သြဂုတ်လ၊ ဖူးငုံမဂ္ဂဇင်း၏ Blog Digest

Number of View: 10831

ဘာလိုလိုနဲ့ ဖူးငုံမဂ္ဂဇင်း – teen Magazine မှာ Blog Digest ကဏ္ဍလေး ဖူးပွင့် ရှင်သန်ခွင့်ရခဲ့တာ  သုံးလတိုင်ခဲ့ပါပြီ။ ကိုယ်တိုင် ဖန်တီးထားတဲ့ စာမျက်နှာလေးကို    အခုလို ပုံနှိပ်စာမျက်နှာပေါ်မှာ   ပြန်လည် မြင်တွေ့လိုက်ရတာဖြင့် အင်မတန်ကို ၀မ်းသာမိရပါတယ်။ ဒီထက်ပိုတာက ဒီဝမ်းသာမှုက ကျွန်မတစ်ဦးတည်းရဲ့ ၀မ်းသာမှုမဟုတ်ပဲ ဒီကဏ္ဍလေးမှာ ပါဝင်ခွင့်ရတဲ့ ဘလော့ဂါညီအစ်ကိုမောင်နှမများရဲ့ ၀မ်းသာကျေနပ်မှုတွေပါ တစ်ပေါင်းတည်း ပါဝင်နေလို့ပါ ဘဲ။

ဒီကဏ္ဍလေးကြောင့် မည်သို့ပင် မအားလပ်စေကာမူ အွန်လိုင်းပေါ်က ဘလော့ဂါများရဲ့ စာများကို အစဉ်တစိုက် ကျွန်မဖတ်ဖြစ်ခဲ့ရပါတယ်။ ဒီကဏ္ဍလေးကြောင့် စာမူ ခွင့်ပြုချက်တွေ တောင်းရင်း ကျွန်မနဲ့အရင်က မသိကျွမ်းခဲ့တဲ့ မိတ်ဆွေရေးဖော် ဘလော့ဂါများနဲ့ ကျွန်မသိကျွမ်းခင်မင်ခွင့် ရခဲ့ပါတယ်။

လူငယ်များအတွက် အဓိကအသားပေးထားတဲ့ ဖူးငုံမဂ္ဂဇင်းနဲ့ လိုက်လျော ညီထွေမယ့် စာများကို လစဉ်အချိန်မှီ ပေးနိုင်ဖို့ ရှာရတာ တကယ်တော့ မလွယ်လှပါဘူး။ မြသွေးနီအကြိုက် စာမူများကို ရွေးချယ်ရာမှာ ဘယ်တော့မှ ပေါ့ပေါ့တန်တန် မေ၇ွးချယ်ခဲ့ပါဘူး။ အွန်လိုင်းမှာ ရေးသားနေတဲ့ စာများဟာလည်း ပုံနှိပ်စာမျက်နှာပေါ်က စာများကဲ့သို့ပင် အရည်သွေးမှီ   ကောင်းမွန်တဲ့ စာများဆိုတာကို ဖော်ပြပေးချင်နေတာ အဓိက ရည်ရွယ်ချက် ဖြစ်တာမို့ စာမူများကို အမြဲ အချိန်ပေး၊ သေချာဖတ်ရှုပြီးမှ   ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ရွေးချယ်ထားတဲ့ စာမူများကို ကာယကံရှင် ဘလော့ဂါများနဲ့ ဆက်သွယ်၊ ခွင့်ပြုချက်တောင်း၊ လိုအပ်သည်များ ညှိနှိုင်းပြီးမှသာ အပြီးသတ် စာမူချောကို မဂ္ဂဇင်းတိုက်သို့ ပေးပို့နိုင်တာပါ။

စနစ်သစ် စာပေစီစစ်ရေးမူအရ ဖူးငုံမဂ္ဂဇင်းက ထုတ်/တင် ထဲမှာပါခဲ့တာမို့ အရင်လို စီစစ်ရေး အရင် တင်စရာမလိုတော့ဘဲ ရွေးချယ်ထားတဲ့ စာမူများကို ချက်ချင်းဖော်ပြနိုင်ပါတယ်။ ဒါပေမယ့်   ရွေးချယ်ထားတဲ့ စာမူများ သတ်မှတ်ထားတဲ့ ဘောင်နဲ့ ကိုက်ညီမှုမရှိရင် မဂ္ဂဇင်းကို ထိခိုင်နိုင်တာမို့  မိမိရွေးချယ်ထားတဲ့ စာမူကြောင့် မဂ္ဂဇင်းကို တစ်ခုခုထိခိုက်မှာ စိုးရိမ် စိတ်တော့   ဖြစ်ရပါတယ်။ ဒါကြောင့် တချို့စာမူများဆို ရွေးချယ်ထားခဲ့ပြီးမှ မသုံးဖြစ်သေး ဘဲ ခေတ္တသိမ်းထားရပါတယ်။

ဒါကြောင့် လောလောဆည် သုတ၊ ရသအသားပေးတဲ့ စာမူများကို ဦးစားပေးဖော်ပြဖြစ်ပါတယ်။ မြသွေးနီ ၀င်ရောက်ဖတ်ဖို့ လွတ်သွားတဲ့ စာမူကောင်းများရှိခဲ့ရင် မလွတ်စေချင်တာမို့ ချစ်ခင်လေးစားရပါတဲ့ ဘလော့ဂါများနဲ့  စာဖတ်သူများမှလည်း မိမိတို့ ကြိုက်နှစ်သက်ရာ   ဆောင်းပါး၊   ၀တ္တုတိုများရဲ့  လင့်ခ်များကို myathwayyni@gmail.com သို့   ပေးပို့ထားနိုင်ပါတယ်ရှင်။

——-@@@——-

သြဂုတ်လအတွက် ဖူးငုံမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ စာမူတစ်ပုဒ်ဆီကို “ ပန်းချီ လင်းဝဏ္ဏ” ရဲ့ သရုပ်ဖော်ပုံနဲ့တကွ အောက်ပါမှတ်ချက်များနဲ့အတူ   ဖော်ပြပေးဖြစ်ခဲ့ပါတယ်။

ကဗျာ >> မြလေးသျှင် “ ပြောချင်တဲ့အပင်တွေအကြောင်း ”


” ပြောချင်တဲ့အပင်တွေအကြောင်း” ကဗျာလေးကို ရေးသားသူ မြလေးသျှင်က မာတီမှာ စာတွေရေးနေသူ ဘလော့ဂါတစ်ဦးပါ။ ” ဒီကဗျာလေးက နယ်မြို့လေးတစ်မြို့မှာ ပိုးသတ်ဆေးဖြန်းဖို့ အဖုံးဖွင့်ရင်း ပိုးသတ်ဆေးငွေ့ ကြောင့် မိန်းကလေးတစ်ဦး မူးမေ့လဲသွားရတာ၊ အပင်တွေကလည်း ပိုးသတ်ဆေးယဉ်နေကြပြီး တစ်နှစ်ထက်တစ်နှစ် တိုးဖြန်းနေရတာကို သိလာရတာကြောင့် စားသုံးနေတဲ့ အသီးအနှံတွေမှာ သဘာဝကျကျ ကျန်းမာသန်စွမ်းစွာ သီးပွင့်ခွင့်မရတော့ဘဲ ရှိနေတာလေးအပေါ် ခံစားရေးဖွဲ့ ထားတာ” လို့သိရပါတယ်။

အက်ဆေး >> သက်ဝေ ၏  “သူမ၏ပန်းချီဆရာ”

သက်ဝေ ကတော့ ပန်းချီပုံလေးများအပေါ် နှစ်သက်ခံစားတတ်သူ ဘလော့ဂါတစ်ဦးပါ။ သူမရဲ့ အက်ဆေးလေးတွေကလည်း အွန်လိုင်းစာဖတ် သူတွေကို စွဲဆောင်ထားခဲ့ပါတယ်။

စိတ်ကူးအိပ်မက်ထဲက ပန်းချီဆရာလေးကို “သူမ၏ပန်းချီဆရာ” အက်ဆေးလေးနဲ့ ခံစားရေးဖွဲ့ခဲ့ပြီး မလိုအပ်တဲ့ မြိုသိပ်လွန်းမှုတွေကြောင့် ချစ်ကြသူတွေ ဝေးမသွားစေချင်တဲ့ ဆန္ဒနဲ့ ရေးဖွဲ့ခဲ့ တာလို့သိရပါတယ်။


ဝတ္တုတို >> ဏီလင်းညို ၏ “ ထို့ကြောင့်… ”

ဏီလင်းညို ကတော့ သူ့ရဲ့ “ထို့ကြောင့်…” ၀တ္တုလေးဟာ   ဘလော့ဂ်မှာ ရေးခဲ့သမျှထဲက အားအရဆုံး၊ စိတ်ကျေနပ်မှုအပေးနိုင်ဆုံး ၀တ္တုတစ်ပုဒ်လို့ ပြောခဲ့ပါတယ်။

နူးညံ့တဲ့၊ သိမ်မွေ့တဲ့ အရေးအဖွဲ့မျိုးကိုသာ ရေးဖွဲ့လေ့ရှိတဲ့ ဏီလင်းညိုရဲ့ ကွဲပြားတဲ့ရေးဟန်နဲ့ တွေးစရာ၊ ဆင်ခြင်စရာတွေ ပေးထားတဲ့ ဒီဝတ္တုလေးကို စာဖတ်သူတွေလည်း   နှစ်သက်မိလိမ့်မယ်လို့ ထင်ပါတယ်။

ညီမသျှင်၊ အစ်မသက်ဝေနဲ့ ကိုဏီတို့ အားလုံးရဲ့ စာတွေကို ကျွန်မ အမြဲအစဉ်တစ်စိုက် ဖတ်ဖြစ်ခဲ့တာပါ။ အခုလို ပြန်လည်ဖော်ပြပေးခွင့်ရတာ ကျွန်မ တကယ်ဝမ်းသာမိတယ်။ အထူးသဖြင့် ကိုဏီ၊ သူက သူ့စာတွေကို သိမ်မွေ့တဲ့ စကားလုံးတွေနဲ့  ရေးဖွဲ့တတ်သူ၊ သူ့က မြန်မာပြည်ပြန်ရောက်ထဲက စာတွေ အရင်လို မရေးနိုင်တော့သူ၊ ကျန်းမာရေးမကောင်းတဲ့သူ။ သူ့ဆီ စာမူခွင့်ပြုချက် စာရေးတောင်းတော့ “ ကျွန်တော့် စာမူတွေ အစ်မကြိုက်သလိုလုပ် ” တဲ့။ နောက်ဆက်တွဲ ထပ်ပြောလိုက်သေးတယ် “ အခု အစ်မနှစ်သက်လို့   ရွေးထားတဲ့ စာမူက ကျွန်တော် ရေးသမျှထဲမှာ အားအရဆုံးပဲ၊ အကြိုက်ဆုံး ပဲ..၊ ဖော်ပြခံရရင် ၀မ်းသာစရာပဲ အစ်မရေ ” တဲ့။ သူ့စာမူက နည်းနည်းရှည် လို့ ရွေးသာရွေးခဲ့တယ်၊ ကျွန်မကိုယ်တိုင် ပါနိုင်ပါ့မလားလို့ စိတ်ပူခဲ့ရတာ။ အခုလို စာမျက်နှာခြောက်မျက်နှာနီးပါးကို သရုပ်ဖော် ပန်းချီပုံနဲ့တကွ နေရာပေးဖော်ပြထားတာ တွေ့ရတော့ စိတ်ထဲမှာ ၀မ်းသာလိုက်တာ..။   သေချာနေရာပေး ဖော်ပြပေးတဲ့ အယ်ဒီတာအဖွဲ့ကိုရော၊ စာမူတွေကို ခွင့်ပြုပေးခဲ့တဲ့ ဘလော့ဂါများ ကိုရော ကျွန်မ ကျေးဇူးတွေ တင်နေမိတယ်။

မေတ္တာလက်ဆောင် စာအုပ်များကို ဖုးငုံမဂ္ဂဇင်းတိုက်မှာ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် လွှဲစာနဲ့ သော်လည်းကောင်း သွားရောက်ထုတ်ယူနိုင်ပါတယ်ရှင်။

Teen Magazine ရဲ့ Website မှာလည်း ၀င်ရောက်ဖတ်နိုင်ပါတယ်ရှင်။

——-@@@——-

စက်တင်ဘာလ၊ ဖူးငုံမဂ္ဂဇင်း Blog Digest ကဏ္ဍအတွက်   ရွေးချယ်ထား သူများကို  အမြည်း   ဖော်ပြပေး လိုက်ပါတယ်။

ကဗျာ – သိင်္ဂါကျော် “ အကြေးခွံနဲ့လူ ”

အက်ဆေး –  ညီလင်းသစ်  “ လှိုင်းများထက်မှာ ”

ဝတ္တုတို – အိမ့်ချမ်းမြေ့ “ ပန်းမျောလှေ ”

ဘလော့ဂါများနဲ့ စာဖတ်သူများမှလည်း မိမိတို့၏ (သို့) မိမိတို့ ကြိုက်နှစ်သက်ရာ ကဗျာ၊ ဆောင်းပါး၊ ၀တ္တုတိုများရဲ့  မူရင်းလင့်ခ်များကို myathwayyni@gmail.com သို့  ပေးပို့ထားနိုင်ကြောင်း လေးစားစွာ အသိ   ပေးအပ်ပါတယ်ရှင်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in Teen Magazine (ဖူးငုံမဂ္ဂဇင်း). Bookmark the permalink.

12 Responses to သြဂုတ်လ၊ ဖူးငုံမဂ္ဂဇင်း၏ Blog Digest

  1. angelhlaing says:

    စာရေးသူဘလော့ဂါတွေအတွက်လဲကြည်နူး ပျော်စရာကြိးပဲနော်….မမ

  2. ညီမ မြသွေးရေ…
    ဝမ်းသာစွာနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေ…။
    စာအုပ်လေးကို အမ သူငယ်ချင်းတယောက် လာထုတ်ပါလိမ့်မယ်နော်…း))

  3. ပျော်စရာကြီးတော်..
    ဒီအစီအစဉ်လေး အမြဲတမ်းရှင်သန်နေပါစေလို့ ဆုတောင်းပါတယ်
    ဒါမှ ဘလော်ဂါတွေ တော်တော်များများ ပါဝင်ခွင့်ရမှာ…

  4. တလောက ဆရာမျိုးမြင့်ညိမ်းဆီ ရောက်တော့ Blog Digest အပေါ် ဘယ်လိုမြင်သလဲမေးပါတယ်။ ကျွန်တော်က သေသေချာချာမဖတ်မိသေးတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ ခုတော့ ဖတ်မိတာ၂လ ရှိပြီဆိုတော့ ပြောလို့ရပါပြီ…ဆရာမမြသွေးနီကိုပဲ တိုက်ရိုက်ပြောပါတော့မယ်…ရှယ်ပါပဲဗျာ …ဘလော့ဂ်စာမျက်နှာနဲ့ မဂ္ဂဇင်းစာမျက်နှာကြားက လိုနေတဲ့ ကွက်လပ်တစ်ခုကို ကောင်းကောင်းဖြည့်ပေးနိုင်မယ့် အစီအစဉ်တစ်ခုပါပဲ…ကောင်းသထက်ကောင်းတဲ့ ဘလော့ဂ်ဂါတွေရဲ့ လက်ရာတွေကို ဆက်လက်ဖော်ထုတ်တင်ပြနိုင်ပါစေခင်ဗျာ။

  5. မသက်ဝေနဲ့ ကိုဏီ့အတွက် ကွန်ဂရက်ကျူရေးရှင်းပါ….။

  6. It’s so nice!!!!
    ဒီစာမျက်နှာလေးကို မြင်ရတာ အရမ်းပျော်ရွှင်မိပါတယ် :))

  7. မဂ္ဂဇင်း ဆိုတဲ့ စာအုပ်များနဲ့ အွန်လိုင်း ဆိုတဲ့ ပုံရိပ်တွေကြားမျာ ပေါင်းကူးတံတားလှလှကို တည်ဆောက်လိုက်တာပါပဲလား ဆရာမ မြသွေးနီရေ … ရှေ့သို့ ခြေလှမ်း များစွာ ဆက်နိုင်ပါစေ …

  8. ကောင်းတယ် အွန်လိုင်းပေါ်မှာလဲ အနုပညာဆိုတာ ရှင်သန်နေကြောင်း ပြကြတာပေါ့…Well done, and so be it ever!

  9. ဘလော့ဂ်နဲ့ Press Media ကြား ပေါင်းကူးပေးတဲ့
    မမြသွေးနီကို ကျေးဇူးတင်တယ်လို့ ပြောတာ အကြိမ်တွေများသွားပြီနော်…
    ပြောတဲ့နေ့ မှာတင် သိသိခြင်း ၀မ်းသာပြီး စာအုပ်သွားထုတ်ဖြစ်ပါတယ်
    ဒီခံစားချက်မျိုး အရင်က မဖြစ်ဖူးသေးပါ..

    ချစ်ခင်လေးစားလျှက်
    မြလေးသျှင်

  10. အထက်မှာ ပြောသွားကြသလိုပဲ လိုအပ်တဲ့ ပေါင်းကူးတံတားလေးတစ်ခုမို့ တကယ့်ကိုပဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်၊ ဘလော့ဂ်တွေ အများကြီး ရှိတယ်ဆိုပေမယ့်လည်း မဂ္ဂဇင်းရဲ့မူ နဲ့ ကိုက်ညီတဲ့ စာမူတွေ လိုက်ရှာရတာ အမြဲတမ်းတော့ လွယ်မယ် မထင်ပါဘူး၊ စာပေကို ရေစီးကြောင်းတစ်ခုလို့ တင်စားမယ်ဆိုရင် ဒီစီးကြောင်းရဲ့ တဖက်တချက်မှာ ရှိနေကြတဲ့ ပုံနှိပ်စာပေနဲ့ အွန်လိုင်းဘလော့ဂ်ရပ်ဝန်း ကမ်းပါးနှစ်ခုကို ထိုးပေးတဲ့ Blog digest ဆိုတဲ့ တံတားလေး တစထက်တစ ပိုပြီးခိုင်ခန့်၊ တည်မြဲပါစေလို့လည်း ဆန္ဒပြုပါတယ်ဗျာ…။

  11. blackroze says:

    မဂ္ဂဇင်းစာမျက်နှာထက်မှာဖော်ပြခံရတဲ့

    ဘလော့ဂါအကိုအမ များအတွက် ဂုဏ်ယူပါတယ်ရှင်..

  12. မမမြသွေးနီ
    ကြားရတဲ့ သတင်းတွေကတော့ အားရစရာပါပဲ..
    ဖော်ပြအရွေးခံရတဲ့ စာရေးသူ ဘလော့ဂ်ဂါ များကို အားကျဂုဏ်ယူမိပါတယ်.
    လေးစားခင်မင်လျှက်

Leave a Reply

Your email address will not be published. Required fields are marked *