
ပဲ့ပြင်စေတဲ့ဥာဏ်
သိမ်မွေ့စေတဲ့ နှလုံးသား
အဲ့ဒါတွေအားလုံး
စာဖတ်ခြင်းမှ ရနိုင်ပါတယ် ”
 ဤ“ကံကောင်းခြင်းပန်းပွင့်”တွင် ရသစာပေ ချစ်မြတ်နိုးသော စာရေးဆရာများက ရသစာပေအပေါ် ချစ်မက်စိတ် ဖြင့် အားလပ်ရက် မိသားစုနှင့် အပမ်းမဖြေအား၊ နွမ်းနေတဲ့ ရသစာပေ လူတွေကြားထဲ စိမ့်ဝင်ရောက်ရှိ ပြန့့််နှံ့ဖို့အတွက် ကိုယ်ဝန်ကိုယ်ထမ်း၊ ကိုယ့်အားကိုယ့်ကိုးပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်၊ ကိုယ့်မျိုးစေ့ ကိုယ်ချခဲ့ကြသည်။ ဤနေရာ ၀န်းကျင်မှ လူအများ ဖြတ်သန်းသွားလာရင်း စာဖတ်ဝင်နာကြသည်။ လက်ကမ်းစာမူများ   တောင်းယူစုဆောင်းကြသည်။ စားပွဲထိုးလေးများ စားပွဲထိုးရင်း ရသ၀တ္တုတို့ကပေးသည့် ခံစားချက်များ နားရည်ဝလာသည်။ ပြင်ပမှ စာပေချစ်မြတ်နိုးသူများကလဲ စိတ်အား၊ လူအား၊ ငွေအားဖြင့် ၀ိုင်းဝန်းအားဖြည့်ကြသည်။
သည်လိုနှင့် ၁၈.၈.၂၀၁၃ က စတင်ခဲ့သည့် နှစ်ဖတ်တစ်ကြိမ် ဘူတာကြီးက ရသစာဖတ်ဝိုင်းလေး၏ ဥယျာဉ်မှူး များမှ ကျဲပက်ထားသည့် ရသမျိုးစေ့လေးများ အညှောက်ထွက်လာ၏။ အညှောက်မှ အပင်ပေါက်၊ အပင်ကမှ ရိုးတံ ခက်လက်ဝေဖြာကာ ပန်းဖူးလေးငုံ၊ ငုံရာမှ ဖူးပွင့်ခဲ့လိုက်တာများ တစ်ပွင့်ပြီးတစ်ပွင့်၊ မွှေးတဲ့ပန်းကမွှေး၊ ဝေးတဲ့ ပန်းကဝေး။ ကြွေတဲ့ပန်းကကြွေ ဝေတဲ့ပန်းက ဝေ၊ တစ်ပွင့်ကြွေ တစ်ငုံဖူး၊ ပန်းဖူးများကနေ ပန်းပွင့်များ တပွင့်ပြီးတစ်ပွင့် အလှည့်ကျ အစီအရီ ပွင့်လန်းခဲ့လိုက်တာဖြင့် ၁၈.၈.၂၀၁၄ဆိုလျှင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပေပြီ။ ရသစာပေချစ်မြတ်နိုးသည့် ဥယျာဉ်မှူးများ၊ ဥယျာဉ်လုပ်သားများ၊ ပျားပိတုန်းများ အတူတကွ ရေလောင်းပေါင်းသင်ကျီးခြောက်ရင်း တစ်နှစ်အတွင်း ၂၆ကြိမ်မြောက် ရသပန်းခင်းကို ပွင့်လန်းနိုင်စေခဲ့၏။ အမျိုးသားစာရေးဆရာ(၄၀)ဦး၊ အမျိုးသမီး စာရေးဆရာ (၃၉)ဦး၊ ပြင်ပမှစာပေချစ်မြတ်နိုးသူ(၈)ဦး ပါဝင်၍ မဂ္ဂဇင်းစာမျက်နှာများပေါ် ဖော်ပြခံ ထားရပြီးသည့် ရသ၀တ္တုများ၊ ရသစာတမ်းများ ကို ဖတ်ကြားခဲ့ကြသည်မှာ ရသပန်းခင်းကြီးပင် အခါလည်သား ရောက်ခဲ့ချေပြီ။
 ရသစာဖတ်ဝိုင်းမိသားစုများမှ တစ်နှစ်ပြည့် ရသစာဖတ်ဝိုင်းကို ထူးခြားသော၊ ရိုးစင်းသော လှူဒါန်းမှုများဖြင့် မွမ်းမံချင်သည်။ ထို့ကြောင့် ရသစာပေ တစိုက်မတ်မတ် ရေးသားလာကြသော စာရေးဆရာများနှင့်အတူ၊ ဘလော့ဂါများ၊ ရသစာပေချစ် မြတ်နိုးစိတ်ဖြင့် အားဖြည့်ပါဝင်လာကြ သည့် ပြည်တွင်း/   ပြည်ပမှ စာပေချစ်မြတ်နိုးသူများ၏ အားဖြည့်ပါဝင်မှုနှင့် အင်းစိန်၊ ခ၀ဲခြံ၊ မျက်မမြင်ကျောင်း ရှိရာဆီသို့ ရသပန်းခင်းကြီး ရွေ့လျားဖို့ ဆုံးဖြတ်ခဲ့ကြသည်။
၁၆.၈.၂၀၁၄နေ့တွင်မူ ရသစိတ်အခံရှိသူ စာရေးဆရာများပီပီ၊ ခ၀ဲခြံမျက်မမြင်ကျောင်းတွင် မျက်စိနှစ်ကွင်း အလင်းမရရှာကြသည့်၊ မသန်သော်လဲ စွမ်းသူများကို ကြည့်ပြီး စာနာစိတ်ဖြင့် ရင်နင့်ကြရ၏၊ သူတို့လေးတွေအတွက် တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး ခံစားရွတ်ဖတ် ကြရင်း အသံပေးလှူကြ၏။၊ သောတအာရုံသာ အမှီပြုနေကြရှာသည့် သူတို့တွေ၏ဘ၀င်၊ သူတို့တွေ၏ စိတ်နှလုံးထဲ ရသစာပေ၏ အနှစ်သာရ တွယ်ငြိခိုဝင်စေဖို့အတွက် ၀ိုင်းတော်သားများ အတူတကွ မွှေးရနံ့ သင်းပျံ့ပေးခဲ့ရ၏။
1551499_909519185728603_577999555341092753_n“စာရေးဆရာအောင်ဇင်မင်းရဲ့ အရွယ်မရောက်သေးတဲ့
မျက်မမြင်ကလေးငယ်တစ်ဦးအပေါ် အကြင်နာ
 မျက်မမြင်များအား အသံပေးလှူခွင့်ရခဲ့ယုံမျှမက နေ့လည်အဆာပြေစာ ကိတ်မုန့်၊ ရေခဲ့မုန်   ကျွေးလှူ ခြင်း၊ မျက်မမြင်ကျောင်းမိန်းကလေးဆောင်အတွက် ဘီဒို(၃)လုံး၊ ယောကျာ်းလေးဆောင် အတွက် သင်ဖျူးဖျာအချပ်(၃၀) လှူဒါန်းခြင်းတို့အပြင်၊ ကျန်းမာရေးထောက်ပံ့မှုအဖြစ် နာမကျန်း   ဖြစ်နေသော စာရေးဆရာ ဦးဆွေ(ဒသ၁နိက)အား ငွေကျပ်(၁)သိန်း ပေးလှူခဲ့သဖြင့် စုစုပေါင်း တန်ဘိုးငွေ(၆)သိန်းကျော် လှူဒါန်းနိုင်ခဲ့ပါသည်။
IMG_20140816_013357ဘလော့ဂါ မမေဓာဝီ (အိကျီ င်္အသားရောင်)မှ ငွေအားဖြည့်ယုံမျှမက
ကိုယ်တိုင် အစမှအဆုံး တက်ရောက်ခဲ့သည်။
တစ်နှစ်ပြည့်ရသစာဖတ်ဝိုင်း၏ အမှတ်တရပွဲကား ပြီးဆုံးသွားခဲ့ပြီ။ အားလုံး၏ရင်ထဲ ပီတိများဖြင့် တဝေေ၀ရှိ၏။ သို့နှင့် ရှေ့ဆက်ရမည့်ခရီးအတွက် အားလုံး၏ရင်ထဲ အားမာန်များ တဖန် ပြည့်လာရသကဲ့သို့၊ တစ်နှစ်သား ရသ စာဖတ်ဝိုင်းအနေဖြင့် လိုအပ်သည်များ ပြန်လည် သုံးသပ်ရဦးမည်။ ရှေ့ခြေလှမ်းများအတွက်လဲ ထပ်မံ၍ အားဖြည့်ပြင်ဆင် ရပေဦးမည်။
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
စာဖတ်နိုင်အောင်တော့ ကြိုးစားရမယ်။
စာဖတ်တဲ့လူမျိုးမှပဲ ကြီးပွားမယ်။
စာအုပ်ကောင်းတွေဟာ မိတ်ဆွေစစ်ပါ။
(လူထုဦးလှ)
Scan10001အလင်းတန်းဂျာနယ်၊ အမှတ်(၈၂၀)၊ စက်တင်ဘာလ၊ ၂၀၁၄ ခုနှစ်။
(အံတီတင့်ရဲ့Tag Postအတွက် ဒီအက်ဆေးလေးကို တင်ပေးလိုက်ခြင်းပါ။)
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
index
Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 7 Comments
ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ
Number of View: 19815
63158_3848579301883_910340778_n
ဘလော့ဒေးအလွန်မှာမှ ဤပို့စ်လေး ရေးဖြစ်သည့်အတွက် အနှီဤပို့စလေးက ဘလော့ဒေး အတွက်ရယ်လို့ မသတ်မှတ်ပဲ ပုံမှန်တင်နေကျ ပို့စ်တစ်ပုဒ်ဟုသာ ဖတ်ကြပါကုန်ဟု ဦးစွာ မြ နိဒါန်းချီပါရစေ။ မြ ဤပို့စ်လေးအား ဘလော့ဒေးရက်ကျော်မှ ရေးဖြစ်သည့်အတွက် ခေါင်းစဉ် ကိုလည်း “ဘလော့ဒေးအလွန်နှင့် မြ၏တောင်တောင်အီအီ ရောက်မိရောက်ရာများ” လို့ ပေးလိုက်၏။
“တောင်တောင်အီအီ ရောက်မိရောက်ရာများ”ဆိုသည်က ယခုအချိန်တွင် စိတ်ထဲ၌ တိတိပပ ထိထိမိမိ ဆုတ်ကိုင်ရေးချချင်လိုက်သည်မျိုး တစ်ခုမျှ မရှိ။ မြ၏ စိတ်သည် ရှင်းနေ၏။ မြ၏ ရှင်းနေသည့်စိတ်က စည်ပင်သာယာက အမှိုက်သိမ်းပြီးကာစလို၊ သို့တည်းမဟုတ် သို့ကလို စိတ်ရှင်းပါသည်ဟု ပြောပြောပြီး စိတ်ခံစားချက်များ ဖွဘုတ်ကြီးတွင် ချချရေးတတ်သော သူများကဲ့သို့ ဟိုတို့တိ သည်တို့တိနှင့် ပလုံစီထနေသည့် အခြိတ်အဆက်မဲ့ ခေါင်းစဉ်များ   ပြည့်နှက်နေ၍ အနှီခေါင်းစဉ်လေးအား ပေးလိုက်ရသည်တမုံ့။
ထို့ပြင်တ၀ ယခုအောက်တွင် ဖတ်ရှုရမည့် ကဘောက်ကချာ အရေးအသားများမှာလည်း စာလာဖတ်သူများသို့ မက်ဆေ့ခ်ျပေးသည်မျိုး၊ သို့တည်းမဟုတ် တစ်စုံတစ်ယောက်အား ရည်ရွယ်ချက်ထားပြီး စိတ်ခံစားမှုများနှင့် ရေးလိုက်သည်မျိုးမဟုတ်ပဲ၊ မြ၏ တစ်ဦးထဲပိုင် စိတ်သဏ္ဍာန်ထဲက မထွေးနိုင်မအံနိုင်သည်များအား အဆီအငေါ်မတည့်၊ ရောက်မိရောက်ရာ   ရေးထားခြင်းသာ။
တနည်း ချစ်ခင်လေးစားရသည့် ဘလော့ဥသျှောင်အန်တီတင့်၏ဆန္ဒကို ဖြည့်ဆည်းချင်သည့် အတွက် ယောင်ခြောက်ဆယ် အလုပ်တွေများနေလျှက်က၊ အမ်ပီတီကွန်နက်ရှင်   နှောက်နေ လျှက်က၊ ခေါင်းလောင်းဆယ်သည့်အရေး စိတ်လေးနေလျှက်က တောင်တောင်အီအီ   ရေးဖြစ်ရချေပြီ တမုံ့။ အချိန်မီ အချိန်ကိုက်ရေးချင်သော်ငြား အကြောင်းအမျိုးမျိုးကြောင့်   နောက်ကျမှ ရေးဖြစ်ခြင်းအတွက် အင်မတန်မှ အားတုန့်အားနာဖြစ်ရကြောင်းနှင့် ချစ်ခင်ရသော တီတင့်မှ မေတ္တာရှေ့ထား ခွင့်လွှတ်နားလည်ပေးမည်ဟု တစ်ဘက်သတ် ကောက်ချက်ချကာ   မြတစ်ယောက် သံခမောက်စောင်း ရေးလိုက်ချေ၏တကား။
Untitled
မြစိတ်နှင့် မြကိုယ်
မြ ငယ်စဉ်က အင်မတန် မဟုတ်မခံ စိတ်မြန်လက်မြန် ရှိ၏။ မဟုတ်မခံဆိုတော့ ကိုယ်မှန်လျှင် မည်သူမျှမကြောက်သည့် အမျိုးအစား။ စိတ်မြန်လက်မြန်ဆို၍ စိတ်က လုံးဝမှ မရှည်တတ်ချေ။ ဤသို့ စိတ်မရှည်သည်နှင့် မည်သည့်ကိစ္စပဲလုပ်လုပ် ပင်ပမ်းကာမှနေရော့၊ ကိုယ်ကပဲ တစ်ယောက်ထဲ သိမ်းကျုံးလုပ်လေ့ရှိ၏။ ထို့ကြောင့် စိတ်သွားတိုင်း ကိုယ်ပါ၏။ တစ်ခုခုဆိုလျှင် စိတ်ကဆုံးဖြတ်ပြီးသည်နှင့် လူက လုပ်နေလေပြီ။ သို့သော် အသက် ၄၀ကျော်လာချိန်တွင် ကိုရီးယားဇာတ်လမ်းတွဲများကဲ့သို့ မြ၏စိတ်သည် ရှည်တတ်လာ၏။ စိတ်ထဲရှိသမျှ လုပ်၍မဖြစ်ဆိုသည်ကို ကျင့်ယူတာမျိုး မဟုတ်ပဲနှင့် အလိုလိုသိလာ၏။ ဤသို့နှင့် မြ၏စိတ်တွေက ရှည်တတ်လာ၏။ မရှည်၍လဲ မရတော့ချေ။ ပေါင်ချိန် ၁၅၀ခန့် ရှိနေသည့် မြ၏ခန္ဓာကိုယ်က မြ၏ စိတ်သွားသည့်အတိုင်း အမီ မလိုက်နိုင်တောပေ။
လူအများထံမှ မြ သင်ယူခြင်း
စိတ်ကို ရှည်ရှည်ထားတတ်လာချိန်တွင် မြတစ်ယောက် လူအများနှင့် နိစ္စဓူဝ တွေ့ကြုံရ ပါတော့သည်။ အရွယ်အမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ အနှီလူပုဂ္ဂိုလ်တို့အား အလုပ်သဘောအရ၊ ၀ါသနာအရ၊ ခရီးသွားလမ်းကြုံအရ တွေ့ကြုံသိကျွမ်း   မြင်တွေ့ခွင့် ရခဲ့၏။ ထိုလူပုဂ္ဂိုလ်များထံမှ မြ အခမဲ့ သင်ယူခွင့်ရနေ၏။ ဤတွင် မြ အံ့သြရ၏။ လူနှင့်စိတ်နှင့် စရိုက်နှင့် ထပ်တူကျသူတွေ၊ ထပ်တူမကျသူတွေ အလျိုလျို တွေ့မြင်လာရပြန်သဖြင့် အင်မတန် စပ်စပ်စုစုနဲ့ ကုန်ကြမ်းရှာနေတတ်သည့် မြအတွက် တအံတသြပင်။ ချစ်မြတ်နိုးစိတ်၊ လေးစားစိတ်၊ အားကျစိတ်၊ ဂုဏ်ယူစိတ်၊ အံ့သြစိတ်၊ အထင်သေးစိတ်၊   ရှောင်ဖယ်လိုစိတ်၊ ရွံရှာလိုစိတ် အမျိုးမျိုးက မြကို တလှည့်စီ ထိတွေ့ပေး၏ ။
လှစ်လျူရှုခြင်းနှင့် မြ
အဲ့သည်လို သိလာရပြန်တော့ ချစ်မြတ်နိုး၊ လေးစား၊ အားကျ၊ ဂုဏ်ယူစိတ်ဖြစ်ရသူများနှင့် ရင်နှီးခင်မင်လိုစိတ်၊ အဝေးကနေ တိတ်တဆိတ်ကြည့်ရင်း ကျေနပ်စိတ်၊ ကြည်နူးပီတိဖြစ်ရစိတ် များ ရင်ထဲ ထပ်မံပေါ်ပေါက်လာရသလို၊ အထင်သေးစိတ်၊ ရှောင်ဖယ်လိုစိတ်၊ ရွံရှာလိုစိတ် ဖြစ်ပေါ်စေသူများကိုတော့ မြစိတ်ထဲက တုန်လှုပ်ထိတ်လန့်စွာ ရှောင်ဖယ် လှစ်လျူရှုဖြစ်တော့၏။ ထိုသူများနှင့် အဝေးမှာသာ မြ နေလိုလာ၏။ ထိုသူတို့သည် မြ၏ကမ္ဘာ အပြင်ဘက်သို့ ရောက်မှန်းမသိရောက်သွားကာ ထုတ်ပစ်ပြီး လှစ်လျူရှုတတ်လာတော့သည်။
အောက်စီဂျင် မြ
အမေက မြကို ပြောဖူးသည့် စကားတစ်ခွန်းရှိ၏။ “ သမီး.. နင်ဟာလေ… အောက်စီဂျင်လို လူစား၊ ဘယ်သူနဲ့မဆို ခင်ခင်မင်မင် အလိုက်အလျားသင့် ပေါင်းသင်းဆက်ဆံတတ်တယ်…” သည်တဲ့။ အမေက မြကို မပေါင်းသင့်တဲ့သူဆို ဝေါင်ဝေါင်ရှေး ဝေးဝေးကရှောင်စေချင်၏။ အဲသည့်တော့ မြက အမေ့ကို ဤသို့ ပြန်ပြော၏။ “ အမေ…အောက်စီဂျင် ဓာတ်ငွေ့က ကိုယ်တိုင်မီးမလောင်၊ မီးလောင်ခြင်းကို အားပေးတယ်တဲ့၊ သမီး အားလုံးနဲ့ အခင်မင် မပျက်နေတတ်ပေမဲ့ သမီးရဲ့စိတ်ရင်းက မနှစ်သက်တဲ့အရာတွေထဲမှာ ဘယ်တော့မှ ပျော်ဝင် မသွားစေရပါဘူး” ဟု ပြောကာ မြ အမေထက်သမီးတစ်လ ကြီးခဲ့ပါ၏။
အချိန်၊ အပေးအယူနဲ့ မြ
မြ၏ တစ်ရက် ၂၄နာရီအချိန်က ဘယ်တော့မှ မလောက်င၍့ နောက်တစ်ရက်ကနေ ဖဲ့ယူနေရပြန်၏။ မြက အလုပ်လောဘကြီးတာထက် တာဝန်ကျေချင်သည်။ မည်သည့်အရာမဆို တာဝန်ကျေပြွန်ချင်သည့်အတွက် စေတနာပိုထည့်၊ အားပိုစိုက်နှင့် ပင်ပမ်းဇာတာ ရှည်ရပါ၏။ နောက်..မြ အားနာတတ်သည်။ အားနာနာနဲ့ ဘယ်အရာမှ မငြင်းရက်၊ အပမ်းမကြီးပါဘူးကွယ် တွင်တွင်သုံးကာ အားနာတောတွင် နစ်မြုပ်ရပြန်၏။ သို့ပေမဲ့ အဲ့သည် ပင်ပမ်းနေသည့်အထဲ၊ အားနာနေရသည့်အထဲ နေသားတကျ ပျော်မွေ့နေတတ်ပြန်သေး၏။ အချိန်တွေထဲ အားနာမှုတွေထဲ နစ်မြုပ်ရင်း ပေးဆပ်နေခဲ့ရသမျှ ကျေနပ်ခဲ့ရပေမဲ့၊ တန်ပြန်ရလာတဲ့ တုန့်ပြန်မှုက ရံဖန်ရံခါ ခါးသက်နေသော်ငြား ချိုမြိန်မှုလေးတွေဆမ်းထားပြန်တော့ ပင်ပမ်းသမျှ အမောပြေရပြန်၏။ မြသည် လျှောက်လှမ်းပြီးခဲ့သမျှ လမ်းများအပေါ် ဘယ်တော့မှ မကျေနပ်စိတ် မဖြစ်ခဲ့ပါ။
ဘလော့ဂါမြ မြဘလော့ဂါ
အခုတော့ အချိန်တွေ ပါးရှားလာသည့် မြသည် ယခင်က တစ်နေ့တစ်ပုဒ် မရေးရလျှင် မနေနိုင်သည့် ဘလော့ဘက်သို့ ခြေဦးသွက်သွက် မလှည့်နိုင်လေပြီ။ ဘလော့ဂါဘ၀သို့   မြကို ရောက်ခွင့်ရဖို့ စတင်စေခဲ့သည့် ချစ်ညီမ ချော (အစိမ်းရောင်လွင်ပြင်)ကို ရင်ထဲ အမြဲမမေ့။ ဘလော့ရေးကာစက“ ချောနဲ့ မြ တစ်နေ့တစ်ပုဒ် ရေးကြမယ်” ဆိုပြီး ဒီနေ့အတွက် ပို့စ်မတင်သေး လျှင် တစ်ယောက်ကိုတစ်ယောက် ဖုန်းဆက်ပြီး ဘလော့ရေးခိုင်း၊ ဘလော့ပေါက်စေ့လည် ကွန်မန့်ပေးခဲ့ကြသူများပါ။ ယခု ချောလဲ မြလို ဘလော့ကနေ ဖေ့ဘုတ်၊ အခုဆို ဖေ့ဘုတ် မှာတောင် မတွေ့တာကြာပြီ။ ဘ၀တွေက ဤသို့ပင်။ တသမတ်ထဲ မရှိ။ ဘယ်အရာမှ မမြဲချေ။ မြက ဘလော့ခေတ်ဦးကို မမီခဲ့သော်ငြား ဘလော့ရေးသူ ကြီး၊ လတ်၊ငယ် ဘလော့ဂါတိုင်းကို ချစ်ခင်စွာ လေးစားစွာဖြင့် ယခုအချိန်ထိတိုင် ဆက်ဆံခဲ့သည်။ မြ၏ စာရေးသူဘ၀ ပြန်လည် သက်ဝင်ခဲ့ရသည်ကလဲ အနှီ ဘလော့ကြောင့်ဆိုသည်ကို စာပေ ပရိုဖိုင်းထဲ ရှေ့ဆုံးက ထည့်ထား၍ ပြောလွန်းသဖြင့် ကြားသိသမျှ လူအများ အတော်ပင် နားကြားမျင်း ကပ်နေလောက်ချေပြီ။ လတ်တလော မြသည် ဘလော့ပို့စ်အသစ်တွေ မရေးနိုင်သလို၊ အရင်လို ဘလော့တွေလည်ကာ ကွန်မန့်မပေးဖြစ်တာလဲ ကြာပေပြီ။ အချို့ဘလော့ဂါအများစုလဲ မြကဲ့သို့ ဘလော့မရေးနီုင် ဘလော့မလည်နိုင် ရှိချေမည်ဟု ဇွတ်အတင်း စစ်ကူဆွဲထည့်လိုက်ရချေသည်တမုံ့။ သို့သော် မြသည် “ကျွန်မ ဘလော့ဂါမြပါ” ဟု ဘယ်အချိန် ဘယ်နေရာတွင်မဆို ပြောဖို့ရာ ဘယ်တော့မှ ၀န်မလေးတတ်သူပေ။
စာရေးဆရာ မြ
ယခု အနှီမြက မှန်သားပေါ်ဘလော့ရေးရာကနေ မနေနိုင်မထိုင်နိုင် စာရွက်ပေါ် စာရေးတဲ စာရေးဆရာ ဖြစ်လာရပြန်၏။ ဘယ်သူတွေ စာမျက်နှာပေါ်မှာ မဖြတ်ချင်ဘူး ပြောပြော   မြကတော့ ရေးချင်သည်။ “ဘလော့ကို အမီပြုပြီး စာမျက်နှာပေါ်ရောက်ကုန်ကြသူတွေ၊ အခုတော့ ဘလော့ကို မေ့နေပြီ”ဟု ပြောကြပြန်တော့ မြ အနာပေါ်တုတ်မကျပါချေ။ သို့သော် ကျွဲမြှီးတော့တို၏။ “ဘလော့ကို အမီပြုပြီး စာမျက်နှာပေါ်ရောက်ကုန်တယ်” ဆိုသည်အတွက် ကတော့ သက်စ်ရိုက်ဟု မြ ချက်ချင်း လက်ခံလိုက်နိုင်သည်။ ဟုတ်၏။ ဘလော့မှတဆင့် စာမျက်နှာပေါ်တွင် ရေးဖို့ရာ အခွင့်အလမ်း ရလာ၏။ သို့သော် မြအနေဖြင့် ဘလော့ဂါများ စာရေးဆရာဖြစ်ခွင့် မရှိဟု တစ်ခါဘူးမျှ မတွေးမိခဲ့ချေ။ ရိုးရိုးလေးပဲ မြ စဉ်းစားမိခြင်းလဲ   ဖြစ်နိုင်သည်။ ဘလော့မှာပဲ ရေးချင်နေသမျှ ထိုသူသည် ဘလော့ဂါဟူ၏။ မြကတော့ စာရေးဆရာဖြစ်ချင်သူ ဖြစ်သည့်အတွက် ဘလော့ရေးရင်းမှ စာမျက်နှာပေါ်သို့ ကူးပြီးရေး၏။ သို့နှင့် မုဒ်ဝင်လာ၏။ အရှိန်ရလာ၏။ မြသည် လုံးချင်းဝတ္တုသီးသန့်နေသူမဟုတ်။ ရသ၀တ္တုတိုများကို မဂ္ဂဇင်းစာမျက်နှာများတွင် အယ်ဒီတာများ၏ တည်းဖြတ်မှုခံယူရင်းမှ ပါချင်သူဖြစ်၏။ အဲ့ဂလိုနှင့် စာမျက်နှာပေါ်က အယ်ဒီတာမင်းများ၏ မှတ်ကျောက်တင်မှုဖြင့် မြမှာ မဂ္ဂဇင်းစာမျက်နှာများပေါ် ပါဝင်ခွင့်ရလာသော်လဲ စာရေးဆရာရယ်ဟု သိပ်အသံ မထွက်ရဲပေ။ “ဘလော့ဂါဆိုသည်မှာ လွတ်လပ်သူတွေမို့ သူများက တည်းဖြတ်တာမျိုးကို လက်မခံနိုင်ဘူး၊ စာရေးဆရာဆိုတာ စာဖတ်သူက သတ်မှတ်တာ၊ စာမျက်နှာပေါ်ရေးမှ စာရေးဆရာမဟုတ်၊ စာရေးဆရာဖြစ်ဖို့မလို စာရေးသူဆို လုံလောက်ပြီ၊ ဟွာလေ…ဆရာ/ဆရာမ   ခေါ်နေတာတွေ   တွေ့ရရင် အသည်းသိပ်ယားတာပဲ……” စသဖြင့် အသီးသီး အသက အဓိပ္ပာယ် ဖွင့်ဆိုကြကာ၊ တို့လူလေးများဆိုသလေ ဝေလေလေ အသံဗလံအချို့ ကြားတွင် စာရေးဆရာပိုးထနေသည့် အနှီမြတစ်ယောက်မှာ ငြိမ်ဝပ်ကုပ်ကာ ပိပြားနေရတော့လေ၏။ မနေနိုင်လျှင်တော့ မဂ္ဂဇင်း စာမျက်နှာထဲ ပါဝင်သည့် စာမူလေးများကို ဖေ့ဘုတ်ပေါ်တင်ကာ စာရေးဆရာဖြစ်နေပြီ   ဖြစ်ကြောင်း မသိမသာ ကြော်ငြာမောင်းခတ်ရ၏။
စာရေးဝါသနာကြောင့် ဘလော့ဂါဖြစ်ဖို့ရန် မြ၏ အားလပ်ချိန်များကိုဖဲ့၊ ဇွဲနပဲနှင့် ရွှေမြို့တော်ကြီး၏ ကွန်နက်ရှင်ကို အံတု အချိန်တွေပေး ဖြတ်သန်းရေးခဲ့ရ၏။ တစ်ခါမျှ ပေါ့ပေါ့တန်တန်ရေးခဲ့သည် မရှိခဲ့။ ထို့အတူ စာရေးဆရာဖြစ်ဖို့ရာလဲ ဥုံဖွဆို လက်ခမောင်းခတ်ရုံဖြင့် ဖြစ်သည်မျိုး မဟုတ်တုံလော။ အချိန်၊ စိတ် နစ်မြုပ်ပြီး စာပေ၀ါသနာအရင်းခံဖြင့် ကြိုးစားခဲ့ရသည်။ သို့သော် မြ ကြောက်တတ်သည်။ မြက ရှည်ကြော၍ ဘလော့လောကမှ တည်းဖြတ်သူများရှိသည့် စာမျက်နှာပေါ်သို့ ကျော်ကျော်ကျူး ကျူးကူးခဲ့သူမဟုတ်တုံလော။ ကြောက်တတ်သူ၊ မဖြစ်ညစ်ကျယ်   မြက ရင်ထဲကနေ ယခုလို တိုးတိုးလေးသာ အော်မြည်မိသည်။ (တိုးတိုးလေးမို့   သေးသေးလေး ရေးပါသည်။) 😀
“ ဘလော့မှာ စာရေးရင် ဘလော့ဂါ
စာမျက်နှာပေါ်မှာ စာရေးရင် စာရေးဆရာ”
ဖေ့ဘုတ်ကာ မြ
မြ တစ်ယောက် အနှီဖေ့ဘုတ်ကြီးကိုလည်း မခွဲနိုင်မခွာရက် ဖြစ်နေပြန်သေး၏။ ဘလော့တွင် စာမရေးနိုင်သည်မှာ ကြာပြီဖြစ်သလို၊ စာမျက်နှာပေါ်တွင်လဲ အင်မတန် ကျဲပါးလှစွာ   ရေးဖြစ်နေပြန်တော့ မြကို ဖေ့ဘုတ်ကာဟု အခုအချိန် အမည်နာမတပ်ပြန်လျှင် မြ မငြင်းနိုင်ပေ။ ခေတ်မီသူတိုင်း ဖေ့ဘုတ်သုံးကြသည်။ ဖေ့ဘုတ်မှာ လူအများ၏ ရင်တွင်းဖြစ်တွေ ဒရဟောတွေ့နေရသည်။ သို့နှင့် မြလဲ အားကျမခံ ဖေ့ဘုတ်သုံးတော့၏။ ထမင်းဟင်းချက်လဲ တင်သည်။ စာအုပ်ဝယ်လဲတင်သည်။ ခေါင်းကိုက်ဗိုက်နာလဲ တင်၏။ ဆဲလ်ဖီတွေ မရပ်မနား ရိုက်တင်၏။ သားအကြောင်း ယောကျာ်းအကြောင်း တင်၏။ မကျေနပ်သူများကို   စွေစောင်းရေး၏။ ဖေ့ဘုတ်ကနေ ကယ်တင်ရှင်လုပ်၏။ ဆရာကြီးလုပ်၏။ လွမ်း၏။ ဆွေး၏။ ရင်ကွဲနာကျ၏။ သရော်ရယ်သွေးသွမ်း၏။ သို့သော် ဖေ့ဘုတ်ပေါ်တွင် မြကို သူများက အစွန်းမလွတ်သည့် စကားလုံးများ၊ အဓိပ္ပါယ်နှစ်ခွစကားလုံးများဖြင့် ရေးတာမြင်ပြန်လျှင်တော့ ကိုယ်ချင်းမစာနာ အနှီမြ ရင်ထဲ ကျလိကျလိနှင့်နေ၏။ သို့သော် မြက သူများတွေလို ဗြန်းခနဲ လက်တုန့် ပြန်မပြောရဲ ပြန်မရေးရဲ။ မြက ကြောက်တတ်သည်လေ။ သိသူမသိသူများရဲ့ ကလစ်တစ်ချက်နဲ့ လိုက်ခ်တွေ တဖွေးဖွေးရလာချိန်မှာတော့ ဘလော့ဆီ မရောက်တော့ပဲ   မြတစ်ယောက်ဖေ့ဘုတ်ထဲ နစ်မြုပ်နေတော့၏။ သို့သော် ဖေ့ဘုတ်က လိုက်ခ်များက ဘလော့က ကွန်မန့်များလောက် နွေးထွေးမှု မရှိတာကို မြ ရင်ထဲ ခံစားမိသည်။
ဘလော့ဝင်ဖို့ ကွန်နက်ရှင်က အခွင့်မပေးပေသော်ငြား ဖေ့ဘုတ်ကျပြန်တော့ လွယ်လွယ်ဖြင့်ဝင်လို့ရနေလို့ သုံးရပါသည်ဟု မြက မိုးကြိုးပစ် ထန်းလက်ကာချင်သေးသည်။ သို့သော် တကယ်တမ်း မြက ဖေ့ဘုတ်ကို ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရေးဖော်များနှင့် ဆက်သွယ်ဖို့ ကြားခံတစ်ခုအနေဖြင့်သာ ပျော်ပျော်ရွှင်ရွှင် အသုံးပြုချင်၏။ သို့သော် အနှီ ကြောက်တတ်သည့်မြက ပြောစရာတကယ် ရှိလာရင်ဖြင့် သက်ဆိုင်သူကို ဒဲ့ပြောဖို့ ၀န်မလေးပါချေ။
အမှတ်မရှိ မြက ဖေ့ဘုတ်ထဲတွင် ကိုယ့်ကိုယ်ကို Blogger/ Writterဟု ရေးကို ရေးထားသေး၏။ ဒါတင်မျှက Freelance ဆိုသည့်စကားလုံးလေးပါ ရှေ့တွင် ဖြည့်ကွန့်ထားလိုက်သေးသည်။ မြက အချုပ်အနှောင် ကင်းချင်သည်။ အချုပ်အနှောင်ဆိုသည်မှာ စိတ်နှင့်ကိုယ်ကို ချုပ်နှောင်ထား သည်မျိုး။ ထိုအနှောင်အဖွဲ့ကို မြက ကင်းကင်းနေချင်သူ ဖြစ်သည်။ အချုပ်အနှောင်ကင်း လိုသည့် မြက လက်ရှိ စာပေဆိုင်ရာ အဖွဲ့အစည်းတွေမှာ ပါဝင်ဖြစ်နေတာကလဲ ရသစာပေ ချစ်မြတ်နိုးတဲ့ စိတ်တစ်ခုထဲနဲ့ လွတ်လပ်စွာ ပါဝင်ဖြစ်နေခြင်းပင်။ အခွင့်အလမ်းရဖို့ နာမည်ကျော်ကြားဖို့ သက်သက်နှင့် မြ၏ မိသားစုအတွက် တန်ဘိုးရှိလှသည့် အချိန်များကို မြ ဖဲ့ပေးနေပါ့မည်လော။ မြက ကိုယ့်ကိုယ်ကိုသာ ယုံကြည်စိတ်ချ အားကိုးတတ်သူဖြစ်သည်။ အခွင့်အရေးအတွက် တစ်စုံတစ်ယောက်ကို ချဉ်းကပ်ရယူတာမျိုးကို မြ ရွံရှာသည်။ မြ  ကျင်လည်နေသည့် လူမှုဝန်းကျင်တစ်ခုလုံးကို နောင်တစ်ချိန်မှာ အကျိုးပြုလာနိုင်မည်၊ ထိုအဖွဲ့အစည်း၏ ရပ်တည်ချက်၊ ရည်ရွယ်များ ကောင်းမွန်သည်ဟု ထင်မြင်မိလျှင် ထိုအဖွဲ့အစည်းမျိုးကို မြ ပါဝင် စိတ်ပါလက်ပါ ပါဝင်ဖြစ်တတ်သည်။
ဘလော့ဂါ/ စာရေးဆရာ/ ဖေ့ဘုတ်ကာ မြ
သို့ဖြစ်၍ မြကို ဘလော့ဂါ/ စာရေးဆရာ/ ဖေ့ဘုတ်ကာဟု အဆင်ပြေရာ ခေါ်နိုင်ပါသည်။ ဟုတ်ပါသည်။ မြသည် တစ်လတစ်ခါ ကြားနေကျ မိဘပြည်သူများခင်ဗျားဆိုသည့် လူကြီးမင်းလို ဝေ့လည်ကြောင်ပတ် မပြောလိုပါချေ။ မြသည် ဘလော့ဂါ၊ ထို့ထက်ပို၍ မြက စာရေးဆရာပါဟု ရဲရဲဝံ့ဝံ့ ပြောချင်ပါသည်။ သို့တည်းမဟုတ် လောလောလတ်လတ် ဟို ကိုရီယားက ပြန်လာသည့် မယ်လေးရဲ့ သရဖူကို ပြန်သိမ်းသလို၊ မြအား ဘလော့ဂါများဘက်က မရပ်တည်သူ၊ ဘလော့ဂါအမည်နာမကို မသုံးသင့်၊ စာရေးဆရာအမည်နှင့်လဲ မထိုက်တန်၊   ပြန်လည်သိမ်းမည်ဟု ဆိုလာပါလျှင်လည်း၊ သရဖူသိမ်းခံရသည့်မယ်လို သတင်းစာရှင်းလင်း ပွဲတွေ မလုပ်နိုင်ပြန်ချေ။ မြသည် ကြောက်တတ် သူတစ်ယောက်မို့   ပြုသမျှ နုရချေတော့မည် တမုံ့။
တံဆိပ်များနှင့်မြ
ဤသို့ မြ ပြောဖြစ်ရသလဲဆိုလျှင် အနှီမြ၏ ၀န်းကျင်တွင်၊ ငါသည်ဘလော့ဂါစစ်စစ်၊ ငါသည် စာရေးဆရာစစ်စစ်၊ သူတို့သည် စာရေးဆရာ၊ သူတို့သည် ဘလော့ဂါ၊ သူတို့သည် ဘလော့ကနေ စာမျက်နှာရောက်သူ၊ ငါတို့သည် စာရေးဆရာဟုကိုယ်တိုင်မသတ်မှတ် ပရိသတ်က သတ်မှတ်သည်၊ ငါတို့သည် အယ်ဒီတာစားပွဲဖြတ်ခဲ့၍ စာရေးဆရာဖြစ်သည်၊ ငါတို့သည် ဘယ်သူ့အကဲဖြတ်မှုမှ ခံယူရန်မလို၊ ငါတို့ ရေးချင်ရာစာ ငါတို့ရေးသည်၊ ငါတို့စာအုပ်ကို ထုတ်ဝေသူ ထုတ်ပေးသည် သို့ကြောင့် ငါတို့ စာရေးဆရာ။ ငါတို့စာအုပ် ငါတို့ပိုက်ဆံနဲ့ငါတို့ ထုတ်တာမို့ ငါတို့က ထုတ်ဝေသူ စာရေးဆရာ။ ငါတို့က စာရေးဆရာစစ်စစ်၊ ဘယ်စာရွက်ပေါ်ပါပါ၊ တစ်ပုဒ်ပါတာနဲ့ စာရေးဆရာပဲ။ သို့ကလို အမျိုးမျိုး တံဆိပ်တွေ ကိုယ့်ဟာကိုယ်ကပ်၊ ကိုယ့်မှတ်ကျောက် ကိုယ့်ဟာကိုယ် တင်နေကြပြန်တော့ မြလဲ ရောယောင်၊ ကြောင်တောင် စိုးရွံ့စွာဖြင့် ငါ ဘယ်တံဆိပ် ရွေးကပ်ရလေမည်လဲ၊ သို့တည်းမဟုတ် ဘယ်တံဆိပ်နဲ့များ ငါ့ကို လာကပ်လေမည်လဲဟု အချိန်တိုင်း နောက်ကျောမလုံ ဖြစ်ရလေ၏တမုံ့။
အခေါ်အဝေါ်များနှင့် မြ
မြ အသက် ၄၀မှာ နာမည် ၂မျိုး ရခဲ့၏။ တစ်မျိုးက အမေပေးတဲ့ နာမည်ရင်း။ ဒီနာမည်ရင်းက စာလုံး၎လုံးနဲ့ တည်ဆောက်ထားပြီး၊ နှစ်လုံးစီ ခွဲခေါ်လို့ ရနေလေတော့ကား မိသားစုက ရှေ့က၂လုံးကို ခေါ်၏။ မြ အိမ်ဦးနတ်က သူများနဲ့ မတူစေချင်ဟုဆိုကာ နောက်က ၂လုံးကို ခေါ်၏။ သည် ၂လုံးကတော့ လုပ်ငန်းခွင်ထဲရောက်တဲ့အထိ ခေါ်နေကြသည့် ၂လုံးပေတည်း။ သည်တော့ မြလည်း မိသားစုနဲ့စကားပြောရင် ရှေ့က ၂လုံးကို သုံး၏။ အိမ်ဦးနတ်နှင့် ပတ်သက်ရာများ၊ အလုပ်ကိစ္စနှင့် ပတ်သက်ရာများကြတော့ နောက်၂လုံးကို သုံး၏။ ရယ်စရာပြောရလျှင် အလုပ်တွင် ဆက်သွယ်ရသည့် ပြည်ပက နိုင်ငံခြားသားများက မြအား နာမည်၂မျိုးဖြင့် နှစ်ကိုယ်ခွဲ မြင်ကြ၏။ ဤတွင် မြ စာရေးလာသောအခါ ကလောင်နာမည်ကို သုံးပြန်သည်။ သည်လိုနှင့် မြ သုံးမည်ရမြ ဖြစ်နေ၏။ မြပြောလိုသည့် နေရာရောက်ပေပြီ။ စာရေးသူများ၏ လောကတွင် စာရေးဆရာများအား ဆရာ/ ဆရာမ ခေါ်၏။ ဒါက သူ့လောကနှင့် သူ ဟိုး ရှေးဦးမဆွထဲက သတ်မှတ်ထားခြင်းပင်။ အနှီ ဘလော့ရေးသော စာရေးသော မြအား ဆရာမ ခေါ်၍ ဘ၀င်မိုးထိတစ်ခါမျှ မတက်ခဲ့ဘူးပေ။ ထို့အတူ ဆရာမ မခေါ်ပဲ နာမည်ခေါ်လာ၍လဲ စိတ်ထဲ ကသိကအောက် မဖြစ်မိ။ မြ၏ မွေးသမိခင်အား မြက “အမေ” ဟု ခေါ်၏။ ထို့အတူ လမ်းမှာ အိုမင်းမစွမ်း တုန်တုန်ရီရီသွားနေသည့် တစ်ခါမှမသိသေးသည့် အဘွားအိုတစ်ယောက် ကိုလဲ ”အမေ”ဟု ခေါ်ရန် မြ ၀န်မလေးမိချေ။ အရာရာသည် ပညတ်ချက်များသာဖြစ်သည်။ အနှီ ဆရာ/ဆရာမ အခေါ်ခံနေရသည့် အပေါ်မှာ နေမသာထိုင်မထိ ဖြစ်နေသူများကို   မြင်ရလျှင်   မြလဲ နေမထိထိုင်မသာ ဖြစ်ရပြန်၏။ အစွန်းမရောက်၊ အလယ်အလတ်လမ်းစဉ်ကို မြ ကျင့်သုံး သူဖြစ်သည်။
အုပ်စုများနှင့်မြ
မြတို့လောကတွင် အုပ်စုအတော်များသည်။ တချို့က ပျော်ရွှင်ခင်မင်ဖွယ်အုပ်စု၊ တချို့က အုပ်စုဖွဲ့ထိုးနှက်၊ တချို့က တစ်ကိုယ်တော်လို့ ကြေညာလျှက်က လူစု၊ သို့နှင့်အနှီမြလဲ အွန်လိုင်းပေါ်တွင် အုပ်စု(Group)များစွာ လာရောက် အင်ဗိုက်တိုင်း အားနာစွာ ပျော်ပျော်ကြီး လက်ခံ၊ ဒါမှအားမရသေး ပြင်ပမှာလဲ အုပ်စုလေးတွေ မြင်ရင် နားစွင့်ရင်း ၀င်ပါဖြစ်နဲ့၊ ကိုယ့်ကိုယ်ကို ဘယ်အုပ်စုက ဘာမှန်းပင် မကွဲပြားတော့။ အုပ်စုတွေများတော့ ဟိုအုပ်စုလဲ အားနာ၊ ဒီအုပ်စုလဲ မျက်နှာပူ၊ ဟို အဖွဲ့လဲ တာဝန်မကျေနှင့် မြ တစ်ယောက် ငါးသိုင်းများ ဟင်းဟုန် စာပင်ဖြောင့်ဖြောင့် မရေးနိုင်တော့။ တစ်အုပ်စုနဲ့ တစ်အုပ်စု ဆော်ကြ နှက်ကြ၊ စောင်းစွေ   ရေးကြပြန်ရင်လဲ အုပ်စုတိုင်း၊ လူတိုင်းနဲ့ အတော်အတန် ပလဲနံသင့်သည် ပြော၍ရသည့် အနှီ ဘလော့ဂါဟူသော၊ စာရေးဆရာဟူသော၊ ဖေ့ဘုတ်ကာတည်းဟူသော အောက်စီဂျင်မြသည်   ရှေ့ဆုံးမှ ပဲလှော်ကြား ဆားညပ်ပြီးသား ဖြစ်ချေ၏။ စာရေးဆရာက ဘလော့ဂါကို နှက်လျှင်   မြသည် မခံချိမခံသာ အသည်းတွေနာ။ ဘလော့ဂါက စာရေးဆရာကို တွယ်လျှင် မြ လည်း ကိုယ့်ငယ်ထိပ်ကို တူဖြင့် ထုလိုက်သကဲ့သို့ ခံစားရ၏။ အနှီ ဘလော့ဂါ၊ အနှီ စာရေးဆရာများ ကလောင်စွမ်းပြ၍ ဖေ့ဘုတ်ပေါ်တွင် စွေစောင်း ရေးနှက်ကြလျှင် မြသည် အလူးအလဲနဲ့ မအီမလည် ဖြစ်ရလေ၏။ သို့သော် ကြောက်တတ်သည့် မြ၊ အားနာတတ်သည့် မြက အောင့်အည်း တွန့်လိမ် ငြိမ်သက်ခံနေရလဲ သဘောထားကြီးသယောင်ယောင် ပုံဖမ်းကာ၊ အတွင်းကြိတ်၍ သွေးတက်နေလေ၏။
ဘက်မလိုက် မြ
လူဆိုသည်မှာ ကိုယ်ယုံကြည်သည့် တစ်ခုခုဘက်မှာ ရပ်တည်ရသည်။ ဟိုဘက် ဒီဘက် နှစ်ဘက်ခွ မရပ်သင့်..တဲ့။ သို့သော် မြအတွက် ထိုအဆိုသည် မှားနေလေသည်။ မြသည် ဘက်ပေါင်းစုံရပ်၏။ မြသည် ကနဦးပြောခဲ့သလို အားနာတတ်၏။ ကြောက်တတ်၏။ မြက စာရေးနေသူတိုင်းကို ဘယ်နေရာမှာရေးရေး တလေးတစား ခင်ခင်မင်မင် စိတ်ရင်းဖြင့် ဆက်ဆံတတ်၏။ ဘက်တစ်ခုခုမှာ မြ ဘယ်တော့မျှ ပေကပ်မရပ်တတ်။ သို့ကလိုကြောင့် အလယ်အလတ်လမ်းစဉ်သမား မြတွင် ဘက်၂ဘက်သာမက၊ ၃..၄..၅..ဘက် မကပင် ရှိနေ၏။ ထို့ကြောင့် အနှီဘက်များ အချင်းချင်း ငြိကြပြီဆိုလျှင် ၃..၄..၅..ဘက် မက ခွရပ်နေတတ်သည့် မြမှာ ကိုးရိုးကားရား ဟန်ချက်ပျက်၍ ဂျွမ်းပြန်လေတော့၏။
နမော်နမဲ့မြနှင့် စပ်ရှရှအရသာ
မြ က နမော်နမဲ့ မြပါ။ ဘယ်နေရာသွားသွား ဂရုတစိုက်မရှိ၊ ပြာပြာယာယာဖြင့်။ ထိမိ ခိုက်မိ ရှမိ ခလုပ်တိုက်မိတာများ မရေတွက်နိုင်ပေ။ တစ်နေ့က ကြက်သွန် လှီးနေရင်း မြ ဓားနည်းနည်းရှသွားခဲ့၏။ အဲ့သည့် ဒဏ်ရာဖြင့် ဆားကိုင်မိပြန်သည်။ စပ်လိုက်သည်မှာ   ပြောရန်မရှိ။ စွေ့စွေ့ခုန်လို့။ သို့နှင့် ထိုဓားရှဒဏ်ရာ စပ်ဖျဉ်းဖျဉ်းကနေ မြ ဆက်စပ် စဉ်းစားမိ၏။ မြလက်မှာ ဒဏ်ရာရှိချိန်မို့ ဆားကိုင်မိချိန်မှာ စပ်ပေတော့မပေါ့။ မြတို့ စိတ်ထဲက ဒဏ်ရာတွေကိုလဲ ကျက်အောင်မလုပ်သရွေ့၊ သည် ဒဏ်ရာတွေ မွေးမြူထားသရွေ့၊ အချိန်ပြည့် နာကျင်စပ်ရှ ဝေဒနာခံစားရပေမည်။ ကမ္ဘာကျော်နောက်ဆုံးပေါ် အီဘိုလာဗိုင်းရပ်စ်တောင် လူတွေ ကာကွယ်နိုင်ဖို့ ကြိုးစားနေကြသေးရင်၊ ဆေးမီးတိုနဲ့ ကုရင်တောင် ပျောက်နိုင်တဲ့ မြတို့ရဲ့ ရင်ထဲက နာကျင်ဒဏ်ရာတွေက အဘယ်မှာ မပျောက်နေအံ့နည်း။ တိုတောင်းလှသည့် ဘ၀လေးမှာ မြကတော့ စိတ်ရှင်းရှင်း အတွေးရှင်းရှင်းဖြင့်နေချင်သူ ဖြစ်သည်။
မြ၏ နိဂုံး
မြက အပြောထက် အလုပ်နဲ့ သက်သေပြနေသူတို့ကို ပိုတန်ဖိုးထားသူ၊ မိမိဘာဆိုသည်ကို အလုပ်ဖြင့်သာ သက်သေပြသွားချင်သူ ဖြစ်သည်။ မြတို့ဝန်းကျင်မှာ အပြောထက် အလုပ်နဲ့သက်သေပြနေသူတွေ ရှိသည်။ အပြောနဲ့အလုပ် ရောထွေးနေသူတွေလဲ ရှိသည်။ အပြောချည်းပြောနေသူတွေလဲ ရှိသည်။ မိမိသည်သာ ကယ်တင်ရှင်ဟု မြင်နေသူရှိသည်။ အားလုံးသည် မိမိ၏ လွတ်လပ်ခွင့်သာဖြစ်၍ စိတ်ချမ်းသာသလို နေနိုင်ကြပါသည်။ သို့သော် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ခံရတာမျိုး မြ မလိုလားပါ။ မြသည် သူများကို လက်ညှိုးတစ်ချောင်း ထိုးကာနီးတိုင်း ကိုယ့်ကိုယ်ကို ပြန်ထိုးနေသည့် လက်ချောင်းများကြောင့် သတိပြန်၍ ကပ်နေရ၏။ မြတို့က စင်းလုံးချောမဖြစ်ရင်တောင် သူများ အပြောအဆိုလွတ်အောင် နေတတ်ဖို့တော့လိုပါလိမ့်မည်။
မြက ဘလော့ဂါပါ။ ဘလော့တွေရေးရင်း မြ ဘလော့ဂါဖြစ်လာရသည်။ မြ ဘလော့ သွက်သွက် မရေးနိုင်တာကြာပြီ။
မြက စာရေးဆရာပါ။ ဘလော့ဂါတွေလဲ စာရေးဆရာဖြစ်နိုင်ပါတယ်ဆိုသည်ကို မြ ကြိုးစား သက်သေပြနေသည်။
ကြောက်တတ်သော၊ အားနာတတ်သော၊ ဒူပေဒါပေသမား မြက “ဘလော့ဂါဆိုသည်မှာ စာရေးဆရာ မဟုတ်”ဟု ဘလော့ဂါများအား ပြောလာခဲ့လျှင်သော်၎င်း၊ “တို့က ဘလော့ဂါ.. စာမျက်နှာပေါ် တည်းဖြတ်ခံရမှ စာရေးဆရာဖြစ်တာ မဟုတ်”ဟု ပြောလာခဲ့လျှင်သော်၎င်း၊ မည်သို့မျှ  ပါဝင် နာကျင်ခံစားနေမည် မဟုတ်။
အဘယ်ကြောင့်ဆိုသော် အလယ်အလတ် လမ်းစဉ်သမား အောက်စီဂျင်မြက ကြောက်တတ်၊ အားနာတတ်သူ ဖြစ်ချေသည်တမုံ့။ သို့သော် ရင်ထဲကတော့ ယခုလို    နှစ်နှစ်ကာကာ အော်လိုက် ချင်သေး၏။
Happy Belated Blog Day to all my lovely bloggers. !!!
ဤတွင် “ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ” ပြီး၏။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
index
Share
Posted in Tag Post, ရာသီစာ | 26 Comments
အနန္တစင်္ကြာဝဠာ၊ အနန္တသတ္တ၀ါတို့….
Number of View: 16110
1(၂၀၁၄ ခုနှစ်၊ သြဂုတ်လ၊ ရွှေအမြုတေမဂ္ဂဇင်း။)
၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကျင်းပသည့် ဒသမအကြိမ်မြောက်၊ ရွှေအမြုတေစာပေဆုပေးပွဲ၌
ရွှေအမြုတေ ၀တ္တုရှည် စာပေဆုရရှိခဲ့သည်။
Untitled“ ယဿာနုဘာဝတော ယက္ခာ နေ၀ ဒေဿ      န္တဘီသနံ
ယဥှိ စေ၀ါနယုဉ္ဖန္တော ရတ္တိန္ဒိဝ’မတန္ဒိတော”
            မေတ္တသုတ်ရွတ်ဖတ်သရဇ္ဇာယ်သံများကြောင့် မေသက်တစ်ယောက် လက်ထဲက လုပ်လက်စ စာရွက်စာတမ်းများ ကို ဘေးခဏချထားပြီး၊ သူ့ရုံးခန်းထဲမှ အရှေ့ဝရန်တာရှိရာဆီသို့ အပြေးထွက်လာခဲ့၏။ သူ့ကဲ့သို့ အပြေးထွက်လာ၍ ၀ရန်တာဆီ သွားနေသူများကိုလည်း တွေ့ရ၏။ ၀ရန်တာရောက်တော့ ရုံးက ၀န်ထမ်းအတော်များများသာမက၊ ရုံးတွင် အလုပ်ကိစ္စဖြင့်ရောက်နေ သည့် ဧည့်သည်များဖြင့်ပါ ပြည့်၍နေ၏။ မေသက်လည်း အများကြားတွင် တိုးဝှေ့၍ အသံလာရာ လမ်းမကြီးဆီသို့ ကြည့်လိုက်မိ၏။ အသံများသည် ရုံးရှေ့ရှိ သက်တမ်းရင့်ကုက္ကိုပင်ကြီး၏ စိမ်းမြမြအရွက်အခက်များ အကြား ညီညာဖျဖျ စီးမျောလာသည့် ရွှေဝါရောင် သံဃာတော်များ ဆီမှ ဖြစ်သည်။ မြင်ကွင်းပိုမို ပီပြင်သွားစေရန်အတွက် မေသက်က ခြေဖျားလေးကို ထောက်၍ ကြည့်လိုက်မိ၏။
            ကမ်းနားလမ်းဘက်မှ အရွယ်စုံသံဃာတော်များ တညီတညာတည်း ရွတ်ဖတ်သရဇ္ဇာယ် ရင်း မေသက်၏ အလုပ်တည်ရှိရာ ဗိုလ်အောင်ကျော်လမ်းမကြီးဆီသို့ ချိုးကွေ့လာ၏။ ဘေးမှ ကပ်ပါလာသည့် လူအုပ်နှင့်ပေါင်းလိုက်မည် ဆိုလျှင် မနည်းမနောပေ။
“ သန္တုဿ      ကောစ သုဘရောစ… အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ…”
            နှုတ်မှလိုက်ပါ၍ ဖွဖွရွတ်မိရင်းက မေသက် အလိုလို လက်အုပ်ချီမိသွားသည်။ မေသက် ကဲ့သို့ ၀ရန်တာရှိ အခြားဝန်ထမ်းများလည်း အလားတူပင်။ သံဃာတော်များ၏ ညီညာဖျဖျ မေတ္တသုတ် ရွတ်ဖတ်နေသံများက ကြက်သီးမွေးညှင်း တဖြန်းဖြန်းထလာစေ၏။ ပိတောက်ပင်ကြီးပေါ်မှ ကျီးများက ရုတ်တရက် ချိန်ကိုက်ထပြိုသည်။ သြော်… သံဃာတော်များပင် လမ်းမထက် ဆင်းလာရချေပြီ။ မတည်မငြိမ်အခြေအနေတွေက ဒီရက်ပိုင်းမှ ရုတ်ရုတ်သည်းသည်း မို့ အားလုံး၏နှုတ်ဖျားမှသည်အကြောင်းပဲ ပြောဖြစ်နေကြသည်။ မေသက်တို့ တက္ကသိုလ်ပထမနှစ် တုန်းကကဲ့သို့ ၈၈ အရေးအခင်းကြီးမျိုး နောက်တစ်ကြိမ် ထပ်မံဖြစ်မှာ ကို မေသက် စိုးရိမ်မိသည်။ ထိုစဉ်အခါက တက္ကသိုလ်ကျောင်းသူ တစ်ဦးမို့ အများနည်းတူ တတ်နိုင်သမျှ စိတ်လွတ်ကိုယ်လွတ် ပါဝင်နိုင်ခဲ့သော်ငြား၊ အခုအချိန်အခါမှာတော့ မေသက်ကို လှုပ်မရအောင် ခိုင်ခိုင်နှောင်တည်း ထားသည့် ကြိုးမျှင်များက မနည်းပေ။ စိတ်ကရှိသည်ဆိုဦး ခန္ဓာကိုယ်က လှုပ်မရပြီ။ လုပ်ငန်းခွင်၏တာဝန်ဝတ္တရားများ၊ အရွယ်မရောက်သေးသည့် လူမမယ်သားဖြစ်သူ ဇွဲ၏ မိခင်ဘ၀၊ အသက် ခွန်နှဆယ်ကျော် ဖခင်ကြီးကို စောင့်ရှောက်ရမည့် တာဝန်နှင့်ဝတ္တရား စသည်များက
မေသက်ကို အရင်လို စိတ်သွားတိုင်း ကိုယ်ပါခွင့် မပေးတော့ပေ။
            “ မမမေသက်… ဆရာ့ဆီက ဖုန်းလာနေတယ်..”
      “ အခြေအနေက ဘာမှန်းပြောလို့မရဘူး ဒေါ်မေသက်၊ လမ်းတွေ နေရာတော်တော်များများမှာ ပိတ်ထားတယ်၊ ၀န်ထမ်းတွေ အိမ်ပြန်ရခက်နေလိမ့်မယ်… ဒီတော့ အားလုံးကို ရုံးစောဆင်းခိုင်းလိုက်တော့…၊ အခန့်မသင့်လို ရုံးတွေပြန်တက်ဖို့ အခြေအနေမပေးခဲ့ရင် စိတ်ချရအောင် မီးခံသေတ္တာထဲက ငွေတွေပါ ဒေါ်မေသက်အိမ်ကို အကုန် သိမ်းသွား၊ အရေးအကြောင်း ငွေလိုရင် ကျွန်တော်ဖုန်းဆက်ပြီး အိမ်မှာလာယူမယ်၊ ရုံးတံခါးတွေ သေချာပိတ်ပြီးမှ ရုံးဆင်းချေ၊ ခင်ဗျားအိမ်ပြန်ရင် ငွေတွေနဲ့အန္တရာယ်များတယ်၊ ဒီဘက်မှာလဲ ကားလမ်းတွေ ပိတ်နေလို့ ရုံးကားကို ပြန်မလွှတ်တော့ဘူး၊ အဲ့ဒီကနေပဲ တက္ကစီငှားပြန်လိုက်ပါ”
            တစ်ဘက်ရုံးချူပ်မှာ အမြဲထိုင်တတ်သည့် သူဋ္ဌေးဖြစ်သူမှ မေသက်ကို တရစပ်ညွှန်ကြား၏။ လုပ်သက်ဆယ် နှစ်ကျော် အထွေထွေမန်နေဂျာဘ၀ဖြင့် ရုံးခွဲတွင် သီးသန့်တာဝန်ယူ ထိုင်ခိုင်းထားသည့် မေသက်ကို စိတ်ချစွာဖြင့် သူဋ္ဌေးက မှာကြားနေ၏။ ဖုန်းထဲမှ သူဋ္ဌေး၏အသံက စိုးရိမ်သံလွှမ်းနေ၏။ သူဋ္ဌေးဖုန်းချသွားလျှင် ၀န်ထမ်းအားလုံး အိမ်သို့ အမြန်ပြန်ဖို့နှင့် အိမ်ပြန်ရောက်သည်နှင့် ပြန်ရောက်ကြောင်း ဖုန်းဆက်သတင်းပြန်ပို့ရန် မှာရသည်။ သို့နှင့် တစ်ရုံးလုံး အိမ်ပြန်ဖို့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ မီးခံသေတ္တာထဲက မြန်မာငွေ လက်ကျန်များ၊ ငွေလာချေထားသည့် အမေရိကန် ဒေါ်လာအချို့နှင့် အက်ဖ်အီးစီများအားလုံးကို အိတ်တစ်လုံးဖြင့် လုံခြုံအောင် အထပ်ထပ်ထုတ်ပိုးလိုက်၏။ ပိုက်ဆံထုတ်က မေသက်၏ လက်ကိုင်အိတ်နှင့်မဆန့်သည်မို့ အထုတ်လိုက်သာ ရင်ခွင်ထဲပိုက်၍ ပြန်ရပေမည်။ ရုံးမှမထွက်ခွာမီ နောက်ဆုံးအနေဖြင့် ရုံးတံခါးများ သေချာပိတ်မပိတ်ကို သေချာလိုက်စစ်မိ၏။ သူဋ္ဌေးပြောသကဲ့သို့ ရက်ရှည်ရုံးမတက် ရသည်မျိုးမဖြစ်နိုင်ဟု မည်သူပြောနိုင်ပါသနည်း။ အခြေအနေကမကောင်း။ သံဃာတော်များ ရွှေတိဂုံဘုရားအရှေ့ဘက် မုခ်တွင်ရှိစဉ် အပစ်ခံရသည့်သတင်း ထွက်ပေါ်လာပြီးကတည်းက ဒီရက်ပိုင်း သတင်းမှန်များရော၊ ကောလာ ဟလသံများပါ ညံစီနေသည်။ စားသောက်ကုန်တွေ ရုတ်ချည်းဈေးထိုးတက်ကုန်ပြီး ဆိုင်တိုင်းမှာ ရက်ရှည် စားသောက်ကုန်များအား ကြိတ်ကြိတ်တိုးဝယ်ယူသူများဖြင့် စည်ကားကုန်၏။
            မေသက်တို့အိမ်က ပန်းဆိုးတန်းကုန်းတံတားကြီး၏တစ်ဘက်ရှိ မြို့နယ်လေးတွင် တည်ရှိသည်။ မဟာဗန္ဓုလလမ်းဘက် ပန်းဆိုးတမ်းကားမှတ်တိုင်ရောက်တော့ အိမ်ပြန်မည့် လူများဖြင့် တိုးမပေါက်ဖြစ်နေသည်ကို တွေ့ရ၏။ မေသက် စဉ်းစားလိုက်၏။ ပန်းဆိုးတန်း လမ်းမကြီးတလျှောက် ကုန်းတံတားကိုဖြတ်၍ ခြေလှမ်းသွက်သွက်လျှောက်မည်ဆိုလျှင် မိနစ်အစိတ်လောက်မျှ လျှောက်ရပေမည်။ တွေဝေနေရမည့်အချိန် မဟုတ်။ မေသက် ဆုံးဖြတ်ချက် ချလိုက်သည်။ ကားမရလျှင် လမ်းလျှောက်ပြန်၍ရသည်။ လာမလာမသေချာသည့် ကားနှစ်မှတ် တိုင်ခန့် ခရီးအကွာအဝေးကို စောင့်စီးမနေတာ့ပဲ အိမ်အရောက် လမ်းလျှောက်ပြန်တော့မည်။ မဟုတ်လျှင် ကားစောင့်ယုံမျှဖြင့် မိုးချုပ်သွားနိုင်သည်။ အိမ်မှာ စိတ်ပူစွာ မျှော်နေမည့် မေသက်၏ အဖေနှင့်အတူ သားဖြစ်သူဇွဲ၏မျက်နှာကို မှန်းမြင်ယောင်လိုက်တော့ မေသက်ရင်ထဲ အပူလုံးက ဆောင့်တက်လာပြန်၏။
             မဟာဗန္ဓုလလမ်းမှ ပန်းဆိုးတန်းလမ်းအလယ်ဘလောက်ဘက်သို့ မေသက် ဦးတည်လိုက်၏။ ပန်းဆိုးတန်းလမ်း ဘက်သို့ မချိုးကွေ့မီ ဆူးလေဘုရား မြို့တော်ခန်းမဘက်မှ ဆင်းလာရန် တာစူနေသည့် သံဃာအဖွဲ့လိုက်ကြီးကို ဘွားခနဲ တွေ့လိုက်ရပြန်၏။ မေသက်ရင်တွေ ဒိန်းခနဲ ခုန်လာ၏။ အုံခဲကြည့်နေသူတွေကလည်း မနည်းချေ။ ပိုက်ဆံထုတ်ကို ပိုက်လျှက် ခြေလှမ်းအစုံကို မေသက် သွက်သွက်လှမ်းလိုက်မိသည်။ လမ်းတလျှောက်ကြားလာရ သည်က အမျိုးမျိုး။ သို့သော် မေသက် ဘာကိုမျှ အာရုံမ၀င်စားနိုင်။ လတ်တလော အိမ်အမြန်ပြန်ရောက်ရန်သာ အဓိကဖြစ်သည်။ လမ်းပေါ်တွင် ကားများ မတွေ့ရတော့။ လူများဖြင့်သာရှိ၏။ မေသက်ကဲ့သို့ အိမ်ကို လမ်းလျှောက် ပြန်နိုင်သူများအဖို့ တော်သေးသည်ဟု ဆိုရမည်။ ဤသို့ ကားလမ်းတွေ ပိတ်ထားခံရပုံမျိုးနှင့် ခရီးဝေးပြန်ကြရမည့်သူများ မည်သို့မည်ပုံ အိမ်ပြန်ကြမည်လဲဟု မေသက် တွေးနေမိသည်။
            ပန်းဆိုးတမ်းတလျှောက် အနော်ရထာလမ်းကိုကျော်လွန်၍ ပန်းဆိုးတမ်းကုန်း တံတားပေါ်သို့ တက်ရန် လမ်းကူးချိန်တွင်မတော့ ပန်းဆိုးတမ်းအထက်လမ်းမကြီးအပြည့် သံဃာအဖွဲ့လိုက်နှင့်တကွ အတူရှိနေသည့် လူငယ်တော်တော် များများကိုပါ တွေ့လိုက်ရ၏။ လူငယ်များက နဖူးစည်းများ၊ လက်ပတ်များစည်းလျှက်။ လက်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံမှန်ဘောင်များ ပွေ့ပိုက်လျှက်။ မေသက်စိတ်ထဲ ရုတ်ချည်း တက္ကသိုလ်ကျောင်းသူဘ၀ ၈၈အရေးအခင်းကာလဆီ ရောက်သွားပြန်၏။ တစ်ခဏတွင်းမှာပင် မေသက်စိတ်က ပစ္စုပ္ပန်သို့ ပြန်ကပ်၍ အိမ်မှာ ကျန်နေခဲ့သည့် သားဖြစ်သူနှင့် အဖေအိုဆီ ပြန်ရောက်သွား ၏။ မေသက် ခြေလှမ်းအရှိန်ကို မြှင့်လိုက်သည်။ ပန်းဆိုးတန်းကုန်းတစ်ဘက်ကို ဖြတ်ကျော်ပြီး ငါးမိနစ်မျှလျှောက်လိုက်လျှင် မေသက်၏အိမ်သို့ သေချာပေါက်ရောက်ပြီ။ ထိုစဉ် ကုန်းပေါ်သို့ ဦးတည်နေသည့် မေသက်၏ မြင်ကွင်းထဲတွင် တွေ့လိုက်ရသည်က သေနတ်ကိုင်စစ်သားများ။ ထိုသူများက ကုန်းတံတား၏လမ်းမအပြည့် ရင်ဘောင်တန်းလျှက် ပန်းဆိုးတန်းဘက်ဆီသို့ တရွေ့ရွေ့ ဆင်းလာနေကြ၏။ သံဃာတော်များ၏ မေတ္တသုတ်ရွတ်ဖတ် သရဇ္ဖာယ်သံက ပိုမို ကျယ်လောင်လာ၏။
            ထိုစဉ် စူးစူးနင့်နင့်အော်သံနှင့်အတူ မေသက်ရှိနေသည့် လမ်း၏ညာဘက်အခြမ်းမှ သံဃာအဖွဲ့၏ အရှေ့နားတွင် ရှိနေသော လူငယ်များထဲမှ မိန်းမပျိုတစ်ယောက်သည် ပန်းဆိုးတမ်းကုန်းပေါ်သို့ တဟုန်ထိုးပြေးတက်သွား၏။
             “ သေနတ်ကို ကြောက်တဲ့သူမဟုတ်ဖူး… သတ္တိရှိလို့ လမ်းပေါ်ထွက်လာတာ…”
            မချိတင့်ကဲ အော်ဟစ်သံနှင့်အတူ အမှတ်မထင် လွတ်ထွက်သွားသော ထိုမိန်းမပျိုလေး၏   နောက်သို့ သူငယ်ချင်းများဖြစ်ဟန်တူသော ယောကျာ်းလေးနှစ်ယောက်က တစ်ဘက်တစ်ချက်မှ အပြေးအလွှားလိုက်ဆွဲ၏။ အော်ဟစ်ကြွေးကြော်သံများ၊ ဆဲဆိုမြည်ကျုးသံများ ညံစီလို့သွား သည်။ မေသက်ကိုယ်တိုင်ပင် သွေးတွေဆူပွက်လာသလို ခံစားလိုက်ရပြီး ကြက်သီးမွေးညှင်းများ ပင် ထလာရ၏။
            “ ဖောက်….ဖောက်…ဖောက် ”
             “ ပစ်ပြီ… ပစ်ပြီ… ပစ်တယ်ဟေ့”
             အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ကုန်းပေါ်မှ သူတို့က သေနတ်ဖြင့် လူအုပ်ထဲ ပစ်လိုက်သည်။ မေသက် ခေါင်းလေးပု၍ ပလက်ဖောင်းပေါ်က မီးစက်နဘေးအကွယ်တွင် ၀ပ်ပြီးထိုင်ချလိုက်သည်။ မီးစက်အကွယ်မှ မေသက် သူတို့ကို သဲသဲကွဲကွဲ မြင်နေရသည်။ သူတို့က တကယ်လုပ်မည့်သူများဟု မေသက် ယုံသည်။ ၈၈အရေးအခင်းတုန်းက ကုန်သွယ်ရေးရှေ့ တွင် ကျောင်းသားများထဲသို့ သူတို့ပစ်ခတ်ချိန် မေသက်တို့သူငယ်ချင်းတသိုက် ကိုယ်လွတ်ရုန်း   ပြေးခဲ့ရဖူးသည်။ ခုနကလေးမ၏ ခံစားချက်ကို မေသက် နားလည်နိုင်သည်။ သို့သော် ယခုမူ မေသက် သေနတ်မှန်မှာ ကြောက်၏။ မေသက် မသေချင်သေး။ သေ၍ မဖြစ်သေးပေ။ မေသက်မှာ မေသက်၏ဘ၀ဟုပင်ဆိုနိုင်သည့် ဥမမည်စာမမြောက် သားလေး ဇွဲနှင့် စောင့်ရှောက်ရမည့် အဖေအိုကြီး ရှိနေသေးသည်။ မျက်စိဝေ့ကြည့်လိုက်တော့ မေသက် ၀ပ်ပြီးပုန်းနေသည့် မီးစက်နှင့် တည့်တည့်တွင် တိုက်လှေကားတစ်ခု ရှိနေသည်။ လောလောဆည် ကျည်ဘေးလွတ်ရန် ထိုတိုက်လှေကားပေါ်သို့ ပိုက်ဆံထုတ်လေးပိုက်လျှက် မေသက် အပြေးတက်ခဲ့၏။ မေသက်၏အနောက်မှ ပြေးတက်လာသူတွေလည်း ရှိနေ၏။ သူတို့က   မေသက်ကို ကျော်လွန်၍ အပေါ်ထပ်အထိ ဆက်တက်သွား၍ ဤတိုက်တွင် နေထိုင်သူများဟု ယူဆရသည်။ ဖြစ်ချင်တော့ ပထမထပ်လှေကား တစ်ဆစ်ချိုးကွေ့တွင် မေသက်   ခြေခေါက်ပြီး ချော်လဲကျသွား၏။ မေသက်၏ကတ္တီပါညှပ် ဖိနပ်လေးတစ်ဘက် ခေါင်ကနေ   ပြတ်ထွက်သွားသည်။ ဒူးခေါင်းတွင် ချော်လဲသည့်အရှိန်ဖြင့် ပွန်းပဲ့သွားပုံရသည်။ မတ်တပ်ရပ် လိုက်စဉ် ဒူးက စူးစူးနင့်နင့် နာလာ၏။
             “ အစ်မ.. ဒီမှာ…”
             ချော်လဲစဉ် လွင့်ထွက်သွားပုံရသည့် မေသက်၏ပိုက်ဆံထုတ်ကို ကောက်ယူပေးသူက အမျိုးသားကြီး တစ်ယောက်။ ကျေးဇူးတင်ပါတယ်ဟု မေသက် ပြောလိုက်မိ၏။ သူ့ဦးခေါင်းပေါ်တွင် ဘာသာရေးဆိုင်ရာဦးထုတ်လေး ဆောင်းထားသည်။ သူ့အသွင်အပြင်က ဘာသာခြား တစ်ယောက်ဆိုတာ သိသာနေ၏။
            “လှေကားတံခါး သော့ခတ်ထားလိုက်…”
                 သူက နောက်ကတက်လာသူ သူလို အမျိုးသားတစ်ဦးကို လှမ်းအော်ပြော လိုက်၏။  မေသက်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။ လက်ဖျားများအေးလာပြီး လည်ချောင်းထဲ   ခြောက်သွေ့လာ ရ၏။ အဖြူအမည်း မသဲကွဲသည့် ယခုအချိန်မျိုးတွင် မိမိကိုယ်မှလွဲ၍ မေသက် မည်သူ့ကိုမျှ မယုံကြည်နိုင်ပါ။ ရုံးပိုက်ဆံများ တစ်ခုခုကြောင့် ဆုံးပါးသွားခဲ့မည် ဆိုလျှင်  မေသက်တွင် ပြန်လည်အလျော်ပေးနိုင်သည့် အခြေအနေ မရှိပါ။ သို့ဖြင့် ရင်ခွင်ထဲက ပိုက်ဆံထုတ်ကို ကျစ်ကျစ်ပါအောင် တိုး၍ ပွေ့ထားလိုက်မိသည်။ သို့သော် ထိုသူက မေသက်ကိုကျော်လွန်၍ အပေါ်သို့ လှေကားထစ်များအတိုင်း တက်သွားရင်းက အခန်းတံခါးကို ခေါက်လိုက်၏။ ထိုသူ၏ဇနီးဟုယူဆရသူ အမျိုးသမီး တစ်ယောက် တံခါးလာဖွင့်ပေးစဉ် သူတို့ဘာသာစကားဖြင့် အချင်းချင်းပြောရင်း အိမ်ထဲသို့ ၀င်သွားကြ၏။ တံခါးချက် ပိတ်လိုက်သံ ကြားလိုက်ရမှ မေသက် သက်ပြင်းမောကို ဟူးခနဲချလိုက်မိ၏။ ထိုစဉ် ဖောက်ခနဲ သေနတ်သံတစ်တချက် ထပ်မံကြားရပြန်သည်။ ဝေါခနဲ လူသံတွေနဲ့အတူ ကြွေးကြော်သံတွေလည်း ဆူညံသွားပြန်၏။ မေသက်၏နှလုံးခုန်သံများ တဒိန်းဒိန်းမြန်လာပြန်၏။ ပင့်ကူမျှင်များ၊ ဖုန်မှုန့်များဖြင့် မှုန်ဝါးနေသည့် လှေကားထိပ် မှန်ကူကွက်လေးမှတဆင့် လမ်းမသို့ ချောင်းကြည့်လိုက်တော့ အခြေအနေမကောင်း။ လူတွေက လမ်းမကြီးပေါ်တွင် ရုတ်ရုတ်သဲသဲ ပြေးပြေးလွှားလွှား။ မေသက် ဘာဆက်လုပ်ရမည်နည်း။
                       တံခါးပွင့်သံ ကျွီခနဲကြားလိုက်ရသည်နှင့်အတူ စောစောက အခန်းတံခါးပြန်ပွင့် သွား၏။ မေသက် ထိတ်ခနဲ ထပ်ဖြစ်ရပြန်သည်။ ၀တ်ရုံခေါင်းမြီးခြုံထားသည့် စောစောက အမျိုးသမီးပြန်ထွက်လာ၏။ သူ့လက်တစ်ဘက်တွင် သောက်ရေဖန်ခွက်တစ်ခွက်နှင့် ကျန်တစ်ဖက် တွင် တစ်ပတ်နွမ်း ဖိနပ်အပါးလေးတစ်ရံပါလာ၏။ သူကမ်းပေးသည့်သောက်ရေ ကို မေသက် မငြင်းနိုင်တော့ပဲ ယူသောက်မိ၏။ အေးမြသည့်ရေက လည်ချောင်းတလျှောက် ဖြတ်စီးသွားချိန် “ဖိနပ်ပြတ်သွားတယ်မဟုတ်လား.. ဒီဖိနပ်စီးသွားပါ”ဆိုပြီး လက်ထဲမှ ဖိနပ်ကို ကမ်းပေးပြန်၏။ မေသက် အားနာသွားသည်။ သို့သော် မေသက် မငြင်းနိုင်ပါ။ အိမ်အထိ ခြေထောက်ဖိနပ်မပါပဲ ပြန်ရန်မဖြစ်ချေ။ သူ့ဖိနပ်အနွမ်းလေးကို အားနာနာနှင့်ပဲ ယူစီးလိုက်ရသည်။
             အိမ်သို့ စိတ်က ပြန်ရောက်သွားသည်နှင့် မေသက် စကားစလိုက်၏။ “ ကျွန်မ အပြင် မြန်မြန်ပြန်ထွက်မှ၊ အိမ်မှာ ကလေးနဲ့ ကျွန်မ အဖေနှစ်ယောက်ထဲ ကျန်ခဲ့တယ်” ဟု ပြောရင်း လှေကားထစ်အတိုင်း ဆင်းလိုက်တော့ အမျိုးသမီးက အနောက်မှ လိုက်လာရင်း လှေကားအောက်ခတ်ထားသည့် သော့ကို လိုက်ဖွင့်ပေး၏။ “ ပစ်ခတ်နေတုန်း ကျွန်မတို့ အခန်းထဲ ခန၀င်ထိုင်နေပြီး အေးဆေးသွားချိန်မှ ပြန်တာမဟုတ်ဘူး” ဟု သော့ဖွင့်ပေးနေစဉ် ဆိုပြန်၏။ သူ့၏ ၀တ်ရုံအောက်မှ မျက်လုံးအစုံပေါ်တွင် နှစ်လိုဖော်ရွေ ဖွယ်ရာအသွင်ကို မေသက် မြင်ရ၏။ “ကျွန်မ ပြန်မှဖြစ်မှာ..” ဟု ပြောရင်း သူ့၏ဖော်ရွေမှုနှင့်အတူ အကူအညီပေးမှုအတွက် ကျေးဇူးစကား လေးလေးနက်နက်ပြောမိ၏။
             လမ်းမပေါ်ပြန်ရောက်ချိန်မှာတော့ အခြေအနေက တစ်ဘက်နှင့်တစ်ဘက် တင်းမာနေဆဲ ရှိသည်။ သွေးစွန်းနေသည့် သံဃာတစ်ပါးကို လူအချို့ ပွေ့ချီသွားတာတွေ့ရ၏။ ပန်းဆိုးတန်းကုန်း အတိုင်း တက်ဖို့က မလွယ်။ ဒီတော့ ၃၅လမ်းထဲက ဖြတ်ပြီး ဗိုလ်ချုပ်လမ်းမပေါ်မှတဆင့် ပန်းဆိုးတန်း ကုန်းကျော်တံတားကို ဘေးလှေကားမှ ပတ်တက်သွား မည်။ ဘူတာကြီးဘက်အခြမ်း လူသွားလမ်းအမိုးအောက်ကနေ ဖြတ်သွားလျှင်လည်း ရသည်ပဲဟု မေသက် စိတ်ပိုင်းဖြတ် လိုက်သည်။ အချိန်က မနည်းတော့။ ငါးနာရီတောင် ခွဲနေချေပြီ။
             ၃၅လမ်းထဲအ၀င် “အစ်မမေသက်” ဟု ငိုသံပါကြီးဖြင့် လှမ်းခေါ်လိုက်သည့် အသံကြားလိုက်ရ၏။ ကြည့်လိုက်တော့ မာလာ။ မာလာက မေသက်တို့အိမ်မှာ အ၀တ်လျှော် မီးပူတိုက် လာကူလုပ်ပေးနေသည့် တစ်လမ်းကျော်က ကလေးသုံးယောက်မိခင် ဟိန္ဒူ ကုလားမလေး။ မာလာကြည့်ရသည်မှာ ကြောက်ရွံ့စိတ်လွန်ကဲစွာ တုန်ရီနေပြီး၊ ကာချယ် မည်းနက်နေအောင် ဆိုးထားသည့် သူ့မျက်ဝန်းဝိုင်းကြီးအစုံတွင် မျက်ရည်စများ ခိုတွယ်လျှက်ရှိ၏။
            “ အိမ်မှာ ကလေးတွေချည်းပဲ ကျန်ရစ်ခဲ့တယ် အစ်မရယ်… သိတဲ့အတိုင်း အငယ်ကောင်လေး ၀မ်းသွားနေတာ ကလဲ အခုထိ မရပ်ချင်သေးဘူး၊ အိမ်ကို ကျွန်မ အရမ်းစိတ်ပူနေတယ်…၊ သူတို့အဖေကလဲ ဒဂုံမြို့သစ်အထိ အလုပ်သွား ဆင်းရတာ၊ ဒီအချိန် ပြန်ရောက်မယ် မထင်ဘူး၊ မြို့ထဲက အိမ်တစ်အိမ်မှာ အ၀တ်လာလျှော်ရင်း အိမ်ကို ဘယ်လိုပြန်ရမယ် မသိဘူး ဖြစ်နေတာ..၊ ကြောက်လဲကြောက်တယ်၊ သွားလဲ မသွားရဲဘူး”
             တတွတ်တွတ် ပြောရင်းနဲ့မှ မာလာ့မျက်ဝန်းမှ မျက်ရည်များ ယိုစီးကျလာ၏။ ၀တ်ထားသည့်ဆာရီစဖြင့် မျက်ရည်စများကို မာလာက တို့သုတ်လိုက်သည်။ မာလာ အပူက မေသက်၏ အပူပေါ်သို့ ထပ်ဆင့်လာပြန်သည်။ မေသက်ရင်ထဲ နင့်လာရသည်နှင့် အတူ အိမ်အရောက် ရအောင်ကိုပြန်မယ်ဆိုသည့်စိတ်က ခိုင်ခိုင်မာမာဝင်လာ၏။ မေသက် စိတ်ထဲ စောစောက ကြောက်ရွံ့မိသည့်စိတ်များအစား သတ္တိများက တဖန် ပြန်လည်ခိုတွယ် လာ၏။
             “ကဲ… မာလာ… ဒီလို ငိုနေလို့မဖြစ်ဘူး၊ တို့အတူတူ အိမ်ရောက်အောင် ပြန်ကြမယ်… နင်မငိုနဲ့… တို့နှစ်ယောက် အိမ်ပြန်ရောက်ကို ရောက်ရမယ်… လာ…”
             မာလာလက်ကို ခပ်တင်းတင်း လှမ်းဆွဲလိုက်၏။ ချွေးစေးများနှင့် မာလာ၏ လက်သေးသေးမည်းမည်းလေးကို မေသက်လက်ထဲ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လျှောက် ရင်း နှစ်ယောက်သား ဗိုလ်ချုပ်လမ်းထိပ်ရောက်လာ၏။ ဗိုလ်ချုပ်လမ်းပေါ်မှာတော့ လက်နှက် အပြည့်အစုံဖြင့် လုံခြုံရေးများ အပြည့်နေရာယူထားလေပြီ။ ဗိုလ်ချုပ်လမ်းမကြီးပေါ် မည်သူ့ ကိုမျှ ဖြတ်လျှောက်ခွင့် မပေးတော့သဖြင့် မေသက်ရင်ထဲ အမောဆို့သွားရသည်။ ဗိုလ်ချုပ်လမ်း မကြီး၏ညာဘက်ကို ကြည့်လိုက်တော့ အေးရှားပလာဇာ အကျော်လောက်တွင် ဒိုင်းကာ လုံထိန်းများ စီတန်းလျှက် တစ်ဘက်မှလူအုပ်ကြီးအား ၀င်မလာနိုင်အောင် တားနေသည်ကိုတွေ့ ရ၏။
        ပန်းဆိုးတန်းကုန်းတံတား၏တစ်ဘက်အဆုံး အောင်ဆန်းကွင်းဘက်တွင် အတော်ကို ပစ်ခတ်နေကြသည်ဆိုပြီး ၃၅လမ်းထိပ်ကလူများ အချင်းချင်းပြောနေသံက နားထဲ တိုးဝင် လာပြန်သည်။ မေသက်နှင့်မာလာတို့နှစ်ယောက်လုံး ဂဏှာမငြိမ်နိုင်တော့ပေ။ မေသက် တွေဝေ စဉ်းစား၍ အချိန်ဖြုန်းမနေနိုင်တော့ပေ။ ရှေ့ခြေလှမ်းဆယ်လှမ်းစာလောက်တွင်ရှိနေသည့် အရာရှိဟုယူဆရသူ ယူနီဖောင်းဝတ်ဗိုလ်မှူးဆီသို့ ဦးတည်လိုက်၏။ “အစ်မ… ကျွန်မကြောက် တယ်… ဘာသွားလုပ်ဦးမလို့လဲ” ဟု ပြောရင်း ကြောက်လန့်နေသည့် မာလာလည်း မေသက်နှင့် အတူတူ လက်တွဲမဖြုတ်ပဲ တန်းလန်းပါလာ၏။
             “ကျွန်မအိမ်က ဒီကုန်းတံတားဆင်းလိုက်တာနဲ့ ဟိုဘက်ငါးမိနစ်ဆို ရောက်ပြီ၊ အိမ်မှာ ကလေးအငယ်ကျန်ခဲ့တော့ ကျွန်မ ပြန်မှဖြစ်မယ်၊ ဒီကုန်းတံတားရဲ့ ဘေးလှေကားကနေ တက်သွားချင်တယ်၊ ခွင့်ပြုပေးပါ”
             အသက်၀၀ရှူလိုက်ပြီး မျက်လုံးချင်းရဲရဲရင်ဆိုင်၍ မေသက် စကားကို တစ်လုံးချင်းပြော လိုက်၏။ ရင်တွေ တထိတ်ထိတ်ခုန်နေသည့် မေသက်၏လက်ဖ၀ါးထဲမှာတော့ မာလာလက် ဖ၀ါးလေးက ဇောချွေးတို့ဖြင့် စိုအိလျှက်။
             “ ဒါဆို.. မြန်မြန်သွား.. ဟေ့.. သူတို့နှစ်ယောက်ကို ပေးတက်လိုက်..”
             တံတားပေါ်တက်သည့် လှေကားရင်းမှ လက်နှက်ကိုင်လုံခြုံရေးအစောင့်ကို လှမ်း၍ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက်တည်း မေသက်လည်း လက်တစ်ဘက်က ပိုက်ဆံထုတ်ကို ပိုက်၊ ကျန်လက်တစ်ဘက်က မာလာ့လက်ကိုဆွဲ၍ အုတ်လှေကားလေးအတိုင်း တံတားပေါ် အပြေးတက်ခဲ့၏။
                  လှေကားအတိုင်း ပြေးတက်ခဲ့သည့် မေသက်တို့ကို ရင်နင့်ဖွယ် မြင်ကွင်းက ဆီးကြိုနေ၏။ အရောင်မတူ၊ ပုံစံမတူ၊ ဘယ်ညာမစုံသည့် ဖိနပ်လေးများက လှေကားတလျှောက် အနှံ့ပျံ့ကျဲလျှက်။ သွေးစသွေးနများက လှေကားထစ် အင်္ဂတေ အခင်းပေါ်မှာ ဟိုသည်တကွက်။ ဤလှေကားထစ်များ၏ကြိုဆိုနေပုံက မေသက်တို့နှစ်ယောက်အတွက် သွေးပျက် ချင်စရာ။ သို့သော် ရွေးချယ်စရာမရှိ။ အိမ်သို့ အမြန်ဆုံးပြန်ရောက်ရန် သည်တစ်လမ်းသာ ရှိ၏။ လှေကားအဆုံး လူသွား လမ်းစင်္ကြံထိပ်အရောက် မေသက်တို့နှစ်ယောက်ကို ဆီးကြိုနေသည်က မလှမပအခြေအနေ။
             “ ငုတ်တုတ်ထိုင်ချ…. ခေါင်းပေါ်လက်တင်ထား…”
             မျက်စိထဲ စာအုပ်ထဲဖတ်ထားဖူးသည့် ဂျပန်ခေတ်က ဂျပန်ကင်ပေတိုင်များကို မေသက် ရုတ်ချည်း မြင်ယောင် မိလိုက်၏။ အခုက ဂျပန်မဟုတ်။ မြန်မာအချင်းချင်း။ မြန်မာ အချင်းချင်းမှ စောစောအိမ်ထောင်ကျ၍ စောစော သားသမီး မွေးခဲ့လျှင် ကိုယ့်သားအရွယ်လောက် သာသာဟု မေသက်တွေးမိ၏။ ၀တ်စုံပြည့်နှင့် သူ့လက်ထဲက သေနတ် ထိပ်ဖျားတွင် မတော့ မြိနေသည့် ဘက်နက်နှင့်။
            “ ထိုင်ဆို ထိုင်လေ… နားမလည်ဘူးလား…”
      မာလာက ကြောက်လန့်ပြီး ဆတ်ခနဲထိုင်ချလိုက်ရာ သူနှင့်လက်တွဲထားသည့် မေသက်လည်း ကြမ်းပေါ် ဖင်ထိုင်ကျသွားတော့၏။ မေသက်အံကို တင်းတင်းကြိတ်လိုက်မိသည်။ စောစောက ဘက်နက်ကိုယ်တော်လေးအား စင်္ကြံဟိုးတစ်ဘက်ဆီမှ အလားတူ ကိုယ်တော်လေး တစ်ယောက် က လှမ်းခေါ်လိုက်သဖြင့် မေသက်တို့ကို ကျောခိုင်းပြီး ခေါ်ရာဘက်သို့ ထွက်သွား၏။ အိမ်ကို အမြန်ဆုံး ပြန်ရောက်ချင်မှ တံတားပေါ်ချောင်ပိတ်မိနေပြီ။ ပြဿ  နာက  အကြီးကြီးတက်လေပြီ။ ပုံစံထိုင်ရင်း “ကျွန်မတို့တော့ အဖမ်းခံရပါပြီ” ဆိုပြီး ချုံးပွဲချငိုနေသည့် မာလာ့ခေါင်းပေါ်တင်ထား သည့် ပုံစံလက်ကို မေသက် ဆွဲယူဖြုတ်ချလိုက်မိ၏။
             “ထိုင်တာတောင်လွန်လှပြီ၊ နင့်လက်ကို ခေါင်းပေါ်တင်မထားနဲ့”
             မေသက်အသံက နည်းနည်းမာသွားမည်လားမပြောတတ်။ မာလာပင် မျက်လုံးလေး ၀ိုင်းလျှက်က တအိအိ ငိုသံတိတ်သွား၏။ မေသက်တို့က ဘာအတွက်ကြောင့် ပုံစံထိုင်ရမည်နည်း။ ဟုတ်သည်။ မေသက်တို့က စွဲချက်တင်ခံထားရသည့် တရားခံတွေမဟုတ်။ လွတ်လပ် သည့် ပြည်သူတွေ မဟုတ်လား။ မေသက်တို့ကို တရားခံတွေကဲ့သို့ ထိုင်ခိုင်းထားသင့် ပါသလား။ မေသက် တစ်စက္ကန့်လေးမျှပင် မထိုင်နိုင်ပါ။ တလိမ့်လိမ့် ရုန်းကြွတက်လာ သည့် ဒေါသကို ချုပ်ထိမ်းရင်း ပတ်ဝန်းကျင်ကို မေသက် အကဲခတ်လိုက်၏။
             မေသက်တို့နှင့်ဆန့်ကျင်ဘက် စကြံ င်္တစ်ဘက်စွန်းတွင် လူဦးရေ သုံးလေးဆယ်ခန့် ရှိနေ၏။ ဘက်နက် တရွယ်ရွယ်နှင့် ကိုယ်တော်လေးများ၏ အမိန့်ပေးမှုအောက် ခေါင်းပေါ် လက်တင်၍ ပုံစံထိုင်နေကြရရှာသည့် အရွယ်စုံ ကျား/မများ။ ကြည့်ရသည်မှာ စိတ်မချမ်းသာ လှပေ။ ကုန်းတံတားအလယ်သို့ အကြည့်ရွှေ့လိုက်စဉ် တွေ့ရသည်က တင့်ကားတစ်စီး။ ထိုမျှမက ဒိုင်နာကားနှစ်စီးအပြည့်နှင့်အရပ်ဝတ်များ။ ထိုအရပ်ဝတ်များ၏ ရုပ်ရည်အသွင်အပြင်နှင့် ထိုသူတို့လက်ထဲက လက်ကိုင်တုတ်များ။ သတင်းတွေထွက်နေသည့် စွမ်းအားရှင်ဆိုသူများ ကို မေသက်တစ်ယောက် မျက်ဝါးဝါးထင်ထင် တွေ့နေရပြီကော။ မေသက်တို့က သေရေး ရှင်းရေးဖြစ်နေချိန် သူတို့က ကုန်းတံတားပေါ်မှာ ရယ်ပွဲဖွဲ့နေနိုင်သေးသည်ကို မြင်ဖြစ်အောင်
မြင်နေရသေးသည်။ ပန်းဆိုးတန်းဘက်တံတားအောက်သို့ အသာထ၍ မျှော်ကြည့်လိုက်တော့ သံဃာများနှင့် လူအများရှိနေကြဆဲ။
             အချိန်မရှိတော့ပေ။ မှောင်ရီပျိုးလာချေပြီ။
             “ မာလာ… နင် ကြောက်မနေနဲ့… ငါ့ပုံစံအတိုင်း အနောက်ကနေ လိုက်ခဲ့၊ ဘာမေးမေး ငါပဲဖြေမယ်၊ ကဲ..စမယ်..”
             ပြောပြောဆိုဆို ငုတ်တုတ်ထိုင်နေရာမှ အခြေအနေကြည့်ရင်း မေသက် ထိုင်လျှက် အနေအထားဖြင့် ခုန်ဆွခုန်ဆွ နောက်သို့ ဖြည်းဖြည်းရွှေ့၏။ ထိုသို့ရွှေ့ရင်း လှေကားထိပ်
ရောက်သော် လာရာလမ်းအတိုင်း ကဆင့်ကလျားရှိနေသော ပိုင်ရှင်မဲ့ဖိနပ်လေးများကို ကျော်ဖြတ် ၍ လှေကားမှ အလျင်အမြန် ပြန်ပြေးဆင်းခဲ့သည်။ မာလာကလည်း မေသက် အနောက်မှ ထပ်ချပ်မကွာလိုက်လျှက်။ တံတားအောက်ရောက်လျှင် စောစောက မေသက်တို့ကို တံတားပေါ် သွားခွင့်ပြုခဲ့သည့် အရာရှိဆိုသူနှင့် ထပ်မံဆုံရပြန်၏။ သူစကားမစခင် မေသက်ကပင် ဦးအောင်ပြောလိုက်၏။
            “ ကျွန်မတို့ကို ပေးမဖြတ်ဘူး၊ အပေါ်မှာ အသွားအလာတွေ အကုန်ပိတ်ထားလို့  ပြန်ဆင်း လာခဲ့တာ ”
             “ အဲ့ဒါဆို ခုနထွက်လာတဲ့ လမ်းကြားထဲ ပြန်ဝင်… ”
             မေသက် ၀န်းကျင်ကို အမြန် အကဲခတ်လိုက်သည်။ ဗိုလ်ချုပ်လမ်းမတလျှောက်လုံး အသွားအလာ မရှိတော့။ ယူနီဖောင်းဝတ်လက်နှက်ကိုင်များဖြင့်သာ နေရာအပြည့်ယူထား၏။
            “ ဗိုလ်မှူး… ကျွန်မ အဲ့ဒီလမ်းထဲ ပြန်မ၀င်ချင်ဘူး၊ ကျွန်မတို့ ဒီဘက်အခြမ်းကနေ သမ္မတရုံကုန်းအတိုင်း ထွက်သွားချင်တယ်၊ ခွင့်ပြုပေးပါ..၊ အိမ်မှာ ကလေးတစ်ယောက်ထဲ ကျန်ခဲ့လို့ပါ”
             “ တွေ့တဲ့အတိုင်း ဒီလမ်းမပေါ် ဘယ်သူ့မှ ဖြတ်သွားခွင့် မပေးတော့ဘူး…၊ ကဲ…ခင်ဗျားတို့ သိပ်အလျဉ်လိုနေလဲ…ပလက်ဖောင်းဘေးအကွယ်ကနေ နောက်ပြန်လှည့်မကြည့်ပဲ မြန်မြန်သွက် သွက်ကပ်ပြီးသွား….၊ ပြေးခွင့်မပေးဘူးနော်၊ ပြေးရင် ကိုယ့်ထိုက်ကိုယ့်ကံပဲ..”
                                   စကားလည်းအဆုံး မေသက်နှင့်မာလာနှစ်ယောက် ပလက်ဖောင်းဘေး ရုပ်ရှင်ရုံတန်းဘက်မှ ကပ်ပြီး တချိုးထဲ အမြန်လျှောက်တော့သည်။ လက်နှက်ကိုင်များအား တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်လာချိန်တွင် တစ်ယောက် ယောက်များ လှမ်းတားလိုက်လေမလား၊ သို့တည်းမဟုတ် သေနတ်ဖြင့် နောက်ကျောကနေ လှမ်းပစ်လိုက်လေ မလားဟူသည့် သံသယစိတ်ဖြင့် တုန်လှုပ်နေမိတာအမှန်ပင်။ ကံကောင်းထောက် မစွာ မေသက်နှင့်မာလာ တစ်ယောက်လက် တစ်ယောက်တွဲလျှက် အပြေးတစ်ပိုင်းဖြင့်လျှောက် လိုက်သည်မှာ သမ္မတရုံကုန်းတံတားအလယ်သို့ လွတ်လွတ်ကျွတ်ကျွတ် ရောက်ခဲ့ချေပြီ။ လမ်းတလျှောက် ရပ်ထားသည့် ကားများဖြင့် ပြည့်နေ၏။ လူတချို့ ကုန်းပေါ်သံဆန်ကာကွက်မှ တဆင့် ရထားသံလမ်းဆီသို့ အသက်အန္တရာယ်ပင် မမှုနိုင်တော့ပဲ တွယ်ဆင်းနေကြ သည်ကို တွေ့ရ၏။ မြို့ပတ်ရထားစီးပြီးပြန်မည့် ခရီးသည်များ ဖြစ်တန်ရာ၏ ဟု မေသက် တွေးမိသည်။ မေသက်နှုတ်မှ အားလုံးဘေးမသီရန်မခဖို့ တရွရွ ဆုတောင်း နေမိ၏။ မာလာကလည်း “အောင်ဆန်းကွင်းဘက်မှာ ဘာအစောင့်အကြပ်မှမရှိပဲ သွားလို့ရပါစေ” ဟု ဆုတောင်းနေ၏။ မာလာစိတ်ပူမည်ဆိုလျှင်လည်း ပူချင်စရာ။ မဟုတ်လျှင် အိမ်ရှိရာ လမ်းဘက်ကို ပတ်ဝင်ရန် လမ်းက အင်မတန်မှ ဝေးသွားလေပြီ။ အောင်ဆန်းကွင်းဘက်သို့ နှစ်ယောက်သား ချိုးကွေ့လိုက်စဉ် လမ်းကြောင်းရှင်းနေသဖြင့် ၀မ်းသာသွားရ၏။
             မေသက်တို့နှစ်ယောက် မရှက်နိုင်တော့ပါ။ ထိုအချိန်တွင် မည်သူ့မည်သူမျှလဲ ဂရုစိုက်နိုင်မည် မဟုတ်ကြပါချေ။ မေသက် ထမီကို တိုတိုပြန်ပြင်ဝတ်လိုက်၏။ ပြီးသည်နှင့် အိမ်သို့ တချိုးတည်းပြေးတော့သည်။ မာလာခမျာလည်း ဆာရီ တလွှားလွှားဖြင့်။ ယခုအချိန်မှာ နှစ်ယောက် လုံး၏ ပန်းတိုင်က အိမ်တွင် ကျန်နေခဲ့သူများအတွက်ဖြစ်သဖြင့် ရည်ရွယ်ချက် ခြင်း တူနေကြသည်။ လမ်းထိပ်ရောက်တော့ မေသက်တို့နှစ်ယောက် နှုတ်ဆက်ရင်း လမ်းခွဲကြ၏။ အိမ်မှာ ကလေးများက မာလာပြန်အလာကို မျှော်နေကြပေမည်။ ထို့အတူ မေသက်၏အိမ်တွင်လည်း…။
             မေသက်တို့အိမ်က ခြောက်ခန်းတွဲခြောက်ထပ် တိုက်ခန်းတွဲဖြစ်သည်။ လူမျိုးပေါင်းစုံနေ သည်ဟု ပြော၍ရသည်။ မြန်မာများသာမက ထားဝယ်၊ ကရင်၊ ရခိုင်၊ ချင်း၊ တရုပ်၊ ဟိန္ဒူ၊ ခရစ်ယာန်စသည်ဖြင့် အတော်စုံသည်။ အိမ်ရောက်တော့ တိုက်အောက်တွင် အောက်ဆုံးထပ်မှ ဖွားစောကြည်က “ညည်းအဖေခုနတင် အဲ့ဒီဘက် ထွက်သွားတယ်၊ မတွေ့ခဲ့ဘူးလား၊ အဘိုးကြီးက တားမရဆီးမရ၊ မသွားနဲ့ အိမ်ကနေ စောင့်တာမဟုတ်ဖူးဆို ပြောတာ ရအောင်သွားတယ်၊ အခုတော့ သမီးကပြန်ရောက်တော့ လွဲပြီ” ဟု ကရင်အမျိုးသမီးကြီးပီပီ ပွင့်ပွင့်လင်းလင်း စိုးရိမ်စိတ်ဖြင့် ပြော၏။ ဖွားစောကြည်ပြောမှ ဇွဲတစ်ယောက် အိမ်မှာ အဘိုးမရှိပဲ ဘယ်လိုပုံစံနဲ့ ကျန်ခဲ့လေမလဲဟု တွေးမိ၏။ မေသက် လှေကားထစ်များကို မည်သို့ ကျော်လွှားတက်ခဲ့သည်မသိ။ အခန်းရှေ့ရောက်လျှင် အပေါ်ထပ်ခရစ်ယာန်အိမ်မှ သူနာပြုဆရာမကြီး ဒေါ်ကျိန်နီးနှင့် အတူ ဘေးခန်းထားဝယ်အိမ်မှ ကလေးများလဲ မေသက်တို့အခန်း၏၀ရန်တာတွင် ရှိနေ၍ စည်စည်ကားကားဖြစ်နေကြသည်။
             “ သားရော… ဇွဲရေ… သား..”
             ပြောပြောဆိုဆို လူတွေကြားထဲမှ အခန်းထဲတိုးဝင်လိုက်တော့ ၀ရန်တာရှိခွေးခြေတွင် ထိုင်နေသည့် သားတော်မောင် ဇွဲကို မျက်ရည်စက်လက်ဖြင့် မေသက် တွေ့လိုက်ရ၏။ သားကို ရင်ခွင်ထဲဆွဲသွင်း၊ မျက်ရည်စများ သုတ်ပေးရင်း တစ်လမ်းလုံး အကြောက်တရားတွေကြားက မထွက်ကျခဲ့သည့် မျက်ရည်စက်များ မေသက်၏မျက်ဝန်းမှ စိမ့်ထွက်လာ၏။ ဇွဲက မေသက်မျက်ရည်စက်များကို သူ့လက်ဖ၀ါးသေးသေးလေးဖြင့် သုတ်ပေး၏။
             “ အဘိုး အောက်ကိုဆင်းသွားတော့ တစ်ယောက်ထဲ ငိုနေလို့ ချော့ရင်း ၀ိုင်းစောင့်ပေးနေကြတာ…၊ အိမ်တံခါး ကလဲ ဟောင်းလောင်းကြီး ပွင့်နေတော့ ရုတ်ရုတ် ရုတ်ရုတ်အချိန် မသမာသူဝင်လာပြီး အန္တရာယ်ပြုသွားရင် ခက်မယ်လေ၊ နေ၀င်ရီတရော အဖြူအမည်းဘာမှ မသဲကွဲချိန် မဟုတ်လား”
             ဘေးခန်း ထားဝယ်အိမ်မှ ဦးလေးက ရှင်းပြတော့ မေသက်လည်း ရင်ခွင်ထဲမှ သားကို ကြည့်ရင်း မျက်ရည်စများဖြင့် တစ်ယောက်ချင်းစီကို “ ကျေးဇူးတင်ပါတယ် ” “ကျေးဇူးတင်ပါတယ်” ဟုသာ တွင်တွင် ပြောနေမိတော့၏။
ထိုအချိန် အားလုံး၏အနောက်မှ အိမ်ထဲ ၀င်ရောက်လာသူကို ကြည့်လိုက်တော့ မေသက်၏အဖေ။
            “အဖေ…….”
            မေသက်၏ အဖေခေါ်သံက ရင်ခေါင်းသံပင် ထွက်သွားလေမည်လား မပြောတတ်ပေ။
            “ အဖေက ဘာလို့ အိမ်ထဲမှာမနေပဲ ဒီလိုအချိန်မှာ အပြင်ကို ထွက်ရတာလဲ၊ သမီး တစ်လမ်းလုံး အဖေနဲ့ဇွဲအတွက် ဘယ်လောက်များ စိတ်ပူလာရတယ်မှတ်သလဲ..၊ အိမ်ထဲမှာ အေးအေးဆေးဆေး မနေပဲ ဒီလောက် ပစ်နေခတ်နေချိန် အပြင်ထွက်ရတယ်လို့၊ တစ်ခုခုဆို လူတွေကြားထဲ ဘယ်လိုပြေးမလဲ၊ သမီးတောင် မနည်းပြန်လာရတာ၊ ပြီးတော့ ကလေးတစ်ယောက်ထဲ အိမ်တံခါးကြီး ဖွင့်ထားသွားခဲ့သေးတယ် အဖေရယ်…. တကယ်ပဲ …”
            “ အို… အချင်းချင်းတွေပဲ… အားနာစရာမလိုပါဘူး..”
           “ စိတ်မချစရာလဲမလိုဘူး.. ဒီတိုက်ထဲ အတူတူနေနေကြသူတွေပဲ… စောင့်ရှောက်ရမှာပေါ့”
                 “ ခုမှ သိကြတာတွေလဲမဟုတ်ဘူး… အတူတူနေလာတာ နှစ်တွေတောင် ဆွေးနေပြီ၊ အရေးကြုံရင် တစ်ယောက် ကိုတစ်ယောက် အပြန်အလှန်ကူညီရမှာပေါ့..”
အားလုံး တစ်ယောက်တစ်ပေါက် ၀ိုင်းဖြောင်းဖျပြောသဖြင့် မေသက်၏စိတ် တဖြည်းဖြည်း အေးဆေးလာရ၏။
            “ အဖေ.. မကျိန်နီးတို့နဲ့ အိမ်ကို အပ်ထားပြီးမှ သွားတာပါ၊ ကားလမ်းတွေလဲ ပိတ်ထားတယ်၊ ပစ်ခတ်သံတွေလဲ ကြားနေရတော့ သမီးအတွက် အဖေစိတ်ပူပြီး လမ်းထိပ်ထွက်ကြည့်မိတာပါကွယ်..”
             အဖေ့၏မျက်နှာကို လှမ်းကြည့်မိတော့ သမီးအပေါ် ဘယ်လောက်စိတ်ပူနေသလဲဆိုသည့် အဖေ့၏အပူမီးကို မေသက် စာနာနားလည်သွားရ၏။      ထိုစဉ် ခင်ပွန်းသည်ထံမှာ ဖုန်းဝင်လာ သဖြင့် စိတ်ပူနေသည့်ခင်ပွန်းသည်အား အိမ်မှာ အားလုံးရှိနေကြောင်း စိတ်အေးအောင်
ပြောပြဖြစ်သည်။ သည်နေ့အတွက် မေသက်ကို စိတ်ရောကိုယ်ပါ အကူအညီပေးခဲ့ သူများအကြောင်းကိုတော့ ခင်ပွန်းသည် ခရီးကပြန်ရောက်မှ သေသေချာချာ ပြန်ပြောပြ ရဦးမည်။ ဖြစ်နိုင်လျှင် သူတို့အားလုံးကို ကျေးဇူးစကား ထပ်မံဆိုချင်သေးသည်။ အနည်းဆုံး မေသက်နှင့်လမ်းတလျှောက် အတူပြန်လာသည့် မာလာကိုပင် ကျေးဇူးတင် ရန် မေသက် မမေ့ပါချေ။ သူ့၏တွန်းအား တစ်စိတ်တစ်ပိုင်းကလည်း မေသက်ကို ဦးဆောင်လို စိတ်နှင့်အတူ၊ ဆုံးဖြတ်နိုင်သည့် အသိနှင့်သတ္တိကိုပါ မွေးဖွားပေးခဲ့သည် မဟုတ်ပါလော။
            နေ၀င်လျှင် အဖေက ဘုရားခန်းထဲတွင် ပြုမြဲအတိုင်း ဆီမီးပူဇော်နေ ၏။ မေသက် တစ်ယောက် ရုံးမှဝန်ထမ်းများ အိမ်ပြန်ရောက်ကြောင်း သတင်းပြန်ပို့သည့် ဖုန်းခေါ်ဆိုမှုများကို တစ်ခုပြီးတစ်ခု လက်ခံနားထောင်နေရသည်။ တစ်ရုံးထဲ နှစ်ရှည်လများ အတူလုပ်ကိုင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဘက်များ အိမ်ကို ချောချောမောမော ပြန်ရောက်ကြောင်း သိရချိန်မှာတော့ မေသက် စိတ်ထဲ အေးသွားရ၏။
            တစ်ခဏနေလျှင် အဖေ့ဆီမှ မေတ္တာပို့ဆုတောင်းသံက ဘုရားခန်းထဲမှတဆင့် မေသက်တို့ သားအမိရှိနေရာ ဧည့်ခန်းဆီသို့ ပျံ့လွင့်လာ၏။
“ အရှေ့အရပ်၌ရှိသော
အန န္တစကြ၀ဠာအန န္တသတ္တ၀ါတို့၊
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ”
            လမ်းတလျှောက် သံဃာတော်များ၏ မေတ္တသုတ်ရွတ်ဖတ်သံကို မေသက်ကြားနာ ခဲ့ရသည်။ ယခု အဖေ့၏ မေတ္တာပို့သံကလည်း မေသက်၏ရင်ထဲ စိမ့်ဝင်လို့သွားရ၏။ အနှီမေတ္တာပို့သံများကို မေသက်တို့၏အိမ်အတွင်းမှာသာမက မေသက်တို့၏မြန်မာနိုင်ငံတစ်နိုင်ငံလုံး၊ထို့ထက်ပို၍ ကမ္ဘာတစ်ဝှမ်းလုံးသို့ ဖြန့်ကျက် ပျံ့နှံ့သွားစေချင်လှ၏။ မေတ္တာတရား၏ အရိပ်အာဝါသသည် အလွန်ကြီးမား၏။ မေတ္တာတရား၏ငြိမ်းချမ်းမှုကို မေသက်တို့ သက်ရှိလူသားတွေသာမက တိရစ္ဆာန်များပင် နှစ်ခြိုက်စွာ စားသုံးလိုကြသည် မဟုတ်ပါလော။ သို့သော် မေသက်တို့က စားသုံးယုံသာ စားသုံးတတ်ပြီး တဖန်ပြန်လည်၍ အချင်းချင်း မေတ္တာတုန့်ပြန်ပေးဖို့ရာ ၀န်လေးနေမိ၊ မေ့လျော့နေမိ၊ စာနာစိတ်ကင်းမဲ့မိနေကြသည် ကတော့ အဟိတ်တိရစ္ဆာန်များနှင့် ဘာမျှ မခြားနားပါချေ။
             အမှန်တွင် မေသက်တို့အားလုံး ကွဲပြားခြားနားခြင်း မရှိ။ အားလုံးအတူတူပင်။ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်ကြသည့်၊ ခံစားတတ်သည့်နှလုံးသားများ၊ ဆင်ခြင်ဥာဏ် ဦးနှောက်များ ပိုင်ဆိုင်ထားကြသည့် လူသားများပင် မဟုတ်တုံလော။
                       လူကို လူဟုသာ မေသက် မြင်ချင်လှပါသည်။
(၂၀၁၄ ခုနှစ်၊ သြဂုတ်လ၊ ရွှေအမြုတေမဂ္ဂဇင်း။)
————
ရွှေအမြုတေစာပေဆုယူစဉ် မှတ်တမ်းပုံများ။
14463222_10207289158096130_4379552792753438947_nimg_8546img_8574img_20150528_220523img_8583img_8582img_8558img_858011330027_398222123699065_435743682405768501_n1img_862511288449_1125137200836289_2090434953_oaimg_8638img_8668img_20150528_22294911392849_10204341219079497_7455007209615318897_n11393048_387205044816906_3449309271109586013_o
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
 index
Share
Posted in မဂ္ဂဇင်းဝတ္တုရှည် | 7 Comments
စက္ကူခေါက်ကလေး
Number of View: 32574
1
နေ့ရက်အချို့ရဲ့ ညနေရုံးဆင်းချိန်တွေမှာ အိမ်ကို ခင်ပွန်းသည် ကိုရင်ညိုနဲ့အတူ ညနေဈေး ၀င်ဝယ်အပြီး၊ ပန်းဆိုးတမ်းဂုံးကျော်တံတားအတိုင်း ကျွန်မတို့ လမ်းလျှောက်ပြန်ဖြစ်ပါတယ်။  တစ်နေ့လုံးရုံးမှာထိုင်ပြီး အလုပ်လုပ်ခဲ့ရသမျှ၊ ညနေလမ်းလျှောက်ချိန်က ကျွန်မတို့နှစ်ယောက် အတွက် နေ့တစ်နေ့ရဲ့ နှစ်သက်စရာ အကောင်းဆုံးအချိန်လေးပါပဲ။ နှစ်ယောက်သား လမ်းတလျှောက် စကားတွေ ပြောလို့ရတယ်။ တစ်နေ့တာ updateတွေ ဖလှယ်လို့ရတယ်။ နောက်တစ်နေ့ လုပ်စရာကိစ္စတွေ ပြောလို့ရတယ်။ ဒီထက်ပိုလို့ ပျားပမ်းခတ်နေတဲ့ လမ်းသွားလမ်းလာတွေဆီကနေ သွားရင်းလာရင်း စာရေးဖို့ ကုန်ကြမ်းရှာလို့ရတယ်။
တစ်နေ့ညနေခင်း။ နှစ်ယောက်သား ကုန်းတံတားပေါ် ဖြတ်နေပါပြီ။ လေပြည်က ဆံပင်တွေ မျောလွင့်နေအောင် တဖြူးဖြူးတိုက်နေတော့ အေးမြပြီး အမောပြေရပါတယ်။ ကုန်းတံတားပေါ်မှာ ကားတွေက တစ်စီးပြီးတစ်စီး အဆက်မပြတ် သွားလို့ပေါ့။ အဲ့ဒီအချိန် အခိုက်အတန့်လေးမှာပဲ……။
အဲ့ဒီအချိန် အခိုက်အတန့်လေးမှာပဲ၊ ဘေးကနေဖြတ်သွားတဲ့ ဒိုင်နာကားအဖြူတစ်စီး။ ကြည့်ရတာ ရုံးကားတစ်စီးဖြစ်ပုံရတယ်။ အဲ့ဒီကားရဲ့ ရှေ့ခန်းပြူတင်းပေါက်ကနေ စာရွက်ခေါက် အဖြူရောင်တစ်စ လွင့်ကျလာပါတယ်။ စာရွက်ခေါက်လေးက အလျင်မပြတ်မောင်းနေတဲ့ ကားတွေရဲ့ ဖြတ်သန်းသွားတဲ့အရှိန်ကြားမှာ ကတ္တရာလမ်းမပေါ် မကျနိုင်ပဲ  ဝေ့ကာ ၀ဲကာ မျောကာ လွင့်ကာနဲ့  လေထဲမှာ လွင့်နေတယ်။  အဲ့ဒီ အနှီ လွင့်မျောပျံဝဲနေတဲ့ စာရွက်ကို မြင်လိုက်သူက လမ်းလျှောက်တိုင်း မျက်လုံးအငြိမ်မနေ ဟိုသည်ကြည့် ကုန်ကြမ်းရှာနေတတ်တဲ့ မြသွေးနီ။
“ စာရွက်…ပြုတ်ကျပြီ.. ပြုတ်ကျပြီ… ”
“ ကိုရင်ညိုရေ… ကားနံပါတ်မှတ်.. ကားနံပါတ်မှတ်…”
“ ဟယ်… လူတွေကလဲ ကားပေါ်က ကျလို့ကျမှန်းတောင် မသိကြဘူး.. ဒုက္ခပဲ..”
“ ဟော.. လွင့်သွားပြီ… ဟယ်..နောက်ကကား..နောက်ကကား.. အဲ..တော်သေးတယ်… ”
“ဟင်… တစ်ကားပြီးတစ်ကားဖြတ်နေတော့ သူ့ခမျာ လွင့်နေလိုက်တာ…၊ စာရွက်က ဘာတွေများ အရေးကြီးလဲ မသိဘူး..”
အထက်ပါ စကားရပ်များကို တစ်ယောက်ထဲ တတွတ်တွတ် တရစပ် ပြောရင်း၊ ပုခုံးပေါ်က လွယ်ထားတဲ့အိတ်၊ လက်ထဲက ဆွဲထားတဲ့အိတ်၊ ၀န်စည်စလည်များကိုတောင် မေ့ပြီး မြသွေးနီ တစ်ယောက် စာရွက်လေးမျောလွင့်ရာ  လမ်းကြောင်းအတိုင်း မပြေးယုံတမယ် ကုန်းတံတား ပလက်ဖောင်းထက်က အပြေးလျှောက်ရင်း လိုက်ပါလာပါတယ်။
မြသွေးနီရဲ့နဘေးက ကိုရင်ညိုလဲ မနေနိုင်တော့။ ဘုမသိဘမသိ ပြောတဲ့အတိုင်း ကားနံပါတ်ကို ချက်ချင်းမှတ်ရင်း ဆံထုံးနောက်သျှောင်ပါ အပြေးအလွှား လိုက်ပါလို့ပေါ့။  အဓိကက အမြင်မတော် မနေနိုင်နိုင်မထိုင်နိုင် ၀င်ဝင်ပါတတ်တဲ့ မြသွေးနီရဲ့ဗီဇစိတ်။ တစ်ခဏချင်း မြန်နှုန်းမြင့်ပြီး   တွေးမိလိုက်တာက  ဒီစာရွက်သာ အရေးကြီးတဲ့ စာချုပ်စာတမ်းတစ်ရွက် (သို့)  အထက်လူကြီးရဲ့ ညွှန်ကြားချက်တစ်စောင် (သို့) အမေအိုတစ်ယောက်ရဲ့အဝေးက သားတစ်ယောက်အတွက်   ရေးထားတဲ့စာ၊ အို..ယုတ်စွအဆုံး ချစ်သူတစ်ယောက်အတွက် မေတ္တာတွေရင်ဖွင့်ထားတဲ့ စာတစ်စောင်များ ဖြစ်နေခဲ့ရင် ဘယ်နှယ့်လုပ်မတုန်း။
“ အဲ့ဒီစာရွက် ဘာလုပ်ဦးမလို့တုန်း ဒေါ်မြသွေးနီ…၊ ကားနံပါတ်က ဘာလို့ မှတ်ရသတုန်း၊ လုပ်ပြန်ပြီကွာ ”
ကိုရင်ညိုတစ်ယောက် ညနေဈေးက ၀ယ်လာတဲ့ ဈေးအိတ်ကို မနိုင်မနင်းသယ်ရလို့ ညစ်နေချိန် ဒီကိစ္စပေါ်လာလို့ ချက်ချင်း ကွန်ပလိန့်တက်တယ်။
“ အို.. ကိုရင်ညိုရယ်… ရှင်မသိပါဘူး… ဒီစာရွက်က လူတစ်ယောက်ယောက်အတွက် အရေးကြီးနေ.. ဘယ်နှယ့်လုပ်မလဲတော်”
ပြောနေရင်းက စာရွက်လေးက လမ်းမရဲ့ အလယ်မျဉ်းနားပေါ် ဝေ့၀ဲကျသွားတာ   မြသွေးနီ မြင်လိုက်ရတယ်။ ဘယ်ရမလဲ။ ပလက်ဖောင်းကနေ လမ်းမဆီ ချက်ချင်း ဆင်းလိုက်တယ်။
“”””” ပွမ်မ်မ်မ်မ်……..”””””
“ဟာ… သေတော့မှာပဲ……”
ကျယ်လောင်တဲ့ ကားဟွန်းသံရှည်နဲ့အတူ ကိုရင်ညိုရဲ့အော်သံနဲ့ လက်မောင်းကို   ဆောင့်ဆွဲတာခံလိုက်ရလို့ ကတ္တရာလမ်းမပေါ် ခြေချမယ့် မြသွေးနီတစ်ယောက် နောက်ပြန် ဆုတ်ရင်း ပလက်ဖောင်းပေါ် ပြန်ရောက်သွားရတယ်။ ကားကြီးက ၀ူးခနဲဘေးကဖြတ်မောင်းသွားမှ ရင်တွေ တထိတ်ထိတ်ခုန်သွားရတယ်။
တစ်ခုခုလုပ်ချင်ပြီဆို ချက်ချင်းလုပ်လိုက်ရမှ ကျေနပ်တတ်တဲ့ မြသွေးနီအဖို့၊ အဲ့ဒီအချိန်မှာ ကိုရင်ညိုရဲ့စိုးရိမ်နေတဲ့ မျက်နှာကြီးထက် လမ်းမအလယ်ခေါင်မှာ ငြိမ်သက်နေတဲ့ စာရွက်လေးက မြသွေးနီကို ပိုလို့ စွဲဆောင်ထားပါပြီ။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့၊ ကုန်းတံတားပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ လူအများက ပုံမှန်သွားလာလို့။  မြသွေးနီတို့ နှစ်ယောက်သာ နှစ်ယောက်ချင်းသိတဲ့ စာရွက်လေးတစ်ရွက်အတွက်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ။
“ ကိုရင်ညို.. စာရွက်လေးကို မျက်ခြေမပြတ်စေနဲ့၊ ကားရှင်းတာနဲ့ ရအောင်ကောက်မယ်၊ ခုန ကားနံပတ်လဲ မမေ့အောင် မှတ်ထားဦး..၊ အရေးကြီးစာရွက်ဆို ကားနံပတ်ကနေ ခြေရာခံလိုက်ပြီး ရှာပို့ပေးလို့ရတာပေါ့”
အရေးကြီးစစ်ဆင်ရေးတစ်ခုကို ကိုယ်တိုင်ကွပ်ကဲညွှန်ကြားနေတဲ့ ပုံစံနဲ့ ပြောနေမိတာမို့ ကိုရင်ညိုလည်း စိတ်ပျက်လက်ပျက်ပုံပေါက်နေပေမယ့် အကြောင်းသိတွေမို့ ကားနံပါတ်ကို မမေ့အောင်တတွတ်တွတ်ရွတ်ရင်း စာရွက်လေးကို မျက်ခြေမပြတ်ကြည့်လို့။ မျက်လုံးနှစ်စုံရဲ့   အောက်က စာရွက်လေးက လမ်းမအလယ်မှာ အနားစလေးများပင် လှုပ်လို့ ၊ သူ့ကို လာပါ၊   ကောက်ယူလှည့်ပါလို့ တောင်းဆိုနေသယောင်ယောင်။ ကုန်းတံတားပေါ်မှာ ကားတွေကလည်း အဆက်မပြတ်။
အဲ့ဒီအချိန်မှာ ကုန်းတံတားပေါ်ကို ဟီးနိုးကားကြီးတစ်စီး အရှိန်နဲ့မောင်းတက်လာပြန်တယ်။ ကားရဲ့ ဖြတ်သွားတဲ့အရှိန်ကြောင့် ခရီးတထောက်နားနေတဲ့ လမ်းမအလယ်က စာရွက်လေးက လေထဲမှာ ဝေ့ရ၀ဲရပြန်တယ်။ စာရွက်လေးက  ဝေ့ကာ၊ ၀ဲကာ။ မျက်လုံးနှစ်စုံနဲ့ လူနှစ်ယောက်ကလဲ စာရွက်လေးနောက်သို့ ရင်တထိတ်ထိတ်နဲ့ ထပ်ချပ်မကွာ။
ကံအားလျော်စွာ စာရွက်လေးက မြသွေးနီတို့ဘက် အရှေ့နှစ်ကိုက်လောက်အကွာ ပလက်ဖောင်းရဲ့နဘေးကို ကျသွားတယ်။ ကိုရင်ညိုလဲ ဒီတစ်ခါတော့ မတားလိုက်နိုင်ပါဘူး။ စာရွက်လေးရဲ့အနားကို ဘယ်လိုကဘယ်လို ရောက်သွားမှန်း မသိလိုက်ဘူး။ အဆုံးမှာ အေဖိုးဆိုဒ် စာရွက်ခေါက်လေးက မြသွေးနီရဲ့လက်ဝယ် ပိုင်ပိုင် ရောက်ခဲ့ပါပြီ။ ကျစ်ခနဲ စစ်ဆင်ရေး   အောင်မြင်သွားကြောင်း အသံပြုရင်း ဂုဏ်ယူစွာနဲ့ စာရွက်ခေါက်လေးကို ကိုရင်ညိုကို လှမ်းပြလိုက် ပါတယ်။ ပြီးတော့ စာရွက်ခေါက်လေးကို ဖွင့်ဖတ်လိုက်မိတယ်။
အဲ့သလို ဖတ်ပြီးတာနဲ့ မြသွေးနီတစ်ယောက် ဘာမပြောညာမပြော စာရွက်ခေါက်ကို လွယ်ထားတဲ့အိတ်ထဲ ချက်ချင်း ထည့်လိုက်ပါတယ်။ ပြီးတော့ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ငါးမိနစ်သာသာ လျှောက်ရင်ရောက်တဲ့ အိမ်ဆီကို စကားမပြောဘာမပြောနဲ့ သုတ်ချေတင်တော့ တယ်။ နေခဲ့တော့ ကိုရင်ညို။
ကိုရင်ညိုက အနောက်က လိုက်လာရင်းက “ ဒေါ်မြသွေးနီ.. ဘာတွေ ရေးထားလို့လဲ… .ပြောဦးလေ… ပြောပါဦး… ဒီမှာ မှတ်ထားတဲ့ ကားနံပါတ်ယူဦး…ဟေ့… ပြောဦးလေ…” ဆို ပြောရင်း တရွတ်တိုက်ပါလာပါတယ်။ မြသွေးနီဘာမှ မပြောနိုင်ပါဘူး။ မပြောဆို ဘာဆိုဘာမှကို မပြောချင်တော့တာ။
“ဟား…ဟား…..ဟား……….ဟား..”
အိမ်ရောက်တော့ ကိုရင်ညိုရဲ့ခွက်ထိုးခွက်လန် ဟားတိုက် ရယ်မောနေသံကို   နောက်ဖေးခန်းမှာ ရေသောက်နေရင်းက မခံချိမခံသာနဲ့ မြသွေးနီ ကြားနေရတယ်။   သေချာတယ်။ အိမ်ရှေ့စားပွဲပေါ်က ခုန စာခေါက်ကို သူဖတ်မိသွားလောက်ရောပေါ့။ သူက ရယ်မောနေနိုင်ပေမဲ့၊ လက်တွေ့သမား မြသွေးနီမှာတော့ အသည်းတထိတ်ထိတ်နဲ့ အရယူခဲ့ရတဲ့ ဒီစာရွက်လေးအတွက် ရယ်ရမလို၊ ငိုရမလို ခံစားချက်ကတစ်ဘက်၊ စာရွက်ပါအတိုင်း လုပ်ရင်ကောင်းမလား၊ မလုပ်ရင်ရော ဘာများဖြစ်လေမလဲဆိုတဲ့ စနိုးစနောင့်စိတ်က တစ်ဘက်နဲ့။ ကြည့်ဦးလေ စာရွက်ထဲမှာ   ရေးထားတာက ဘယ်လောက်တောင်မှ အသည်းယားစရာ   ကောင်းလိုက်လေသလဲဆိုတာ။
“ ဤစာပါ ဘုရားစာကို (၉)ရက်တိတိ ပုတီး(၉)ပတ်စိတ်ကာ (၉)ရက် သတ်သတ်လွတ်စားပြီး သင့်မိတ်ဆွေ (၉)ယောက်သို့ (၉)ရက်အတွင်း ဝေပါ။ ဤစာကိုဝေသော မန္တလေးမှ ဟင်းရွက်သည်တစ်ယောက် သိန်း၁၅၀၀ဆုပေါက်သည်။ မဝေသောသူသည်………”
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, ပြုံးထေ့ထေ့ | 11 Comments
ကြက်ပျောက်ငှက်ပျောက်
Number of View: 10777
largest
အပြင်ထွက်မယ်ဆိုတိုင်း တက္ကစီကို လွယ်လွယ်နဲ့ စီးတတ်သူက ကျွန်မပါ။ အခုအချိန်ထိ ကိုယ်ပိုင်ကား ၀ယ်မစီးနိုင်သေးပေမယ့် တက္ကစီစီးနေတာက ကားတစ်စီးဝယ်စီးနိုင်တာ ထက်တောင်  ကျော်နေနိုင်ပါတယ်။ ကျွန်မတို့လမ်းထိပ်ဂိတ်က တက္ကစီအဖွဲ့နဲ့ဆို ကျွန်မတို့ မိသားစုနဲ့ အတော်ခင်နေကြတဲ့ အထိပါပဲ။ ရုံးဆင်းတဲ့ အချို့ရက်တွေမှာ လမ်းလျှောက်မပြန်ဖြစ်ရင် တက္ကစီ စီးဖြစ်ပါတယ်။
ကားငှားစီးတဲ့အခါ ကားလမ်းတွေ ပိတ်နေတိုင်း အင်မတန်စိတ်ပျက်ရသလို ကားတစ်စီးနဲ့ တစ်စီး ကျော်တက်တာမျိုး၊ ဟွန်းတညံညံတီးတာမျိုးကိုလဲ ကျွန်မ မနှစ်သက်ပါဘူး။
တစ်နေ့ညနေ ကျွန်မငှားစီးတဲ့ တက္ကစီမောင်းသူက အသက် ၂၅နှစ်သာသာ လူငယ်တစ်ယောက်။ သူက ကျွန်မကို တင်မောင်းပြီးတာနဲ့ ကားကို အရှိန်နဲ့မောင်းထွက်ပါတယ်။ တစ်ခဏနေတော့ အရှေ့က ပုံမှန်သွားနေတဲ့ ကားကို အလယ်မျဉ်းနားကနေ ရုတ်ခနဲ ကျော်တက်လိုက်ပါတယ်။
“ ချီးထဲမှ..လိပ်လိုသွားနေတယ်… သေမယ်ဆို သေလို့ရတယ်…” လို့ သူက ရေရွတ်ရင်း ကျော်တက် လိုက်တာပါ။
အရှိန်နဲ့ ကျော်အတက် ကျွန်မရဲ့ ခန္ဓာကိုယ်တောင် ဟန်ချက်ပျက်ပြီး အရှေ့ကို ငိုက်ကျသွားရပါတယ်။ ကားမောင်းကြမ်းတမ်းတဲ့အပြင် နှုတ်ပါသရမ်းတော့ ကျွန်မစိတ်ထဲ အတော်အနှောက်အယှက်ဖြစ်သွားရပါတယ်။ လှစ်ခနဲ ပြူထွက်လာတဲ့ဒေါသကို မြိုချလိုက်တယ်။ ၁၀မိနစ်ဆို အိမ်ရောက်မှာပဲ၊ ဘာမှမပြောမိတာ ပိုကောင်းတယ်။ သည်းခံ။
ထင်တဲ့အတိုင်းပါပဲ။ လမ်းမကျယ်ကြီးဘက် အကွေ့ကားတွေက ညပ်ပိတ်နေပြီ။ ဒီလမ်းက ရုံးဆင်းချိန်တိုင်း ကားပိတ်နေကျလမ်းပါ။ သူက တောက်တစ်ချက်ကို ကျယ်ကျယ်ခေါက် လိုက်ပြန်ပါတယ်။ ပြီးတော့ ညာဘက်က ဘတ်စ်ကားကြီးရှေ့ကို ခပ်ကြမ်းကြမ်း ခေါင်းတည် ထိုးဝင်လိုက်တယ်။ လမ်းတစ်နေရာစာ နေရာရဖို့အတွက် သူ ကျော်ဖြတ်တက်တော့မယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်ပြီ။ ကားကြီးရှေ့ နေရာရသွားပြန်တော့ အားမရသေး၊ ညာဘက်က ကားလေးရှေ့ တဖန်တိုးဝှေ့ဝင်ပြန်တယ်။ တစ်ခုခုပြောထည့်လိုက်ချင်တဲ့ ဒေါသစိတ်တွေ တလိမ့်လိမ့် ရုန်းကြွတက်လာပေမယ့် ဘယ်ညာ ယိမ်းထိုးကားမောင်းကြမ်းပုံကြောင့် ရုံးဆင်းကာနီး ဖျော်သောက်ထားတဲ့ ကော်ဖီတစ်ခွက်က ကျွန်မရင်ထဲ မူးအီလာအောင် မွှေနှောက်နေပြီ။ ကျွန်မ ဒီလိုလူစားမျိုးနဲ့ စကားဖက်မပြောချင်တော့။ တစ်နေ့ ထမင်းနှစ်နပ်ထက် ပိုစားလို့မရဖူး၊ လူ့အသက်က ပိုအရေးကြီးတယ်ဆိုတာ ကျွန်မ ရှင်းပြမနေချင်တော့။
မီးပွိုင့်မှာ ကားက မီးနီမိပြန်တယ်။ ကျွန်မတို့ကားရှေ့မှာ ကားတန်းရှည်ကြီးက တမေ့တမော။ အနည်းလေး ငါးမိနစ်လောက်တော့ ပိတ်အုံးကွဲ့ မီးပွိုင့်မှာ..။ ကားဆရာ ကိုယ်တော်ချောက ဘယ်နေလိမ့်မလဲ ။ ဘယ်ဘက်အခြမ်း အလယ်မျဉ်းနားကနေ တစ်ဘက် ယာဉ်ကျောရှင်းနေတာကို အခွင့်ကောင်းယူပြီး ရဲရဲတင်းတင်း သူက ကျော်တက်ပြန်တယ်။ သူတော့မသိ၊ ကျွန်မက နောက်ခန်းက စီးနေလျှက်က စည်းမဲ့ကမ်းမဲ့ မောင်းနေမှုအတွက် ဘာမဆိုင်ညာမဆိုင် ရှက်နေမိတယ်။ စိတ်ပေါက်ပေါက်နဲ့ မီးပွိုင့်ထိပ်မှာ မော်တော်ပီကယ် စောင့်ဖမ်းပါစေတော်လို့ စိတ်ထဲက ရေရွတ်လိုက်တယ်။ ကုသိုလ်ကံက မဟုတ်တရုတ်မောင်းနှင်လာတဲ့ သူ့ဘက်မှာ။ မီးပွိုင့်မရောက်ခင် ကားနှစ်စီးစာသာသာလောက်မှာ နေရာလပ်တစ်ခုက ဘာကြောင့်မှန်းမသိ၊ ဟ နေတယ်။ သူက အဲ့ဒီနေရာကို ကျွမ်းကျွမ်းကျင်ကျင် တိုးဝင်နေရာယူလိုက်တယ်။ ပုံမှန်အတိုင်း တန်းစီရင် ပွိုင့်နောက်တစ်ကြိမ်တောင် ထပ်မိနိုင်ပေမယ့်၊ အခုတော့ သူ့ရှေ့မှာ ကားနှစ်စီးပဲရှိတော့တယ်။ ကားမူးနေတဲ့ ကျွန်မတောင် အိမ်မြန်မြန်ပြန်ရောက်တော့မှာမို့   ကျေနပ်စိတ် ပါးပါးလေးဖြစ်သွားတာ မငြင်းနိုင်ပါဘူး။
မီးပွိုင့်က ကွေ့ပြီး ၃မိနစ်လောက် မောင်းရင် ကျွန်မအိမ်ရောက်ပြီ။ ကားခကို လက်ထဲ အဆင်သင့်ပြင်ထားလိုက်တယ်။ သူက လက်ကျန်အချိန်လေးမှာ ပညာခန်းတွေပြ ၀ူးခနဲ လီဗာကို ဖိနင်းရင်း အရှိန်မြှင့်ပြန်တယ်။ ကျွန်မ အိမ်ဘက် လမ်းကွေ့လေးကို ကျော်သွားတော့မလို   ဖြစ်သွားလို့ “ ဟဲ့..ဟဲ့.. ဒီညာဘက်က လမ်းကို ကွေ့မှာ..” လို့ အော်ပြောလိုက်တော့ ဘရိတ်ကိုဆောင့်နင်း ၀ူးဆို နောက်ပြန်ဆုတ်ပြီး ကွေ့ချထည့်လိုက်ပြန်ရော။ ကျွန်မလက်ထဲက ပေးဖို့ အဆင်သင့်ပြင်ထားတဲ့ ကားခတောင် ကားကြမ်းခင်းပေါ် ပြုတ်ကျရတယ်။ ကျွန်မ အတော့်ကို စိတ်ကုန်သွားတယ်။ ဒီလိုကားသမားမျိုးနဲ့ ခရီးတိုစီးမိတာ တော်သေးတယ်။ အိမ်မြန်မြန်ပြန်ရောက်ပေလို့။
ကျွန်မ အိမ်ရှေ့ ကားလေးဘီးလုံးရပ်ချိန် လက်ကိုင်ဖုန်းမြည်သံ ကြားလိုက်ရတယ်။ ကျွန်မရဲ့ဖုန်း မဟုတ်ဘူး။ ကားသမားကိုယ်တော်ဆီက။ သူက ကျွန်မလှမ်းပေးတဲ့ ကားခကို လှမ်းမယူနိုင်သေးဘူး။ သူက ဖုန်းကို အရင်ဖြေတယ်။
“ မိန်းမရေ… ကို…အခု ခရီးသည် ပို့ပြီးတာနဲ့ ဆေးရုံကို လာခဲ့မယ်… လမ်းလဲသင့်လို့ ခရီးသည်တင်ခေါ်လာလိုက်တာ…သမီးလေးက ဘယ်သူနဲ့တူလဲ… ကိုနဲ့တူရဲ့လား… မင်းရော…   နေလို့ကောင်းရဲ့လား… ဘာစားချင်လဲ…”
ဝမ်းသာရိပ်လွှမ်းနေတဲ့ သူရဲ့ ဖုန်းပြောနေသံက သူ့အပေါ် တစ်လမ်းလုံး နောက်ကျိလာခဲ့ရတဲ့ ကျွန်မရဲ့စိတ်ကို ချက်ချင်းပဲ လျှော်ဖွတ်ပေး လိုက်တယ်။
ကျသင့်တဲ့ ကားခငွေကို ဖုန်းပြောမပြတ် လှမ်းယူရင်း ၀ူးခနဲမောင်းထွက်သွားတာကို ကျွန်မ ယောင်,အ, ပြီး ရပ်ကြည့်နေမိတယ်။
“ဟဲ့.. ဟဲ့.. ဖြည်းဖြည်းမောင်းပြီး သွားဦး” လို့ ကျွန်မနှုတ်က ပြောလိုက်သေးသလားတောင် မမှတ်မိတော့။ ဖခင်လောင်း သူက ဂျက်လေယာဉ်နှုန်းထက်မြန်တဲ့ အမြန်နှုန်းနဲ့ ဆေးရုံကို   မောင်းတော့မယ် ဆိုတာကို ဗေဒင်မေးနေစရာပင်မလို။
လမ်းတလျှောက် ကျွန်မခေါင်းမူးနောက်ခဲ့ရတာတွေ…
ဒေါသတွေ တလိမ့်လိမ့်ထွက်ခဲ့ရတာတွေက အခုတော့ ကြက်ပျောက်ငှက်ပျောက်..။
သူ့ကားလေးကလဲ ကျွန်မ မြင်ကွင်းကနေ ကြက်ပျောက်ငှက်ပျောက်…။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 8 Comments