အချစ်.. ပြီးတော့…

Number of View: 12998

                 V day image

နေရာလေးတစ်ခု။ ဒီနေရာလေးမှာ မတူညီတဲ့ခံစားချက်တွေ အတူတကွ စုဝေးနေထိုင်ကြတယ်လို့ပဲ ပြောရမလား မသိ။ ခံစားချက်တစ်ခုချင်းစီရဲ့ သက်ရောက်မှုတွေက အချစ်ကို ပျော်ရွှင်၊ အံ့သြ၊ တက်ကြွ၊ သနား၊ ၀မ်းနည်းမှုတွေ ကိုယ်စီကိုယ်ငှ ပေးစွမ်းခဲ့ကြတာ။ မတူညီတဲ့ခံစားချက်တစ်မျိုးစီတိုင်း အချစ်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တာကတော့ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ကတော့ ကျေနပ်နေမိတယ်။ ပျော်ရွှင်နေမိတယ်။ ကြည်နူးနေမိတယ်။ ဟုတ်တယ်လေ။ ဒီလို ချစ်ခင်မြတ်နိုးနေမယ့်သူတွေ ၀ိုင်းဝိုင်းလည်နေတာကို ဘယ်သူက မနှစ်သက်ပဲရှိပါ့မလဲ။ တကယ်တော့ အချစ်ရဲ့အနားမှာ အခုလို ချစ်ခင်မြတ်နိုးတဲ့သူတွေ  ၀ိုင်းဝိုင်းလည်နေလိမ့်မယ်လို့ အချစ် တစ်ခါမှ မတွေးမိခဲ့။ မမျှော်လင့်မိခဲ့။

အချစ်ရဲ့ပုံစံကိုက နာမည်နဲ့လိုက်အောင် နုထွေးပြီး ချစ်ခင်နှစ်လိုဖွယ်ရာကောင်းနေတာကတော့ သဘာဝတရား က ဖန်းဆင်းပေးထားတာလို့ပဲ အချစ်က ပြောချင်တယ်။ အချစ်က လှသလောက် အယုံလွယ်တယ်။ ချောသလောက် ထုံအတယ်။ အဲ့ဒီအယုံလွယ်ပြီး ထုံအတဲ့အချစ်က ဘယ်သူ့ကိုမှ မဖြားယောင်းခဲ့ဘူး။ ဘယ်သူ့ကိုမှ အချစ်နားမှာနေပေးပါလို့ မတောင်းဆိုခဲ့ဖူးဘူး။ အချစ်ကို အမှန်တကယ်ချစ်တဲ့သူနဲ့သာ ဆုံဆည်းရပါလို၏လို့လဲ မတိုင်တည်ခဲ့ဖူးဘူး။ အချစ်ကို တွေ့လိုက်တဲ့ သူဟာ အချစ်ရဲ့လှပမှု၊ အချစ်ရဲ့ စွဲဆောင်မှုအောက်မှာ ရူးရူးမူးမူးဖြစ်ကြရတာတော့အမှန်။ ဘယ်ခံစားချက် ကမှ အချစ်ကို ကျောခိုင်းပြီး နေနိုင်တဲ့သူမရှိဘူး။

“ အချစ်ရေ… ရယ်စရာကောင်းတာလေးတစ်ခု ကိုယ်ပြောပြမယ်… တစ်ခါတုန်းက.. သိလား…”

တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့၊ နှုတ်ခမ်းထောင့်စွန်းကို ကွေးညွတ်နေအောင် ပြုံးရယ်ရင်း သူက အချစ်ကို စကားစတယ်။ သူက ဒီလိုပါပဲ။ အချစ်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဘယ်သူ့ကိုမဆို သူနဲ့တွေ့ရင် ပျော်ရွှင်သွားစေ အောင် သူက စွမ်းဆောင်နိုင်တယ်။ သူက နာမည်နဲ့လိုက်အောင် အမြဲပြုံးပျော်ရွှင်နေတတ်ပြီး သူနဲ့တွေ့သူတိုင်းကို အပျော်တွေ ကူးစက်စီးဆင်းစေတဲ့အထိ ပျော်ရွှင်စေရတယ်။ အခုပဲ ကြည့်လေ။ သူက အစပျိုးယုံရှိသေး၊ အချစ်ရဲ့ မျက်နှာမှာ သူ့ဆီက အပျော်တွေ ကူးစက်လာလို့ အပြုံးရိပ်တွေ ယှက်သမ်းနေရပြီ။

အဲ့ဒီမှာ အပြုံးအပျော်တွေကြားထဲမှာ အချစ်တွေ့လိုက်တာ ညှိုးနွမ်းနေတဲ့ မျက်နှာလေးတစ်ခု။ အချစ်ရင်ထဲ လတ်တလောပေါ်လာတဲ့ အပျော်ရိပ်တွေတောင် ဘယ်ရောက်လို့ ဘယ်ပေါက်သွားတယ်မသိ။ သူ့မျက်ဝန်းက မျက်ရည်ကြည်တွေ ၀ဲတက်လာတာ မြင်လိုက် ရတာနဲ့တင် အချစ်ကိုယ်တိုင် ငိုချင်စိတ်ပေါက်လာမိတယ်။ သူက အမြဲဒီလိုပါပဲ။ ဘယ်သူနဲ့ယှဉ်ယှဉ် အားငယ်နေတတ်တာ၊ ၀မ်းနည်းနေတတ်တာ သူ့ရဲ့မွေးရာပါဗီဇ။ မျက်နှာလေးက အမြဲ ညှိုးနွမ်းနေပြီး စိတ်မကောင်း ၀မ်းနည်းမှုတွေကို အမြဲတစေ ထွေးပိုက်ထားသူပေါ့။ ပျော့ညံ့တဲ့ အချစ်ကိုယ်တိုင်လဲ စိုလဲ့နေတဲ့ သူ့မျက်ဝန်းအောက်က အသနားခံအကြည့်တွေကြောင့် သူ့အပေါ် သနားကြင်နာစိတ်တွေ ယိုဖိတ်လာမိပြန်ရော။ အချစ်ရဲ့တုန့်ပြန်အကြည့်တွေကို သူသာ နားလည်မယ်ဆိုရင် အချစ်ရဲ့ ကြင်နာသနားတတ်တဲ့စိတ်တွေကို သူမြင်တွေ့ရမှာပါကွယ်။

ဟော… ဟိုက လာနေတဲ့ သူ..။ သူ.. သူက အချစ်အမြဲ အထင်ကြီး လေးစားရတဲ့သူပါလား။ သူ့ရဲ့အသိဥာဏ် ပညာနဲ့ ဆင်ခြင်တုံတရားတွေ၊ အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အချင်းတွေကို အချစ်အမြဲတမ်း တန်ဘိုးထားမိသူပါ။ သူ့ကိုမေးလိုက်ရင် ဘာမှမသိတာမရှိ၊ ချက်နဲ့လက်နဲ့ ပြန်ဖြေနိုင်လောက်အောင် အချက်အလက်တွေနဲ့ ပြည့်စုံသူပေါ့။ သူက အနေအထိုင်တည့်တံ့လွန်းတော့ အချစ်ကို ဂရုတောင်မှ ပြုမိရဲ့လားမသိ။ အဲ့သည်လောက် တည်ကြည်လွန်းပြန်တော့ အချစ်သူ့ကို လန့်မိတာ မဆန်းပါဘူး။ အခုပဲ ကြည့်လေ။ အချစ်ရဲ့ဘေးကနေ အချစ်ကို မရှိသလိုသဘောထားပြီး ဟန်ကြီးပန်ကြီးနဲ့ ဖြတ်လျှောက် သွားနေလိုက်တာ။ ဟွန့်… သူ့ရဲ့အကြည့်သူခိုး အချစ်နဲ့ပက်ပင်း တိုးမိလို့ကတော့ သူက ခေါင်းကြီးကို ငုံ့လို့။

ဟောဟိုမှာ လည်ပင်းဖက်လာသူနှစ်ယောက်။ သူတို့နှစ်ယောက်က အမြဲ တစ်ပူးတွဲတွဲ။ တစ်ယောက်က အချစ်ကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆို သူ့မှာရှိသမျှ စည်းစိမ်တွေ ပုံအောပစ် လိုက်မယ်တဲ့။ အချစ်အတွက်ဆို ဘာမဆို လိုအပ်တာ ဖြည့်ဆည်းချင်သူတဲ့။ သူပိုင်ဆိုင်သမျှ အားလုံးက အချစ်အတွက်ပါတဲ့။ ပစ္စည်းဥစ္စာဆိုတာကလည်း ဘ၀မှာလိုအပ်တာမို့ အချစ်မှာ သူ့ရဲ့ပြည့်စုံကုံလုံမှုတွေကို တွေ့ရပြန်တော့ သူပြောတာပဲ ဟုတ်နိုးနိုးဖြစ်နေရပြန်ရော။ ကျန်တစ်ယောက်ကတော့ စိတ်ရင်းလေးဖြူစင်ပေမယ့် သူလိုချင်တာဆိုဇွတ်။ ဘယ်သူ့မျက်နှာမှ မထောက် အရယူတတ်သူ။ သူ့ကိုယ်သူ ကိုးကွယ်တဲ့လူစားမျိုး။ သူတို့နှစ်ယောက်ဆုံရင် အချစ်ကို သူသာရထိုက်တယ် ငါသာရထိုက်ဆိုပြီး တကျက်ကျက်ဖြစ်နေကြတာ နားကို ငြီးရောပဲ။

အချစ်တစ်ယောက် မျက်စိလည်လမ်းမှားပြီး သူတို့အားလုံးရှိနေတဲ့ကျွန်းလေးကို စရောက်လာပြီး သိပ်မကြာခင်မှာပဲ သူတို့အားလုံးနဲ့ သိကျွမ်းခဲ့ရတာပါ။ ဒီလိုနဲ့ သူတို့အားလုံးက အချစ်ရဲ့ နဘေးနားမှာ အမြဲတ၀ဲလည်လည် ရှိနေကြတော့ တယ်။ သူတို့အားလုံး အချစ်နဲ့အတူရှိနေချိန်ကို အချစ်ကိုယ်တိုင်က ကျေနပ်တယ်။ ဒါပေမဲ့ အချစ်ရဲ့အနားကို ချဉ်းကပ်လာ ကြတဲ့ သူတို့ထဲကတစ်ဦးဦးကို ရွေးချယ်ဖို့ အချစ်တစ်ခါမှ စိတ်မကူးမိဘူး။ သူတို့အားလုံး အချစ်အတွက် အချစ်ရဲ့အနား ရှိနေကြရင် ပြည့်စုံနေပြီလို့ အချစ်ကိုယ်တိုင် ထင်နေမိတာ။  အချစ်ကိုယ်တိုင်က သာယာနေတာလား၊ ကျေနပ်နေတာလား၊ ဝေခွဲမရဘူး။ ပြောရရင် ဒီကျွန်းလေးပေါ်မှာ မတူညီတဲ့ ခံစားချက်ရောင်စုံများနဲ့အတူတူ အချစ်ရှိနေတာပါ။

ဒီလိုနဲ့ တစ်နေ့မှာတော့ မမျှော်လင့်ပဲ အချစ်တို့နေထိုင်တဲ့ ကျွန်းလေးဆီကို ကြေညာချက်တစ်ခု ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတယ်။

 “ အရေးပေါ်ကြေညာချက်… ဒီကျွန်းလေးဟာ မကြာခင် ပင်လယ်အောက်ကို နစ်မြုပ်တော့မယ်၊ ဒါကြောင့် ဒီကျွန်းပေါ်မှာ ရှိသူအားလုံး အမြန်ဆုံး ထွက်ခွာကြပါ”

အမှတ်မထင် ကြေညာချက်ကြောင့် အချစ်အပါအ၀င် အားလုံး ထိတ်လန့်ကုန်တော့တယ်။ ကျွန်းပေါ်မှာ ရှိတဲ့သူတိုင်း ချက်ချင်းပဲ အသက်ဘေးကလွတ်ဖို့ သူတို့ရဲ့လှေအသီးသီးနဲ့ ကျွန်းလေးကနေ စတင်ထွက်ခွာဖို့ ပြင်ဆင်ကြတော့တယ်။ ဒါပေမဲ့ သူတို့အားလုံးနဲ့ဆန့်ကျင်စွာ အချစ်က တည်ငြိမ်လွန်းနေတယ်။ အချစ်က နောက်ဆုံးမှ ရောက်လာသူဆိုပေမယ့် ဒီနေရာလေးကို အင်မတန်မှ သံယောဇဉ်ကြီးသူ။ ဒီနေရာလေးကို ရင်နဲ့အမျှတန်ဘိုးထားသူ။ သူတို့အားလုံးနဲ့ ဆုံဆည်းခဲ့ရတဲ့ သည်ကျွန်းပေါ်ကနေ တစ်လက်မမျှ မခွာချင်တဲ့သူ။ မကြာခင် ရေမြုပ်တော့မယ့် ကျွန်းကို စွန့်ခွာပြေးမယ့်အစား သူတို့အားလုံးနဲ့အတူတူ လက်တွဲပြီး ဖြစ်လာသမျှ ရင်ဆိုင်ဖြေရှင်းလိုက်ချင်တဲ့စိတ်တွေက အချစ်ရဲ့ရင်ထဲ ကြီးစိုးလို့နေတယ်။ ခံစားချက် မျိုးစုံနဲ့ ရောထွေးနေခဲ့ရတဲ့ ဒီကျွန်းလေးကို ရုတ်တရက်ခွဲခွာဖို့ အချစ်မှာခွန်အားမရှိဘူး။ ဒါပေမယ့် အချစ်နဲ့ဆန့်ကျင်လွန်းစွာ အားလုံးက အသက်ဘေးလွတ်ဖို့ အသီးသီး ထွက်ခွာနေလိုက်ကြတာများ။ အချစ်ကို ဘယ်သူမှ သတိမရကြဘူး။ အရင်က အချစ်ရဲ့နဘေးနားမှာ ၀ိုင်းဝိုင်းလည်နေသူ တွေ ဘယ်ရောက်ကုန်ကြပြီလဲ။

ဒီကျွန်းလေးကနေ အချစ်က မစွန့်ခွာချင်သလို၊ စွန့်ခွာဖို့၊ရာလည်း အခြားသူတွေလို ပိုင်ဆိုင်တဲ့လှေမရှိပြန်ဘူး။ ဒါနဲ့ အချစ်လည်း ခေါင်းမာမာနဲ့ ဒီကျွန်းလေးပေါ်မှာပဲ နေလို့ ရသမျှ နောက်ဆုံးအချိန်အထိ နေမယ်လို့ဆုံးဖြတ်ပြီး ပေကပ်နေနေလိုက်တာ ကျွန်းလေးရေမြုပ် ကာနီး နောက်ဆုံးမိနစ်ရောက်လာချိန်အထိပဲ။ အဲ့ဒီအချိန်မှာ အချစ်က အားကိုးစိတ်နဲ့ စမ်းသပ်မှုတစ်ခုကို စိုးထိတ်စွာ စတင်လိုက်တယ်။  ကျွန်းလေးကနေ ထွက်ခွာဖို့ လှေကို ပြင်ဆင်နေ တဲ့  ချမ်းသာကို လှမ်းခေါ်လိုက်တယ်။

“ ချမ်းသာရေ…. အချစ်…မင်းရဲ့လှေနဲ့အတူ လိုက်ပါရစေကွယ်… ချမ်းသာပဲ အချစ်ကို ချစ်လှချည်ရဲ့ဆို.. ချမ်းသာပိုင်ဆိုင်သမျှက အချစ်အတွက်ပဲဆို”

အဲ့ဒီမှာ ချမ်းသာဆီက မတင်မှတ်ထားတဲ့ တုန့်ပြန်မှုကို ရလိုက်တယ်။

“ ဆောရီး အချစ်ရယ်… ကိုယ့်လှေထဲမှာ ကိုယ့်ရဲ့ တသက်တာ စုဆောင်းထားတဲ့ ကျောက်မျက် ရတနာတွေ၊ အဖိုးတန်ပုလဲတွေနဲ့ ပြည့်နေပြီကွဲ့၊ မင်းအတွက် ကိုယ့်လှေမှာ နေရာမပေးနိုင်တာ စိတ်မကောင်းပါဘူုးကွယ်”

ချမ်းသာရဲ့စိတ်ကို သိလိုက်ရလို့ အချစ် အံ့သြမင်တက်သွားရတယ်။ အချစ်ရဲ့မာနတွေက လွန့်ခနဲ ရုန်းကြွတက်လာတယ်။ ဒါပေမဲ့ လက်မလျော့ချင်သေးပဲ ချမ်းသာရဲ့ဘေးနားက လှေပေါ်မှာ ရှိနေတဲ့ အတ္တကို အချစ်က လှမ်းအော်မေးလိုက်ပြန်တယ်။

“ အတ္တရေ… ငါ့ကလွဲလို့ အချစ်ကို ဘယ်သူမှ မချစ်ရဘူးဆို  အတ္တပြောခဲ့ဘူးတယ်လေ… အချစ်ကို ကယ်ပါဦး ကွယ်..”

“ အချစ်ရယ်… မင်းကို ကိုယ့်လှေပေါ်တင်ရင် ကိုယ်လှေလှော်တဲ့အခါ တစ်ယောက်စာ ပိုလှော်ရမယ်၊ ကိုယ့်ရဲ့ စားနပ်ရိက္ခာတွေ မင်းကို ဝေမျှကျွေးရမယ်၊ ဒါကြောင့် မဖြစ်နိုင်ပါဘူးကွယ်.. အတိတ်ကို အတိတ်မှာသာ ထားလိုက်ပါ တော့”

အတ္တရဲ့အဖြေကြောင့် အချစ် စိတ်တွေ မတရားတိုသွားရတယ်။ တကယ်တမ်းကျတော့ အတ္တကလဲ အားမကိုးရ၊ ငါတစ်ဘို့ထဲ ကြည့်သူပါလားလို့ တွေးမိလိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်းလေးက ကြေညာချက်ထဲကအတိုင်း တဖြည်းဖြည်းနဲ့ ပင်လယ်ရေအောက်ထဲ နစ်မြုပ်နေတာကို အချစ် သတိပြုမိလိုက်တယ်။ အချိန်မရှိတော့တာမို့ အချစ်လဲ နောက်တစ်ယောက်ဖြစ်တဲ့ ၀မ်းနည်းကို ခပ်သုတ်သုတ်လေး လှမ်းမေးလိုက်မိပြန်တယ်။

“ ၀မ်းနည်းရေ… အချစ်ကိုမှမရရင် သေရမှာဆိုပြီး ငိုကြွေးခဲ့တာ မမေ့ဘူးဆိုရင် အချစ်ကို လှေနဲ့ခေါ်သွားပေးပါလားကွယ်…၊ မဟုတ်ရင် အချစ် ပင်လယ်ရေအောက်ထဲ မြုပ်ရ ပါတော့မယ်”

“ အို..အချစ်ရေ…  အချစ်က အဲ့ဒီလိုပြောလာတာ ကြားရတော့ ၀မ်းနည်းလိုက်တာ…၊ ကိုယ့်ကိုယ်ကိုတောင် သေမလားရှင်မလား မပြောနိုင်လို့ ၀မ်းနည်းကြေကွဲနေရတဲ့အထဲ၊ မင်းကို ဘယ်လိုလုပ် ခေါ်သွားနိုင်ပါ့မလဲကွယ်”

မျက်ရည်တလည်လည်နဲ့ပြောနေတဲ့ ၀မ်းနည်းကို ကြည့်ပြီး အချစ် အတော့်ကို စိတ်ပျက်သွား ရတယ်။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုမှ အားကိုးလို့ရမှာ မဟုတ်ဘူးဆိုတာ သေချာနေပြီ။

ဒါနဲ့ အချစ်လဲ စိတ်ပျက်လက်ပျက်ရှိနေတုန်း ရယ်မောသံတွေ ညံစီနေတဲ့ လှေတစ်စီးတွေ့လို့ လှမ်းကြည့်လိုက်တော့ ပျော်ရွှင်ကိုတွေ့လိုက်ရတယ်။

“ ပျော်ရွှင်ရေ…ပျော်ရွှင်… အချစ်ကို ကယ်ပါဦးကွယ်… ပျော်ရွှင်ကိုပဲ အချစ် အားကိုးရတော့မှာပါ..”

လည်ချောင်းကွဲမတတ် ပျော်ရွှင်ကို အော်ခေါ်ပေမယ့် အချိန်တိုင်း ဘာမဆို ပျော်ပျော်လေး နေနေ တတ်တဲ့ ပျော်ရွှင်ကတော့ ခေါ်မကြားအော်မကြား အပျော်လွန်နေတာမို့ အချစ်ရဲ့ခေါ်သံကို မကြားလိုက်ပါဘူး။

အဲ့ဒီအချိန်မှာ ရုတ်တရက်အသံတစ်ခုကို အချစ် ကြားလိုက်ရတယ်။

“ အချစ်ရေ… ဒီကိုလာ.. ကိုယ်..မင်းကို ခေါ်သွားပေးမယ်…”

တည်ငြိမ်တဲ့ ခိုင်မာတဲ့ ခေါ်သံကြောင့် အချစ် အတိုင်းမသိ ၀မ်းသာပျော်ရွှင်သွားရတယ်။ လှမ်းကြည့်လိုက်တော့ လှေတစ်စီးပေါ်မှာ တည်ကြည်တဲ့ရုပ်သွင်နဲ့ ထူးခြားသူတစ်ဦး။ အချစ်က လက်ကမ်းပေးလာတဲ့ သူ့ရဲ့လက်ကို တင်းတင်းဆွဲဆုပ်ယူလိုက်ရင်း လှေပေါ်ကို ခုန်တက်လိုက် တယ်။ လှေပေါ်ရောက်တော့ သူ့ထက်အရင်ရောက်နေတဲ့ အသိဥာဏ်ကို တွေ့လိုက်ရ လို့ အချစ် ၀မ်းသာသွားရတယ်။ ဒါနဲ့ အချစ်က အသိဥာဏ်ကို လှမ်းမေးလိုက်တယ်။

“ အသိဥာဏ်ရေ… သူက ဘယ်သူလဲ… အချစ် သူ့ကို မသိပါလား…၊ အသိဥာဏ်ကရော ဘယ်တုန်းထဲက လှေပေါ် ရောက်နေရတာလဲ”

“အချစ်က အချစ်ရဲ့ဝန်းကျင်က တခြားခံစားချက်တွေအပေါ် အာရုံရောက်နေလို့ သတိမပြုမိတာပါ၊ သူက ကိုယ့်တို့ရဲ့အမြဲတမ်း မိတ်ဆွေကောင်းတစ်ယောက်၊ တကယ်တော့ သူက ကိုယ်တို့တွေနဲ့ အမြဲတမ်းအတူတူ ရှိနေသူ တစ်ယောက်ပါ”

“တကယ်….”

အချစ် တအံ့တသြဖြစ်နေမိတယ်။ အချစ်နဲ့အမြဲတမ်းအတူရှိနေသူကို အချစ်ဘာလို့ မသိရတာ ပါလိမ့်။ အသိဥာဏ်က ပြုံးပြီး ထပ်ပြောလိုက်မှ အချစ်က သူ့ဘ၀မှာ အမှန်တကယ် အရေးကြီးတဲ့အရာ၊ အမှန်တကယ် လိုအပ်နေတဲ့အရာက ဘာလဲဆိုတာကို သိသွားရတယ်။

“အချစ်ရဲ့… သူ့နာမည်က အချိန်တဲ့၊ အချိန်ကာလကသာ အချစ်ရဲ့တန်ဘိုးကို သိနားလည်နိုင်စွမ်း ရှိတယ်ကွဲ့…”

အချစ် စိတ်ထဲ သိမ့်ခနဲဖြစ်သွားရတယ်။ လုံခြုံမှုတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရရှိလိုက်သလို သေချာမှု တစ်ခုကပါ ဒွန်တွဲလာတယ်ဆိုတာ အချစ် ခံစားမိလိုက်တယ်။ အချိန်နဲ့အချစ် လက်ဖ၀ါးချင်း မြဲမြဲဆုတ်ကိုင်ထားလိုက်မိတယ်။ ကျွန်းကလေးက ပင်လယ်ရေအောက် တဖြည်းဖြည်း နစ်မြုပ်သွားတာကို အချစ်တို့နှစ်ယောက်လုံးနဲ့အတူ အသိဥာဏ်ရော  မြင်နေရတယ်။ ဒီကျွန်းလေးနဲ့ အတူ စွန့်ခွာရမယ့်သူတွေကိုပါစွန့်ခွာရင်း အချစ်အတွက် တကယ်တမ်းက ဘာကို လိုအပ်တယ် ဆိုတာ သိခွင့်ရခဲ့လို့ အချစ် ကျေနပ်နေမိတယ်။

လှေကလေးက တရွေ့ရွေ့နဲ့ ပင်လယ်ထဲမှာ သွားနေတယ်။ လှေပေါ်မှာတော့ အသိဥာဏ်က လှေကို ပဲ့ကိုင်လို့။ အခုတော့ အချိန်ရဲ့ရင်ခွင်ထဲမှာ အချစ်က ရဲဝံ့စိတ်ချစွာဖြင့်…။ သူတို့သွားနေတဲ့ ဘ၀မြို့လေးဆီသို့….။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
Posted in ရာသီစာ, အသိသစ်တံခါးချပ်များ | 14 Comments

ချည်နှောင်ထားခြင်းခံရသူလေးများ

Number of View: 6203

1b

ကျွန်မကို ခရီးသွားရင် ဘယ်သွားမလဲ ရွေးချယ်ခိုင်းတိုင်း Beachလို့ပဲ ပြောမိပါတယ်။ ပင်လယ်ကမ်းခြေကို ကျွန်မ အင်မတန်နှစ်သက်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ ငြီးငွေ့ဖွယ်ရာ ပုံစံခွက်ထဲကနေ ခေတ္တရုန်းထွက်ပြီး သန့်ရှင်းတဲ့လေပြည်ကို ရှူရှိုက်၊ နူးညံ့တဲ့သဲပွင့်တွေနဲ့   ခြေထောက်ရဲ့   အထိအတွေ့၊ ဘန်ဂလိုသစ်သားအိမ်လေးထဲက ပင်လယ်ဆားငန်ရည်ရနံ့လေး သင်းနေတဲ့ လေကို ရှူရှိုက်ပြီး လတ်ဆတ်တဲ့ ပင်လယ်စာ ငါး ပုဇွန်တွေကို အ၀စား၊ ဒီအရသာတွေကို ကျွန်မဘာနဲ့မှ မလဲနိုင်အောင် နှစ်သက်လှပါတယ်။ အနားသတ်မရှိတဲ့   ကောင်းကင်ပြင်ကြီးအောက်က ပင်လယ်ပြင်ကြီးရဲ့ လှိုင်းပုတ်သံကို ငေးမောနားထောင် ရတာဟာ ကျွန်မအတွက် ဘာနဲ့မှ မလဲနိုင်စရာ။ ဒီလိုနဲ့ ချောင်းသာကို ချောင်းပေါက်မတတ်သွားခဲ့တာ အခုဆိုရင် ခြောက်ကြိမ်နီးပါးရှိပြီ။

ဒီတစ်ကြိမ်ကတော့ ရုံးက လုပ်ဖော်ကိုင်ဖက်ညီမတွေနဲ့ အတူသွားတာမို့ အိမ်က မိသားစုလဲမပါ။ အလုပ်တာဝန်တွေ၊ နိစ္စဓူဝတွေ အကုန်မေ့ထားလို့ ကျွန်မတို့ ညီအစ်မတွေ ပင်လယ်ပြင်ကြီးဆီ အရောက် သွားခဲ့ဖြစ်ပါတယ်။ ကမ်းခြေမှာ အတူပါလာတဲ့ညီမတွေက လူငယ်တွေပီပီ   ပြေးလွှား၊ကစား၊ ရေကူးနေကြတာ မြင်တော့ အိမ်မှာ အဖေဖြစ်သူနဲ့ ကျန်ခဲ့တဲ့ သားကို ကျွန်မ သတိရလာပါတယ်။ သားဆီကို ဖုန်းလှမ်းဆက်တော့ “သား.. ဖေဖေနဲ့   အေးအေးဆေးဆေးပဲ   မေမေ.. စိတ်မပူနဲ့” လို့ ပြောရှာပါတယ်။ ကျောင်းစာမေးပွဲက နောက်တစ်ပတ်ထဲရှိတာမို့ စာတွေလွတ်မှာ စိုးရိမ်စိတ်နဲ့ မလိုက်ခဲ့တဲ့သားကို “ ဘာဝယ်ခဲ့ရမလဲ.. ဘာမှာဦးမလဲ” မေးတော့ အကြောင်းသိတဲ့သားက “ ဘာမှ မ၀ယ်ခဲ့နဲ့… မေမေ စာရေးဖို့ ကုန်ကြမ်းတွေသာ ယူလာခဲ့” လို့ ဖုန်းထဲကနေ အမေ့ရဲ့စိတ် နေသာအောင်ပြောပါတယ်။

ချောင်းသာခရီးက လာနေကျလည်းဖြစ်၊ ဒီတစ်ခေါက် ထူးခြားမှုဆိုလို့ တစ်ခါမှ မရောက်ဘူးသေး တဲ့ ကျောက်မောင်နှမကမ်းခြေကို ဆိုင်ကယ်စီးပြီး သွားခဲ့ရတာပဲ ရှိခဲ့တယ်။ ကျန်တာတွေက ကျွန်မနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား။  ဒါပေမယ့် ချောင်းသာခရီးကနေ ရန်ကုန်ပြန်မယ့် မနက်ခင်းမှာ မနက်၆နာရီလောက် ကမ်းခြေတလျှောက်ကနေ ဘုရားလေးရှိရာအထိ ရုံးက ညီမစုမွန်နဲ့အတူ ကျွန်မ စောစောထ လမ်းလျှောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့တည်းခိုတဲ့ ဟော်တယ်က ချောင်းသာမြို့ အ၀င်နားဆိုတော့ ဘုရားနားအထိရောက်ဖို့ ဖြေးဖြေးမှန်မှန် လျှောက်ရင်တောင် နာရီဝက်ခန့်   လျှောက်ရပါတယ်။

ဘုရားနားအရောက်မှာ ပလတ်စတစ်လက်ဆွဲပုံး ကိုယ်စီကိုင်ထားတဲ့ ၁၀နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ ၇နှစ်ခန့် ကလေးလေးတစ်ယောက် ကျွန်မတို့အနားရောက်လာပြီး “ကုသိုလ်ရအောင် ဂဏန်းလွှတ် ပါလား အန်တီ”ဆိုပြီး တတွတ်တွတ်ရွတ်ကာ လိုက်လာပါတယ်။ ဘုရားဖူးချင်စိတ် ကဲနေတာကြောင့် “မလွှတ်တော့ပါဘူး ကလေးတို့ရယ်”ဆို ပြောပြီး ဘုရားမှာ အသင့်ဝယ်လိုရတဲ့ ဆွမ်းကပ်လှူဖြစ်ခဲ့ပါတယ်။ ကလေးနှစ်ယောက်က ကျွန်မကို စွဲဆောင်လို့ မရတော့တဲ့အဆုံး စိတ်လျှော့ကာ နောက်ထပ် ခရီးသည် တစ်ယောက်ဆီ ချဉ်းကပ်နေစဉ်မှာ ကျွန်မဘုရားဝတ်ပြုဖို့ အစပြုလိုက်ပါတယ်။

ဘုရားဖူးအပြီး တည်းခိုတဲ့ဟော်တယ်ဘက်ကို ကမ်းခြေတလျှောက် လမ်းလျှောက်ပြီး ပြန်အလာမှာ ခုနအလာတုန်းကလိုမျိုး ရေပုံးလေးတွေ ဇလုံလေးတွေကိုယ်စီနဲ့ ဘုစုခရုကလေးတစ်အုပ်နဲ့  ထပ်မံ ဆုံဖြစ်ပြန်ပါတယ်။

          “ အန်တီ… ဂဏန်းလွှတ်ပါ.. ဂုံးလွှတ်ပါ… တစ်ကောင်မှ တစ်ရာထဲပါ..”

          “ သားဆီက ၀ယ်ပါ”

          “ သမီးဆီက ၀ယ်ပါ”

ကလေးတစ်အုပ်က ကမ်းခြေမှာလမ်းလျှောက်နေတဲ့ ကျွန်မနဲ့စုမွန်ရဲ့ နဘေးနားကနေ အုပ်စုလိုက်ကြီး လိုက်ပါလာပါတယ်။

          “ အန်တီတို့ ကုသိုလ်ဖြစ်ဂဏန်းလေးတွေ လွှတ်ပါဦး”

          “ လျှော့ပေးပါ့မယ်”

          “ဈေးဦးမပေါက်သေးလို့ပါ”

တဆာဆာပြောပြီး လိုက်လာတဲ့ကလေးတွေရဲ့ အရွယ်လေးတွေက အကြီးဆုံးမှ ၁၀နှစ်သာသာ၊ အငယ်မလေးဆို ၅နှစ်လောက်ပဲ ရှိဦးမယ်။ သူတို့ အိကျီ င်္လေးတွေက နွမ်းဖတ်နေပေမယ့် သန့်ရှင်းနေတယ်။ မျက်နှာမှာ သနပ်ခါးကိုယ်စီ အဖွေးသားနဲ့။ ဦးထုတ်လေးတွေ ဆောင်းထား ကြပေမယ့်   ခြေထောက်မှာ ဖိနပ်ကိုယ်စီ မပါရှာပါဘူး။

ဒါနဲ့ လျှောက်လက်စခြေလှမ်းတွေ ခဏရပ်ပြီး ကလေးတစ်ယောက်ကို သမီးအဖေဘာလုပ်လဲ   မေးမိတော့ “ ဆိုင်ကယ်တက္ကစီ မောင်းတယ်.. အိမ်မှာ မရှိဘူး”တဲ့။ ဒါဆို အမေရောဆိုတော့ “ အိမ်မှာ ကလေးမွေးထားတာ မကြာသေးလို့”တဲ့။ ဒီအရွယ်လေးတွေက အိမ်ဝမ်းစာအတွက် မနက်စောစော ချမ်းချမ်းစိမ့်စိမ့်ထဲမှာ သောင်ပြင်ပေါ် ဖိနပ်မပါပဲ ဈေးရောင်းနေကြရှာတာ။

ကြည်စင်တဲ့မျက်နှာလေးတွေနဲ့၊ သူတို့ရဲ့ ပလတ်စတစ်ပုံးလေးတွေ ကိုယ်စီမှာ ဂဏန်းအရှင် ပိစိလေးတွေ၊ ဂုံးလေးတွေ လေးငါးဆယ်ကောင်လောက် ယက်ကန်ယက်ကန်နဲ့။ ပုံးထဲ ဇလုံထဲက ဂဏန်းလေးတွေကို ရေစိုအ၀တ်စုတ်လေးတွေနဲ့ အေးနေအောင်လို့ ဖုံးအုပ်ထားတယ်။

 Camera 360

“ အဲ့တာ ဖမ်းထားတာလား” လို့ မေးမိတော့ “ သားတို့မဖမ်းဘူး၊ ဈေးထဲမှာ သွားဝယ်ရတာ ပြီးမှ ပြန်ရောင်းတာ၊ အားလုံးအရှင်တွေချည်းပဲ”တဲ့။ သူတို့အားလုံးဆီက ဂဏန်းသေးသေးလေးတွေကို အားလုံး ပေါင်းကြည့်လိုက်တော့ အတော်လေးများသွားပြီ။ “အားလုံးဝယ်ရင် လျှော့ပေးပါ့မယ်”ဆိုပြီး ကလေး တစ်ယောက်က ကျွန်မကို  ဈေးဆွယ်နေပြန်သေးတယ်။ ဒါနဲ့ ကလေးအားလုံးကို သနားတာရော၊ ပျော်ရွှင်စေချင်တာရောကြောင့် စုမွန်နဲ့ကျွန်မ အချင်းချင်း မျက်စပစ်ပြရင်းက သူတို့လေးတွေရဲ့ ဂဏန်းတွေ အားလုံးကို နှစ်ယောက်ပေါင်း သုံးထောင်ကျပ်နဲ့ဈေးတည့်ပြီး ၀ယ်လိုက်တယ်။ မျှော်လင့်ချက် မျက်ဝန်းလေးတွေ ကိုယ်စီက အရောင်တဖိတ်ဖိတ် လင်းလက်သွားပြီး ၀မ်းသာအားရအပြုံးတွေက မျက်နှာတိုင်းမှာ ဖိတ်လျှံသွားတယ်။

Camera 360

ကလေးတစ်ယောက်က ဂဏန်းအားလုံးကို ဇလုံအကြီးကြီးတစ်ခုထဲပေါင်းထည့်လိုက်တယ်။ ပြီးတော့ သဲပြင်ပေါ် အားပါးတရထိုင်ချလိုက်ရင်း အိတ်ထဲက ခဲတံချွန်တဲ့မောင်းချဓားလေးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ဂဏန်းလေးတွေ ပြေးထွက်လို့မရအောင် ခြေထောက်တွေမှာ တုတ်နှောင်ထားတဲ့ ကြိုးလေးတွေကို ဓားနဲ့ လှီးဖြတ်လိုက်တယ်။ ကလေးရဲ့လက်ကို ဓားရှမှာ စိုးလို့ ကျွန်မမှာ အသည်းတယားယား။ ကိုယ်တိုင် လှုပ်စိလှုပ်စိနဲ့ ဂဏန်းလေးတွေကို ကိုင်တွယ်ဖို့ကလဲ မ၀ံ့ရဲ။ ကလေးငယ်ကတော့ ယုံကြည်မှုရှိရှိနဲ့ ခြေထောက်က ကြိုးတွေကို တစ်ကောင်ပြီး တစ်ကောင်ဖြတ်နေတယ်။ ကြိုးလွတ်သွားတဲ့ ဂဏန်းငယ်လေးတွေက ဇလုံထဲမှာ ရွထနေတယ်။ ကလေးတွေကလည်း တစ်ယောက်တစ်ပေါက် ဆူညံပွက်လို့။

Camera 360

ဂဏန်းလေးတွေအားလုံးရဲ့ ခြေထောက်က ကြိုးတွေကို ဖြတ်ပြီးချိန်မှာတော့  ဂဏန်းငယ်လေးများက လွတ်မြောက်တော့မယ်ဆိုတဲ့အသိနဲ့ ဇလုံထဲမှာ လှုပ်လှုပ်ရှားရှား။ ကျွန်မလက်ထဲ လှမ်းပေးလိုက်တဲ့ ဇလုံကို ယူလို့ လှိုင်းအကျမှာ ရေစပ်ကို ကျွန်မ ပြေးဆင်းခဲ့တယ်။ ဇလုံနှုတ်ခမ်းကို သဲပြင်နဲ့ထိလို့ စောင်းပေးလိုက်တော့ ဂဏန်းလေးတွေက အသက်ဘေးက လွတ်ပြီဆိုတဲ့ စိတ်နဲ့လားမသိ၊ ဇလုံထဲကနေ သောင်ပြင်၊ သောင်ပြင်ပေါ်ကနေ ပင်လယ်ရေထဲကို တရွရွနဲ့ အလုအယက် ပြေးဆင်းကြတယ်။

5b

လှိုင်းပြန်အတက်မှာ ကျွန်မလုံခြည်ရဲ့   အောက်နားစတွေ ရေထဲမြုပ်သွားသလို၊ ဂဏန်းလေးတွေလဲ ရေထဲ မြုပ်ပါပျောက်ကွယ် သွားကြတယ်။

5a

နောက်ဆုံးလက်ကျန် ဂဏန်းငယ်လေးသောင်ပြင်ကနေ တရွေ့ရွေ့နဲ့ ရေထဲ ဆင်းသွားတော့ သောင်ပြင်မှာ သူ့ရဲ့ မနိုင်ရင်ကာ ခြေရာလေးက ဖွဖွထင်ကျန်ခဲ့တယ်။   နောက်တစ်ကြိမ် လှိုင်းပြန်တက်လာတော့ သောင်ပြင်မှာ ခုနက ထင်ကျန်ရစ်ခဲ့တဲ့ ခြေရာလေးကို ပင်လယ်ရေက တိုက်စားသွားတယ်။

ကလေးတွေ အားလုံးက ရပ်ကြည့်နေကြတယ်။

သူတို့အကြည့်တွေက ပင်လယ်ပြင်ကြီးနဲ့ စည်းချက်ကျကျ တက်လိုက်ဆင်းလိုက် လူးလာသွားလာနေတဲ့ ရေလှိုင်းတွေကို ကြည့်နေတာလား…။ ဒါမှမဟုတ် ရန်ကုန်မြို့သူ ကျွန်မ၊ ပုံမကျပမ်းမကျ ဂဏန်းလွှတ် နေပုံကို ရပ်ကြည့်နေတာလား။ ဒါမှမဟုတ် နောက်လူတွေကို ရောင်းဖို့ ဂဏန်းလေးတွေ ထပ်သွားယူဖို့ တွေးနေတာလား။

ကျွန်မထုတ်ပေးလိုက်တဲ့ ဂဏန်းဖိုးငွေ သုံးထောင်ကို အကြီးဆုံးကလေးရဲ့လက်ထဲ ထည့်ပေး လိုက်တယ်။ ကျန်ကလေးတွေကို ဂဏန်းဖိုးပြန်ရှင်းပေးဖို့လဲ သေချာမှာ ရသေးတယ်။ ပြီးတော့ သူတို့ကို ကျွန်မအမှတ်တရ ဓာတ်ပုံရိုက်ခွင့်တောင်းတယ်။ ဓာတ်ပုံရိုက်ချိန် ငြိမ်ပြီး အိုက်တင် ထုတ်နေကြတဲ့ သနပ်ခါး အဖွေးသားနဲ့ မျက်နှာလေးတွေက ပကတိအပြစ်ကင်းစင်လို့။

Camera 360

ကျွန်မတို့ ကလေးတွေ ဂဏန်းတွေနဲ့နှစ်ပါးသွားနေတာ အတော်ကြာနေပြီ။ မနက်စာကို ဟိုတယ်မှာ ပြန်စားပြီး၊ ရန်ကုန်အပြန် ကားလာအကြိုကို စောင့်ရမှာမို့ ကလေးတွေကို နှုတ်ဆက်ပြီး စုမွန်နဲ့ကျွန်မ ဟိုတယ်ဘက်ကို ခပ်မြန်မြန်လေး ပြန်လျှောက်လာခဲ့ကြပါတယ်။ စုမွန်က ဟိုတယ်မှာ အိပ်ကျန်ရစ်ခဲ့တဲ့ ညီမတွေကို မနက်စာသွားစားဖို့ အဆင်သင့်ပြင်ထားဖို့ ဖုန်းနဲ့ လှမ်းသတိပေးပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မလက်ကို အေးစက်တဲ့အတွေ့တစ်ခုက လာထိပါတယ်။ ကျွန်မ လှည့်ကြည့်လိုက်တော့ အစောပိုင်း ဘုရားနားမရောက်ခင်က ဂဏန်းဝယ်ပါဆို လိုက်ပြောတဲ့ မောင်နှမနှစ်ယောက်။ ကလေးမလေးက မျက်နှာမကောင်းလှပဲ….

          “ အန်တီက သမီးတို့ ရောင်းတာကျတော့ မ၀ယ်ဘူး၊ ခု သူတို့ဆီကကျတော့ ၀ယ်တယ်”

         “ ဟုတ်တယ်.. သားတို့လည်း ခုထိ ဈေးဦးမပေါက်သေးဘူး..နည်းနည်းတော့ ၀ယ်ပါနော် ”

သူတို့ရဲ့ အသံတိုးလျလျနဲ့ မျက်ဝန်းစိုစိုက တောင်းပန်နေသလိုမို့ ကျွန်မနဲ့စုမွန် တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်မိသွားတယ်။ မောင်နှမနှစ်ယောက်ရဲ့ သနားကမား ပုံစံလေးတွေကြောင့် ကျွန်မတို့ စိတ်မထိမ်းနိုင်တော့ပါဘူး။ ကျွန်မတို့ ကလေးနှစ်ယောက်နဲ့အတူ ဂဏန်းခြေထောက်က ချည်နှောင်ထားတဲ့ ကြိုးလေးတွေကို ၀ိုင်းဖြည်ပေးကြပါတယ်။ ပြီးတော့ ဇလုံထဲက ဂဏန်းတွေကို သူတို့မောင်နှမနှစ်ယောက်နဲ့ အတူ ပင်လယ်ကြီးထဲ ထပ်မံလို့ တပျော်တပါး လွှတ်ကြပြန်ပါတယ်။

Camera 360

ကျွန်မတို့နှစ်ယောက် မောင်နှမနှစ်ယောက်ကို ကျသင့်ငွေ ပေးချေလိုက်ပါတယ်။ သူတို့ရဲ့ လက်ဖ၀ါး သေးသေးလေးတွေထဲမှာတော့ ကျွန်မတို့ပေးလိုက်တဲ့ ငွေတစ်ထောင်တန်နှစ်ရွက်က ကျစ်ကျစ်ပါအောင် လိပ်ပြီး ပါသွားခဲ့တယ်။

အဲ့ဒီနေ့က သက်ရှိဂဏန်းကောင်လေးတွေ တော်တော်များများ ကျွန်မတို့လက်ချက်နဲ့ ပင်လယ်ထဲမှာ ကူးခပ်ခွင့်ပြန်ရခဲ့ကြတယ်။ ဂဏန်းကောင်လေးတွေက သောင်ပြင်ကနေ လှုပ်လှုပ်ရွရွနဲ့ ပင်လယ်ရေ မျက်နှာပြင်ထဲ တိုးဝှေ့ဝင်သွားခဲ့တယ်။ ရေပြင်ထဲ လွတ်လွတ်လပ်လပ်နဲ့ ကူးခပ်နေမယ့် ဂဏန်းလေးတွေကို အတွေးနဲ့ မြင်ယောင် ကြည့်ယုံနဲ့တင် ပျော်စရာ။

ဒါပေမယ့် ကျွန်မက ထုံးစံအတိုင်း အတွေးပွားမိပြန်တယ်။ ကျွန်မတို့ ငယ်ငယ်က သူငယ်တန်း သင်ပုန်းကြီးဖတ်စာအုပ်ထဲမှာ သင်ယူခဲ့ရဖူးတယ်။

“ဂငယ်ဂဏန်း ရေမှာဖမ်း”တဲ့။ ကာလရွေ့လျားလာတော့ “ဂငယ်ဂဏန်းသင် ပြုံးရွှင်ရွှင်”တဲ့။  ချောင်းသာက ဒီကလေးငယ်လေးတွေကတော့ ဂငယ်ဂဏန်းသချာင်္ကို ပြုံးပြုံးရွှင်ရွှင် သင်ယူဖို့က မသေချာပေမယ့်၊ဂငယ်ဂဏန်းကိုတော့ ရေမှာ ကောင်းကောင်းဖမ်းတတ်နေသူများ ဖြစ်နေပါတယ်။

ပင်လယ်ပြင်က ဂဏန်းလေးတွေကတော့ ၀ယ်သူတွေ့ရင် ကြိုးအဖြည်ခံရပြီး ပင်လယ်ကြီးထဲ လွတ်မြောက်တိုးဝင် ပျော်မြူးနိုင်ပါသေးတယ်။ ဒီကလေးငယ်လေးတွေကို တုတ်နှောင်ထားတဲ့ မိသားစုတာဝန် ဆိုတဲ့ ကြိုးတွေကတော့ သူတို့လေးတွေကို တရစ်ပတ်ပတ်နဲ့ ရုန်းမရအောင် အထပ်ထပ် နှောင်တည်းထားခြင်း ခံနေရဦးမယ်ဆိုတာ…။ သူတို့လေးတွေ ဘယ်လောက်ထိများ ပမ်းလျနေကြရဦးမယ်ဆိုတာ…။

1e

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
Posted in အက်ဆေး/ ရသစာတမ်း | 5 Comments

ဤခရီး ဝေးလွန်းပါသလား

Number of View: 10204

1

ညနေစောင်း ရုံးဆင်းချိန်မို့ ရန်ကုန်မြို့လယ်လမ်းမတစ်လျှောက် လူစည်ကားနေပါတယ်။ မနက်ဖြန် ရုံးထမင်းဘူး ကျောင်းထမင်းဘူးအတွက် ညဈေးဝင်ပြီး ဟင်းလျာဝယ်ခြမ်းရဦးမှာမို့ ကျွန်မရဲ့ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ပါတယ်။ လမ်းမကြီးရဲ့ ထောင့်ချိုးအကွေ့ကိုရောက်ချိန် ညာဘက်က မာလကာသီးရောင်းသူရဲ့ ဈေးဆိုင်းထမ်းကို အရှောင်မှာ ကျွန်မရဲ့ဘယ်ဘက်က တစ်စုံတစ်ခုနဲ့ အမှတ်မထင် ၀င်တိုက်မိပါတယ်။

“အိုး” လို့ ကျွန်မနှုတ်က ထွက်သွားတဲ့ မရှေးမနှောင်းမှာပဲ “ဒေါ်ကြီး…ကန်တော့…ကန်တော့” ဆိုတဲ့ ကလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။

ပီနံအိတ်ကို ပခုံးမှာတင်ပြီး ခါးကိုင်းညွတ်မတတ် ဆွဲလာတဲ့ ၁၀နှစ်အရွယ် ယောကျာ်းလေး တစ်ယောက်။ သူ့မျက်ဝန်းက ကျွန်မကို ၀င်တိုက်မိလို့ အားတုန့်အားနာဖြစ်နေတဲ့ပုံ။ အိတ်ထဲက မောက်လျှံထွက်နေတာက ရေသန့်ဘူးခွံအလွတ်တွေ။  သူလို လမ်းဘေးမှာ   ရေသန့်ဘူးခွံ လိုက်ကောက်တဲ့ ကလေးတစ်ယောက်က ကျွန်မကို အခုလို ယဉ်ယဉ်ကျေးကျေး   တောင်းပန်လိုက်တော့ အံ့သြသွားရတယ်။

ကလေးက အိမ်က သားဖြစ်သူ ခြောက်တန်းကျောင်းသားထက်တောင် ငယ်မယ့်အရွယ်။  ကလေးတွေကို စိတ်ဝင်စားတတ်သူပီပီ၊ ကျွန်မနဲ့ မလှမ်းမကမ်းကနေ သွားနေတဲ့သူ့ကို   ခေါင်းဖျားခြေအဆုံး မိန်းမတို့ရဲ့မျက်လုံးနဲ့ အကြမ်းဖျဉ်း အကဲခတ်မိလိုက်တယ်။

ကလေးတစ်ယောက်အနေနဲ့ အနည်းငယ် ရှည်သယောင်ရှိနေပေမယ့် သပ်ရပ်စွာ ဖြီးသင်ထားတဲ့ ဆံပင်၊ အရောင်လွင့်နေပေ မယ့် သေချာလျှော်ဖွတ်ထားပုံရတဲ့ အ၀တ်အစား၊ ဟောင်းနွမ်းပေမယ့် သန့်ရှင်းနေတဲ့ ရာဘာဖိနပ်အ၀ါ၊ နောက်… သူ့ရဲ့ဂရုဏာ သက်စရာ မျက်နှာလေး။ ကျွန်မကို   ကျော်တက်ပြီး အရှေ့ကနေလျှောက်သွားတဲ့ သူ့ကို စိတ်က မရည်ရွယ်မိပဲ လှမ်းခေါ်လိုက်မိတယ်။

“ဟိတ်..ကလေး… နေဦး..ခဏလေး..”

 ခေါ်သံကြောင့် ကလေးက ကျွန်မကို ရပ်စောင့်နေတယ်။ သူ့အနား ကျွန်မရောက်တော့ လမ်းအတူတူ ဆက်လျှောက်ဖြစ်ရင်း ကျွန်မနှုတ်က မေးခွန်းတချို့ လျှံကျလာတယ်။

“ ဘူးခွံတွေ တပုံကြီးပါလား… ဘယ်က ရလာတာလဲ..”

သူက ကျွန်မကို မျက်လုံးတစ်ချက်ဝင့်ကြည့်ပြီး -

“ ကောက်လာတာပါ…”

“ ဟုတ်လား…ဘယ်က ကောက်လာတာလဲ”

“ကောက်လာတာတော့ နေရာအနှံ့ကပါပဲ ”

မေးစရာမလိုပဲသိနေနိုင်တဲ့ ကျွန်မရဲ့မေးခွန်းတွေက အတော့်ကို အူကြောင်ကြောင်နိုင်လှပေမယ့်  ဒီကလေးကို ချဉ်းကပ်ဖို့ ဒီလိုမေးခွန်းမျိုးနဲ့ စလိုက်မိတယ် ထင်မိတာပါပဲ။

“ကောက်ရလာတာတွေ ပြန်ရောင်းတာပေါ့”

ကလေးက ခေါင်းညိတ်ပြတယ်။ ကျွန်မက သူ့ရဲ့ပုခုံးပေါ် ပီနံအိတ်ခွံအိတ်ထဲက   ပြူထွက်နေတဲ့   ရေဘူးခွံတွေကို ကြည့်ပြီး မေးမိတယ်။

“ ဟာ.. ဒါဆို တစ်နေ့တစ်နေ့ မနည်းဘူး ရမှာပေါ့..”

“ မရပါဘူး.. တစ်ဘူးငါးကျပ်နဲ့ အများဆုံးရရင် ငါးရာပဲရတာ”

ကျွန်မစိတ်တွက်နဲ့ ခန့်မှန်းတွက်ကြည့်လိုက်တယ်။ အလိုလေး.. တစ်နေ့ကို ဘူးခွံတစ်ရာတောင် သူကောက်ရတာပါလား။ ကျွန်မတို့ လမ်းအတူတူလျှောက်ရင်းက စကားအပြန်အလှန်   ပြောဖြစ်နေကြတယ်။ ဖြတ်သွားဖြတ်လာတွေက ကျွန်မတို့နှစ်ယောက်ကို အကဲခတ်အကြည့်နဲ့ ကြည့်သွားကြတယ်။

“ ဘယ်အချိန်တွေမှာ ကောက်တာလဲ ”

“ ကျောင်းဆင်းချိန် ပြီးတာနဲ့ မြို့ထဲထွက်လာပြီး လိုက်ကောက်တော့တာပဲ …”

ဒီဘူးခွံတွေ လိုက်ကောက်တဲ့ကလေးက ကျောင်းသားတစ်ယောက်လို့ သိလိုက်ရလို ကျွန်မရဲ့ စိတ်ဝင်စားမှု အရှိန်က ပိုမြင့်သွားရတယ်။ အခုမှတွေ့တဲ့ ကလေးတစ်ယောက်ရဲ့ဘ၀ကို မမေးသင့်မှန်းသိပေမယ့် ကျွန်မရဲ့သိချင်စိတ်ကနေ ရုတ်ချည်း တွန်းပို့ခြင်းခံလိုက်ရတာမို့    နှုတ်က မေးခွန်းတွေ ဆက်တိုက်ထွက်လာခဲ့တယ်။

 “ သားက ဘယ်နှတန်းလဲ၊  အဖေနဲ့အမေကရော ဘာလုပ်လဲ”

 “ ကျွန်တော်က ငါးတန်း၊ အဖေက ဘာမှမလုပ်ဘူး၊ အမေကတော့ ကျွန်တော်လိုပဲ လိုက်ကောက်တယ်..”

အို.. ဒီကလေးက ငါးတန်းကျောင်းသားတစ်ယောက်ပါလား၊ အဖေက ဘာမှမလုပ်ဘူးဆိုတော့ ၀တ္တုတွေထဲကလို အရက်တောထဲ မွေ့လျော်နေသူကြီး ဖြစ်နေမှာပေါ့။ ကျွန်မအတွေးကို ကလေးက ရိပ်စားမိလေသလားမသိ။

“ အဖေက အရင်က ဆိုက်ကားနင်းတယ်၊ ကားတိုက်ခံရလို့ ခြေထောက်ထိသွားထဲက ဘာမှ မလုပ်နိုင်တော့ဘူး၊ အိမ်မှာ ဒီတိုင်းပဲ နေနေရတာ”

တက်တက်စင်လွဲသွားတဲ့ ကျွန်မရဲ့အတွေးကြောင့် ကလေးကို ကျွန်မ အင်မတန်မှ အားနာသွားရတယ်။ ၀တ္တုထဲက ဇာတ်လမ်းတွေထက် အပြင်က လက်တွေ့ဘ၀တွေက ပိုလို့တောင် ဇာတ်နာနေသေးတာကို ကျွန်မ နားနဲ့စပ်စပ် ကြားသိလိုက်ရတယ်။ ကျွန်မတို့နှစ်ယောက် တဖြည်းဖြည်းလျှောက်လာကြရင်းက ကျွန်မ ဆက်မေးမိပြန်တယ်။

“ သားမှာ မောင်နှမ ဘယ်နှယောက် ရှိသလဲ”

“ ငါးယောက်ရှိတယ်၊ ကျွန်တော်က အကြီးဆုံး”

ဘုရားရေ.. ဒါဆို သူ့အောက်က အငယ်တွေက ဘုစုခရုတွေပဲပေါ့။ ယုံကြည်ချက်အပြည့်နဲ့ သူ့ကိုယ်သူ အကြီးဆုံးလို့ ပြောလိုက်တဲ့ ကလေးရဲ့သနားကမားမျက်နှာလေးကို ကျွန်မကြည့်ရင်း သက်ပြင်းမောချလိုက်မိတယ်။ အရွယ်နဲ့မမျှတဲ့ အိမ်တာဝန်ကို ယူနေရတဲ့ လူမမယ်ကလေး တစ်ယောက်။

“ သား ဘယ်မှာနေလဲ၊ ကျောင်းတစ်ဖက်နဲ့ဆိုတော့ ဘူးခွံတွေ ဘယ်လိုကောက်သလဲ”

“ ဒေါပုံမှာနေတာ၊ ကျောင်းက နေ့လည် တစ်နာရီဆင်းတယ်။ ကျောင်းဆင်းတာနဲ့ အိမ်ပြန် အိကျီ င်္လဲပြီး စကောက်တော့တာပဲ၊ ညရှစ်နာရီလောက်မှ အိမ်ကိုပြန်တယ်၊ အဲ့လောက်   ကောက်တာတောင် တစ်ခါတစ်လေ နှစ်ရာ သုံးရာလောက်ပဲ ရတယ်၊ ကိုယ့်ဟာကိုယ် လိုက်ရှာကောက်ရတဲ့နေ့တွေဆို ပိုက်ဆံရနည်းတယ်၊ ဆိုင်တွေက သိမ်းပေးထားတဲ့ ဘူးခွံတွေ ရတဲ့နေ့ဆို ၀င်ငွေမဆိုးဘူး”

ဆယ်နှစ်အရွယ်ကလေးက အိမ်အတွက် ပိုက်ဆံရှာ၊ ၀င်ငွေအကြောင်းတွေ ပြောပြနေတာကို ကျွန်မ တအံ့တသြ နားထောင်နေရတယ်။ သူ့ပုံစံက သိမ်ငယ်မှုမရှိဘူး။ သူလုပ်ရမယ့် တာဝန်တစ်ခုကို သူ သေသေချာချာ လုပ်နေသလိုမျိုး။ ညရှစ်နာရီမှ မြို့ထဲကနေ ဒေါပုံကို ပြန်မယ့် ဒီကလေးကို ကျွန်မ စိတ်ပူလာပြန်တယ်။ ဒါနဲ့ “ဒေါပုံဆိုတော့ ဘတ်စ်ကားစီးရင် သိပ်တော့ မဝေးဘူးပေါ့နော် ” လို့ ပြောလိုက်မိတယ်။

“ ကျွန်တော်က လမ်းလျှောက်ပြန်တာ၊ ဘတ်စ်ကားစီးရင် ညရှစ်နာရီဆို ဘယ်ကားစီးစီး တစ်ရာပေးရတော့ လမ်းပဲ လျှောက်ပြန်တယ် ”

ခြေတိုအောင် ရန်ကုန်မြို့ထဲရဲ့လမ်းမတလျှောက် အားရအောင်မွှေပြီးမှရလာတဲ့ ရေသန့်ဘူးခွံ   ရောင်းရငွေငါးရာ။ အိမ်အပြန် ကားခတစ်ရာ ကုန်သွားမှာစိုးလို့ ရန်ကုန်မြို့ထဲကနေဒေါပုံကို လမ်းလျှောက်ပြန်တဲ့ ဆယ်နှစ်အရွယ်ကလေးရဲ့ တာဝန်သိစိတ်။ ကျွန်မရဲ့ မသိသားဆိုးဝါးလွန်းတဲ့ အမေးကြောင့် ကလေးကို အင်မတန်မှ အားတုန့်အားနာ ဖြစ်သွားမိတယ်။

ကလေးက အတူတူ လျှောက်နေရာက ကျွန်မကို လမ်းခွဲဖို့ ဟန်ပြင်နေလေပြီ။ သူက တစ်ဘက်ကားလမ်းမကြီးဆီသို့ လမ်းဖြတ်ကူးဖို့ ဦးတည်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်မလက်က အလိုလို လက်ကိုင်အိတ်ကို ဖွင့်ပြီးသားဖြစ်နေတယ်။ ပိုက်ဆံအိတ် ပြားချပ်ချပ်ထဲက တစ်ထောင်တန်တစ်ရွက်ကို ကျွန်မထုတ်ယူလိုက်တယ်။ ကျွန်မ ဒီကလေးကို ဂုဏ်ပြုတဲ့အနေနဲ့ မုန့်ဘိုးလေး နိုင်သလောက် ပေးကိုပေးလိုက်ချင်မိတယ်။ ကလေးက ကားလမ်းဖြတ်ကူးကာနီး ကျွန်မကို အသာနောက်ပြန် ငဲ့ကြည့်လိုက်တယ်။ ကလေးရဲ့မျက်ဝန်းနဲ့ ဆုံလိုက်ချိန် ဒုတိယံမ္ပိ ကျွန်မ အားတုန့်အားနာဖြစ်သွားရတယ်။ သမာအာဇီဝနဲ့ အရွယ်နဲ့မမျှ အိမ်တာဝန်ကို မျှဝေယူနေရတဲ့ ဒီဘူးခွံကောက်တဲ့ကလေးရဲ့ ရိုးသားစွာ တာဝန်ယူချင်စိတ်ကို ဘာမဟုတ်တဲ့ ငွေတစ်ထောင်ကျပ်နဲ့ ကျွန်မ ဖျက်လိုဖျက်စီး လုပ်သင့်ပါသလား။ ဒီငွေတစ်ထောင်က ဒီကလေးကို စော်ကားသလိုများ   ဖြစ်နေလေမလား။ ကျွန်မစိတ်တွေ ဝေခွဲမရ။ ချီတုံချတုံနဲ့။ ဘာပဲဖြစ်ဖြစ် ကလေးနဲ့ လမ်းမခွဲခင် တစ်ခုခုတော့ ကျွန်မ လုပ်ပေးလိုက်ချင်တယ်။

လက်ထဲက တစ်ထောင်ကျပ်ကို ကျွန်မအိတ်ထဲ ပြန်ထည့်လိုက်ပေမယ့် ကားလမ်းဖြတ်ကူးဖို့   ပြင်နေတဲ့ ကလေးကို ကျွန်မလှမ်းခေါ်လိုက်တယ်။ ကျွန်မ ခေါ်သံကြောင့် ကလေးက ကျွန်မဘက်   ပြန်လှည့်လာတယ်။

“ သား… ဘာစားထားသလဲ… ဗိုက်ဆာနေတယ်မဟုတ်လား ”

ကျွန်မနှုတ်က မရည်ရွယ်ထားတဲ့ စကားလုံးတွေ ထွက်ကျလာတယ်။ ကလေးရဲ့မျက်လုံးလေးက ၀င်းလက်သွားပြီး “ဟုတ်ကဲ့.. ကျွန်တော် ဗိုက်ဆာနေတာ ဒေါ်ကြီးက ဘယ်လိုသိသလဲ” လို့ သူ့ဝမ်းဗိုက်လေးကို ပွတ်လျှက်က မေးလာတယ်။

“ ဒေါ်ကြီးမှာ သားအရွယ် သားလေးတစ်ယောက်ရှိတယ်လေ.. ဒါကြောင့် သိတာပေါ့..”

ကလေးက ပြုံးတယ်။ သူ့အပြုံးက နွမ်းနွမ်းလေးရယ်။ ကျွန်မ ကလေးကို ဦးဆောင်ပြီး ပလက်ဖောင်းဘက် ပြန်ခေါ်လာတယ်။ ရန်ကုန်မြို့ရဲ့ ညနေပလက်ဖောင်းတွေက   ဈေးဆိုင်များနဲ့   ခြေချင်းလိမ်လို့။

“ ကဲ… သား ဘာစားချင်သလဲ ပြော… ကြိုက်တာ အ၀စား”

 ကလေးက ပလက်ဖောင်းတလျှောက်မှာ ရှိနေတဲ့ စားစရာဆိုင်တွေကို ဝေ့၀ဲကြည့်တယ်။ ပလက်ဖောင်းပေါ်က စားစရာ ဆိုင်ငယ်မျိုးစုံက ပခုံးပေါ် ပီနမ်အိတ်အိတ်ကြီး လွယ်ထားတဲ့ ကလေးအတွက် ရွေးချယ်ရခက်စေသလားမသိ။ အဆုံးမှာတော့ ကလေးက မလှမ်းမကမ်းမှာရှိတဲ့ ဆိုင်းထမ်းနဲ့ရောင်းတဲ့ လက်သုတ်စုံသည်ကို ရွေးလိုက်တယ်။

“ ကြာဇံသုတ်စားမယ် ဒေါ်ကြီး၊ ချဉ်ငန်စပ်လေး စားချင်တာ၊ တစ်ပွဲဆို ၀ပါပြီ…”

ကျွန်မက ဈေးသည်ကို ကလေးအတွက် အသုတ်တစ်ပွဲပြင်ခိုင်းပြီး၊ ပါဆယ်နှစ်ပွဲကို အချဉ်ရည် သီးသန့်အိတ်နဲ့ ထည့်ခိုင်း လိုက်တယ်။

“ သား…အိမ်အတွက် ယူသွားနော်…၊ ညီလေး ညီမလေးတွေကို ကျွေးပေါ့”

“ ကျေးဇူတင်ပါတယ် ဒေါ်ကြီး”

ကလေးက ကြာဇံသုတ်ကို ပလုတ်ပလောင်းစားလျှက်က ကျေးဇူးစကားဆိုနေတာကို ကျွန်မ ဂရုဏာသက်စွာ ကြည့်နေ မိတယ်။ အသုတ်သုံးပွဲဖိုး ကိုးရာကျပ်ကို ကျွန်မရှင်းပေးလိုက်တယ်။ ကလေးက သူ့ဘူးခွံထုတ်ကြီးကို ရတနာထုတ်ကြီးအလား ဆိုင်ရဲ့ထိုင်ခုံနဘေးမှာ တယုတယ ထားပြီး ကြာဇံသုတ်ကို မြိန်ရည်ယှက်ရည်နဲ့စားတယ်။ ကျွန်မ ကလေးကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ။

“ သား… အခု ငါးတန်းဆိုတော့ စားကြိုးစားနော်… ဆယ်တန်းအောင်သွားရင် သားအခုလို ပင်ပင်ပမ်းပမ်း မလုပ်ရ တော့ဘူးပေါ့… ပညာတတ်ကြီးဖြစ်အောင် ကြိုးစားရမယ်နော်”

ကလေးက တွေခနဲ တစ်ချက်တော့ ဖြစ်သွားသေးတယ်။ ဒါပေမယ့် ကလေးက ခေါင်းလေး ညိတ်ပြတယ်။ ရတဲ့လခလေးနဲ့ ရန်ကုန်မြို့ကြီးရဲ့ တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေကို မနည်းကျားကန်နေရတဲ့ ဘွဲ့ရပညာတတ်ကျွန်မရဲ့စကားက ကလေးအတွက် မုသားများ
ဖြစ်နေလေမလား။ ကျွန်မ မသိ။ လတ်တလော ဒီကလေးကို ကျွန်မနှစ်သိမ့်ပေးနိုင်တာက ဒီထက် မပိုနိုင်တော့ပေမယ့် ကျွန်မ လုပ်ပေးလိုက်နိုင်တာလေးအတွက်တော့ ကျွန်မ ကျေနပ်သည်။

ခက်ခဲပင်ပမ်းစွာနဲ့ ရုန်းကန်နေရတဲ့ ဘ၀တွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ များစွာရှိနေပါလား။ ဒီကလေးလို ဘ၀မျိုးတွေနဲ့ ဆုံရပြန်တော့ ကိုယ့်ရဲ့သောက၊ ဒုက္ခဆိုတာ ဘာမျှမဟုတ်တော့။ ကျွန်မတို့က ကိုယ့်ရဲ့သားသမီးများအတွက် ဇောတွေကပ်ပြီး ကောင်းပေ့ညွန့်ပေ့တွေ   ရွေးချယ်နေချိန်မှာ၊ ဒီလိုကလေးများကတော့ ရွေးချယ်မှုမဲ့စွာ သူတို့ဘ၀လေးတွေ ရပ်တည်ဖို့ အတွက် ကူသူကယ်သူမဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လို့ ခွန်အားတွေ   မွေးယူနေကြရတာ။

အရွယ်နဲ့မမျှတဲ့ ဘ၀ရဲ့အားမာန်တွေ၊ တာဝန်သိတတ်မှုတွေ၊ ယုံကြည်ချက်တွေရှိနေတဲ့ ဒီလို ကလေးများစွာရဲ့ အနာဂတ်ခရီး ကို မှန်းမြင်ကြည့်မိတော့ တကယ့်ကို မရေမရာ။ မသေချာ။ ကျွန်မတို့ကရော ဒီလိုကလေးမျိုးကို ဘယ်လို ဖေးမပေးကြမလဲ။ ကျွန်မတို့ကိုယ်တိုင်ကရော ရုပ်အားသာမက စိတ်အားပါ ကြံ့ခိုင်မှုရှိနေပါရဲ့လား။ မသေချာ။ ကျွန်မ မသေချာပါ။

ကျွန်မတို့ တစ်ယောက်တစ်လက် ၀ိုင်းဝန်းကူကြမယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူးဆိုတဲ့ စိတ်နဲ့၊ ဟိုး….အဝေးကို မှန်းမျှော်လို့ တွေးကြည့်မိလိုက်တယ်။

ဤ…ခ….ရီး….ဝေး….လွန်း…ပါ….သ…..လား….။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
Posted in အသိသစ်တံခါးချပ်များ, လေးစားထိုက်သူများ | 13 Comments

PEN Myanmar ဆိုတာ…

Number of View: 5009

1381539_579071815463521_621160363_aအခုတလော PEN Myanmarနဲ့ ပတ်သက်တဲ့ သတင်းတွေက စာရေးသူတွေ၊ စာချစ်သူတွေအကြား ဟိုနားတစ်စ၊ သည်နားတစ်စနဲ့ ပျံ့နေခဲ့ပါတယ်။ ပရင့်မဂ္ဂဇင်းတွေ ဂျာနယ်တွေသာမက အွန်လိုင်းပေါ်မှာပါ PEN Myanmarနဲ့ ပတ်သက်တဲ့ သတင်းတွေရောက်လာပြီး၊ ပြန်လည်မျှဝေဖြစ်တဲ့အခါ စိတ်ဝင်စားလို့ မေးခွန်းတွေ မေးလာတဲ့ သူတွေ ရှိခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလ(၂၇)ရက်နေ့၊ အမျိုးသားအောင်ပွဲနေ့မှာ PEN Myanmarရဲ့ BOD (၉)ဦးနဲ့ ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် PEN Myanmarဆိုတာ ဘာလဲ၊ PEN Myanmarက ဘာတွေများ လုပ်ဆောင်မလဲဆိုတာကို သိချင်နေသူများ၊ PEN Myanmarမှာ အဖွဲ့ဝင်ဖြစ်လိုသူများ သေသေချာချာ သိရအောင် PEN Myanmar Working Committeerရဲ့ သတင်းနဲ့ပြန်ကြားရေးမှာ ပါဝင်သူတစ်ယောက်အနေနဲ့ စုဆောင်းထားတဲ့ အချက်အလက်များကို PEN Myanmar ရွေးကောက်ပွဲမတိုင်မီ မျှဝေလိုက်ရပါတယ်။

  • PEN International ဆိုတာ..။

PEN Myanmarအကြောင်းမပြောခင် PEN Internationalနဲ့ အရင်ထိတွေ့ပေးချင် ပါတယ်။ နိုင်ငံတကာမှာ သိရှိလက်ခံထားတဲ့ PEN Internationalဟာ ၁၉၂၁ခုနှစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ  Poets, Playwrights, Editors, Essayistsနဲ့ Novelistsကို ကိုယ်စားပြုတဲ့ PENဆိုတဲ့အမည်နဲ့ စတင်အခြေပြုခဲ့ပြီး၊ စာရေးဆရာ ပြဇာတ်ရေးသူ ကဗျာဆရာမတစ်ဦးဖြစ်တဲ့ အင်္ဂလန်နိုင်ငံသူ Mrs C.A. Dawson Scott ဆိုသူက စတင်တည်ထောင်ခဲ့ပါတယ်။  PENဟာ ကမ္ဘာ့အစောဆုံး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (Non-Government Organization) တစ်ခုဖြစ်ခဲ့ပါတယ်။

11eဆရာမျိုးမြင့်ညိမ်း

  • စာရေးဆရာများအချင်းချင်းအကြား နားလည်မှုနဲ့တကွ အသိပညာအချင်းချင်း ပူးပေါင်း ဖလှယ်မှု တိုးမြှင့်စေရန် ။
  • ကမ္ဘာ့တစ်ဝှမ်း ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေရန် စာပေသည် အဓိကအခန်းကဏ္ဍမှ အရေးပါကြောင်းကို ပိုမိုအာရုံ စိုက်လာစေရန်အတွက် ကမ္ဘာလုံးဆိုင်ရာစာရေးဆရာ အသိုင်းအ၀ိုင်းတစ်ခု တည်ဆောက်နိုင်ရန်။
  • ခေတ်သစ်ကမ္ဘာမှာ ခြိမ်းခြောက်ခြင်းခံနေကြရတဲ့ စာပေလောက ရှင်သန်ရပ်တည်ခြင်းကို ကာကွယ်သွားနိုင်ရန်။

…စတဲ့ အချက်တွေက PEN ရဲ့ အဓိက ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။

PENကို စတင်ထူထောင်ချိန်မှစပြီး (၄)နှစ်တာကာလအတွင်း ဥရောပတစ်ဝန်းမှာ PEN Centreပေါင်း(၂၅)ခု ပေါ်ပေါက်လာခဲ့တယ်။ ၁၉၃၁ခုနှစ်မှာ တောင်အမေရိကနဲ့ တရုပ်နိုင်ငံ တို့မှာလည်း PEN Centreပေါင်း မြောက်များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၃၉ခုနှစ်မှာ Argentia, Bolivia, Brazil, Canada, Chile, Colombia, Egypt, India, Japan, Mexico, New Zealand, Palestine, Uruguay, USAတို့နဲ့အတူ အခြားနိုင်ငံပေါင်းများစွာ  PENအဖွဲ့ဝင်နိုင်ငံ များ ဖြစ်လာကြပါတယ်။ ယခုအခါ ကမ္ဘာ့နိုင်ငံ(၁၀၁) နိုင်ငံမှာ PEN Centresပေါင်း (၁၄၀)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တွင် PEN International လို့ အမည်ပြန်လည် ခေါ်တွင်စေပြီး ကမ္ဘာတစ်လွှားမှာရှိတဲ့ စာရေးဆရာများအတွက် “လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် (Freedom of Expression)၊ ငြိမ်းချမ်းရေး (Peace)နှင့် ရင်းနှီးချစ်ခင်မှု (Friendship)” တို့ကို အခြေခံကာ ကမ္ဘာအနှံ့မှ စာရေးဆရာများရဲ့ အခွင့်အရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကိုယ်စားပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

  • PEN International နဲ့ မြန်မာနိုင်ငံမှ စာရေးဆရာများ ဘယ်လို ဆက်သွယ်မိကြသလဲ။

PEN Internationalနဲ့  မြန်မာစာရေးဆရာများ စတင် ထိတွေ့ရခဲ့ချိန်ကတော့ သိကြတဲ့အတိုင်း မြန်မာနိုင်ငံမှ စာရေးဆရာများ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျခံနေရချိန် PEN Internationalမှ ဦးစီးပြီး အခြားနိုင်ငံများရှိ PEN Memberများ အားလုံးက မြန်မာစာရေးဆရာများ လွတ်မြောက်ရေးအတွက် အားတက်သရော ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းဟာ PEN Myanmar စတင်ဖြစ်ပေါ်ဖို့  အခြေခံအုတ်မြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ PEN International က မြန်မာနိုင်ငံမှ အကျဉ်းကျ စာရေးဆရာများ လွတ်မြောက်မှုအတွက် အစဉ်တစိုက် ဖိအားပေးဆောင်ရွက်ခဲ့ပါတယ်။ သိသလောက် မြန်မာနိုင်ငံက အကျဉ်းကျခံခဲ့ရဘူးတဲ့ စာရေးဆရာများဖြစ်တဲ့ ဆရာမျိုးမြင့်ညိမ်း၊ ဆရာမင်းလူ၊ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)တို့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ ဆရာမ မသီတာ(စမ်းချောင်း)(၁၉၉၅)၊ ဆရာ ဖျာပုံနီလုံဦး(၂၀၀၂)နဲ့ ကိုနေဘုန်းလတ် (၂၀၀၉)တို့ PEN Freedom to write Barbara Goldsmith award ဆုများ ရရှိခဲ့ပါတယ်။

a6မသီတာ(စမ်းချောင်း)မှ ရှင်းလင်းပြောကြားစဉ်

  • PEN Myanmar အစ။

မြန်မာနိုင်ငံမှာ အာဏာရှင်စံနစ်မှ ဒီမိုကရေစီစံနစ်ကို ကူးပြောင်းပြီးချိန်နောက်ပိုင်း စာပေလွတ်လပ်ခွင့်တွေ ရရှိလာတဲ့ ဒီကနေ့မှာ မြန်မာနိုင်ငံရဲ့စာရေးဆရာများအရေးကို အမြဲမျက်ခြေမပြတ်ခဲ့တဲ့ PEN Internationalနဲ့ ဆရာမသီတာ(စမ်းချောင်း)တို့ PEN Myanmarအတွက် ပြန်လည်ဆက်သွယ်မိပြီး မြန်မာနိုင်ငံမှာ PEN Myanmar အသက်ဝင်လာစေဖို့ အခွင့်အလမ်းတွေ စတင်ရရှိလာခဲ့ပါတယ်။

PEN Internationalရဲ့ နှစ်ပတ်လည်ကွန်ဂရက်မတိုင်မီ လပိုင်းအလိုမှာ PEN Internationalရဲ့ အမှုဆောင်အရာရှိ အပါအ၀င်၊ အခြားနိုင်ငံများမှ PEN အဖွဲ့ဝင်အချို့   မြန်မာနိုင်ငံကို   ရောက်လာခဲ့ကြပြီး ညီလာခံအမီ မြန်မာနိုင်ငံအနေနဲ့ လိုအပ်တာပြင်ဆင်ပြီး PEN Myanmar အဖြစ် တရားဝင်ဖွဲ့စည်းစေလိုကြောင်း၊ အဲ့ဒီလို ဖွဲ့စည်းနိုင်ဖို့ PEN Internationalရဲ့ ကွန်ဂရက်မှာ PEN Myanmar ဖွဲ့စည်းဖို့ ပြင်ဆင်နေတာများကို လာရောက်တင်ပြဖို့ တိုက်တွန်းပြောကြား လာပါတယ်။

a10စာရေးဆရာများ တွေ့ဆုံဆွေးနွေး

ကွန်ဂရက်အမီ ရတဲ့အချိန်ကာလတိုလေးအတွင်းမှာ စာရေးဆရာများရဲ့လက်မှတ်များ၊ ဖွဲ့စည်းပုံရေးဆွဲရေး စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရယူလုပ်ဆောင်ဖို့ အချိန်မရတော့တာမို့၊ ယာယီWorking Committeeကို ဆရာမ မသီတာ(စမ်းချောင်း)အပါအ၀င် (၂၅)ဦးနဲ့ အလျင်အမြန် ဖွဲ့စည်းခဲ့ပါတယ်။၊ ကွန်ဂရက်အမီ ဖွဲ့စည်းပုံမူကြမ်းကို ယာယီWorking Committeeပါ အဖွဲ့ဝင်များမှ PEN Internationalမှ ပေးပို့လာတဲ့ မူပေါ်အခြေပြုပြီး ၀ိုင်းဝန်းညှိနှိုင်းရေးဆွဲကာ ကွန်ဂရက်တင်ဖို့ အရင်ကြိုးစားခဲ့ကြပါတယ်။ အဓိကကတော့ PEN Myanmar ပေါ်ပေါက်လာဖို့ နောက်နှစ် ကွန်ဂရက် ကျင်းပချိန်အထိ စောင့်ဆိုင်းမနေချင်တော့ပဲ ဒီ၂၀၁၃နှစ်ကွန်ဂရက်မှာ အချိန်မီ တင်သွင်းနိုင်ဖို့ အရင်ဆုံးဖြတ်ခဲ့ပြီး၊ ခွင့်ပြုချက်ကျလာပြီးနောက်ပိုင်းမှ PEN Myanmarညီလာခံကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကာ ဒါရိုက်တာအဖွဲ့ဝင်များ၊ ကော်မတီဝင်များအား အများဆန္ဒဖြင့်   ရွေးကောက်တင်မြှောက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

11b

  • PEN Myanmar အဖြစ် ခွင့်ပြုပြီ။

 ပြီးခဲ့တဲ့ ၉.၉.၂၀၁၃ မှ ၁၃.၉.၂၀၁၃အထိ Iceland နိုင်ငံ၊ Reykjavikမြို့လေးမှာ ကျင်းပခဲ့တဲ့ PEN Internationalရဲ့ (၇၉)ကြိမ်မြောက်ကွန်ဂရက်ကို PEN Americanမှ ပေးအပ်တဲ့ဆုကို ရရှိထားတဲ့ ကိုနေဘုန်းလတ်က မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ပြီး၊ PEN Myanmar ဖွဲ့စည်းနိုင်ရေးအဆိုကို တင်သွင်းခဲ့ရာမှာ ကွန်ဂရက်ကျင်းပစဉ် ရက်ပိုင်းအတွင်း အခြား PENနိုင်ငံများရဲ့ မဲပေးထောက်ခံမှုနဲ့ PEN Myanmarဖွဲ့စည်းနိုင်ဖို့ ချက်ချင်းပင် ခွင့်ပြုချက်ရခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက် အကြောင်းကြားစာကိုတော့ ၃.၁၀.၂၀၁၃နေ့မှာ ထပ်မံ ရရှိခဲ့ပါတယ်။

UntitledPEN Internationရဲ့(၇၉)ကြိမ်မြောက်
ကွန်ဂရက်တက်ရောက်ခဲ့တဲ့ ကိုနေဘုန်းလတ်

  • ဆောင်ပုဒ်နှင့် ရည်ရွယ်ချက်

“လွတ်လပ်စွာရေးသား ထုတ်ဖော်ခွင့်ကိုကာကွယ်ရန်နှင့် သစ်လွင်သော စာပေယဉ်ကျေးမှု   ပေါ်ထွန်းလာစေရန်” ဆိုတာက PEN Myanmar ရဲ့ ဆောင်ပုဒ်ဖြစ်ပြီး၊ PEN Myanmar ရဲ့ ရည်ရွယ်ချက်ကတော့ -

(၁)သစ်လွင်သောစာပေယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်လာရန်။
(၂)လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကိုကာကွယ်ရန်နှင့်မြှင့်တင်ရန်။
(၃)ကျောင်းပညာရေးနှင့် ရသစာပေကို ပေါင်းကူးဆက်စပ်ရန်နှင့် မြှင့်တင်ရန်..တို့ ဖြစ်ပါတယ်။

a9

  • PEN Myanmar အဖြစ် ခွင့်ပြုပြီးနောက် လုပ်ဆောင်ရန်များ။

PEN Myanmarအဖြစ် ခွင့်ပြုချက်ရပြီးနောက် အများဆန္ဒနဲ့ BODနဲ့ ကော်မတီဝင်များ ရွေးကောက် တင်မြှောက်ဖိုနဲ့ ညီလာခံကျင်းပဖို့ကို ပထမဦးစားပေး လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး (၁၇.၁၀.၂၀၁၃)နေ့မှာ စာရေးဆရာများ၊ မီဒီယာများနှင့်တွေ့ဆုံရန့် သတင်းစာမှတဆင့် အသိပေးဖိတ်ကြားခဲ့ပါတယ်။ တစ်ချိန်ထဲမှာလဲ မြန်မာပြည်အနှံ့အပြားမှာ ရှိတဲ့ စာရေးဆရာများ သိနိုင်ရန် သတင်းဆောင်းပါးများအား သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှတဆင့် ဖိတ်ခေါ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပြီး တာဝန်များ ခွဲဝေယူကြပါတယ်။ PEN Myanmarရဲ့ ရွေးကောက်ပွဲနေ့ကိုလဲ ၂၇.၁၁.၂၀၁၃ – အမျိုးသားအောင်ပွဲနေ့မှာ ပြုလုပ်ဖို့ သတ်မှတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ အလွှာ၅ခုဖြစ်တဲ့ ရသ၀တ္တု (၂)ဦး၊ ကဗျာ (၂)ဦး၊ ထုတ်ဝေသူ (၂)ဦး၊ အယ်ဒီတာ (၂)ဦး၊ အွန်လိုင်း (၁)ဦး – စုစုပေါင်း (၉)ဦး ပါဝင်တဲ့ BODနဲ့ ကော်မတီဝင်များကို ရွေးချယ်မှာ  ဖြစ်ပါတယ်။   ကော်မတီများကိုတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း(၅)ရပ်ဖွဲ့စည်းဖို့ရည်ရွယ်ထားပါတယ်။

၁။ ဘာသာပြန်နှင့် ဘာသာစကားဆိုင်ရာ အခွင့်အရေး ကော်မတီ။
(Translation & Linguistic Rights Committee)

၂။ အမျိုးသမီးစာရေးဆရာများကော်မတီ။
( Women Writers Committee)

၃။ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများ ကော်မတီ။
( Writers for Peace Committee)

 ၄။ ထောင်တွင်းစာရေးဆရာများ ကော်မတီ။
(Writers in Prison)

 ၅။ PEN Myanmar၏ လှုပ်ရှားဆောင်ရွက်မှုများကို အကောင်အထည်ဖော်မည့် ကော်မတီ။

 a10

  • PEN Myanmarနဲ့ အခြားစာပေဆိုင်ရာ အသင်းအဖွဲ့များရဲ့ ကွာခြားမှု

PEN Myanmarဟာ PEN International ရဲ့ Family Memberဖြစ်ပြီး၊ PENရဲ့ချမှတ်ထားတဲ့ မူ၊ ၀ါဒ၊ ခံယူချက်များ၊ ပဋိညာဉ်များကို နှစ်သက်တယ်ဆိုရင်ဖြင့် မိမိရဲ့ လွတ်လပ်သော သဘောဆန္ဒအရ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။ PEN Myanmarဟာ မြန်မာနိုင်ငံမှာရှိတဲ့ စာရေးဆရာများ အားလုံးကိုသော်၎င်း၊ အခြား အသင်းအဖွဲ့များ၊ သမဂ္ဂများမှ စာရေးဆရာများအားလုံးကိုသော်၎င်း၊ ကိုယ်စားမပြုပါဘူး။ တခြား စာပေဆိုင်ရာအဖွဲ့အစည်း တစ်ခုခုမှာ ရာထူးတာဝန်တစ်ခုခုယူထားသူများသည်လည်း PEN Myanmar မှာ ဂုဏ်ထူးဆောင်အဖွဲ့ဝင် (သို့) ဧည့်အဖွဲ့ဝင် ဖြစ်လာနိုင်ပေမယ့် Director Board အဖွဲ့ဝင် (BOD)အဖြစ်တော့ ရွေးချယ်ခံခွင့် မရှိပါဘူး။

a7

  • မန်ဘာကြေး

PEN Myanmar မှ PEN International ကို နှစ်စဉ်ကြေး ပေးသွင်းရသလို၊ PEN Myanmar အဖွဲ့ဝင်တိုင်းကလဲ သတ်မှတ်ထားတဲ့ အဖွဲ့ဝင်ကြေး လစဉ်ပေးသွင်းရန် လိုအပ်ပါတယ်။ လစဉ်အဖွဲ့ဝင်ကြေးကို လောလောဆည် တစ်လ ၃၀၀၀ကျပ် သတ်မှတ်ထာပြီး၊ ဧည့်အဖွဲ့ဝင်များကို တစ်လ ၁၀၀၀ကျပ် သတ်မှတ်ထားပါတယ်။ ၂၇.၁၁.၂၀၁၃နေ့မှာ ကျင်းပမဲ့ PEN Myanmar ညီလာခံမှာ အဖွဲ့ဝင်ကြေးအတိအကျကို ဆုံးဖြတ်သတ်မှတ်မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်အဖြစ်   လျှောက်ထားသူများအား BODမှ ဆုံးဖြတ်ရွေးချယ်ပြီးချိန်မှ အဖွဲ့ဝင်ကြေး စတင်ပေးသွင်းရမှာ   ဖြစ်ပါတယ်။ ကောက်ခံရရှိတဲ့ အဖွဲ့ဝင်ကြေးများဖြင့် PEN International သို့ နှစ်စဉ်ကြေး   ပေးသွင်းသွားမှာဖြစ်သည့်အပြင်၊ လစဉ်လှုပ်ရှားမှုများမရှိတဲ့ PENနိုင်ငံများကို PEN Internationalမှ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ရပ်တံ့ခွင့်ရှိနေတာကြောင့် အဖွဲ့ရဲ့ လစဉ်လှုပ်ရှားမှုများ အတွက်လဲ အဖွဲ့ဝင်ကြေးများမှ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ငွေစာရင်းရှင်းတမ်းကို ရွေးကောက် တင်မြှောက်ထားတဲ့ စာရင်းအဖွဲ့မှ ပွင့်လင်းမြင်သာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

11a

  • အဖွဲ့ဝင်နဲ့ ဧည့်အဖွဲ့ဝင်

အဖွဲ့ဝင်ဖြစ်စေ၊ ဧည့်အဖွဲ့ဝင်ဖြစ်စေ တင်သွင်းလာတဲ့ Member Formများကို ရွေးကောက် တင်မြှောက်ထားတဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှ စီစစ်ရွေးချယ်ပြီးမှ အဖွဲ့ဝင်အဖြစ် လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရမဲ့သူများက အောက်ပါအချက်များနဲ့ ကိုက်ညီရပါမယ်။

 ၁။ ယခုလက်ရှိ စာရေးနေသူဖြစ်ရပါမယ်။ အဖွဲ့ဝင်အဖြစ်လျှောက်လွှာ တင်သွင်းတဲ့ နေ့ရက် မတိုင်မီ တစ်နှစ်အတွင်း   စာပေလက်ရာတစ်ခုခုကို အများပြည်သူဖတ်ရှုနိုင်တဲ့ မီဒီယာတစ်ခုခုမှာ   ဖော်ပြ ပါရှိပြီး ဖြစ်ရပါမယ်။

၂။ တည်းဖြတ်သူရှိတဲ့ မီဒီယာများမှာ ဖော်ပြပါရှိတဲ့ လက်ရာများအားလုံး အကျုံးဝင်ပါတယ်။

၃။ ကိုယ်တိုင်တည်းဖြတ်တဲ့ မီဒီယာများမှာ ဖော်ပြပါရှိတဲ့ လက်ရာများဖြစ်ပါက စာပေလက်ရာရဲ့ အရည်အသွေးပေါ်မူတည်ပြီး BOD ရဲ့ဆုံးဖြတ်ချက်အတိုင်းသာ အတည်ဖြစ်ပါလိမ့်မယ်။

၎။ အများပြည်သူဖတ်ရှုနိုင်တဲ့ မီဒီယာဆိုရာမှာ ပုံနှိပ်နဲ့အီလက်ထရောနစ် မီဒီယာများအားလုံး အကျုံးဝင်ပါတယ်။

a5

စာရေးသူတွေမဟုတ်ပေမယ့် အဖွဲ့ရဲ့ရပ်တည်ချက်ကို စိတ်ဝင်စားပြီး ပါဝင်ချင်သူများကိုလည်း ဒါရိုက်တာဘုတ်အဖွဲ့မှ ဧည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးနိုင်ပါတယ်။ အဲ့ဒီအထဲမှာ စာအုပ်စာပေ ရပ်ဝန်းမှစိတ်ပါဝင်စားသူများ၊ စာချစ်သူအဖွဲ့များနဲ့ ကျောင်းသားတချို့ အကျုံးဝင်မှာပါ။   ကျောင်းသားများဟာ လူငယ်မျိုးဆက်သစ်များ ဖြစ်တဲ့အပြင်၊ ကျောင်းနံရံကပ် စာစောင်များမှာ လည်း စာတည်းများရှိတဲ့အတွက် အဖွဲ့ဝင်အဖြစ် ခြွင်းချက်ထား သတ်မှတ်ပေးမှာ   ဖြစ်ပါတယ်။ PENရဲ့အခြေခံဖွဲ့စည်းပုံအရ ဧည့်အဖွဲ့ဝင်များက Director Boardအဖွဲ့တို့၊ အခြား လုပ်ငန်းကော်မတီတို့ကို မဲပေးရွေးချယ်နိုင်ပေမဲ၊့ ကိုယ်တိုင်ကတော့ Boardအဖွဲ့ဝင်အဖြစ် အရွေးချယ်ခံခွင့် မရှိပါဘူး။ သို့သော် အဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ အတူတကွ ပူးပေါင်းပါဝင် အားဖြည့်နိုင်ပါတယ်။

11d

  • အဖွဲ့ဝင်နဲ့ ဧည့်အဖွဲ့ဝင်

PEN Myanmar ညီလာခံကျင်းပမဲ့ ၂၆.၁၁.၂၀၁၃နေ့အထိ အောက်ပါလိပ်စာသို့ အဖွဲ့ဝင်ပုံစံများကို ပတ်စပို့ဆိုဒ်ဓာတ်ပုံ(၂)ပုံနှင့်အတူလျှာက်လွှာတင်နိုင်ပါတယ်။ အဖွဲ့ဝင်လျှာက်လွှာများကို
ရွေးကောက်ပွဲနေ့မနက်(၉း၃၀)နာရီ နောက်ဆုံးထား၍ လျှောက်လွှာ တင်နိုင်ပါတယ်။   လျှောက်လွှာများကို BODအဖွဲ့မှ စီစစ်ပြီး အဖွဲ့ဝင်အဖြစ်ကိုက်ညီသူများကို ညီလာခံနေ့ရက်   နောက်ပိုင်းမှာ ကြေညာပေးသွားမှာ   ဖြစ်ပါတယ်။

PEN Myanmar (ယာယီ) လိပ်စာ။
ပဲ့တင်သံဂျာနယ်တိုက်၊
အခန်း(၄၀၁)၊ တိုက်အမှတ် (၁၇)၊ ၅၂လမ်း (အောက်)၊
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပတ်။ 01-9010501
အီးမေးလ်။ [email protected]
PEN International Website: http://www.pen-international.org
facebook : https://www.facebook.com/penmyanmar

PEN Myanmar အဖွဲ့ဝင်အဖြစ် ပါဝင်လိုသူများအတွက် လျှောက်လွှာပုံစံကို ဤနေရာမှရယူပါ။

  • PEN Myanmar ရွေးကောက်ပွဲ

 PEN Myanmar ရွေးကောက်ပွဲကို အာရှပလာဇာဟိုတယ်မှာ ၂၇.၁၁.၂၀၁၃ ရက်နေ့၊ မနက် (၉း၀၀)မှ ညနေ(၅း၀၀)အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ နယ်ဝေးမှ စာရေးဆရာများ ပါဝင်Voteလုပ်နိုင်ရေးအတွက်လည်း စီစဉ်နေပါတယ်။ ညီလာခံအတွက် ဖိတ်စာကိုတော့ တစ်ဦးတစ်ယောက်ချင်းလိုက်ဖိတ်မနေတော့ပဲ သတင်းစာကနေ ရက်ပိုင်းအတွင်း   ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

11

နိဂုံးချုပ်ပြောရရင်တော့ PEN Myanmarဟာ အခုအခါမှာ ကမ္ဘာအနှံ့က PEN Centerတွေရဲ့ Networkမှာရှိနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပါပြီ။ မကြာမီအချိန်ကာလမှာ အများရဲ့မဲဆန္ဒနဲ့   ရွေးကောက်ခံရမယ့် BODနဲ့ ကော်မတီဝင်များ ပေါ်ပေါက်လာတော့မှာပါ။ PEN Myanmarရဲ့ သတ်မှတ်ထားတဲ့ အချက်အလက်များက PEN International ရဲ့ သတ်မှတ်ထားတဲ့ အချက်အလက်များအပေါ် အခြေခံထားပါတယ်။

PEN Myanmarမှာ နယ်မှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ မြန်မာစာရေးဆရာများအားလုံး ပါဝင်နိုင်ပါတယ်။ ထို့အပြင် တိုင်းရင်းသား သာသာစကားဖြင့်ရေးသားထားပြီး၊ စာတည်းရှိတဲ့ နယ်ပယ်မျိုးမှာ ရေးသားနေတဲ့ မည်သည့်တိုင်းရင်းသား ဘာသာစကား ရေးသားသူကိုမဆို BOD၏ ဆုံးဖြတ်ချက်ဖြင့် ပါဝင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

a3PEN Myanmarဖြစ်မြောက်ရေး ဆောင်ရွက်သူ ဆရာ/ဆရာမများ

PEN Myanmar အဖွဲ့ဝင်တစ်ဦး သင်သာဖြစ်ခဲ့ရင် နိုင်ငံတကာရဲ့စာပေဆိုင်ရာ   ဆောင်ရွက်မှုများကို သိလာနိုင်သလို၊ လွတ်လပ်စွာရေးသားထုတ်ဖော်ထားတဲ့ မိမိရဲ့ရသစာပေ လက်ရာများကို ကာကွယ်ခွင့်ရလာပါမယ်။ ဒါ့အပြင် အဖွဲ့ဝင် စာရေးဆရာများအချင်းချင်း ရင်းနှီးနွေးထွေးစွာနဲ့ စာပေရေးရာလှုပ်ရှား ဆောင်ရွက်မှုများကို အတူတကွဆောင်ရွက်ခွင့် ရရှိလာပါလိမ့်မယ်။ ဒါ့အပြင် PEN International အဖွဲ့ကြီးရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်ကိုယ်တိုင် ဖြစ်ခွင့်ရလာ ပါလိမ့်မယ်။

မိမိရဲ့စိတ်ဆန္ဒနဲ့ လွတ်လပ်စွာပါဝင်လာတဲ့ စာရေးသူများဟာ PEN Myanmarရဲ့ အဖွဲ့ဝင်များဖြစ်လာတာနဲ့အညီ၊ PEN Myanmarရဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များကို အတူတကွ ၀ိုင်းဝန်းအကောင်အထည်ဖော်ခွင့် ရလာကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ပါဝင်စားကြသူ စာရေးဆရာများသာမက စာပေချစ်သူများကိုပါ ဖိတ်ခေါ်အပ် ပါတယ်။

(ဒီဆောင်းပါးမှာပါတဲ့ အချက်အလက်များက PEN Myanmareနဲ့ ပတ်သက်တဲ့ updateသတင်းမှန် သမျှတင်ပေးနေတဲ့ PEN Myanmarရဲ့ facebook Fan Pageမှာ ဖော်ပြထားတဲ့ အချက်အလက်များကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။)

“PEN Myanmar နှင့် သက်ဆိုင်သည့် လင့်ခ်များ”

PEN Myanmar၏ Website
PEN Myanmar’s facebook Fan Page
PEN Myanmar၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
PEN Myanmarဆိုင်ရာအမေးအဖြေများ (FAQ)
PEN Myanmar လျှောက်လွှာပုံစံ

 ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

 

Share
Posted in PEN Myanmar | 5 Comments

ဥယျာဉ်မှူး၏ပန်းပျိုးလက်

Number of View: 6207

ပြီးခဲ့သည့် (၆၆)ကြိမ်မြောက် အာဇာနည်နေ့မတိုင်မီ ကျွန်မ၏စိတ်များ ချီတုံချတုံဖြစ်နေခဲ့၏။ အာဇာနည်နေ့ မတိုင်ခင် နှစ်ပတ်မျှအလိုလောက်က အာဇာနည်နေ့ ကျရောက်လျှင် မိသားစုနှင့်၊ အထူးသဖြင့် သားဖြင့်သူနှင့်အတူ အာဇာနည်ဗိမ္မာန်တွင် ကျဆုံးလေသော အာဇာနည်   ခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ နိုင်ငံခေါင်းဆောင်ကြီးများ၏ ဂူဗိမ္မာန်သို့ သွားရောက်၍ အလေးပြုကြမည်။ အာဇာနည်နေ့၏ အနှစ်သာရကို သားဖြစ်သူ အလယ်တန်းကျောင်းသားအား ပထမဦးဆုံးအကြိမ် ထိတွေ့ပေးမည်ဟု ကြိုတင်ဆုံးဖြတ်ထား ခဲ့မိသည်။

 သို့သော် အာဇာနည်နေ့ရောက်ရန် တစ်ပတ်မျှအလိုတွင်မူ ဆရာရဲသျှမ်းမှ အာဇာနည်နေ့တွင်   ကျောက်တန်းစံပြကျေးရွာမှာရှိသည့် ဘုန်းတော်ကြီးပညာသင်ကျောင်းတစ်ခုတွင် အာဇာနည်နေ့ ဂုဏ်ပြုဟောပြောပွဲ ပြုလုပ်ပေးမည်၊ ဆရာမကြီး (ဒေါ်)ရွှေကူမေနှင်း၊ ဆရာမာန်(တောင်လုံးပြန်)နှင့် ဆရာလင်းသဏ်ညီတို့ ဟောပြောမည်၊ အာဇာနည်နေ့အတွက် ၄င်းကျောက်တန်းကျေးရွာလေး မှာပင်   အလေးပြုကြရန်လည်း စီစဉ်ထားသည်၊ မနက်ခွန်နှစ်နာရီ ရန်ကုန်ဘူတာကြီးမှ ရထားဖြင့် စထွက်မည်၊ လိုက်လိုပါက ကျွန်မတို့ မိသားစုသုံးယောက်လုံး လိုက်ပါနိုင်ရန် အသိပေးလာပါသည်။ ဆရာရဲသျှမ်း၏နေအိမ်က ကျွန်မတို့နေအိမ်မှ လမ်းလျှောက်ချိန် ဆယ်မိနစ်မျှသာ ကွာဝေးသဖြင့် ရံဖန်ရံခါ ဆရာအိမ်သို့ ကျွန်မတို့လင်မယားနှစ်ယောက် ရောက်ဖြစ်သလို၊ တစ်ခါတစ်ရံ အနီးအနားရှိ လက်ဖက်ရည်ဆိုင် တွင် ထိုင်ရင်း ဆရာ့ထံမှ စာပေရေးရာများ ပြောဆိုသိခွင့်ရ၏။

သို့နှင့် နောက်ဆုံးတွင် စာပေဟောပြောပွဲ ငတ်နေသည်ကတစ်ကြောင်း၊ အာဇာနည်နေ့တွင် ချစ်ခင်လေးစားရ သည့် ဆရာ ဆရာမများနှင့် ခရီးတိုတစ်ခု အတူထွက်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်မခံလိုသည်ကတစ်ကြောင်း၊ ဘုန်းတော်ကြီးစာသင်ကျောင်းမှ ကလေးများကို စိတ်ဝင်စားသည်က တစ်ကြောင်းကြောင့် အာဇာနည်ဗိမ္မာန်ကို နောက်တစ်ရက်တွင်မှ သွားရောက်ရန် ဆုံးဖြတ်လိုက်ပြီး၊ အာဇာနည်နေ့တွင် က၊ျွန်မတို့ မိသားစုသုံးယောက် ရန်ကုန်ဘူတာကြီးသို့ မနက်ခွန်နှစ်နာရီတိတိတွင် ရောက်ရှိခဲ့လေသည်။

 ဆရာရဲသျှမ်းဦးဆောင်သည့် ကျွန်မတို့အဖွဲ့တွင် ဆရာမ မိချမ်းဝေ၊ ဆရာမသွေး(စစ်ကိုင်း)၊  ဆရာသင်းအောင်ပန်၊ ဆရာချစ်သွေးငယ်၊ ဆရာညိုရင့်နှင့်ကျွန်မ မြသွေးနီနှင့် သားဖြစ်သူ သားပြည့်တို့ လိုက်ပါလာခဲ့၏။ ဟောပြောမည့်ဆရာ ဆရာမများဖြစ်သည့် ဆရာမကြီး (ဒေါ်)ရွှေကူမေနှင်း၊ ဆရာမာန်(တောင်လုံးပြန်)နှင့် ဆရာလင်းသဏ်ညီတို့ကတော့ ကားလမ်းဖြင့် ကြိုတင်ရောက်နေမည်ဟုသိရ၏။ ဘူတာမှ ရထားအထွက်တွင် ခရီးမသွားရသည်မှာ နှစ်နှစ် နီးပါးဖြစ်နေသည့် ကျွန်မတို့ မိသားစုအဖို့ ရထားပြူတင်းမှ ၀င်လာသည့် လေပြည်နုအေးကို ရှူရှိုက်လိုက်ရယုံဖြင့်ပင် စိတ်ထဲ ကြည်လင်လန်းဆန်းလာရ၏။

ရထားပေါ်တွင် သားဖြစ်သူနှင့်အတူ ထိုင်လာရသဖြင့် လမ်းတလျှောက် အာဇာနည်နေ့နှင့် ပတ်သက်သမျှ အချက်အလက်များကို သားနှင့်အတူ အပြန်အလှန် မေးခွန်းထုတ် ဆော့ကစား လာရင်းဖြင့် ခရီးဆက်ခဲ့ကြ၏။ ဆရာရဲသျှမ်း၏ကျေးဇူးဖြင့် ကျွန်မတို့ သက်တောင့်သက်သာ ရထားဖြင့် နှစ်နာရီမျှ စီးပြီးလျှင် ပဲခူးတိုင်း၊ ကျောက်တန်း ဘူတာရှိ ကျောက်တန်း စံပြကျေးရွာလေးသို့ ရောက်၏။ အသင့်စောင့်နေသော ဆရာတော်၏ဒကာများမှ ကျွန်မတို့အဖွဲ့ကို ဘူတာတွင် ကားဖြင့်လာကြိုသဖြင့် ငါးမိနစ်သာသာမျှမောင်းလျှင် ရန်ကုန်မြို့မှ ၃၅မိုင်ကွာဝေးသည့် ဆရာတော် အရှင်ပညောဘာသ ဦးစီးနေသည့် ပန်းပျိုးလက်ဟု အမည်ရသည့် ဘုန်းတော်ကြီးစာသင်ကျောင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လေ၏။ အချိန်က မနက်ကိုးနာရီမတ်တင်းရှိနေချေပြီ။

ကျောင်းဝန်းအတွင်းသို့ရောက်သည်နှင့် ကျောင်းဝင်းအနှံ့ကြားရအောင် ဖွင့်ထားသည့် အာဇာနည်နေ့အမှတ်တရ၊ အောင့်မေ့ဖွယ်၊ လွမ်းဆွတ်ဖွယ်ရာ သီချင်းသံက လေထဲ ပျံ့လွင့်လာသည်ကို အရင်ဆုံးကြားသိလိုက်ရသည်။ စိမ်းလန်းစိုပြေအရိပ်ရ အပင်ကြီးများ   ဝေေ၀ဆာဆာနှင့် ကျောင်းပရ၀ုဏ်က ကျွန်မတို့ကို အေးမြစွာဖြင့် စောင့်ကြိုနေ၏။ ရန်ကုန်မြို့ပြကြီးမှာ မရရှိ၊ မတွေ့ထိနိုင်သည့် အေးမြသန့်ရှင်းသည့်လေနှင့် သစ်ရိပ်ဝါးရိပ်   အေးအေး၏ အတွေ့က ရန်ကုန်မှ လာသည့် ကျွန်မတို့အတွက်တော့ တန်ဖိုး မဖြတ်နိုင်စရာပင်။ ကျောင်းထဲသို့ရောက်လျှင် အဖြူအစိမ်း ကျောင်းဝတ်စုံဝတ် ကျား/မကလေး အရွယ်စုံနှင့် ဆရာမများက ကျောင်းဝန်းထဲတွင် ဟိုသည်တစ်စ။

ကျန်သူများတော့ မသိ၊ ကျောင်းကြီးထဲ ရောက်သည်နှင့် ကျွန်မ၏ စိတ်ထဲတွင်မတော့ မြင်မြင်ရသမျှ သန့်ရှင်းနေ သလိုလို၊ ခံစားမှုတို့ လတ်ဆတ်နေသလိုလို အမှတ်ထင်ထင် ခံစားနေရ၏။ ကျွန်မတို့အဖွဲ့ကို ကျောင်းဝင်းအလယ်တွင် ရှိနေသည့် လေးဘက်လေးလံ အကာမဲ့ ဓနိမိုးတဲကြီးဆီသို့ ဦးတည်ခေါ်သွား၏။ တဲကြီးအတွင်းတွင် ပါလစ်ရောင် ပြောင်လက်တောက်ပနေ သည့် ယောကျာ်းကြီးနှစ်ဖက်မျှရှိ ကျွန်းစားပွဲတွင် ကျွန်မတို့ စာရေးဆရာအဖွဲ့ကို   နေရာချထား ပေး၏။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ကျွန်မတို့ကဲ့သို့ရောက်ရှိနေကြသည့် အခြားဧည့်သည်များကိုလဲ စားပွဲအချို့တွင် ရှိနေသည်ကို တွေ့ရ၏။ ကျွန်မတို့ကို ပါးကွက်ပါးနှင့် အဖြူအစိမ်းဝတ် အထက်တန်းကျောင်းသူအရွယ် သမီးပျိုလေး နှစ်ယောက်က မနက်စာအဖြင့် မုန့်ဟင်းခါး၊ အကြော်စုံ၊ ကော်ဖီတို့ဖြင့် ဂရုတစိုက် ကျွေးမွေးလေ၏။ အာဇာနည်နေ့နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ပုံနှိပ်ထားသည့် စာအုပ်ပါးလေးကိုလဲ လူတိုင်း အားပေး၏။ မလှမ်းမကမ်းရှိ ဘန်ဂလိုတစ်ခုတွင် ဆရာတော်နှင့်အတူ ဧည့်သည်အချို့ စကားပြောနေကြသည်ကို လှမ်းမြင်နေရ၏။

IMG_20130719_120817ဗိုလ်ချုပ်အောင်ဆန်းဈာပနအားထုတ်လွှင့်နေစဉ်

ဆရာတော်၏ တဲမျက်နှာကျက်တွင် တီဗွီအပြားလေးတစ်ခု တတ်ဆင်ထားပြီး ထိုတီဗွီမှ အာဇာနည်နေ့သတင်းများ အဆက်မပြတ် ထုတ်လွှင့်ပေးနေသည်ကို တွေ့နေရ၏။ ပန်းပျိုးလက် ဘုန်းတော်ကြီးပညာသင်ကျောင်းဝန်း အတွင်းမှ အာဇာနည်နေ့၏ အငွေ့အသက်များသည် ကျွန်မတို့အားလုံး၏ စိတ်သန္တာန်တွင်းဝယ် ခိုဝင်ငြိတွယ်လာချေပြီ။

ဆရာရဲသျှမ်းမှ ဆရာတော်ထံသို့ ကျွန်မတို့အဖွဲ့ ရောက်ရှိကြောင်း သတင်းသွားပို့၏။ တစ်ခဏနေတော့ သားတော်မောင်က ဆရာရဲသျှမ်း၏လက်ကိုင်ဖုန်းထဲမှ အာဇာနည်နေ့ ဥသြဆွဲသံကို Bluetooth *အီလက်ထရောနစ်သွားပြာဖြင့်  ကျွန်မ၏ဖုန်းထဲသို့ ကူးထည့်ပေး၏။ ရထားပေါ်တွင် လမ်းတလျှောက်လုံး သားဖြစ်သူကို အာဇာနည်နေ့အကြောင်း ပြောပြယုံသာမက၊ သူသိလိုသော   မေးခွန်းများကိုလဲ ဖြေပေးထားသဖြင့်၊ အာဇာနည်နေ့ ဥသြစွဲချိန် အလေးပြုကြရမည့် အစီအစဉ်ကို သူသိနေ၏။ အာဇာနည်နေ့၏အရှိန်က ကျွန်မသာမက သူ့ကိုပါ ရိုက်ခတ်နေပုံရသဖြင့် သားဖြစ်သူကို ကျွန်မခေါ်လာရကျိုးနပ်ပြီ။ ကျွန်မ ကျေနပ်စိတ်ဖြစ်နေမိ၏။

 မနက်စာစားပြီးနောက် ဆရာတော်က ဦးဆောင်ပြီး ကျောင်းဝင်းတစ်နေရာသို့ ကျွန်မတို့ကို   ခေါ်သွားပြန်၏။ အဆောက်အဦတစ်ခု၏နဘေးမှ အကွေ့လိုက်တွင် သစ်ရိပ်ဝါးရိပ်အောက် ကွင်းပြင်ထဲတွင် ဘွားခနဲ ကျွန်မမြင်တွေ့ လိုက်ရ၏။ ပန်းပွင့်လေးများ အစီအရီဖူးပွင့်နေကြသည့် ဥယျာဉ်ကြီးတစ်ခု။ သူတို့က သက်မဲ့ပန်းပွင့်လေးများမဟုတ်။ သနပ်ခါးအဖွေးသားနှင့် သက်ရှိအဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသား အရွယ်စုံ။ အနှီပန်းပွင့်လေးများကို  ပြုစုပျိုးထောင်ပေးသည့် ဆရာမများနှင့်တကွ ငွားငွားစွင့်စွင့် ဝေေ၀ဆာဆာ ဖူးပွင့်နေသည်ကို   တွေ့မြင်လိုက်ရ၏။ ထိုဥယျာဉ်ထဲတွင် ကျွန်မတို့ထက် ကြိုတင်စော၍ ရောက်နေကြသည့် ဆရာမကြီး(ဒေါ်)ရွှေကူမေနှင်း၊ ဆရာမာန် (တောင်လုံးပြန်)၊ ကဗျာဆရာလင်းသဏ်ညီသာမက တခြားဧည့်သည်အချို့ကိုပါ တွေ့လိုက်ရ၏။

တစ်ခဏနေလျှင် ဆရာတော်မှ ပန်းပွင့်ကလေးများသို့ နံနက်ခင်းနှုတ်ဆက်စကားနှင့် အတူ၊ နေ့လည်စာစားပြီးချိန်တွင် အာဇာနည်နေ့ ဟောပြောပွဲရှိကြောင်း ပြောပြ၏။

IMG_20130719_100622ဆရာတော်မှ သြ၀ါဒပေးစဉ်…

ထို့နောက်တွင်တော့ ပန်းပွင့်ငယ်လေးများက ညီညာဖျဖျဘုရားဝတ်ပြုကြပြီး၊ ကျဆုံးလေပြီးသော   နိုင်ငံခေါင်းဆောင်ကြီးများကို အလေးပြုကြ၏။

IMG_20130719_100018 ညီညာဖျဖျဘုရားဝတ်ပြုစဉ်

IMG_20130719_100111

IMG_20130719_100721

IMG_20130719_100630

IMG_20130719_100228သစ္စာအဓိဌာန်ရွတ်ဆိုပြီးနောက် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုနေစဉ်…

ထိုနေ့မှာ အလှူရှင်အမျိုးသမီးတစ်ဦးမှ   မွေးနေ့အလှူဒါန အဖြစ် ကျောင်းအတွက် ရေသန့်စက် လာလှူသဖြင့် အလှူရှင်အတွက် ကလေးများမှ မေတ္တာပို့ပေးကြစဉ် ကျွန်မနှုတ်မှလဲ အာဇာနည်နေ့   မွေးဖွားသူ အလှူရှင်အစ်မအတွက် စိတ်ထဲမှ သာဓုနာနာခေါ်နေမိပါသည်။ အလှူရှင်မှ ကလေးများအတွက် စကားအနည်းငယ် ပြောပြီးလျှင် အင်မတန်မှ ချစ်ခင်ဖွယ်ရာကောင်းသော သူတို့လေးတွေ၏ အပြုအမူကို မြင်လိုက်ရပြန်၏။

မိန်းကလေးတစ်ဘက်၊ ယောကျာ်းလေးတစ်ဘက် ခွဲ၍ တန်းအရှည်လိုက် ညီညာသေသပ်စွာ တန်းစီလိုက်ကြ သည်။ တန်း၏ထိပ်တွင် အလှူရှင်အစ်မမှာ ရပ်စောင့်နေ၏။ ကလေးများကိုယ်စီ၏ လက်ထဲတွင် သူတို့ ခူးယူထားကြသည့် တောပန်းရိုင်းလေးများ တစ်ပွင့်စီ၊ တစ်ခိုင်စီ ကိုင်ထားကြ၏။

IMG_20130719_101803အပြစ်ကင်းသည့် ပန်းပွင့်လေးများ…

IMG_20130719_101856သမီးပေးမယ့် ပန်းကလေး…

IMG_20130719_102923သမီးတို့ရဲ့ ပန်းလက်ဆောင်…

IMG_20130719_102836ပန်းလေးတွေက တန်ဘိုးမကြီးပေမဲ့ မွေးနေ့ရှင်က တန်ဘိုးထားရှာ…

IMG_20130719_102854အပြုံးပန်းတဝေေ၀

တန်ဖိုးမရှိသော်လဲ သူတို့လေးတွေ၏ မွှေးပျံ့သည့် စေတနာများထုံမွှမ်းထားသည့် တစ်ပွင့်စီ တစ်ခိုင်စီမျှသောပန်းများ၊ ထို့ပြင် ဆုတောင်းသံချိုလေးများဖြင့်  စေတနာပြန်လည် တုန့်ပြန်ပုံမှာ ကာရကံရှင်မဆိုစထား က၊ျွန်မတို့ နဘေးမှကြည့်နေသူများပင် ကြည်နူးမှုများ ကူးလူးလာရ၏။  တစ်ခဏအတွင်း အလှူရှင်၏နဘေးတွင် ပန်းပွင့်များ မောက်လျှံသွား၏။ အလှူရှင်မျက်ဝန်းတွင်လဲ အမှတ်မထင် ပန်းပွင့်လေးများ၏ တုန့်ပြန်မှုကြောင့် ကြည်နူးမျက်ရည်များ   ဝေ့လို့လာသည်ကို   တွေ့မြင်ရလေ၏။

ဆရာတော်က ကျွန်မတို့ စာရေးဆရာအဖွဲ့အတွက် ဘန်ဂလိုတဲတစ်ခုတွင် နေရာချပေးထားသည်။ ထိုဘန်ဂလိုတွင် မိမိနှစ်သက်ရာ အသင့်ဖျော်ကော်ဖီ၊  လက်ဖက်ရည်တို့လိုသလို သုံးဆောင်နိုင်ရန် ပြင်ဆင်ပေးထားသည်။ အင်တာနက်သုံးနိုင်ရန် ၀ိုင်ဖိုင်လျို့ဝှက်နံပတ်ကို တဲအ၀တွင် ထင်ရှားစွာ ရေးပေးထားသည်။ မည်သူမဆို အင်တာနက် ချိတ်ဆက်သုံးနိုင်သည်။

IMG_20130719_103142၀ိုင်ဖိုင်ဖရီးဧရိယာ

ဆရာရဲသျှမ်းပြောပြ၍ ကျောင်းဝန်းကျင်သို့ ကျွန်မကြည့်မိ၏။ ဆေးလိပ်မသောက်ရ ဧရိယာ၊ အမှိုက်ကင်းစင်ရေး ဧရိယာအဖြစ် ဤကျောင်းဝန်းအတွင်းကို သတ်မှတ်ထားသည်။ သန့်ရှင်းသန့်ပြန့်၍ အမှိုက်တစ်စမျှ မရှိသည့် ကျောင်းဝင်းကို တွေ့ရ၏။

IMG_20130719_103829အမှိုက်ကင်းစင်ဧရိယာသတ်မှတ်ထားသည့် ကျောင်းဝန်း

ဤကျောင်းဝန်းအတွင်းတွင် အမှိုက်ပုံးများကို အရောင်ခွဲခြား၍၊ ပြန်လည်အသုံးချ၍ရသည့် အမှိုက်နှင့် အသုံးချ၍မရသည့်အမှိုက်ဟူ၍ ခွဲခြား စွန့်ပစ်ရသည်။ သို့ကြောင့် ကျောင်းဝန်းထဲ စစချင်းရောက်ချိန်တွင် ကျွန်မစိတ်အတွင်း အေးမြသန့်ရှင်းနေသည်ဟု ခံစားနေမိခြင်းဖြစ်သည်။ ဆရာရဲသျှမ်းပြောပြသည်ကို နားထောင်အပြီး ကျွန်မ၏သားသည် လက်ထဲမှ တစ်ရှူးစက္ကူစကို အမှိုက်ပုံးအတွင်းသို့ သွား၍ ပစ်လိုက်သည်ကို ကျွန်မ မြင်လိုက်ရ၏။

IMG_20130719_103159အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်အောင် လေ့ကျင့်ပေးထား…

အချိန်က တဖြည်းဖြည်း နီးကပ်၍ လာချေပြီ။ မနက် ၁၀နာရီ၃၅မိနစ်တွင် ကျွန်မတို့ စာရေးဆရာအဖွဲ့ ဘန်ဂလိုအတွင်းတွင် ဥသြဆွဲသံနှင့်အတူ အလေးပြုရန်အဆင်သင့်ပြင်၍ ရင်ခုန်စွာဖြင့် အသင့်ရှိနေခဲ့သည်။ သားဖြစ်သူကို ကြည့်လိုက်တော့ သူ့အဖေ၏နဘေးတွင် လက်တစ်ဘက်က လက်သီးကလေးကို ကျစ်ကျစ်ဆုတ်လျှက်၊ ကျန်လက်တစ်ဘက်က ဥသြဆွဲသံလွှင့်မည့် ဖုန်းကို အသင့်အနေအထား ကိုင်ထားလျှက်။ ၁၀နာရီ၃၇မိနစ်တိတိ တွင် ကျောင်းဝန်းအတွင်း ဥသြဆွဲသံ ပေါ်ထွက်လာပြီး၊ သွားလာနေသူ ကျောင်းသား၊ ရဟန်း၊ ဧည့်သည်များအားလုံး နေရာတွင် ငြိမ်သက်စွာ ရပ်လျှက်က အလေးပြုကြ၏။

IMG_20130719_103826အာဇာနည်ခေါင်းဆောင်ကြီးများအား အ….လေး…ပြု…

IMG_20130719_103822အလေးပြုစဉ် မျက်ဝန်းများမှ ခိုတွယ်မျက်ရည်စများ….

ဥသြဆွဲသံအပြီး ဖွင့်လိုက်သည့်  သီချင်းသံက ကျွန်မတို့အားလုံး၏ စိတ်နှလုံးကို ဆွဲကိုင် လှုပ်လိုက်၏။

          ရာဇ၀င်… အထုပ္ပတ္ထိလည်း ရှိရမယ်…
          မော်ကွန်းလည်းထိုးလောက်တယ်…
          မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်…

အလေးပြုနေကြစဉ် အသည်းနုနုနှင့်စာရေးဆရာများမို့ အားလုံး၏ မျက်ဝန်းတွင် မျက်ရည်ကြည် ဥများ   အသီးသီး ခိုတွယ်လျှက်။

တစ်ခဏနေလျှင် ဆရာတော်ရှိရာ ဘန်ဂလိုလေးတွင် ကျွန်မတို့ စာရေးဆရာများအဖွဲ့ စုဝေးမိကြ၏။ ဆရာတော်ကို သိလိုသည်များ မေးမိ၏။

IMG_20130719_105144ဆရာတော်မှ ရှင်းလင်းပြောပြစဉ်…

ဤဝေဋ္ဌုဝန်ဘုန်းကြီးကျောင်းသည် သက်တမ်း တစ်ရာကျော်နေသည့် ကျောင်းတော်ကြီးဖြစ်၏။ ဤကျောက်တန်း ကျေးရွာလေးသည် ပဲခူးတိုင်းအတွင်းရှိ၍ လူဦးရေ နှစ်သောင်းကျော်ရှိ၏။ ၂၀၀၄ခုနှစ်မှ စတင်၍ ဆရာတော်မှ ဘုန်းတော်ကြီးပညာသင်စံနစ်ကို စတင်ခဲ့သည်။ ရွာအနီးအနားမှ ဆင်းရဲသည့် ကလေးငယ်များနှင့် ကချင်၊ ရှမ်းပြည်နယ်တို့မှ မိဘမဲ့ ကလေးငယ်များ၏ ဘ၀လူနေမှု အဆင်ပြေစေရန်   ကျောင်းတော်တွင် အတန်းပညာ သင်ကြားပေး ခဲ့ခြင်းဖြင့် စခဲ့သည်။ ယခုအခါ   ကျောင်းသား ၄၀၀ကျော်ရှိနေပြီး၊ ၂၀၀ကျော်မှာ သူငယ်တန်းမှ စတုတ္ထတန်းအထိဖြစ်ပြီး၊ ကျန်၂၀၀ကျော်ဖြစ်သည့် ပဉ္စမတန်းမှ သတ္တမတန်းအထိ ကျောင်းသား များအား အစိုးရ အထက်တန်းတွင် ဆက်လက် ပညာသင်ကြားနိုင် ရန် ထောက်ပံ့ပေးလျှက်ရှိ၏။

IMG_20130719_120730မည်သည့်အရာမှ မတည်မြဲ…

ဤကျောင်းမှ တက္ကသိုလ်ပညာရေး ဆက်လက်ဆည်းပူးနိုင် သူများ ပေါ်ထွက်ခဲ့သည်။ ၂၀၀၄ခုနှစ်က ကျောင်းသား ၁၈၇ယောက်ဖြင့်စတင်ခဲ့ရာမှာ ယခု ၂၀၁၃ ခုနှစ်တွင် ၄၃၅ယောက်အထိ ပညာသင်ကြားပေးလျှက် ရှိ၏။ ဤဘုန်းတော်ကြီး စာသင်ကျောင်းတွင် ရသ၊ သုတ အဖြာဖြာပါဝင်သည့် စာအုပ်ကောင်းများစွာ ရှိသည့် စာကြည့်တိုက်တစ်ခုလဲ ရှိသည်။ ကွန်ပျုတာ၊ အင်တာနက်များကိုလဲ   ကျောင်းသူ/ကျောင်းသား များ လေ့လာသင်ယူနိုင်ရန်အတွက် ကွန်ပျူတာခန်းလဲ စီစဉ်ထားသည်။

 ဆရာတော်က ယုံကြည်ထား၏။ ပညာတတ်မြောက်မှ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မည်ဖြစ်ပြီး၊ ထိုသည်ကပင် ကလေးများ၏ အနာဂတ်အတွက် သော့ချက်ဖြစ်သည်။ ပန်းပျိုးလက်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ တည်ရှိနေသော်လည်း လူမျိုး၊ ဘာသာမရွေး လက်ခံ သင်ကြားပေးလျှက်ရှိ၏။  ပို၍ ထွန်းလင်းတောက်ပသည့် လူ့အဖွဲ့အစည်းနှင့်အတူ၊ ငြိမ်းချမ်းသည့်လူ့ဘောင်ကို တည်ဆောက်နိုင်ပြီး အရည်အသွေးရှိသည့်ဘ၀များကို ပျော်ရွှင်စွာ တည်ဆောက်နိုင်လိုခြင်းသည် ဆရာတော်၏ ခံယူချက်ဖြစ်သည်။ ကလေးသူငယ်များ တန်းတူညီမျှ အခွင့်အရေးရရှိရန်နှင့် ကာကွယ်စောင့်ရှောက်ခွင့်၊့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရရှိနိုင်ရေးသည် ဆရာတော်၏ ရည်မှန်းချက်ပင်ဖြစ်သည်။ စာပေ ချစ်မြတ်နိုးသူတစ်ဦးဖြစ်သည့်အလျှောက် စာရေးလိုသူ မည်သည့်စာရေးဆရာကိုမဆို   ကျောင်းတော်တွင် လွတ်လပ်စွာ လာရောက်တည်းခို၍ စာလာရေးနိုင်ကြောင်း ပြော၏။

ထို့နောက် ကလေးများ နေ့လည်စာ စားရန်အတွက် ထမင်းစားခန်းမကြီးသို့ ဆရာတော်နှင့် အတူတကွ ကျွန်မတို့ ရောက်ခဲ့ရ၏။ ထမင်းစားခန်းမသို့မ၀င်မီ ခန်းမအ၀လှေကားထစ်များ နဘေးတစ်ဘက်တစ်ချက်တွင် တွေ့လိုက်ရ သည်များက ကျွန်မ၏ စိတ်နှလုံးကို သိမ်းကြုံးဆွဲငင် ယူလိုက်ပြန်၏။ ညီညီညာညာ စံနစ်တကျ သေသေသပ်သပ် စီတန်းချွတ်ထားသည့် ကလေးစီး ဖိနပ်လေးများ။ အရောင်အသွေးစုံ ဆိုက်စုံ ရာဘာဖိနပ်နွမ်းနွမ်းလေးများ၊ တွတ်ပီဖိနပ်ဟု ခေါ်သည့် တန်ဖိုးနည်း ပလတ်စတစ်လည်ရှည်ဖိနပ်လေးများ။

IMG_20130719_112621စည်းကမ်းတကျ နေရာတကျ ချွတ်…..

IMG_20130719_112647တန်ဘိုးရှိသည့် စိတ်ဓာတ်လေးများကတော့ ဖိနပ်တစ်ရံချင်းစီတွင်…

ဤချွတ်ထားသည့် ဖိနပ်များအထဲတွင် တန်ဖိုးရှိသည့် ဖိနပ်များတစ်ရံမျှ မပါဝင်ချေ။ သို့သော် တန်ဘိုးရှိသည့် စိတ်ဓာတ်၊ တန်ဘိုးရှိသည့် စိတ်ဓာတ်လေးများကတော့ ဖိနပ်တစ်ရံချင်းစီတွင် ကိန်းအောင်း၍နေသည်ကို ဤသို့ညီညီညာညာ စီထားသည့် ဖိနပ်လေးများက သာဓက ပြနေလေသည်။

IMG_20130719_112806အလှူရှင်သို့ မေတ္တာပို့…

ထမင်းစားခန်းမဆောင်ထဲ ၀င်လိုက်သည်တွင် ခုံတန်းလျားရှည်တွင် ကလေးများအားလုံးထိုင်လျှက်။ တစ်ဦးချင်းစီ၏ရှေ့တွင် ဟင်းခွက်လေးများပါဝင်သည့် စတီးထမင်းပန်းကန်တစ်ချပ်စီ။ ပန်းကန်တွင်းမတော့ ပဲကုလားဟင်းရည်ဆမ်းထားသည့် ထမင်းတစ်ပုံ၊ ဘဲဥချဉ်ရည်ဟင်းက တစ်လုံး၊ တုတ်ထိုးသကြားလုံးတစ်ခုစီ ထည့်လျှက်။

IMG_20130719_112826အ၀စား လိုသလောက်ယူ….

ထမင်းနှင့် ပဲဟင်းရည်က  လိုသလောက် လိုက်ထည့်ပေးသည်။ ကလေးများကား မြိန်ရည်ယှက်ရည် စားနေကြ၏။ ကလေးများပီပီ အပူအပင်ဘာမျှ မရှိ။ လက်ရှိစားနေသည့် ထမင်းပန်းကန်ပေါ်တွင် သာ အာရုံထားလျှက်။  အပြစ်ကင်းစင်သည့် မျက်ဝန်းတောက်တောက်ကလေးများက ချစ်ခင်နှစ်သက် သနားဖွယ်ရာ အတိ။

IMG_20130719_112841ကျန်းမာပါစေ..ချမ်းသာပါစေ..ဆထက်တိုး လှူဒါန်းနိုင်ပါစေ….

IMG_20130719_112941မခွဲမခြား တစ်သားတည်း….

နဘေးနားတွင် ရှိနေသော သားဖြစ်သူက “မေမေ.. သနားစရာနော်”ဟု ပြောလာ၏။ ငယ်ရွယ်နုနယ်သေးသည့် သား၏စိတ်ထဲ ထိုမျှလောက် စာနာခံစားပေးတတ်ရင်ဖြင့် ကျွန်မအတွက် ဒီနေ့ခရီးက လုံလောက်နေပါပြီ။

ထို့နောက် ဆရာတော်ဆွမ်းစားချိန်တွင် ကျွန်မတို့ ခေတ်မှီသေသပ်သည့် ကျောင်းဆောင် တစ်ခုတွင် ခေတ္တအနားယူခွင့်ရခဲ့၏။ ထို့နောက် မနက်စာစားခဲ့သည် ဘန်ဂလိုတဲထဲတွင် ကျွန်မတို့အဖွဲ့ နေ့လည်စာစားကြပါသည်။ ဆရာတော်၏ကျောင်းမှ ဘဲဥဆီပျံဟင်းကတော့ ကျွန်မအတွက် မမေ့နိုင်စရာပင်။

ထမင်းစားပြီး တအောင့်နေလျှင် စာပေဟောပြောပွဲစ၏။ ခန်းမအတွင်း၌ ကျောင်းသူကျောင်းသား များ အားလုံး နေရာယူထားကြလေပြီ။ အနီရောင်နောက်ခံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံကို ရေးဆွဲထား၏။ (၆၆)နှစ်မြောက် အာဇာနည်နေ့အမှတ်တရ စာပေဟောပြောပွဲဟုလည်း နဖူးစည်းတွင် ရေးထိုးထားသည်။

IMG_20130719_130254အာဇာနည်နေ့စာပေဟောပြောပွဲ….

ပန်းပျိုးလက်၏ပိုင်ရှင် ဆရာတော်ဒေါက်တာပညောဘာသမှ ပန်းပျိုးလက်စတင်ခဲ့ပုံ အကျဉ်းကို   ပြောပြခဲ့၏။ ဤကျောင်းတော်စတင်ခဲ့ချိန်က ဤနေရာသည် လူသူအရောက်အပေါက် နည်း၏။   တောလမ်းများကို မနည်းထွင်ခဲ့ရသည်။ ထိုစဉ်က ရေလမ်းနှင့်မီးရထားလမ်း နှစ်မျိုးသာ သွား၍ ရခဲ့သည်ဟု သိခဲ့ရ၏။ ဆရာတော် ပြည်ပတွင် ပီအိတ်ခ်ျဒီဘွဲ့ကို ရယူခဲ့စဉ် ဤကျောင်းကို အဝေးမှ(၇)နှစ်အုပ်ချုပ်ခဲ့၍ ယခုအခါ ဆရာတော်ကိုယ်တိုင် ဖိဖိစီးစီးဖြင့် အုပ်ချုပ်နိုင်ခဲ့သည်မှာ (၂)နှစ်ရှိပြီဖြစ်သည်။

IMG_20130719_105810ပန်းပျိုးလက်ပိုင်ရှင်

ဗုဒ္ဓ၀ါဒသည် အမှန်အတိုင်း ရှုမြင်တတ်အောင် ကြည့်သော ၀ါဒဖြစ်သည်။ သို့သော် ပညာဥာဏ်ဖြင့် ကြည့်မြင်တတ်ရန်လို၏။ ဤကျောင်းတော်ကို တည်ထောင်ရခြင်းမှာ နွမ်းပါးကလေးငယ်များ၊ မိဘမဲ့ကလေးငယ်များကို ပညာတတ်စေလိုသည်။ ပညာတတ်မှ ကြီးပြင်းလာချိန်တွင် အသိတရား ရှိ၍ ဘ၀မြင့်မည်။ ကလေးများ သမိုင်းကြောင်းတွေ သိဖို့လဲ လိုသေးသည်။ သို့အတွက် အာဇာနည်နေ့ စာပေဟောပြောပွဲ ကျင်းပပေးရခြင်းဖြစ်သည်။ ၁၉၆၆ ခုနှစ်မှ ယနေ့အထိ   မြန်မာနိုင်ငံ၌ သမ္မတ(၈)ဦးရှိခဲ့သည်။ ဒါလေးတွေကအစ ကလေးများ သိနေရမည်။ သမိုင်းကို အမှားရေးခြင်းသည် ယဉ်ကျေးမှုအကြမ်းဖက်ခံရခြင်းပဲဟု ဆရာတော်က မိန့်သွားခဲ့သည်။

မတူတာတွေကို လက်ခံနိုင်ခြင်းက ဒီမိုကရေစီဖြစ်ပြီး ငါနဲ့မတူငါ့ရန်သူဟု သတ်မှတ်လျှင် ဘယ်တော့မှ ဒီမိုကရေစီဆိုတာကို ရနိုင်မှာ မဟုတ်ပါဘူးဟုဆို၍ သင်ပုန်းတစ်ချပ်တွင် လူနှစ်ယောက်က အင်္ဂလိပ်ဂဏန်းတစ်လုံးကို မိမိမြင်ရာ အမြင်အတိုင်း 6 နှင့် 9 ကွဲပြား   ပြောဆိုနေသည်ကို ပုံဆွဲ၍ ရှင်းပြ၏။ ဆရာတော်၏ ဒီမိုခရေစီအပေါ် ခံယူချက်ကို ကျွန်မတို့   မြင်သိကြားနာခွင့်ရလိုက်၏။

IMG_20130719_152905ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စာပေဟောပြောပွဲတက်ရောက်စဉ်

အဲ့သည်နောက် ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ ဆရာမကြီး (ဒေါ်)ရွှေကူမေနှင်းက စာပေဟောပြော ပွဲကို သဘာ၊ ၀ါ၊ စေတနာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ဟောသွားရာ ကလေးများသာမက လူကြီးများပါ သဘောကျကျေနပ်ရလေ၏။ ထို့နောက် အဆိုတော်ကြီး မေလှမြိုင်၏ အာဇာနည်နေ့သီချင်း တစ်ပိုဒ်ဖြင့် သီဆိုအဆုံးသတ်ခဲ့ရာ လက်ခုပ်သံများ ဝေေ၀ဆာ သွားရသည်။ ဒုတိယမြောက်တွင် ကဗျာဆရာလင်းသဏ်ညီမှ ကဗျာဆရာ ခေတ်လင်းသစ်(ထီးချိုင့်) ရေးခဲ့သည့် “မမေ့နဲ့၊ ဘယ်တော့မှ မမေ့နဲ့” ဆိုသည့်ကဗျာနှင့် ကဗျာဆရာ ခရမ်းပြာထက်လူ၏ “ ဦးအောင်ဆန်း၊ ဂဋ္ဌုန်ဦးစော၊ မေလှမြိုင်နဲ ငါမင်းကို သတ်ချင်တယ်” ကဗျာကို ခံစားချက်ပြည့်ဝစွာ၊ အသံအနိမ့်အမြင့် အဝေ့အ၀ိုက်များဖြင့် ခံစားစီးဝင် ရွတ်ဆိုသွားသည်မှာ ကြက်သီးမွေးညင်းများပင် ထရချေသည်။ ဆရာလင်းသဏ်ညီအပြီးမှာ ဆရာမာန်(တောင်လုံးပြန်)က “ခေတ်ပြိုင် သရော်စာများ” ခေါင်းစဉ်ဖြင့် ဆက်လက် ဟောပြောခဲ့၏။ ဆရာဟောပြောနေစဉ် ထက်ဝက်မျှ အချိန်မှာပင် ကျွန်မတို့ အလာတုန်းက အဖွဲ့သည် ညနေရထားမှီစေရန်   ကျောက်တန်း ဘူတာသို့ အချိန်မီ ပြန်ပြေးရလေသည်။ ဘူတာတွင် ရထားစောင့်ရင်း ကျွန်မတို့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ကြသေးသည်။

IMG_20130719_160618ပဲခူး၊ ကျောက်တန်းဘူတာမှာ အမှတ်တရ
( ၀ဲမှယာ – မြသွေးနီ၊ ညိုရင့်၊ ဆရာချစ်တိုးနွယ်၊ ဆရာရဲသျှမ်း၊ ဆရာသင်းပန်အောင်၊
ဆရာမ မိချမ်းဝေ)

အပြန်ခရီးနှစ်နာရီအချိန်တွင် ဆရာမမိချမ်းဝေနှင့် ကျွန်မ စကားလက်ဆုံကျလိုက်သည်မှာ ရန်ကုန်ဘူတာ ၀င်သည်အထိပင် စကားပင် မပြတ်တော့ချေ။ ဆရာရဲသျှမ်း၏ကျေးဇူးဖြင့် ကျွန်မတို့မိသားစု အာဇာနည်နေ့ကို ချစ်ခင်လေးစားရသည့် စာရေးဆရာများနှင့်အတူ တန်ဘိုးရှိစွာ ဖြတ်ကျော်ခွင့်ရခဲ့သည်။ ကျွန်မ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါချေ။

ညဘက် အိမ်တွင် သားဖြစ်သူက သူ၏  တစ်နေ့တာခရီး အတွေ့အကြုံကို စိတ်အား ထက်သန်စွာဖြင့် အဘိုး ဖြစ်သူအား ပြန်လည် ဖောက်သည်ချ၏။ သားအား နှုတ်က တတွတ်တွတ်ပြောနေခြင်းထက် လက်တွေ့ဘ၀များနှင့် လက်တွေ့ကျကျ ထိတွေ့ခွင့်   ပေးလိုက်နိုင်သဖြင့်လည်း ကျွန်မကျေနပ်ရ၏။

ဥယျာဉ်မှူးကောင်း၏ လက်ထဲတွင် မှန်မှန် ရေလောင်း၊ ပေါင်းသင်ခြင်းဖြင့် ရှင်သန်ကြီးထွားရသည့် ပန်းပင်လေး များမှ လန်းဆန်းမွှေးပျံ့ ရနံ့မွှေးကြူသည့် ရောင်စုံပန်းပွင့်ငယ်များ ပွင့်လန်းလာ သည်မှာ မထူးဆန်းပေ။ မျိုးစေ့မှန်လျှင် အပင်သန်ချေမည်။ ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ ဦးစီးသည့် ပဲခူးတိုင်း၊ ကျောက်တန်း၊ အမှတ်(၁၇)ရှိ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ပန်းပျိုးလက်)မှ အနာဂတ်၏ပဲ့ကိုင်ရှင်လေးများ  မပေါ်ထွန်းလာပါဟု မည်သူပြောနိုင်ပါ့အံ့နည်း။

ဆရာမကြီး(ဒေါ်)ရွှေကူမေနှင်း စာပေဟောပြောပွဲတွင် ရွတ်ပြသွားသည့် လောကသာရ ဆုံးမစာထဲက  ကန်တော်မင်ဆရာတော်၏ စာချိုးလေးကို ကျွန်မ စိတ်ဝယ် ဖွဖွရွတ်ဆိုနေမိပါသည်။

“မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊
ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း..”

 

[၁၉.၇.၂၀၁၃ - အာဇာနည်နေ့တွင် ပဲခူးတိုင်း၊ ကျောက်တန်းစံပြကျေးရွာရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲသို့ စာရေးဆရာများနှင့်အတူ လိုက်ပါသွားသည့် ခရီးတိုလေးအား  အမှတ်တရ ပြန်လည်ရေးဖွဲ့ပါသည်။  ]

****

ပန်းပျိုးလက်ပရဟိတဘုန်းတော်ကြီးစာသင်ကျောင်း၏ ဖေ့ဘုတ်စာမျက်နှာ

- လိပ်စာ -
ပန်းပျိုးလက် ပရဟိတကျောင်း
အမှတ်၁၇၊ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေး၊
ကျောက်တန်းစံပြကျေးရွာ၊ ပဲခူးတိုင်း၊။

****

 ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 3 Comments

Happy Belated Blog Day !

Number of View: 6786

Untitled

သြဂုတ်လ (၃၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဘလော့ဒေးမှာ ဘလော့ပို့စ်တင်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ပိတ်ရက် စနေ၊ တနင်္ဂနွေဆို ပို့စ်တင်ဖို့ရာအထိ အင်တာနက်အသုံးပြုဖို့ အဆင်မပြေလှပါဘူး။ ဒါနဲ့ ဖေ့ဘုတ်မှာပဲ ဘလော့ဒေးအတွက် စာတွေလိုက်ဖတ်တော့ ပန်ဒိုရာ၊ မကေနဲ့ ကိုရန်အောင်တို့ရဲ့ ပို့စ်တွေ ဖတ်ခွင့်ရလိုက်ပါတယ်။

မနေ့ညက ရေးထားတဲ့ ဒီပို့စ်ကို မနက်ရုံးရောက်တော့ တင်ဖို့ ကြိုးစားပေမယ့် ရုံးက တယ်လီဖုန်းလိုင်းက ခါတော်မီ ပျက်နေပြန်တော့၊ ADSLလိုင်းမို့ အင်တာနက် သုံးမရပြန်ပါဘူး။ ဒါနဲ့ ပို့စ်တင်ဖို့နောက်ထား၊ ဖုန်းပြင်ဖို့ အရင် လုံးပမ်းရပြန်ပါတယ်။ အခုတော့ Blog Day ပို့စ်တင်သူတွေထဲမှာ နောက်အကျဆုံးအဖြစ်နဲ့၊ မျက်နှာပူစွာ တင်လိုက်ရပါတယ်။

ကျွန်မက တကယ်တော့ ဟိုမကျဒီမရောက်နဲ့ စာမျက်နှာပေါ်မှာရော အွန်လိုင်းပေါ်မှာ စာရေးဖြစ်နေသူ တစ်ဦးပါ။ များသောအားဖြစ်က ကျွန်မကို အွန်လိုင်းမှာ စာရေးနေတဲ့ ဘလော့ဂါတစ်ဦးအဖြစ် သိကြတာများပါတယ်။ အွန်လိုင်းမှာ ဘလော့ဂါတစ်ဦးဖြစ်ခွင့်ရခဲ့တဲ့ အခြေအနေကိုလဲ အင်မတန်မှ တန်ဘိုးထားမိပါတယ်။

၁၉၉၀ ခုနှစ်၊ ပေဖူးလွှာမဂ္ဂဇင်းရဲ့ ကလောင်သစ်ကဏ္ဍမှာ စာလေးနှစ်ပုဒ်သုံးပုဒ်စ ခြေချပြီးချိန် က၊ျွန်မလေးစားရတဲ့ စာရေးဆရာများ နိုင်ငံရေးပုဒ်မနဲ့ တဖြုတ်ဖြုတ် ထောင်ထဲရောက်ကုန်ကြ ပါတယ်။ အဲ့ဒီကာလက စာရေးဆရာများက အင်မတန်မှ လက်သံပြောင်ကြပြီး၊ အုပ်ချုပ်သူစစ်အစိုးရကလဲ စာရေးဆရာဆို နိုင်ငံရေးလုပ်သူတွေပဲလို့ တံဆိပ်ကပ်ခံရတဲ့ အချိန်ပါ။ ရေးသမျှစာတွေကို စာပေစီစစ်ရေးက ငွေမှင်ပျော်ပျော်ကြီး သုတ်ကာ ဆင်ဆာဖြတ်ခံနေချိန် ဖြစ်ပါတယ်။ စာရေးဆရာတွေခမျာ ကိုယ်မွေးထုတ်ထားတဲ့ သားသမီးလေးတွေ ခြေ၊ လက်အဖြတ်ခံနေရတော့ အင်မတန်မှ ရင်နာကြရချိန် ဖြစ်ပါတယ်။ ဒါလည်း ဆက်ရေးနေကြတာပဲ။ အဲ့ဒီအချိန်က ကျွန်မ ၁၉နှစ်သမီးအရွယ်သာသာ စာရေးဖို့ အားယူကာစ အချိန်။ ကျွန်မရဲ့ စာမူတချို့ ဆင်ဆာမိတယ်။ ပယ်တယ်ဆိုတာ ကြားရတော့ ကျွန်မစာရေးချင်စိတ်ကို ဖိနှိပ်ခံလာရသလိုပါဘဲ။ ဒီလိုနဲ့ စာရေးဆရာများရဲ့ မဂ္ဂဇင်းစာ မျက်နှာပေါ်က စာတွေကို  မတရားသဖြင့် ခုတ်၊ ထစ်။ လှီး၊ ဖြတ်ခံနေရချိန်မှာ ကျွန်မ စာဆက်ရေးဖို့ လုံးဝမှ စိတ်လျှော့လိုက်မိပါတယ်။

စာမရေးပဲ မနေနိုင်တဲ့စိတ်ကြောင့် ကျွန်မစာတွေကို အိမ်က မှတ်စုစာအုပ်လေးထဲမှာပဲ ရေးသိမ်း ထားဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း စာရေးဖို့ထက်၊ စာဖတ်ဖို့ဘက်ကို ကျွန်မ ပိုပြီး အားသာ သွားပါတယ်။ မဂ္ဂဇင်းစာမျက်နှာပေါ်က ငွေမှင်သုတ်ထားတဲ့ စာများကို စိတ်ရှည်လက်ရှည် ဖျက်၊ ရအောင် ဖတ်ခဲ့ရတဲ့ အရသာကို မမေ့သေးပါဘူး။ ၀တ္တုတို/ရှည် အားလုံး ၀ါးစားနေသလို ဖတ်ဖြစ်ခဲ့တဲ့ ကာလဆိုလဲ မမှားပါဘူး။ ဒီလိုနဲ့ ၀တ္တုတိုလေး နှစ်ပုဒ်၊ သုံးပုဒ်နဲ့ ကျွန်မ စာမျက်နှာများနဲ့ ဝေးကွာခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်ဝန်းကျင်လောက်မှာ ကျွန်မအလုပ်မှာ အင်တာနက် စသုံးခွင့်ကြုံလာပါတယ်။ အင်တာနက် စသုံးသူတွေရဲ့ ထုံးစံအတိုင်း စမ်းတ၀ါးဝါးနဲ့ မွှေလို့ နှောက်လို့ မ၀တဲ့အချိန်ပေါ့။ အဲ့ဒီမှာ ပြည်ပမှာ ပညာတော်သင်ရောက်နေတဲ့ မတ်ကလေးက စာဖတ်ဝါသနာပါမှန်းသိတဲ့ ကျွန်မကို လင့်ခ်နှစ်ခု ဖတ်ကြည့်ဖို့ မျှဝေပါတယ်။ အဲ့ဒီလင့်ခ်နှစ်ခုကို အခုထိ မှတ်မိသေးပါတယ်။ အဲ့တာက နိုင်းနိုင်းစနေနဲ့ နစ်နေမန်းတို့ရဲ့ လင့်ခ်ပါပဲ။ အဲ့ဒီမှာ ကျွန်မလည်း ဒီဆိုက်နှစ်ခုကို မခွဲနိုင် မခွာရက်ဖြစ်ပြီး တစိုက်မတ်မတ် ဖတ်မိပါတယ်။

အဲ့ဒီမှာ ကျွန်မ ဘာကိုသတိပြုမိသလဲဆို သူတို့ရေးထားတဲ့စာတွေက ပေါ့ပါးကောင်း ပေါ့ပါးနေမယ်၊ တိုကောင်းတိုနေမယ်။ သို့သော် သူတို့စာတွေက လွတ်လပ်မှုအငွေ့အသက်တွေ လွှမ်းခြုံထားတယ်။ သူတို့စိတ်တွေကို အနီးစပ်ဆုံး လှမ်းဖတ်လို့ မြင်နိုင်တဲ့အထိကို စာဖတ်သူအနေနဲ့ ခံစားမိရစေတယ်။ ပုံနှိပ်စာမျက်နှာပေါ်မှာ စာပေစီစစ်ရေးအောက် ကြပ်ကြပ်တည်းတည်းနဲ့ ချုပ်ချယ်ခံ၊ ပယ်ဖျက်ခံရပြီးမှ ဖတ်ခွင့်ရနေတဲ့ စာရေးဆရာများရဲ့လက်ရာများနဲ့ ကွဲပြားခြားနားနေတယ်။ အဲ့ဒီမှာ ကျွန်မ ငြိတော့တာပါပဲ။

ကျွန်မ အွန်လိုင်းက စာတွေကို တရှိုက်မက်မက် ဖတ်ဖြစ်လာခဲ့တယ်။ မှတ်မှတ်ရရ ကျွန်မ စွဲစွဲလမ်းလမ်း စတင်ဖတ်ခဲ့ရတဲ့ ဆိုက်တွေက ကပ်ပါပေ့ကိုပီကေ၊ ရန်အောင် (ရေခဲငှက်)၊ တေဇာ(လရောင်လမ်း)၊ မေဓာဝီ၊ နေဘုန်းလတ်၊ ပန်ဒိုရာ၊ ကိုရင်နော်ခင်လေးငယ်နဲ့ ညီလင်းသစ်တို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ စာဖတ်သက်လေးရလာတော့ ကလစ်တစ်ချက်နှိပ်ယုံနဲ့ လင့်ခ်တွေ ဆင့်ကဲရှာနေနိုင်ပြီး၊ အဲ့ဒီကမှတဆင့် ကျွန်မ အွန်လိုင်းပေါ်က စာဂျပိုးဖြစ်ခဲ့ရတယ်။ အွန်လိုင်းက ဘလော့ဂ်တော်တော်များများရဲ့ စာတွေ ဖတ်ဖြစ်လာတယ်။ အဲ့ဒီလို အွန်လိုင်းဆိုတာကြီးမှာ စာတွေ ရေးတတ်သူတွေကိုလဲ အားကျမိလာတယ်။

၂၀၀၉ခုနှစ်ရဲ့ နှစ်လည်ပိုင်း တစ်နေ့မှာ မမျှော်လင့်ပဲ ချော (အစိမ်းရောင်လွင်ပြင်) နဲ့ အော်ရိုရာနယူဂျင်နရေးရှင်း ဆိုတဲ့ ဂူဂဲလ်းမေးလ်ဂရု(ပ)တစ်ခုကနေ သတင်းတွေ ပို့ပေးတဲ့ဆီမှာ မန်ဘာဝင်မိကြရင်း ခင်မိကြတယ်။ သူက အဲ့ဒီတုန်းက ဘလော့မှာ မရေးသေးပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာ သူက ပလန်းနက်မှာ အလှအပရေးရာတွေ ရေးနေတာသိလာရတယ်။ ဒီလိုနဲ့ ခုန အော်ရိုရာက မေးလ်တစ်ခုမှာ ညစ်ညမ်းစာရေးသူ တစ်ယောက်ရဲ့ မေးလ်တွေ တက်လာတာကြောင့် စာဖတ်သူတိုင်း စိတ်အနှောက်အယှက်ဖြစ်ရပြီး အပြန်အလှန်   ရေးနေကြတာတွေ ဖတ်ရလို့၊ အဲ့ဒီအကောင့်ကို ဖြုတ်ပေးဖို့ အက်ဒမင်ဆီ မေးလ်ပို့ ဆက်သွယ်မိပါတယ်။ အဲ့ဒီကနေ အက်ဒမင် မောင်လေး ဘုန်းကြီး (မိတ္ထီလာသား – လူနာမည်မှာ ဘုန်းပါလို့အဲ့လို ခေါ်တာပါ)နဲ့ ညီမ ထွဋ်ထွဋ်တို့ကို ခင်မင်ခွင့်ရခဲ့တာ အခုထိပါပဲ။  ဘုန်းကြီးက သိပ်မကြာခင်မှာပဲ အော်ရိုရာနယူဂျင်နရေးရှင်းကို Ning Site အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မကို စာရေးဖို့ ကျွန်မကို ပြောပါတယ်။ နည်းပညာမှာ ဇီးရိုးနောလှစ်ဆိုပေမဲ့ စာရေးချင်နေတဲ့ စိတ်အခံက အဲ့ဒီမှာ ကြွတက်လာပါတယ်။ ဘုန်းကြီးက ကျွန်မကို ရေးနည်းတွေ သင်ပေးပါတယ်။ ဒီလိုနဲ့ စမ်းတ၀ါးဝါးနဲ့ အော်ရိုရာမှာ ရေးနေရင်း Ning Site ဆိုတာ ဆိုရှယ်ဆိုက်၊ အများပြည်သူဝင်ရေးနိုင်တယ်ဆိုတာ သိခဲ့ရတယ်။ ၀ါသနာရှင်တွေရဲ့ လက်ရာမျိုးစုံကို တချိန်ထဲမှာ ဖတ်ခွင့်ရနေတယ်။ အဲ့ဒီအချိန် ချောက သူ ဘလော့တစ်ခု စမ်းသပ်လုပ်နေတယ်၊ ရရင် အစ်မကို တစ်ခုလုပ်ပေးမယ်ဆိုလို့ ကျွန်မ ဖွားကျိုင်းတုတ်ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီနောက် ၂၀၀၉ခုနှစ်ရဲ့ နှစ်ကုန်ကာနီးမှာ ချောရဲ့ ကောင်းမှုနဲ့ ကျွန်မ ၀က်ဘက်ဆိုက်လေး တစ်ခုကို WordPressနဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက အချိန်ကာလတွေဟာ အင်မတန်မှ လွမ်းမောဖွယ်ရာပါ။ ဆယ်စုနှစ် နှစ်စုနီးပါး မှတ်စုစာအုပ်ထဲ သိမ်းကျုံးရေးထားသမျှ ဘလော့မှာ တစ်နေ့တစ်ပုဒ် မှန်မှန်တင်ခဲ့တယ်။ ချောကလဲ ကျွန်မလိုပဲ တစ်နေ့တစ်ပုဒ်သမားပေါ့။ တစ်ခါတလေ သူနဲ့ကျွန်မ ဖုန်းချိန်ပြီး “အစ်မ ဒီနေ့တင်ပြီးပြီလား” “ချောရော မတင်သေးဘူးလား”နဲ့ အပြိုင်ကျဲခဲ့ကြချိန်တွေပေါ့။ နှစ်ယောက်သားအပြန်အလှန် ဘလော့တွေ လမ်းညွှန်ရင်း အင်မတန် ပျော်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား စာဖတ်သူတွေ ရလာသလို၊ ဘလော့ဂါတွေနဲ့လဲ ကွန်မန့်တွေ အပြန်အလှန် ရေးရင်းက ခင်မင်ခွင့် ရခဲ့ပါတယ်။ အံ့သြစရာတစ်ခုကို ကျွန်မကြားဖြတ် ပြောချင်ပါတယ်။ ဘလော့ဂါတွေဟာ အွန်လိုင်းမှာ စာတွေဖတ်ရင်း အချင်းချင်း မိတ်ဆွေရင်းတွေလို ရင်းနှီးခင်မင်နေကြတာဟာ အင်မတန် အံ့သြဖွယ်ရာဖြစ်ပြီး၊ ဒါကလဲ ရှေးရေစက်တစ်ခုလို့ ထင်မိပါတယ်။

အဲ့ဒီမှာ The Gardener၊ WeSheMe၊ မြစ်ကျိုးအင်း၊ ကိုဇော်၊ ချစ်ကြည်အေး၊ မယ့်ကိုး၊ အိမ့်ချမ်းမြေ့၊ ချော(အစိမ်းရောင်လွင်ပြင်)၊ သက်ဝေ၊ Sosegado၊ ရွှေစင်ဦး၊ တီတီဆွိ၊ ခင်ဦးမေ၊ နှင်းနဲ့မာယာ၊ ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း)၊ သဒ္ဓါလှိုင်း၊ ရွှေပြည်သူ၊ ဇီဝက(ဆေး-၂) ၊ သက်တန့်ချို၊ ပန်းရင့်ရောင် စတဲ့ ဘလော့ဂါများရဲ့ စာများကို အလွတ်မပေးဖတ်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာမမေငြိမ်း၊ ဆရာမ မိုးချိုသင်း၊ ဆရာမ ခက်မာတို့ကိုပါ ဘလော့မှာ တွေ့လိုက်ရချိန် ကျွန်မ သိပ်နှစ်သက်မိတဲ့ စာရေးဆရာမများမို့ ၀မ်းမြောက်စွာနဲ့ သူတို့ဆိုက်တွေမှာ စာတွေ ဖတ်ဖြစ်ခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်အထိ ဘလော့ဂါများနဲ့ ခင်မင်စကားပြောခြင်း မရှိသေးပါဘူး။ ဒီလိုနဲ့ ဘလော့ဂါတော်တော်များများရဲ့ စာတွေကို တစ်နှစ်လောက် တစိုက်မတ်မတ် ဖတ်ပြီးချိန်မှာတော့ သူတို့တွေနဲ့လဲ ခင်မင်ခွင့်ရလာတယ်။ စာတွေကို ဖတ်ပြီး ကွန်မန့်ပေးခဲ့တာတွေ ရှိသလို၊ ဆိုင်းလင့်ရီဒါအနေနဲ့လဲ ဖတ်ဖြစ်ခဲ့ပါတယ်။ ဘလော့မှာ စာရေးနေတုန်း ချောကလက်၊ မြန်မာသူငယ်ချင်းများနဲ့ Ning Site အချို့မှာ စာတွေ တစ်ပြိုင်နက်ထဲ ၀င်ရေးဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဘလော့စပေါ့က ၀င်ဖတ်မရအောင် ပိတ်ထားတာမို့ ကျွန်မတို့ ကျော်၊ ခွ ဖတ်ခဲ့ရတာတွေကလဲ အမှတ်ရစရာပါပဲ။

ဘလော့မှာ ဘလော့ဂါမြစ်ကျိုးအင်း စီစဉ်ကျင်းပခဲ့တဲ့ အွန်လိုင်းရသ၀တ္တုတိုရွှေဆုပေးပွဲကိုလဲ ကျွန်မ ကျော်သွားလို့ မဖြစ်သေးပါဘူး။ ဒီပွဲလေးမှာ ပုံနှိပ်မီဒီယာက အစဉ်အလာရှိ စာရေးဆရာ/ဆရာမကြီးများ၊ အယ်ဒီတာများက အကဲဖြတ်အမှတ်ပေးခဲ့ကြတာပါ။ ဒီပွဲလေးမှာ ရွှေဆုရခဲ့ခြင်းက ကျွန်မ စာတွေကို ပုံနှိပ်မဂ္ဂဇင်းပေါ်မှာ ပြန်ရေးဖြစ်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ ပုံနှိပ်စာမျက်နှာပေါ်က ကျွန်မရဲ့ဆရာသမားများနဲ့ ပြန်လည် ဆုံတွေ့ခွင့်ရခဲ့ပြီး၊ သူတို့ရဲ့ ဖေးမမှု၊ အားပေးမှုနဲ့ ကျွန်မ ယခုအခါမှာ ဘလော့မှာရော၊ ပုံနှိပ်မဂ္ဂဇင်းများမှာပါ စာရေးခွင့် တဖန် ပြန်လည်ရရှိခဲ့ပါတယ်။

ဘလော့မှာ စာရေးဖြစ်တာက ကျွန်မအတွက် အကျိုးကျေးဇူး များစွာရခဲ့တယ်လို့ ပြောချင်ပါတယ်။ နည်းပညာနဲ့ စဉ်ဆက်မပြတ်ထိတွေ့ခွင့်ရရှိခဲ့တယ်။ ရေခြားမြေခြားက ဘလော့ဂါများနဲ့ ရင်းနှီးခင်မင်ခွင့်ရတယ်။ ဟိုး အရင် ကျွန်မ အွန်လိုင်းပေါ် စာမရေးခင်ထဲက နှစ်သက်ခဲ့ရတဲ့ ဘလော့ဂါများနဲ့ ယခုအခါ ခင်မင်ခွင့်ရနေခဲ့တာ တကယ့် အိပ်မက်ပါပဲ။ ပုံနှိပ်မှာ ဖတ်ခွင့်မရခဲ့တဲ့ စာများကို အွန်လိုင်းကနေ ဖတ်ခွင့်ရခဲ့တယ်။ ဘလော့ဂါတွေရဲ့ သွေးစည်းညီညွတ်မှုအဖြစ် ဧရာဝတြီမစ်ဆုံအရေးမှာ တစ်တပ်တစ်အား ပါဝင်အားဖြည့်ခွင့် ရခဲ့တာကလဲ အမှတ်တရပါဘဲ။

ဘလော့ဂါဆိုတာ အွန်လိုင်းမှာ ကိုယ်ပိုင်ဝက်ဘ်ဆိုက် တည်ဆောက်ပြီး အချိန်ပေးကာ၊ ၀ါသနာအရ မိမိနှစ်သက်ရာ၊ အားသန်ရာများကို တစိုက်မတ်မတ် ရေးသားနေသူများလို့ ကျွန်မလက်ခံထားပါတယ်။ အခုအခါမှာ ကျွန်မအပါအ၀င် ဘလော့ဂါ အတော်များများ ဖေ့ဘုတ် စာမျက်နှာထက်မှာ ရောက်နေကြတာကို တွေ့ရပါတယ်။ ဒါကို တော်တော်များများက ဖေ့ဘုတ် သုံးသူများကို ဘလော့ဂါများရယ်လို့ နားလည်မှု လွဲမှားနေကြတာ တွေ့ရပါတယ်။ ဖေ့ဘုတ်မှာ အဖြူအမည်းမသိပဲ Like တွေ ရနေကြသူများကို ဘလော့ဂါလို့ ထင်ကြပါတယ်။ အမှန်က ဖေ့ဘုတ်က ဆိုရှယ်စာမျက်နှာပါ။ သူများအိမ်အလည်သွားလို့ အခန်းလေးတွေ ကန့်လို့ စုဝေးနေကြတာမျိုးပါ။ ဘလော့ကတော့ ကိုယ်ပိုင်အိမ်လေးမှာ နေနေကြသူများလို့   မြင်လွယ်အောင် ပြောပြချင်မိပါတယ်။ ကိုယ်ပိုင်အိမ်လေးတွေနဲ့ စာရေးသူ ဘလော့ဂါများက၊ အများထံ မျှဝေချင်လာတဲ့အခါမှာ အခန်းလေးတစ်ခန်းလာကန့်ပြီး သူများတွေနဲ့ လာရောနှောနေမိတာပါ။ ရှင်းကာမှ ပိုရှုပ်သွားပြီလားမသိ။

ဖေ့ဘုတ်ရဲ့ အားသာချက်က မြန်တယ်၊ အများထံ ပျံ့နှံ့လွယ်တယ်။ ဖေ့ဘုတ်ပေါ်မှာ စာရေးကောင်းသူတွေ အများကြီးကိုလဲ တွေ့ရပါတယ်။ နယ်ပယ်အသီးသီး အလွှာအသီးသီးက သူများ ဖေ့ဘုတ်မှာ ပါဝင် စီးမျောကြပါတယ်။ ကျွန်မအပါအ၀င် ဘလော့ဂါ အတော်များများလဲ   ဖေ့ဘုတ်မှာ တ၀ဲရယ်မှ တလည်လည်နဲ့ ဘလော့ဘက် မလှည့်နိုင်တာကို တွေ့နေရပါတယ်။ ဒီနေ့ကစပြီး ဘလော့ဘက် ပြန်လှည့်ကြစို့၊ အရင်လို ပို့စ်တွေ တပျော်တပါး ရေးကြစို့လို့……. ကျွန်မ မတိုက်တွန်းလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မကိုယ်တိုင်လဲ ဘလော့မှာ စာတွေ ဟိုး အရင်လို အစဉ်မပြတ်ရေးနိုင်ဖို့ အားထုတ်ရမဲ့သူ ဖြစ်နေလို့ပါ။ ဒါပေမဲ့ ဘလော့ဂါများ ဘလော့မှာ ပို့စ်လေးတွေရေးပြီးတိုင်း ဖေ့ဘုတ်မှာ လင့်ခ်လေးတွေ ပြန်Shareပေးရင် ဘလော့ဂါတွေ အဆက်သွယ်မပြတ် စာတွေ ဖတ်ဖြစ်နေမယ် ထင်ပါတယ်။

ခုနတင် ကျွန်မ ဘလော့ဂ် ၀င်စစ်တော့ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလကနေ ယနေ့အထိ ဘလော့မှာ စာစရေးဖြစ်ခဲ့တာ ၁၁၅ နိုင်ငံက စာဖတ်သူ ၂၀၇၈၉၈ယောက် ရှိနေတာ တွေ့ရပါတယ်။ အားလုံးက တကယ် စာဖတ်ဖို့ရောက်လာသူများ မဟုတ်နိုင်ပဲ၊ မျက်စိလည်လမ်းမှား   ရောက်လာတာမျိုးတွေလဲ ဖြစ်နိုင်ပါတယ်။ လာရောက်သူအများဆုံး (၅)နိုင်ငံကို အစဉ်အတိုင်း ရေးရရင် စကာင်္ပူက အများဆုံးဖြစ်ပြီး မြန်မာ၊ အမေရိက၊ မလေးရှားနဲ့ ထိုင်းတို့ အသီးသီး ဖြစ်ကြပါတယ်။ စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်စကား ပြောလိုပါတယ်။  ကျွန်မဘလော့မှာ Categories ၂၄ခုခွဲပြီး ရေးခဲ့ပါတယ်။ အများဆုံးရေးဖြစ်ခဲ့တဲ့ Categories က ၀တ္တုဖြစ်ပြီး (၆၅) ပုဒ် ရေးသားဖြစ်ခဲ့ပါတယ်။

ကျွန်မက မြန်မာနိုင်ငံမှာ နေထိုင်ပြီး ဘလော့ရေးနေသူ ဖြစ်တာမို့ ပို့စ်တင်ချိန် အင်တာနက်ကွန်နက်ရှင်နှေးတဲ့ ဒဏ်ကိုတော့ ကောင်းကောင်းခံနိုင်ရည် ရှိနေပြီးဖြစ်ပါတယ်။ ဘလော့ကို အင်မတန် သံယောဇဉ်ကြီးပါတယ်။ တတ်နိုင်တဲ့ နောက်ဆုံး အချိန်အထိ ဇွဲနဘဲနဲ့ ဘလော့ဂင် Blogging သွားမှာပါ။

Blog Day နေ့က အိမ်ကနေ မနေနိုင်တော့ပဲ  ဖုန်းနဲ့ ဖေ့ဘုတ်မှာ ကောက်ခြစ်လိုက်တဲ့ စာစုထဲကအတိုင်း -

“၁၉၉၀ မှာ မဂ္ဂဇင်းစာမျက်နှာမှာ စာတွေ ဦးစွာ ရေးခဲ့ရလို့ စာမျက်နှာက ကျွန်မရဲ့ငယ်ချစ်လို့ ဆိုခဲ့ရင်… Blogမှာ စာတွေကို ၂၀၀၉ ခုနှစ်နှစ် ကုန်ကာနီးကနေ ယနေ့အထိ ရေးဖြစ်နေခဲ့တာဟာ၊ ငယ်ချစ်ဦးနဲ့ အိမ်ထောင်ကျခွင့်ရတာလို့ ကျွန်မ ကျေနပ်စွာ ခံယူမိပါတယ်”

လို့ ထပ်မံ ပြောခွင့်ပြုပါ။

မြန်မာဘလော့ဂါများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် လွတ်လပ်စွာ ဘလော့ဂင်နိုင်ပါစေကြောင်း ဆုမွန်ချွေလျှက် -

“ Happy Belated Blog Day! ”

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
Posted in ရာသီစာ | 11 Comments

အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ် (Tag Post)

Number of View: 9820

အစ်မသက်ဝေ၏ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန် Tag Postအား ချစ်ခင်ခြင်းများစွာဖြင့် ရေးရန် မနေ့က တစ်နေ့လုံးအားယူခဲ့သော်ငြား၊  မြကျွန်ုပ် အလုပ်ရှုပ်နေလိုက်သည်မှာ ယခုတော့ ၂၈.၈.၂၀၁၃မှ ရေးနိုင်ချေပေပြီ။ သို့ကမို့ ကိုညီလင်းသစ်ခေါင်းစဉ်ပေးသကဲ့သို့  “အိတ်မှောက်သွန်ပစ်၊ နှစ်ဆယ့်ရှစ်” ဟုပင် ဘလော့ဂ် ခေါင်းစည်းကို ခွင့်မတောင်းပဲ ခပ်တည်တည် ,ယူကာ ကဗ္ဗည်း ထိုးလိုက်ရတော့၏။ (ကိုညီရေ… ခွင့်လွှတ်…)  :D

အနှီ Tag Postအတွက် အရေးတကြီးလိုအပ်သည့် ဓာတ်ပုံရိုက်ခြင်းအမှုအား မြကျွန်ုပ် သတိရချိန်အခါသမယသည် မြန်မာစံတော်ချိန်အားဖြင့် ယမန်နေ့ညက အချိန်၁၁နာရီပင် ထိုးချေရော့မည်။ 5 Plus Channel မှ ၉၄ပိုင်းတိတိ ရောက်နေပြီဖြစ်သော ကိုရီးယားနန်းတွင်း အခန်းဆက်ဇာတ်လမ်းတွဲကြီးကို ကြည့်ပြီးချိန်ဟု ဆိုလျှင်လည်း မမှားပါချေ။

အိပ်ရာဝင်ချေတော့မည်ဟု ခြင်ထောင်လေးမစဉ် မြကျွန်ုပ် စိတ်ဝယ် “အိတ်သွန်ဖာမှောက်” “အိတ်သွန်ဖာမှောက်”ဆိုသည့် စကားလုံး ရုတ်တရက် ၀င်ရောက်လာပြီးသကာလ၊ မှန်တင်ခုံပေါ်တွင် စံမြန်းနေသည့်၊ နှစ်ဝက်မျှမက သုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် လက်ဆွဲအိတ်ကို ညာလက်ဖြင့် ကသောကမျော ဆွဲယူ၊ အခန်းထောင့်မှာ ထောင်လိပ်ထားသည့် သင်ဖျူးကို ဘယ်လက်ဖြင့် ဒရွတ်တိုက်ဆွဲ၊ အိမ်ရှေ့ခန်းသို့ ရုတ်ချည်းအသော့နှင်လိုက်သည်တွင် အိမ်ဦးနတ်သည်လည်း အိပ်ရာမှ လန့်ဖျတ်ထ၊ မြကျွန်ုပ်၏ အနောက်မှ ထပ်ချပ်မကွာ လိုက်ချလာလေ၏။

ဤသို့ မကြာခဏ ကြောင်တောင်တောင်အပြုအမူများ လုပ်လေ့ရှိသည့် မြကျွန်ုပ်၏စတိုင်ကို အသားကျ၊ နောကျေနေသည့် အိမ်ဦးနတ်လည်း အလိုက်တသိ ဘာမျှ မေးခွန်းမထုတ်ရဲ၊ မြကျွန်ုပ် လုပ်နေသည်ကို မနီးမဝေးမှ တစ်စုံတစ်ခုခု ရှာနေသလိုလို အသွင်ယူကာ အကဲခတ်နေချေသည်တမုံ့။ တစ်ခုခုလုပ်ချင်ပြီဆိုလျှင် ဘယ်ပတ်ဝန်းကျင်မှ မကြည့်ပဲ၊ မရရအောင် လုပ်တတ်သူဖြစ်လေရာ ဖျာကိုခင်း၊ လက်ကိုင်အိတ်၏ဇစ်ကိုဖွင့်၊ ရုတ်တရက် အိတ်ကို ဇောက်ထိုးကိုင် မှောက်ချလိုက်ရာ အိတ်အတွင်းမှ စုံစီနဖာ၊ တိုလီမုတ်စ၊ ကွိစိကွစများသည် သင်ဖျုးဖျာပေါ်သို့ ဖျောခနဲ ဖျောခနဲ ထွက်ကျလာတော့သည်။ ညအချိန်မတော် မြကျွန်ုပ်၏ အနှီသို့ လုပ်ဆောင်မှုကြောင့် အိမ်ဦးနတ်၏ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်သွားလျှက်က မ၀ံ့မရဲလေသံဖြင့် “ အချိန်မတော်ကြီး ဘာပျောက်လို့လဲ၊ မထိတ်သာ မလန့်သာ ရှိလိုက်တာကွာ ”လို့ လေပြည်ပျော့လေးကို တုန်ချိစွာ သွေးရှာ၏။

မြကျွန်ုပ်လည်း အိမ်ဦးနတ်၏ လေသံကြောင့် ရယ်ချင်စိတ်ကို ကြိတ်မှိတ်၊ ရုပ်ကို အတည်ပေါက်ဖမ်းကာဖြင့် “ဟိုပေါ်က ဖုန်းလေးတစိတ် လှမ်းပေးပေးပါ” လို့ ပြောလိုက်ရာ အိမ်ဦးနတ်မှာ ညအချိန်မတော် ဘယ်သူ့များ ဖုန်းဆက်လေဦးမည်လဲဟု ဇဝေဇ၀ါအတွေးတို့ဖြင့် စာအုပ်စင်ပေါ်တင်ထားသည့် လက်ကိုင်ဖုန်းကို လှမ်းယူပေးလေ၏။

သို့နှင့် ခင်းထားသည့် သင်ဖျူးဖျာပေါ်တွင် လက်ကိုင်အိတ်အတွင်းမှ ပစ္စည်းများကို အလျဉ်းသင့်သလို စု၊ ဖုန်းကင်မရာလေးဖြင့် တဖျတ်ဖျတ်ရိုက်ခြင်းအမှု ပြုနေသည့် သကာလ၊ စောဖေက နောကျေနေပြီးဖြစ်သည့် အိမ်ဦးနတ်မှာ ကနဦးအစမူလက စိုးရိမ်နေသည့် အလုံးကြီးသည် ဂလုခနဲကျသွားပုံရပြီး၊ အလိုက်တသိပင် မြကျွန်ုပ် ဓာတ်ပုံရိုက်နေစဉ် အလင်းရောင်ရလေအောင် နေရာဖယ်ပေးခြင်း၊ ပစ္စည်းများကို အဆင်ပြေစေရန် ဟိုသည်ကူရွှေ့ပေးခြင်း၊ ပို့စ်တင်ဖို့ မဟုတ်လား ဘာညာသာရကာပြောခြင်းဖြင့် အလိုက်တသိ ကူညီပေးချေ၏တမုံ့။

Exif_JPEG_420

“မောင်မင်း.. တော်တယ်” ဟု မချီးမွမ်းချင်၊ ချီးမွမ်းချင် ပုံစံမျိုးဖမ်းကာ အိမ်ဦးနတ်အား ချီးမွမ်းပြီးသကာလ၊ လက်စွဲတော် ကွန်ပျူတာလေးကို ဖွင့်၍ အနှီ မသက်ဝေ၏ tag post ကြီးအား ရေးရန်အစပြုလိုက်၏။ အိမ်ဦးနတ်လဲ အလိုက်တသိ ပန်ကာဖွင့်ပေးခြင်း၊ ကော်ဖီတစ်ခွက် လာချပေးခြင်းတို့ ပြုပြီးချိန်တွင် မြကျွန်ုပ်၏ Tag Postမှာ အတော်ပင်ခရီးပေါက်နေချေခဲ့ပြီတကား။

လက်ရှိ မြကျွန်ုပ် အသုံးပြုနေသည့် သိုက်သမိုင်းအိတ်လေးကား အလျားတစ်ပေသာသာရှိပြီး အိတ်များစွာပါဝင်သည့် မြစိမ်းရောင်မင်းသမီးလေး၏ လက်ဆောင်တော်အိတ်ကလေးပင်။ လွယ်အိတ်များကို များသောအားဖြင့် ခပ်ကြီးကြီး၊ အရောင်မှိန်မှိန် နှစ်သက်တတ်၏။ ဤအိတ်ကလေး၏အရောင်က မြအကြိုက်အရောင်၊ ဆိုဇ်ကတော့ အနည်းငယ်သေးသည်။ သို့သော် ထုံးစံအတိုင်း အိတ်တစ်လုံးရပြီဆိုလျှင် အဲ့သည်တစ်လုံးကို နှစ်ပေါက်အောင် အမုန်းလွယ်၏။ ယခု ဤအိတ်သည်လည်း အနည်းလေး မရှိဘူးဆို နှစ်ဝက်ကျော်နေချေပြီ။  အိတ်လေးက သေးသော်ငြား အတွင်းမှာ အိတ်အကျယ်လေးလုံး၊ အိတ်အသေးလေးတစ်လုံး၊ ဖုန်းထည့်ရန် ဘေးကပ်အိတ်
သေးသေးလေးနှစ်လုံးပင် ပါသေးသည်။ အပြင်ဘက်တွင်လည်း အဖုံးနှင့်ဘေးအိတ်တစ်ခု ပါလေသေးရာ အင်မတန်မှပင် စုံစီနဖာထည့်တတ်သူ မြကျွန်ုပ်အတွက် အင်မတန်မှ အံဝင်ခွင်ကျ ဖြစ်လှချေ၏။

အနှီအိတ်အတွင်းမှ ပစ္စည်းပစ္စယာများအား ဖောက်သည်ချရလေသော် -

Exif_JPEG_420

၁။ မြစိမ်းရောင် ချည်ထည်ပိုက်ဆံအိတ် အစိမ်းလေး၊။ ဤအိတ်လေးသည်ကား ဗီယက်ကောင်းတို့မြေမှ ဘလော့ဂါ Rose of Sharon ရန်ကုန်ပြန်လာချိန် အခါသမယတုန်းက လက်ဆောင်ပေးထားသည့် အမှတ်တရအိတ်ကလေး။ ဤအိတ်လေးကို ကျွန်ုပ် အလွန်ပင် နှစ်သက်၏။ ပိုက်ဆံကို အရွက်လိုက်ဖြန့်ထည့်ရန် အနေတော်ဖြစ်သည်။ သို့သော် ပိုက်ဆံအိတ်ကလေး အမြဲမဖောင်းနိုင်ခြင်းကိုတော့ မြကျွန်ုပ် အလွန်ဝမ်းနည်းမိရသလို လက်ဆောင်ပေးသူကိုလဲ အားနာမိရချေ၏။

၂။ အညိုရောင် အိတ်လေးတစ်လုံး။ ဤအိတ်လေးထဲတွင် အိမ်သော့၊ ဘီဒိုသော့၊ ရုံးခန်းသော့၊ လော့ကာသော့ စသည့် သော့ပေါင်းသောင်းခြောက်ထောင်နှင့် ရေးပြီး စာမူတွေ၊ ရိုက်ပြီး ဓာတ်ပုံတွေ စုစည်း သိမ်းဆည်းထားတတ်သည့် မီမိုရီစတစ်ခ် နှစ်ချောင်း၊ ကတ်ရီဒါတစ်ချောင်းပါ ခိုအောင်းနေသည်မို့ မြကျွန်ုပ်အား လုပ်ကြံလိုလျှင် အနှီအိတ်လေး ဖျောင်လိုက်ယုံမျှနှင့်ပင် လုံလောက်ချေ၏။ (ဤကားအတွင်းစကား ပြောပြခြင်း)

၃။ သွင်းငွေနည်းနည်း၊ ထုတ်ငွေကြမ်းကြမ်းဖြင့် တောင့်ခံနေရသည့် ဘဏ်စာအုပ်လေး တစ်အုပ်မှာလဲ သနားစရာ။

၎။ ရုံးပြင်ကနားသွားလျှင် မဖြစ်မနေပြနိုင်ရန်အတွက် ဆောင်ထားရသည့် မြန်မာနိုင်ငံသားဟု သက်သေပြမည့်ကတ်။  နိုင်ငံကြီးသားကတ်။ သူ့ကို မပျောက်မရှရအောင် ထိမ်းသိမ်းရတာလဲ အလုပ်တစ်ခု။

၅။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးကို ချုပ်ငြိမ်းခွင့်မပေးသည့်၊ မရှိမကောင်းရှိမကောင်းဟု ကင်ပွန်းတပ်ထားသည့် လက်ကိုင်ဖုန်းအစုတ်တစ်လုံး။

Exif_JPEG_420

၆။ ထိုမှတဖန် အကြင်သူလက်ဆောင်ပေးခဲ့သည့် အနှစ်၂၀မျှ သက်တမ်းရှိနေသည့် လိပ်စာကဒ်ထည့်သည့် ဗူးပြားဟောင်းလေး။

၇။ ပူလောင်အိုက်စပ်တတ်သူ မြကျွန်ုပ်အတွက် မရှိမဖြင့်ဖန် (ယပ်တောင်)။

၈။ Making your breath fresh ဆို ညွှန်းထားတဲ့ Clorests အမည်ရ Cool Mint Coated Gum. သူ့ကိုလဲ မဖြစ်မနေ ဆောင်ထားတတ်သည်။

၉။ ကားမူးတတ်သူ မြကျွန်ုပ်အတွက် အမြဲဆောင်ရသည့် ရှူဆေးလေးတစ်တောင့်။

Exif_JPEG_420

၁၀။ ထိုနောက်တွင်ကား အလို… စက္ခုပါလ မျက်စိအကြောဖြေဆေးဗူးနဲ့ အနာဆေးထည့်ရန် ဗီတာဒိုင်းတစ်ဗူးပါလား။ သြော်… ဇရာ… ဇရာ…။ ထိုနှစ်ဗူးလုံး အသုံးမပြုတာ ကြာချေပြီိ။ သို့ဖြစ်၍ အိတ်ထဲတွင် သောင်တင်နေသည်မှာ ကြာလှချေပြီ။

၁၁။ မရှိမဖြစ် ဖုန်းဘက်ထရီကြိုး၊ စားလက်စ တစ်ခုသာကျန်သည့် ပီကေ၊ အတွင်းအိတ်တစ်ခုစီမှာ လိတ်ညပ်နေသည့် ၂၀၀ကျပ်တန် ၃ရွက်နှင့် ၅၀၀ကျပ်တန် ၁ရွက်။ ဘယ်ဘဝေဘ၀ါ ကာလများထဲက  အိတ်ထဲ စက်တော်ခေါ်နေသည်လဲ။ ယခုမှ သိချေသည်။

Exif_JPEG_420

၁၂။ အလှပြင်ပစ္စည်းဟု ပြော၍ရသည့် Now How ကရင်ပတ်ဖ်နှင့် Now How နှုတ်ခမ်းဆိုးဆေးတောင့်၊ ဘီးတစ်ချောင်း။ ဒါကတော့ ပုထုစဉ်မိန်းမသားမို့ လိုအပ်သည်ပဲ မဟုတ်ချေလော။

Exif_JPEG_420

၁၃။ ခေါက်သိမ်းထားသည့် မလိုအပ်တော့သည့် စာမူအတိုအထွာများနှင့် မ၀ဲသေးပဲ ရက်လွန်နေသည့် ဖိတ်စာများလဲ ထွက်လာသေး၍ အံ့သြနေရ၏တမုံ့။

၁၄။ မင်အနက်ရောင်နဲ့ အပြာရောင် ဘောပင်နှစ်ချောင်း။ ဤကား အော်တို၊ အော်ရှည်ရေးပေးရန် …. ဟု မထင်မှတ်စေလို။ အကြွေးစာရင်းများ အကြွေးမထားပဲ မှတ်ရန်အတွက်သာ။

Exif_JPEG_420
ဤတစ်ပေပတ်လည်အိတ်လေးသည် မနိုင်ဝန်ကို သနားစဖွယ် ထမ်းထားရချေသည်။ ယခုမူကား အနှီ အစ်မသက်ဝေ၏ ကျေးဇူးဖြင့် မြကျွန်ုပ် ၀ိတ်လျော့ဖြစ်သွားလေပြီ။ ဤကား ဤTag Post၏ ချစ်စရာ၊ ဤTag Postအပေါ် ကျေးဇူးတင်စရာပင်။ အဟောသုခံ ကောင်းလေစွတကား။

လက်ဆွဲပတ္တူအိတ်ထဲမှ ကွန်ပြူတာပိစိနှင့်တကွ၊ စာမူဖိုင်များ၊ ခေါက်ထီးတစ်လက် စသည်တို့ကိုမူ နောက်တစ်ချိန် အလျဉ်းသင့်မှ ပြောပြချေဦးမည်။

ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။

ဤတွင် မြကျွန်ုပ်၏ အိတ်မှောက်ရှင်းတမ်း  နိတ္ထိတံ၏။

(ဘလော့ရေးကာစ ကာလက “ အရူးလွယ်အိတ်” အမည်နဲ့ အလားတူပို့စ်မျိုး ရေးခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက လွယ်တဲ့အိတ်နဲ့၊ အိတ်ထဲပါတဲ့ပစ္စည်းတွေ သိချင်ရင်တော့ ဒီနေရာလေး မှာ ဖတ်ကြည့်ပေးကြပါဟု။ ဤကား စကားချပ်။ )

ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျကြပါစေ။

Share
Posted in Tag Post | 19 Comments

ညစာစားပွဲ

Number of View: 8309

           ကိုလိုနီခောတ်အချိန်ကာလ၊ အိန္ဒိယနိုင်ငံတွင် ကိုလိုနီအရာရှိကြီးတစ်ဦးနှင့် သူ၏ဇနီးသည်တို့သည် ညစာစားပွဲပါတီတစ်ခု အကြီးအကျယ် ကျင်းပပေးလျှက်ရှိနေ၏။ ညစာစားပွဲသို့ စစ်မှုထမ်းအရာရှိကြီးများ၊ သံတမန်များနှင့် သူတို့၏ဇနီးသည်များနှင့်အတူ အမေရိကန်သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးပါ တက်ရောက်လျှက်ရှိ၏။ ညစာစားပွဲ ခန်းမကြီး၏ကြမ်းပြင်ကို ကြွေပြားများဖြင့် ခင်းထား၍ တဖိတ်ဖိတ်တောက်ပနေ၏။ ခန်းမကျယ်ကြီးမှ ၀ရန်တာအထိ ထွင်းပေါက်မြင်နေရသည့် မှန်တံခါးချပ်ကြီးများနှင့် မျက်နှာကြက်မှကျနေသည့် ကနုတ်ပန်းဆွဲများက ညစာစားပွဲကျင်းပနေသည့် ခန်းမဆောင်ကြီးကို ပိုမို၍ လှပတင့်တယ်စေရန် ပံ့ပိုးပေးနေသည်။

          ထိုအချိန်တွင် အမျိုးသမီးငယ်တစ်ဦးနှင့် ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးတို့သည် စိတ်အားထက်သန်စွာဖြင့် အကြောင်းအရာတစ်ခုကို အခြေအတင် ပြောနေကြသည့်အသံက ခန်းမတစ်နေရာမှ ပေါ်ထွက်လာ၏။

          “  ကြွက်ကိုမြင်ရင် မိန်းကလေးတွေ လန့်ဖျတ်ပြီး ကုလားထိုင်ပေါ် ခုန်တက်တဲ့ခေတ်က ကုန်သွားပြီ ဗိုလ်မှူးကြီးရဲ့..”

          အမျိုးသမီးငယ်က ဤသို့ပြောလိုက်လျှင် ဗိုလ်မှူးကြီးဆိုသူက “ ဒီမယ် မိန်းကလေး.. ဒါက မဖြစ်နိုင်ဘူးကွဲ့၊ မိန်းမတစ်ယောက်ဟာ ရုတ်တရက် တစ်ခုခုကို ရင်ဆိုင်ကြုံလိုက်ရတာနဲ့  ထိတ်လန့်စိတ်နဲ့ လန့်အော်မိတတ်ကြစမြဲပါ၊ သူတို့ ဘယ်လိုမဆို အော်မိကြမှာပဲ၊ အင်း.. ယောကျာ်းတစ်ယောက်ကတော့ လန့်သွားခဲ့မယ် ဆိုရင်တောင် သူတို့ခံစားချက်တွေကို မိန်းမတွေထက် အနည်းငယ်ပိုပြီး ထိန်းချုပ်နိုင်ကြတယ်၊ အဲ့ဒီ အနည်းငယ်ဆိုတာလေးကပဲ အဓိကကျတာ မဟုတ်ဖူးလား..” ဟု ပြန်လည် တုန့်ပြန်လိုက်၏။

          ထိုသို့ အငြင်းပွားချိန်တွင် အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင်လေ့လာသူက သူတို့၏ အငြင်းအခုန်ပွဲသို့ ၀င်ရောက်ပါဝင်ခြင်းမရှိပဲ အခြားဧည့်သည်များနည်းတူ စိတ်ဝင်တစားသာ   စောင့်ကြည့်နား ထောင်လျှက်ရှိ၏။ ထိုစဉ် သူ့အကြည့်က ခန်းမအတွင်းတစ်နေရာတွင် ရှိနေသည့်  အိမ်ရှင်အမျိုးသမီးကြီး၏ မျက်နှာပေါ်သို့ ရောက်သွား၏။ ထိုအိမ်ရှင်မ၏ မျက်နှာပေါ်တွင် ထူးခြားသည့် အရိပ်အယောင်အချို့ ဖြတ်သန်းသွားသည်ကို သူ သတိထားမိလိုက်၏။ အမျိုးသမီးကြီးသည် ရှေ့တူရှူသို့ မလှုပ်မယှက်ကြည့်နေရင်းမှ မင်တက်လျှက်ရှိနေပြီး သူ၏မျက်နှာပေါ်ရှိ အကြောအချဉ်များကမူ မသိမသာ ခပ်ပါးပါးလေး လှုပ်ရှားသွား၏။ ထို့နောက် အမျိုးသမီးကြီးသည် သူ့ကုလားထိုင်၏ အနောက်တွင်  ရပ်လျှက်ရှိနေသည့်  အိန္ဒိယနွယ်ဖွား လူငယ်လေးအား လက်ဖြင့် အသာအယာယပ်ခေါ်၍ တီးတိုးစကားပြောလိုက်သည်ကို   မြင်လိုက်ရပြန်၏။ အမျိုးသမီးကြီး၏ တီးတိုးစကားကို နားထောင်နေသည့် အိန္ဒိယနွယ်ဖွား လူငယ်လေး၏မျက်လုံးများသည်  ပြူးကျယ်ဝိုင်းစက်သွားပြီးနောက် အခန်းထဲမှ ချက်ချင်းပင် ထွက်သွားသည်ကို တွေ့လိုက်ရပြန်သည်။

          တစ်ခဏအကြာတွင် အိန္ဒိယနွယ်ဖွားလူငယ်လေးသည် နို့ထည့်ထားသည့်ဇလုံတစ်လုံးကို သယ်ဆောင်လာ၏။ သူသည် ဟင်းလင်းဖွင့်ထားသည့်ခန်းမကျယ်ကြီးကို ကျော်ဖြတ်ပြီး၊ ၀ရန်တာသို့သွားကာ ၀ရန်တာ ကြမ်းခင်းပေါ်တွင် နို့ဇလုံကို ချထားလိုက်၏။ ဤသို့ ဖြစ်ပျက်သမျှကို အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင် လေ့လာသူမှလွဲ၍ ခန်းမအတွင်းရှိ အခြားမည်သူ တစ်ဦးတစ်ယောက်ကမျှ သတိပြုရိပ်စားမိလိုက်ခြင်းမရှိပေ။

          အမေရိကန်လူမျိုးသဘာဝပတ်ဝန်းကျင်လေ့လာသူသည် စတင်၍ လှုပ်ရှားလိုက်၏။ အိန္ဒိယနိုင်ငံတွင် နို့ထည့်ထားသည့်ဇလုံဆိုသည်မှာ မြွေကိုအစာကျွေးရန်အတွက်သာ ဖြစ်နိုင်သည်ဟု သူသိနားလည်ထားသည်။ သို့ဖြစ်၍ ဤအခန်းထဲတွင် မြွေဟောက်တစ်ကောင်တော့ မုချရှိနေမည်ဟု ယူဆလိုက်သည်။ သူသည် မြွေဟောက်ရှိနေနိုင်သည့်နေရာဟု ယူဆရသည့် မျက်နှာကြက်မှ ကနုတ်ပန်းဆွဲနေရာသို့ ကြည့်လိုက်သော်လည်း ဘာမျှမရှိပေ။ ရှင်းလင်းလျှက်ရှိ၏။ ခန်းမ၏ထောင့်သုံးထောင့်သို့ ကြည့်လိုက်ရာတွင်လည်း ဘာမျှမရှိ။ ရှင်းနေပြန်၏။ စတုတ္ထထောင့်တွင်မူ အစေခံများက နောက်ထပ်စားစရာတစ်မျိုးဖြင့် ဧည့်ခံရန်အတွက် အသင့်စောင့်ဆိုင်းနေကြ၏။ အကယ်၍ မြွေများ ခိုအောင်းနေခဲ့မည်ဆိုလျှင် ထိုထောင့်၏ စားပွဲအောက် တစ်နေရာသာ ကျန်နေနိုင်တော့သည်ဟု သူတွေးမိလိုက်၏။

          ထို့ကြောင့် ချက်ချင်းနောက်သို့ ခုန်ဆုတ်လိုက်ပြီး ထိုစားပွဲအောက်တွင် မြွေတစ်ကောင် ခိုအောင်းနေနိုင်ကြောင်း အခြားသူများဆီသို့ အသိပေးရန် သူစဉ်းစားမိလိုက်၏။ သို့သော် ထိုသို့ဆိုလျှင် တစ်ခန်းလုံးရှိလူများသိသွားပြီး ရုတ်ရုတ်သဲသဲ ထိတ်လန့်သွားကြပါက ခိုအောင်းနေသည့် မြွေကို ခြောက်လှန့်လိုက်သလိုဖြစ်ကာ၊ နီးရာလူတစ်ယောက်ယောက်
မြွေကိုက်ခံလိုက်ရနိုင်ကြောင်း သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက ခပ်မြန်မြန် ပြောချလိုက်၏။ ခန်းမအတွင်းရှိ လူအားလုံးသည် ဖြည်းဖြည်းနှင့်မှန်မှန် ပြောနေသည့် သူ့အသံ အောက်တွင် ဖမ်းစားခြင်းခံလိုက်ရ၏။

   “အားလုံးနားထောင်ပေးပါ..၊ ခန်းမထဲက လူတိုင်း ကိုယ့်စားပွဲနေရာမှာ  ငြိမ်ငြိမ်သက်သက်လေးနေပေးပါ၊ ကျွန်တော်က နံပါတ်တွေကို တစ်ကနေ သုံးရာအထိ   ရေတွက်ပါမယ်၊ ငါးမိနစ်လောက်တော့ ကြာနိုင်ပါတယ်၊ အဲ့ဒီအချိန်မှာ ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ကြွက်သားလေးတောင်မှ မလှုပ်ရှားမိပါစေနဲ့၊ အဲ့ဒီလိုမဟုတ်ပဲ လှုပ်ရှားမိလိုက်မယ် ဆိုရင် အဲ့ဒီလူက ဒဏ်ကြေး ရူပီးငွေငါးဆယ် ပေးဆောင်ရမယ်၊ ကဲ… စပြီ..”

          ရုတ်တရက် အမေရိကန်လူမျိုးသဘာဝပတ်ဝန်းကျင်လေ့လာသူက  ပြောပြောဆိုဆို နံပတ်များကို စတင်၍ ရေတွက်လိုက်ရာ၊ ခန်းမတစ်ခုလုံး ထိုသူ၏ နံပတ်ရေတွက်သံမှလွဲ၍ တိတ်ဆိတ်လျှက်ရှိ၏။ ထိုသူ ရေတွက်နေစဉ် ခန်းမထဲတွင်ရှိနေသည့် လူအယောက်နှစ်ဆယ် သည် ကျောက်တုံးများချထားဘိသကဲ့သို့ မလှုပ်မယှက်ဖြင့် နေရာတွင် ရှိနေကြ၏။

                   “ တစ်… နှစ်.. သုံး…………………… ”

             ထိုသူ ရေတွက်နေရသည့် အကြောင်းရင်းကို အားလုံးက ဂဃဏန မသိ။ တစ်ခုခုတော့ အရေးကြီးနေမှန်း ရိပ်စားမိနေကြပြီ။ သို့ဖြင့် အားလုံးက ရေတွက်သံပြီးဆုံးသွားသည်အထိ မလှုပ်မယှက်ဖြင့်သာ ငြိမ်သက်နားထောင်လျှက်ရှိ၏။ တဖြည်းဖြည်းနှင့်   ရေတွက်လာလိုက်သည် မှာ သုံးရာနားပင် နီးလာချေပြီ။

“ နှစ်ရာ့ခွန်နှဆယ့်ရှစ်..”
“ နှစ်ရာ့ခွန်နှဆယ့်ကိုး…”
“ နှစ်ရာ့ရှစ်ဆယ်…”

                  ရေတွက်နေရာမှ နှစ်ရာ့ရှစ်ဆယ်သို့ ရောက်ချိန်တွင် မြွေဟောက်တစ်ကောင်သည် ခန်းမအတွင်း တစ်နေရာမှ တရွေ့ရွေ့ထွက်လာကာ ၀ရန်တာရှိ နို့ဇလုံရှိရာသို့ တရွေ့ရွေ့ သွားနေသည်ကို ထိုသူ၏မျက်လုံး ထောင့်စွန်းမှ တွေ့မြင်လိုက်ရ၏။ အထိတ်တလန့်   အော်ဟစ်သံများ ခန်းမထဲတွင် ပေါ်ထွက်လာ၏။ သူက နေရာမှ ခုန်ထွက်လိုက်ပြီး ၀ရန်တာသို့ မြွေရောက်သွားသည်နှင့် ၀ရန်တာသို့ကူးသည့် တံခါးမကြီးဆီသို့ သွားကာ တံခါးမကြီးကို ၀ုန်းခနဲမြည်အောင် သေချာစွာ ပိတ်လိုက်၏။

   “ ဗိုလ်မှူးကြီး.. ခုနက ခင်ဗျားပြောခဲ့တာ အမှန်ပဲဗျ ” ဟု အိမ်ရှင် အမျိုးသားကြီးက ကျေနပ်စွာ ပြောလိုက်၏။ သူက ဆက်၍ “ အခုပဲကြည့်လေ.. ယောကျာ်းတွေဟာ တကယ်တမ်း ဘေးအန္တရာယ်ရင်ဆိုင်တွေ့လာရင် စိတ်အေးအေးထားပြီး ဘယ်လိုလှလှပပ ထိန်းချုပ်သွားခဲ့တယ်ဆိုတာ အခုဖြစ်တဲ့ အဖြစ်အပျက်က စံနမူနာပဲဗျ..”

          ထိုအချိန်တွင် နားထောင်နေသည့် အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင် လေ့လာသူက မနေနိုင်တော့ပဲ “ ခဏလေး… ခဏလေး ခင်ဗျ ..” ဟု ပြောလက်စကို လှမ်းတားလိုက်ပြီး အိမ်ရှင်အမျိုးသမီးကြီးဘက်သို့ လှည့်၍ “ မစ္စက်ဝိန်း… ဒီမြွေဟောက်က ခန်းမထဲမှာရှိနေတာကို အစ်မဘယ်လိုများ သိနေပါသလဲခင်ဗျာ” ဟု ကြားဖြတ်၍ မေးလိုက်၏။

  ထိုမေးခွန်းကြောင့် အိမ်ရှင်အမျိုးသမီးကြီး၏ မျက်နှာပေါ်တွင် ခပ်ပါးပါး အပြုံးတစ်စ   ဖြတ်သန်းသွားသည်ကို ခန်းမအတွင်းရှိနေသူအားလုံး တွေ့မြင်လိုက်ရ၏။ ထို့နောက် အိမ်ရှင် အမျိုးသမီးကြီးက မေးခွန်းကို အပြုံးမြမြဖြင့်  အဖြေပေးလိုက်၏။

          “ ဒီလိုရှင့်…. မြွေဟောက်က ကျွန်မရဲ့ခြေဖမိုးပေါ်ကနေ ကျော်ဖြတ်ပြီးမှ ၀ရန်တာကို ထွက်သွားခဲ့တာလေ.. ”

         အိမ်ရှင်အမျိုးသမီးကြီး၏စကားအဆုံး ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မတော့ ခန်းမအတွင်းရှိ အမျိုးသမီးများအားလုံး၏   နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးစများ အပြိုင်းအရိုင်း ခိုတွယ်လာတော့သည်။

 ( ၀န်ခံချက် – Mona Gardner၏ The Dinner Partyကို ဆီလျော်အောင် ဘာသာပြန်ဆို၍ အချို့နေရာများတွင် အနည်းငယ် ဖြည့်စွက်ရေးသားထားပါသည်။)        

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

 

 

Share
Posted in ၀တ္ထု | 14 Comments