ဗြောင်တောင်တောင် ဗေ..ဗေ့..ဂျိ

Number of View: 15176

ည..ည.. အိပ်မပျော်လို့ အတွေးတွေ ပျံ့လွင့်ပြန်တော့ ကဘောက်တိ ကဘောက်ချာနိုင်တဲ့ ကျွန်မရဲ့အတွေးတွေက ငယ်ငယ်တုန်းက ကစားတဲ့ဆီကို ပြန်ရောက်သွားပါတယ်။ ကျွန်မတို့ အားလုံးဟာ အပြစ်ကင်းစင်တဲ့ ငယ်စဉ်ကလေးဘ၀ကို မလွဲမသွေ ကျော်ဖြတ်ခဲ့ပြီး ကစားနည်း ပေါင်းစုံကို သူငယ်ချင်းများနဲ့၊ မောင်နှမများနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားဘူးခဲ့ကြမှာပါ။ ကစားနည်းတွေကလည်း တစ်မျိုးနဲ့တစ်မျိုး မထပ်စေရသလို ရိုးနိုင်တယ်ကို မရှိပါဘူး။

ကစားနည်းတွေထဲမှာ စိမ်ပြေးတမ်းပဲဖြစ်ဖြစ်၊ တူတူပုန်းတမ်းပဲဖြစ်ဖြစ်၊ လန်ဒန်ဂိုးဖလိပ်ပဲဖြစ်ဖြစ် အုပ်စုလိုက် ၁၀ယောက် ၁၅ယောက်၊ အများနဲ့ ကစားရတဲ့ ပွဲတွေမှာ မကစားခင် လိုက်ရမယ့်သူကို ရွေးချယ်ကြရပါတယ်။ ကစားမယ့်သူတွေ အားလုံးဝိုင်းစုလိုက်ပြီး တစ်ယောက်ကို လက်ကလေး တစ်ဖက်စီ ဆန့်ထုတ်လို့ မုန့်လေပွေမီးကင်သလို ဟိုဘက်သည်ဘက် မှောက်ချီ၊ လှန်ချီလုပ်ကာ…

” ဗြောင်တောင်တောင် ဗေဗေ့ဂျိ … နည်းသူထွက်… များသူလိုက် “

..ဆိုပြီး သံပြိုင် အော်ကြပါတယ်။ အဲ့သည်အထဲမှာ အာပြဲတဲ့ကလေးများ ပါလာလို့ကတော့ အာခေါင်ခြစ်ပြီး ကုန်းအော်တော့တာပါဘဲ။ အော်လို့ ဆုံးသွားတာနဲ့ မှောက်ချီ၊ လှန်ချီလုပ်နေတဲ့ လက်ဖ၀ါးလေးတွေကို မိမိရောက်ရာနေရာမှာ ချက်ချင်းရပ်ချလိုက်ရပါတယ်။ တချို့ကလှန်လို့၊ တချို့ကမှောက်လို့ပေါ့။ ရေတွက်လိုက်လို့ လက်ဖ၀ါးမှောက်သူနည်းရင် ခုနက ဆိုထားတဲ့အတိုင်း နည်းသူက ၀ိုင်းအပြင်ကို ထွက်ပေးရပါတယ်။ ” နည်းသူထွက်” လို့ ပြောထားတာကိုး။ ဘေးထွက်သူတွေကတော့ ပြေးရမယ့်သူတွေဆိုတော့ ခုန်ပေါက်ပျော်လို့ပဲပေါ့။ ကျန်တဲ့ လက်ဖ၀ါးလှန်ထားသူ အများစုကတော့ လိုက်ရမယ့်သူတွေပေါ့။ နောက်ဆုံး လိုက်ရမယ့်သူ တစ်ယောက်ပဲ ရွေးရမှာမို့ ကျန်ခဲ့သူအများစုအပါအ၀င် အားလုံးက  ခုနကအတိုင်း တစ်ဖန် အော်ဆိုကြရပြန်တယ်။

” ဗြောင်တောင်တောင် ဗေဗေ့ဂျိ … နည်းသူထွက်… များသူလိုက် “

ဘေးမှာ ပြေးဖို့ ထွက်နေသူများကလည်း ဘယ်နေပါ့မလဲ။ အတူတကွ အော်ဆိုကြပြန်တာပေါ့။ ဒီလိုနဲ့ အော်ဆိုကြပြီးတိုင်း မှောက်ထား၊ လှန်ထားတဲ့ လက်ကလေးတွေကို ရေတွက်ပြီး နည်းသူတွေ ဆွဲထုတ်လိုက်ကြတာ နောက်ဆုံးဝိုင်းထဲမှာ များသူနှစ်ယောက်ထဲ ကျန်ခဲ့ပါရော။ အဲ့ဒီနှစ်ယောက်ထဲက လိုက်မယ့်သူ တစ်ယောက်ကို ရွေးတဲ့အခါကြတော့ အနားက ကစားမယ့် သူတစ်ယောက် ယာယီခဏဆွဲထည့်၊ စုစုပေါင်းသုံးယောက်လုပ်ပြီး….

” ဗြောင်တောင်တောင် ဗေဗေ့ဂျိ … နည်းသူထွက်… များသူလိုက်။ အစားဝင်သူထွက်.. “

… ဆိုပြီိး စာသားလေး ဖြည့်အော်ကြပါတယ်။ သူတို့ ၃ယောက်ရဲ့ လက်ဖ၀ါးလေးတွေကိုလည်း မုန့်လေပွေမီးကင်ကြပြန်တယ်။ အဲ့ဒီအချိန်ကတော့ ကစားမယ့် အဖွဲ့ဝင်အားလုံး စိတ်အလှုပ်ရှားရဆုံး အချိန်ပါဘဲ။ ဘာလို့လည်းဆိုတော့ သူတို့ကစားမယ့်ပွဲမှာ လိုက်ရမယ့်သူ တစ်ယောက်ကို ရွေးထုတ်ယူရမယ့် နောက်ဆုံးအကြိမ်လည်း ဖြစ်နေတာကိုး။ အဖြေပေါ်လာကာနီးပြီမို့ ဘေးက ပြေးရမယ့် အဖွဲ့ဝင်တွေကလည်း လိုက်မယ့်သူပေါ်တာနဲ့ ချက်ချင်းပြေးနိုင်အောင် ဖိနပ်ကို လက်ထဲ ဂွင်းထိုးတားသူထိုး၊ ပြေးဖို့ ခြေလှမ်းထားသူလှမ်းနဲ့ အဆင်သင့်ပြင် ထားကြပါတယ်။ အဲ့ဒီအချိန်မှာ ခဏအစားဝင်ပေးတဲ့ ကလေးကလွဲလို့ ကျန်တဲ့ ကာယကံရှင်နှစ်ယောက်က အသည်းအသန်စိတ်လှုပ်ရှားနေကြပါပြီ။ အားလုံးရဲ့ ပိုမြန်၊ ပိုကျယ်လောင်လာအောင် သံပြိုင်ရွတ်ဆိုနေတဲ့ အသံတွေက ကာယကံရှင် နှစ်ယောက်ရင်ကို တဒိန်းဒိန်းခုန်နေအောင် ပံ့ပိုးပေးနေပါပြီ။

အဲ့ဒီအချိန်မှာ အဓိကကျတဲ့ လိုက်ရမယ့်သူကို ရွေးထုတ်ပေးမယ့်သူကတော့ ခုနက ပြေးဖို့ထဲက ခဏအစားဝင်ပေးရတဲ့ ကလေးရဲ့ လက်ဖ၀ါးလေးပဲဖြစ်ပါတယ်။ သူ့ရဲ့လက်ဖ၀ါးလေးက မှောက်ချင် မှောက်မယ်၊ လှန်ချင်လှန်ပါလိမ့်မယ်။ ကျန်သူနှစ်ယောက်ကလည်း သူတို့ အဆင်ပြေသလို၊ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ဖ၀ါးလေးတွေကို မှောက်ကြ၊ လှန်ကြပါလိမ့်မယ်။ အဓိက အဖြေပေါ်မှာက ” နည်းသူထွက်၊  များသူလိုက် ” လို့ ဆိုထားကြလေတော့ အစားဝင်တဲ့ ကလေးရဲ့ လက်အနေအထားနဲ့ တူနေသူက ” များသူ ” ဖြစ်သွားလို့ ဒီကစားပွဲမှာ သေချာပေါက် လိုက်ရတော့မှာပါ။ ကျန်တစ်ယောက်ကတော့ နည်းသူမို့လို့ လွတ်လွတ်ကျွတ်ကျွတ် ပြေးခွင့်ရသွားရှာပါပြီ။

အစပိုင်းမှာ ပြောမိသလို ကျွန်မအတွေးတွေက မြင်နေ၊ ကြားနေရတာတွေကြောင့် ကဘောက်တိ၊ ကဘောက်ချာ ကဆင့်ကလျားနဲ့ပါ။ ဟိုတွေး၊ သည်တွေး တွေးနေမိတုန်း ” ဗျောင်တောင်တောင် ဗေဗေ့ဂျိ ” အစချီတဲ့ ကလေးတွေ အုပ်စုလိုက် ကစားချိန်မှာ လိုက်သူရွေးရတဲ့ ဒီသံပေါက်လေးကို သွားပြီးတွေးမိ သတိရလိုက်မိပါတယ်။ နည်းသူကထွက်ပြီး များသူက လိုက်ရတယ်ဆိုလို့ ထွက်ရသူတွေက ပျော်တော့ပျော်ကြပါရဲ့။ ဒါပေမယ့် လိုက်သူမမိအောင် ကိုယ်လွတ်ရုန်းပြေးကြရ၊ လုံခြုံအောင်ပုန်းရ၊ ပြေးနေစဉ်မှာ ခလုပ်ကသင်း၊ ကမုနဲ့တိုးပြီး ချော်မလဲရလေအောင် ဂရုပြုရနဲ့ မလွယ်လှပါဘူး။ လိုက်သူက တစ်ယောက်ထဲ၊ ပြေးသူက အများပါနော်။ ဒီလိုပြေးရင်း၊ လွှားရင်းနဲ့ပဲ အနားရောက်လို့ မိကာနီးရင် ” လိုက်သူမသိ တို့မမိ ” ဆို ညစ်ပြီး အော်ချင်လည်း မရတော့ပါဘူး။ မဟုတ်ရင်တော့ မိရဲ့သားနဲ့ မမိဘူးညစ်တယ်ဆိုပြီး အငြင်းအခုံ ဖြစ်ရတော့တာပါဘဲ။ တကယ်တော့ လိုက်တဲ့သူကလိုက်၊ ပြေးတဲ့သူက ပြေးနဲ့၊ တရားမျှမျှတတ ကစားကြရင်ပျော်စရာကြီးပါနော်။ ကစားသူအချင်းချင်းလည်း ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်၊ ဘယ်သူက ညစ်တယ်ဆိုတာ ကစားရင်း မြင်နေ၊ တွေ့နေ၊ သိနေကြတာပဲ မဟုတ်လား။

ပြေးသူနဲ့ လိုက်သူတွေဆီ အတွေးတွေ ရောက်ပြန်လေတော့ ” ဗြောင်တောင်တောင် ဗေဗေ့ဂျိ ” ဆိုတာ ကလေးတွေသာမက တစ်ခါတစ်ခါမှာ ကျွန်မတို့ လူကြီးတွေလည်း ကစားဖြစ်နေကြပါလားလို့ စဉ်းစားမိပြီး ပြုံးမိပြန်လေရော။ ကဘောက်တိ၊ ကဘောက်ချာတွေးနေမိတာပါလို့ စစချင်းကထဲက ကြိုပြောထားပြီးသားနော်။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။

Share
This entry was posted in တွေးမိတွေးရာ ရေးမိရေးရာ. Bookmark the permalink.

18 Responses to ဗြောင်တောင်တောင် ဗေ..ဗေ့..ဂျိ

  1. ငယ်ဘ၀လေးထဲကိုပြန်ရောက်သွားမိတယ်။။ လွမ်းသွားတယ်..။
    လူ့ဘ၀ကြီးထဲမှာလည်းတရားမျှတတဲ့ပြေးနည်းတွေနဲ့သာ ပြေးနိုင်ကြပါစေ..။
    နည်းသူထွက်…..များသူလိုက်ပေါ့……..
    ချစ်တဲ့
    ညီမသဒ္ဓါ

  2. ငယ်ဘ၀တုန်းက ကစားချိန်မှာလည်း ညစ်ပတ်သူတစ်ယောက်ယောက်ပါလာရင် ကစားပွဲကြီးက ကြည့်မကောင်းတော့ဘူး
    ပျော်ဖို့လည်း မကောင်းတော့ဘူး။ အဲ… သန့်သန့်ရှင်းရှင်း ကစားတဲ့သူတွေချည်း ပါတဲ့ပွဲဆို သိပ်ပျော်ဖို့ ကောင်းသလို
    ဘေးက ကြည့်တဲ့သူတွေလည်း ကြည့်လို့သိပ်ကောင်းပေါ့။
    အရွယ်ရောက်လာတော့ ဘ၀မှာလည်း ကစားပွဲများစွာကြုံခဲ့ဖူးတယ်။ ကိုယ်က မညစ်ပတ်ရင်တောင် ကိုယ့်ကိုညစ်မဲ့သူတွေနဲ့ ကြုံလာရပြီ။ ဒီတော့ ကစားပွဲက တရားမျှတတဲ့ ကစားပွဲဖြစ်မလာတော့ဘူး။
    ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် တရားမျှတတဲ့ ကစားသူတွေချည်းသာဆို လောက ကစားပွဲရော၊ ကလေးတွေရဲ့ ကစားပွဲရော
    သန့်ရှင်းလှပနေမှာ အသေအချာ။
    *** အစ်မရဲ့ ကဘောက်တိကဘောက်ချာ အတွေးကိုသာ ရည်ညွှန်းပါသည်။ ****

  3. Ko Gyi says:

    ဟား…..ဟား
    ကလေးဘဝတောင် လွမ်းသွားမိတယ်
    ဒီလိုလုပ်ပါလား မရေ……
    အွန်လိုင်းပေါ်မှာ လူစုပြီး ပြန်ကစားကြတာပေါ့…… ဟီး

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}

  4. မမရေ…ကပေါက်တိ ကပေါက်ရှာဆိုပေမယ့်…
    တွေးစရာ အတွေးလေးတော့ ပါပြီးသားရယ်ပါ။
    ငယ်ဘ၀ကိုသတိရသွားစေတယ်။

  5. ကစားတယ်ဆိုတာ ဆော့တာမဟုတ်ပါ။ဆော့တာ က စည်းကမ်း မရှိပါ။ကစားတာ က စည်းကမ်းရှိတဲ့ အတွက် စည်းကမ်းကိုလိုက်နာရပါတယ်။မလိုက်နာနိုင်ရင် အများ နစ်နာပါတယ်။ စည်းကမ်း ဆိုတာလည်း အများ လက်ခံနိုင်တဲ့ စည်းကမ်းပဲဖြစ်ပါတယ် ။… ကိုယ့်စည်းကမ်း နဲ့ သူများကို အတင်း ပါဝင် ကစားခိုင်းတာ တရားမျှတမှု မရှိ ဟု ခံစားရပါတယ်။
    စည်းကမ်းရှိရင် ကစားရတာ ပျော်စရာပါ …
    ငြိမ်းစိုးဦး

  6. အင်း…ငယ်ငယ်ဘ၀လေးဆီ ပြန်သွာူးတာချင်းတော့ တူနေပါပြီ..။
    အတွေးလေးပါ ထည့်ပေးသွားတာ ပါးပါးလေးနဲ့ လှတယ်..။

  7. ငယ်ငယ်က ကစားခဲ့တာ လေးတွေ ကို ပြန်လည် လွမ်းဆွတ်မိပါတယ်ဗျာ..
    အဲဒါလေးတွေ ပြန်တွေးမိပြီး စိတ်ထဲမှာလည်း လွတ်လပ် ပေါ့ပါးသွားစေပါတယ်..
    ကျေးဇူးတင်ပါတယ်
    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ

  8. အမလေး…..comment ပေးမလို့ဟာ..သီချင်းက အလန့်တကြားထအော်လို့ ဘာရေးရမှန်းတောင်မသိဘူး…
    ဘကျောက်တို့ လူကြီးတွေကတော့ စိတ်အေးလက်အေး စာဖတ်ချင်တာ ငါ့တူမရယ်..သီချင်းနားထောင်ချင်ရင် စာမဖတ်ပဲ လဘက်ရည်ဆိုင်သွားထိုင်နေတော့မယ်…
    အဲ..အဲ..ကစားတဲ့အကြောင်းပြောရအောင်..ဟင်…လူကြီးဆိုတော့ ငယ်ငယ်က ကစားတာတွေ သတိရနေရင် သူငယ်ပြန်တယ်ဖြစ်နေပါ့မယ်လေ…

  9. sosegado says:

    ငယ်ငယ်တုန်းက ကစားဘူးတယ်၊ အတွေးနှငါ့ အရေးလေးကို သဘောကြသွားတယ်

  10. Chit Thu Mg says:

    မရဲ့ပို့စ်လေးကို ဖတ်လိုက်မှပဲ ငယ်ငယ်က မျောက်ရှုံးအောင်ဆော့ခဲ့တာလေးတွေကို ပြန်စဉ်းစားမိပြီး ကြည်နှုးမှုလေးတွေကို ပြန်ခံစားရလို့ မ.ကိုကျေးဇူးတင်ပါတယ်။ အဟီး… အသက်အနှစ်၂၀လောက်ပြန်ငယ်သွားတယ်လို့ပါ ထင်လိုက်ရတယ်လေ။

  11. oburma says:

    ဆရာမ.ကတော့..လုပ်ချလိုက်ပြန်ပြီ။ အဲဒီကစားနည်းအိုဘားမားကစားဖူးဘူး ။
    ဗြောင်.တောင်တောင်ဗေ..ဗေ့ဂျိ..ဆိုတာကြားတော့ကြားဘူးတယ်..ဘာမှန်းသိဘူး..၊။
    ခုမှသိတယ်…။.အဲ…ပုံမှာတင်ထားတဲ့လက် ကလေးတွေတွေကိုတော့စိတ်ဝင်စားတယ်..။
    လူလေးယောက်ရက်လက်တွေ။ ညာဖက်လက်ပိုင်ရှင်က..အိုဇာတာကောင်းတယ်။
    ဘယ်ဖက်လက်ပိုင်ရှင်က.ချစ်ခင်သူများမယ်။ အပေါ်လက်ပိုင်ရှင်က..ကြီးပွားကိန်းရှိတယ်။
    အောက်လက်ပိုင်ရှင်က..ချစ်ရသူနဲ့ပေါင်းရလိမ့်မယ်..။
    ဟူး……………………..ဗေ.ဗေ..ဂျိ…။

  12. ငယ် ဘဝကို ပြန်သတိရသွားဘီ မ ရေ..
    လွမ်းတယ် ကွယ် ဟူးးးးးးးးးး

  13. ငယ်ဘဝကို လွမ်းတယ် ဒါပေမဲ့ ပြန်မငယ်ချင်ဘူး၊ ဘလော့ဂ်မရေးမ ဖတ်ရပဲ နေမှာ စိုးလို့ :))

  14. ငယ်ငယ်တုန်းက.ကစားဖူးတယ်၊ အသက်ကအလွန်ဆုံး.၁၀ နှစ်၊၁၁ နှစ်။
    ကလေးဘ၀ကိုပြန်ပြီး လွမ်းလည်းလွမ်း. တ လည်း တ..။
    ချစ်စရာ ဖြောင်နောင်နောင်..ဗေ.ဗေ..ဂျိရဲ့ ဆိုလိုရင်းက..
    တွေးလည်းတွေးစရာ….မေးလည်းမေးစရာ။

  15. ရွှေရုပ်လွှာ says:

    အင်းးးးးးးး
    ပြေးသူဖြစ်ဖို့ စိတ်အားထက်သန်ပေမယ့်လည်း
    တကယ့်တကယ်တမ်း လိုက်သူဖြစ်ရတဲ့အခါမှာလည်း ကိုယ့်ကံတရားမို့ လိုက်ရပြန်တာပဲလေ
    တစ်ယောက်ဖြစ်ဖြစ်မိမှ လိုက်ရမယ့် ၀ဋ်က ကျွတ်မှာကိုး
    ပြေးသူဖြစ်ရပြန်တော့လည်း အမိမခံရအောင် ရှောင်ရတိမ်းရ ပုန်းရတဲ့ ဒုက္ခကလည်း မသေးဘူးနော်
    အင်းးးးးးးးး
    ဗြောင်တောင်တောင် ဗေ..ဗေ့..ဂျိ ပေါ့ မမရာ ..

  16. မမမြသွေးနီရေ
    ငယ်ဘ၀ကိုလည်း ဆွေးသွားတယ်။
    အခုလက်ရှိအခြေအနေတွေအတွက်လည်း တွေးသွားတယ်။
    ပျော်ရွှင်ပါစေ မမ
    နှင်း

  17. ထီးကြည်နုအောင် says:

    “ဗြောင် တောင် တောင် ဗေ ပေ့ ဂျိ ”“တဲ့ ငယ်ငယ်က ကလေးဘ၀လေးကိုတောင် ပြန်ပြီး သတိရမိသွားတယ်။
    စာတွေ အများကြီး ဆက်လက်ရေးသားနိုင်ပါစေ…
    ခင်မင်လျှက်…..

  18. rosechitthu001 says:

    ငယ်ဘ၀ကိုပြန်လွမ်းမိတယ်…ငယ်တုန်းကဆိုအမြဲတမ်း လိုက်ရတာလေ
    အပြေးမကောင်းတော.မိတာပေါ.နော်…
    အမြဲတမ်းကစား ကိုယ်ပဲလိုက်ရတာမမရေ…
    ခွေးရူးမကျွတ် အာသာလွတ်လို.အမြဲပြောခံရတာ..
    ပြန်လွမ်းရတယ်..ငယ်ဘ၀ကိုပေါ.နော်….

Leave a Reply

Your email address will not be published. Required fields are marked *