အားပေးတတ်သူများနှင့်…
Number of View: 21458
သားပြည့်ရေ…
မေမေ့ သားပြည့်ကတော့ အခုလောက်ဆို ညနေက အိမ်နားက သူငယ်ချင်းတွေနဲ့ ဘောလုံးကစားထားလေတော့ ပင်ပမ်းပြီး အိပ်မောကျလို့   နေလောက်ပြီ။ မေမေ ဒီရက်ပိုင်းအလုပ်တွေ များနေတာ သားလည်း သိမှာပေါ့။ မေမေ ဒီပို့စ်လေးကို ရေးချင်နေတာ သားတို့ ဘောလုံးပွဲပြီးထဲက ပါဘဲ။ စိတ်ထဲမှာ စကားလုံးတွေသာ စီထားတယ်၊ တကယ်တမ်း လက်ကချရေးဖို့ အချိန်မပေးနိုင်ခဲ့ဘူး။ “ မေမေ.. သားတို့ ဘောလုံးပွဲ အကြောင်း ဘယ်တော့မှ ရေးမှာလဲဟင် ” လို့ မေးလာတိုင်း “မေမေရေးပါမယ် သားရယ်” လို့ပြောပြီး အချိန်တွေ ဆွဲနေမိတယ်။ ဒါပေမယ့် ဒီတစ်ညတော့ မေမေအိပ်ရေးပျက်ခံပြီး ပြီးအောင်ရေးမယ်လို့  စိတ်ဆုံးဖြတ် လိုက်တယ်။ ဘာကြောင့်လည်းဆိုတော့ မကြာခင်လေးတင်က  မေမေတို့ဆီမှာ ကျင်းပခဲ့တဲ့ မြန်မာနဲ့အိုမန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အားပေးတဲ့   မြန်မာပွဲကြည့်ပရိသတ်တွေရဲ့ စည်းကမ်းတကျ အားမပေးတတ်ခဲ့တာတွေ၊ အရှုံးကို လက်မခံနိုင်ခဲ့တာတွေကြောင့် ရုတ်ပျက်ဆင်းပျက် ပွဲပျက်ခဲ့ရတာကို ကြည့်ပြီး  ဒီညတော့ မေမေစာလေးတစ်ပုဒ် ရေးဖြစ်အောင်ရေးမယ်လို့  ဆုံးဖြတ်ခဲ့မိတယ်။ ဒါနဲ့ ကော်ဖီခါးခါးကို မတ်ခွက်အပြည့်နဲ့ ဖျော်လို့ လက်စွဲတော် ကွန်ပျူတာလေးနဲ့ မေမေ့ သားပြည့်လေးအတွက် စကားလုံးလေးတွေကို ထုဆစ်မိနေရပြီပေါ့။
——–@@@——–
သိပ်မကြာတဲ့ ရက်ပိုင်းလောက်က မေမေနဲ့သား၊ အင်း… မေမေ၊   ဖေဖေနဲ့ သား… လို့ ပြောရင် ပိုမှန်မယ်။ မေမေတို့ သုံးယောက်သား အတူတကွ ကစားပွဲတစ်ခုကို အောင်မြင်စွာနဲ့ ဖြတ်ကျော်နိုင်ခဲ့တယ်နော်။ ဒီနှစ်မှာ စတုတ္ထတန်း ကျောင်းသားကြီး ဖြစ်လာတဲ့ သားအတွက်   ကျောင်းစာတွေက လည်း  ပိုလို့်များလာတာမို့ အားအားရှိ စာအုပ်နဲ့မျက်နှာ ကပ်နေတာမျိုး မဖြစ်ရအောင် မေမေ့သားကို ဖေဖေရော၊ မေမေပါ ထွက်ပေါက်လေးတွေ   ပေးခဲ့တယ်။ သားဝါသနာပါတဲ့ Network Gamesတွေကို အကန့်အသတ်နဲ့ ကစားစေခဲ့တယ်။ သားစိတ်ဝင်စားတဲ့ အင်္ဂလိပ်စာနဲ့ စကားကို ပြင်ပကျောင်းမှာ တက်စေတယ်။ သားဝါသနာပါတဲ့ စာဖတ်ခြင်းကို အထောက်အပံ့ဖြစ်စေဖို့ တစ်လတစ်ကြိမ် ပြင်ပက ဖတ်စရာ စာအုပ်တွေ ၀ယ်ပေးခဲ့တယ်။ အားကစားမှာ ထူးထူးခြားခြား အရွယ်နဲ့မမျှအောင် ဘောလုံးဝါသနာပါလွန်းတဲ့ သားကို အိမ်နီးနားချင်း ကလေးတွေနဲ့ အတူတူ ဘောလုံးကစားခွင့်ပေးခဲ့တယ်။
ဘာမဆို အသေးစိတ်နဲ့ တိတိကျကျသိရမှ ကျေနပ်တဲ့   မေမေသားက   ဘောလုံးအားကစားကို ခရေဇီဖြစ်နေတာ မေမေဒီနှစ်ထဲမှာ ပိုလို့ သိလာရ တယ်။ ပြီးခဲ့တဲ့ နွေရာသီကျောင်းပိတ်ရက်မှာ သားဘောလုံး ကစားနည်းကို အရူးအမူး ဖြစ်နေတာ မေမေ စသတိပြုမိတယ်။ ၀ါသနာတူ သားအဖ   နှစ်ယောက် ပြည်ပဘောလုံးအသင်းတွေရဲ့ ပွဲစဉ်ဇယားတွေ   ရှေ့မှာချ၊   ဘောလုံးသမား အကြောင်းတွေ ဆွေးနွေးနဲ့၊ တီဗွီအားကစား အစီအစဉ်တွေ  အတူတူကြည့်၊ ဘောလုံးစာစောင်တွေကို သားအဖနှစ်ယောက်   ခေါင်းချင်းဆိုင် ဖတ်နဲ့ပေါ့ ။ အသင်းတိုင်းရဲ့  နည်းပြနဲ့တကွ ကစားသမားတွေ ကို သူတို့ရဲ့ နာမည်နဲ့အတူ ကစားတဲ့နေရာတွေပါ တွဲလို့ မှတ်နိုင်တဲ့ အရွယ်နဲ့မမျှတဲ့ သားရဲ့ ဘောလုံးအပေါ် ရူးသွပ်စိတ်ကို   ဖေဖေကတောင် လက်မြှောက်ယူရ တယ်နော်။ သားနှစ်သက်တဲ့   ဘောလုံးသမားတွေရဲ့ နာမည်တွေနဲ့ အင်္ကျီတွေ ကလည်း သားဘီဒိုထဲမှာ တစ်ထည်ပြီးတစ်ထည်တိုးလို့၊ သားရဲ့ စာအုပ်စင်မှာ လည်း အားကစားဂျာနယ်တွေက အထပ်လိုက် ပုံလို့ပေါ့။   ဖေဖေနဲ့သား အိပ်ရာဝင်တိုင်း   ဘောလုံးပွဲအကြောင်း ဆွေးနွေးတာနဲ့ ညဥ့်နက်ရတဲ့ ညတွေ လည်း များလှပြီမဟုတ်လား သား..။
မေမေကတော့ အားကစားထဲမှာ တစ်ဦးကောင်း တစ်ယောက်ကောင်း ကစားရတဲ့ အားကစားနည်းမျိုးထက်၊ အများနဲ့ ညီညီညွတ်ညွတ် စုပေါင်းကစား ရတဲ့ အားကစားနည်းမျိုးကို နှစ်သက်တယ်။ အများနဲ့ စုပေါင်းလုပ်ဆောင် လို့ရလာတဲ့ အောင်မြင်ခြင်း အသီးအပွင့်တွေ၊ ရှုံးနိမ့်ခြင်း   လောကဓံ ဆိုတာတွေကနေ ပြန်လည်ရလာတဲ့ ချိုမြိန်ခြင်း၊ ခါးသီးခြင်းရလဒ်တွေကို အများနဲ့ အတူတကွ စားသုံးရတာ သဘောကျတယ်။ ဒါကြောင့်   ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောလို အားကစားနည်းမျိုးတွေကို   မေမေနှစ်သက်တယ်။ နောက်တစ်ခုက တစ်ဦးထဲ   မွေးထားတဲ့   မေမေ့သားကို  တစ်ဦးတစ်ယောက်ထဲ နေနေရင်း တကိုယ်ကောင်း စိတ်တွေများ၊ အတ္တစိတ်တွေနဲ့ ယဉ်ပါးလာမှာ စိုးမိတာမို့   မေမေ့သား တစ်ယောက် အများနဲ့ ပူးပေါင်းကစားရတဲ့   ဘောလုံးကစားနည်းကို   နှစ်သက်   နေတာသိရတော့ မေမေရော၊ ဖေဖေပါ ၀မ်းသာခဲ့ရတယ်။ မေမေကလည်း   ဘောလုံးနဲ့ ပတ်သက်ရင် မစိမ်းဘူးသားရဲ့။ သားကို မမွေးခင်က အိမ်မှာ သားသိတဲ့အတိုင်း သားဖေဖေရော၊ သားဖိုးဖိုးရော   ဘောလုံးခရေဇီးတွေ ဆိုတော့ မေမေလည်း ဘောလုံးခရေးဇီးတစ်ယောက် မဟုတ်ပေမယ့်   ဘောလုံးနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို တော်တော်များများ သိနား လည်နေတယ်။ သားကိုယ်ဝန်ကြီးနဲ့တုန်းက World Cup ကို သားဖေဖေနဲ့အတူ ညဥ့်နက်အထိ ကြည့်ခဲ့လို့ ဆရာဝန်ကတောင် ဆူတာ ခံခဲ့ရတယ်လို့  သားကို   မေမေ ပြောပြခဲ့ဘူးတယ်နော်။
——–@@@——–
ပြီးခဲ့တဲ့ လ၀က်လောက်က သားက ကျောင်းကပြန်ရောက်တာနဲ့ မေမေ့ရုံးကို ၀မ်းသာအားရ ဖုန်းဆက်ပြောလာတယ်နော်။
“ မေမေ… ဆယ်နှစ်အောက် မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပွဲအတွက် ပါချင်သူတွေ စာရင်းပေးဆိုလို့ သားနာမည်စာရင်း ပေးခဲ့တယ်။ လူရွေးပွဲအတွက် ဆရာမက သားတို့ အတန်းအချင်းချင်း ကစားခိုင်းပြီး လူရွေးတော့ သားတို့ Aတန်းနဲ့ Dတန်းကန်တာမှာ သားက နှစ်ဂိုးသွင်းပြီး အရွေးခံလိုက်ရတယ်။ အရွေးခံရသူတွေ မိဘခွင့်ပြုချက်စာ ပြန်ယူခဲ့ရမယ်တဲ့…၊ သားတို့  နောက်တစ်ပါတ်ထဲမှာ ကန်ရမယ်လို့ ပြောတယ်၊ ထရိန်နင်တွေ   ကျောင်းတက်တုန်း လုပ်မယ်တဲ့၊ သား… စာတွေ လွတ်ကုန်မှာတော့ စိတ်ပူတယ်မေမေ၊ ဘောလုံးလည်း ကန်ချင်တယ် ”
ဖုန်းထဲက သားအသံက ၀မ်းသာအားရသံတစ်ဝက်၊ စိုးရိမ်သံတစ်ဝက် လွှမ်းထားလေတော့  မေမေလည်း ဒီဘက်ကနေ မျက်လုံးပြူးသွား ရတော့တာပေါ့။ ဟုတ်ပ… ဘောလုံးပွဲ စကန်မယ့်ရက်က စာမေးပွဲဖြေရမယ့် ရက်နဲ့ သိပ်မကွာပါလား သားရေ။ ကျောင်းစာနဲ့ ပတ်သက်လာရင် နည်းနည်းလေးမှ အထိမခံတဲ့၊ စာကြိုးစားတဲ့ သားဆိုတော့ လုပ်ချင်တာနှစ်ခုရဲ့ ကြားမှာ သားတစ်ယောက် ဗျာများနေပြီဆိုတာ မေမေသိတာပေါ့သားရယ်။
“ သား…မစိုးရိမ်နဲ့ ၊ ဒီည အိမ်မှာ မေမေတို့ မိသားစု မီတင်ထိုင်ရင်း ဆုံးဖြတ်ကြတာပေါ့… ”
မေမေနဲ့ဖေဖေက သားတစ်ယောက် နားလည် သိတတ်လာချိန်ကစပြီး သားနဲ့ ပတ်သက်တဲ့ ကိစ္စတော်တော်များများမှာ မေမေတို့ချည်း မဆုံးဖြတ်တော့ဘဲ သားကိုပါ ပါဝင်ဆုံးဖြတ်စေခဲ့တာ သားကတော့ သတိထားမိမယ် မထင်ဘူးနော်။ မေမေတို့က  မှန်ကန်တဲ့ ဆုံးဖြတ်ချက် သားကိုယ်တိုင်ချနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေစေဖို့၊ မိဘဆိုတာ ကြောက်စရာထက်   လေးစားမှုနဲ့ တိုင်ပင် ဆွေးနွေးလို့ ရနိုင်တယ်ဆိုတာ သားသိစေဖို့ ဒီနည်းလမ်းကို သားလေးတန်းမတက်ခင်  ဒီနှစ်နွေရာသီကစပြီး ကျင့်သုံးခဲ့တယ်။
ညဘက် ထမင်းစားပြီးချိန် မေမေတို့ စကားစုပြောဖြစ်ကြတယ်။  ဘောလုံးကစားဖို့ စိတ်အား ထက်သန်နေတဲ့ သားက တစ်ချိန်ထဲမှာပဲ   ကျောင်းစာတွေ လွတ်ကုန်မှာ စိတ်ပူနေပြန်တယ်။ သားကျောင်းစာတွေ ကူးဖို့ ၊ လွတ်သွားတဲ့ စာတွေ သားနဲ့အတူတူ ပြန်ကူကျက်ဖို့၊ သားထရိန်နင် ဆင်းချိန်တွေမှာ လိုအပ်တာ ပံ့ပိုးပေးဖို့၊ ဖေဖေနဲ့မေမေ တာဝန်တွေခွဲဝေ အပြီးမှာတော့ သားကို ဘောလုံးကစားခွင့်ပြုဖို့ ခွင့်ပြုစာကို ချက်ချင်း ချရေးနေတဲ့ ဖေဖေအနားမှာ သားက ခေါင်းထိုးလို့ လိုက်ဖတ်နေခဲ့ တယ်နော်။ ဖေဖေရော မေမေရော သားကို အားပေးခဲ့တယ်။
“ သား ဘောလုံးပွဲလည်း ကစားရမယ်၊ စာမေးပွဲလည်း   ဖြေနိုင်ရမယ်၊ ဖေဖေရော မေမေရော သားကို ၀ိုင်းကူပေးမှာပေါ့သားရဲ့ ..” လို့ မေမေတို့ပြောတော့ တောက်ပသွားတဲ့ သားရဲ့ ၀မ်းသာမျက်နှာ ကို မေမေအခုတောင် ပြန်မြင်ယောင်မိတယ်သားရေ..။
နောက်နေ့တွေ ကျောင်းမှာ သားက စာသင်ချိန်တစ်ဝက်လောက် ထရိန်နင် အပြင်းအထန်ဆင်းရတယ်။ မေမေတို့လည်း လွတ်ကုန်တဲ့ သားရဲ့  ကျောင်းစာတွေ  အမှီလိုက်ကူး၊ ညဆို မေမေနဲ့သား စာအတူကျက်လို့ ၊ ဖေဖေကလည်း ကစားပွဲနဲ့ စာမေးပွဲတိုက်နေတဲ့ သားရဲ့ ကျန်းမာရေးကို အထူး ဂရုစိုက်လို့  မေမေတို့ သုံးယောက်လုံး တက်ညီလက်ညီနဲ့ပေါ့။
“ သားကို အလယ်တန်း ကွင်းလည်ဖန်တီးရှင်အဖြစ်နဲ့  ရွေးထားတယ်၊   ကျောင်း(၆)ကျောင်း အုပ်စုနှစ်စု ခွဲကန်ရမယ်။ ကျောင်းနံပါတ်(၁)ရယ်၊ သားတို့ ကျောင်းနံပါတ်(၂)ရယ်၊ (၃)ရယ်က ပထမအုပ်စုထဲပါတယ်။ ဒုတိယ အုပ်စုထဲက ကျောင်းနံပါတ်(၅)က မူလတန်းညွန့်ပေါင်း လက်ရွေးစဉ်တွေ ချည်း ဘဲ ရွေးထားတာလို့ သိရတယ်။ သားတို့ အားကစားဆရာမက   ပြောတယ်၊ သားတို့ သတိထားရမှာက အိမ်ကွင်းဖြစ်တဲ့  နာမည်ကြီး   ကျောင်းနံပါတ် (၁)ရယ် ၊    ခုနပြောတဲ့ ကျောင်းနံပါတ်(၅) ညွန့်ပေါင်းအသင်းရယ်ပဲတဲ့၊ (၁)ရဲ့ အိမ်ကွင်းမှာ အစအဆုံး ဖိုင်နယ်အထိ ကန်ရမှာ၊ သဘက်ခါ သားတို့  အကြိုပွဲစကန်ရမယ်တဲ့..”
သားရဲ့စကားအရှည်ကြီးအဆုံးမှာ မေမေစိတ်ထဲ ကြိတ်ရင်မောသွားရတယ် သားရေ။ လေ့ကျင့်တာမှ ၅ရက်သာသာရှိသေး၊ ပွဲက စရတော့မယ်ဆိုတော့   ပြင်ပပွဲ အတွေ့အကြုံ မရှိသေးတဲ့၊ လေ့ကျင့်ချိန် အပြည့်အ၀ မရသေးတဲ့ သားတို့ ကျောင်းက ကလေးတွေအတွက် မေမေစိတ်ထဲက ကျိတ်ပူနေမိတာ မမှားပါဘူး သားရယ်..နော်။
——–@@@——–
ပထမနေ့ပွဲ
ပွဲဦးထွက် ပထမဆုံးနေ့၊ ဖွင့်ပွဲရှိတာမို့ ကွင်းကို မနက်ခြောက်နာရီခွဲအရောက် သွားရမှာမို့၊ မေမေတို့ မိသားစု သုံးယောက် ဆန္ဒတွေစောပြီး မနက် ငါးနာရီ   လောက်ထဲက နိုးနေခဲ့ကြတယ်နော်။ မေမေနဲ့ဖေဖေလည်း အလုပ်နေ့တ၀က် ခွင့်ယူပြီး သားနဲ့အတူ လိုက်အားပေးဖို့ ဆုံးဖြတ်ထားတယ်။   ကျောင်းကို   ရောက်တော့ ပထမနေ့၊ ပထမဆုံးအတွေ့အကြုံမို့  သားအပါအ၀င် သားတို့ ကျောင်းက ကစားဖော် သူငယ်ချင်းတွေအားလုံး တက်ကြွပျော်ရွှင်နေကြ တာကို မေမေတွေ့ရတယ်။ ဆင်တူ အားကစားဝတ်စုံ အစိမ်းလေးတွေနဲ့   သွေးပူလေ့ကျင့်ခန်း လုပ်နေကြတဲ့ သားတို့ကို   မေမေလှည့်ပတ် ဓာတ်ပုံရိုက်   နေမိတယ်။ တခြား ကလေးမိဘတွေလည်း ဟိုနားသည်နား ကြိုကြားတွေ့ရ တယ်။
ဖွင့်ပွဲအပြီး ပထမပွဲကို ဒုတိယအုပ်စုက ကျောင်း (၄)နဲ့ ကျောင်း (၅) စကစားတော့ ကျောင်း(၅)က ခွန်နှစ်ဂိုး-ဂိုးမရှိနဲ့နိုင်သွားလေတယ်။ ဒုတိယပွဲကို သားတို့ (၂)ကျောင်းနဲ့ အိမ်ရှင်နာမည်ကြီး (၁)ကျောင်း ကစားကြရတယ်။ (၁)ကျောင်းက သေချာနှစ်ပေါက်အောင် ထရိန်နင် ရထားတဲ့   ကျောင်းသား များကို ရွေးထားတယ်လို့ သိလိုက်ရတယ်။ ဒါ့အပြင် ကွင်းလည်ဒိုင်က (၁)ကျောင်းရဲ့ နည်းပြကိုယ်တိုင် လုပ်မယ်ဆိုတာ သိလိုက်ရတော့    သားတို့  အားကစားဆရာမက ဒိုင်လဲပေးဖို့  ပြောခဲ့တယ်။      နောက်ဆုံး ဒိုင်လုပ်မယ့်သူ မရှိတာနဲ့ နည်းပြက သူ့ကျောင်းပွဲမှာ ဒိုင်အဖြစ်   ပြန်လုပ်တာကို လက်ခံခဲ့ရ တယ်။ သားရေ… ဘယ်လောက် သမာသမတ် ကျတဲ့ ဒိုင်ဖြစ်ပါစေဦးတော့ သူ့ပွဲမှာ သူကိုယ်တိုင် ဒိုင်ပြန်လုပ်တာဟာ သူ့ကိုသူ ဖိအားပေးသလို   ဖြစ်နေစေပြီး၊ သူ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် တစ်ဘက်အသင်းက   ဒေါက်ထောက်ကြည့်၊ အမှားမခံတော့ဘူးပေါ့။ ငါးရက်နဲ့ ထရိန်နင် ဆင်းထားရ တဲ့ သားတို့အဖွဲ့ကို   မေမေတို့  မိဘတွေ စိတ်ပူနေမိပြီ။ သားတို့ နည်းပြဆရာမ ကလည်း ကစားပွဲ ဖြစ်မြောက်ရေးမှာပါ တာဝန်ယူထားရတော့ သားတို့ကို ပွဲမစမှီ အသေးစိတ်မညွှန်ကြားနိုင်တော့ဘူး။
အဲ့ဒီမှာ မေမေတို့  မိဘတွေထဲက ဘောလုံးကစားနားလည်တဲ့ အဖေတွေ အားလုံး သားတို့ရဲ့ လိုင်းအပ်ကို   သေချာဆွဲ၊ သားတို့ကို လိုအပ်တာ ၀ိုင်းညွှန်ကြား၊ မိဘတွေ ကွင်းဘေးမှာ နေရာဖြန့်ယူပြီး၊ ကစားစဉ် လူမချမိစေဖို့၊ စိတ်ဓာတ်မကျဖို့၊ ကစားကွက်မိစေဖို့၊ နိုင်ရမယ်လို့ ယုံကြည်ထားကြဖို့   သေချာမှာကြတယ်။
ပွဲက စကန်တာနဲု့ ကောင်းနေတယ်။ သားတို့ တစ်ဘက်အသင်းကို ထိမ်းထားနိုင်ယုံမျှမက ခြေညီကစားနိုင်ခဲ့တယ်။ ဒါပေမယ့် လူကြီးကစားကွင်း အကျယ်ကြီးအတိုင်း ကစားရတာမို့ သားတို့ ကစားသမားလေးတွေ အားလုံး ပင်ပမ်းခဲ့ကြတယ်။ ကွင်းလယ် ကစားသမားဖြစ်တဲ့ မေမေ့ သားပြည့်က ရှေ့ဆင်း   နောက်တက်နဲ့  မောပမ်းနေတာ တွေ့ရတော့ မေမေမှာ ကြည့်နေရင်း သားကို သနားနေမိတယ်။
သားရေ.. အဲ့ဒီမှာ မေမေ သေသေချာချာကြည့်လိုက်တော့ ဘောလုံးပွဲကို အားပေးဖို့ရောက်နေတဲ့ မိဘတွေဟာ သားတို့ကျောင်းက ကလေးတွေရဲ့ မိဘတွေအများဆုံးဆိုတာ တွေ့လိုက်ရတယ်။ ပြိုင်ဘက် အိမ်ရှင်ကျောင်းက ကလေးတွေရဲ့မိဘတွေကို မေမေ မတွေ့ရသလောက်ဘဲ။ မေမေတို့ မိဘတွေက လက်ဝါးတွေ ကြိမ်းစပ်နီနေအောင်၊ အသံတွေဝင်သွားတဲ့ အထိ အော်ဟစ် အားပေးကြတယ်။ (၁) ကျောင်းက ဆရာတွေတောင် (၂)ကျောင်းရဲ့ မိဘတွေလာအားပေးပုံကို သဘောကျနေကြတယ်။ တကယ်တမ်းက အိမ်ရှင် (၁) အသင်းရဲ့ အရှိန်အ၀ါကို သားတို့(၂)ကျောင်းက ပွဲမစခင်ထဲက စိုးရိမ်နေခဲ့ကြတာ။  ခြေသိပ်မကွာပေမယ့် အံ့သြစရာ သားတို့က စိတ်ဓာတ်ခွန်အားမှာ သာနေတယ်။
ပထမပိုင်းပြီးတဲ့အထိ နှစ်ဘက်လုံး ဂိုးမသွင်းနိုင်ကြသေးဘူး။ အနားပေးချိန်မှာ   ချွေးသံတရွှဲရွှဲနဲ့ သားတို့ကို သားတို့ရဲ့ အားကစားဆရာမ သာမက   မေမေတို့ မိဘတွေကပါ အားပေးတယ်။ အထူးသဖြင့် အဖေဖြစ်သူတွေက   ဘောလုံးကစားနည်း နားလည်လေတော့ သတိထားရမှာတွေ၊ ကစားကွက်တွေကို   သေချာပြောပြနဲ့ပေါ့။
ဒုတိယပိုင်းမှာ ပိုပြီး အကြိတ်အနယ် ဖြစ်လာကြတယ်။ ဖြစ်ချင်တော့ မုန့်စားကျောင်းဆင်းချိန်နဲ့ သွားကြုံတော့ အိမ်ရှင်(၁)ကျောင်းရဲ့ သူတိုကျောင့်း ကို အားပေးနေမှုက သူတို့ရဲ့ အားကစားသမားတွေ စိတ်ကို ပိုပြီး ခွန်အားမြှင့်ပေးနေ သလိုပါဘဲ။ ကွင်းပတ်ပတ်လည်မှာ၊ စာသင်ခန်းဝရန်တာ   တွေကနေ အားပေးနေကြတာဖြင့် ကြိတ်ကြိတ်တိုးနေတာပါဘဲ။ (၁)ကျောင်း က     ဒုတိယပိုင်းမှာ သားတို့ကို တိုက်စစ်ဆင် ဖိကစားလာတယ်။ သားတို့ အသင်းက ဂိုးသမားလေးကလည်း လက်စွမ်းပြ ဂိုးတွေ ဖမ်းပြနေတော့   မေမေတို့လည်း အားတက်လာရတယ်။ သားတို့ရဲ့ ကက်ပတိန်နံပါတ်၂က အင်မတန် အပြေးမြန်တယ်။ တစ်ကွင်းလုံးမွှေနှောက် ကစားတယ်။ နံပါတ်၈က သေးသေးပုပုလေးပေမယ့် တွန်းတွန်းတိုက်တိုက် ကစားနိုင်တယ်။   မေမေ့သား ကျောနံပါတ်၁၀က အလိမ်အကွေ့ အပတ်လေးတွေနဲ့ ဘောလုံးကို လိုရာ ဆွဲယူသွားတတ်တယ်။ ကျောနံပတ်၉က ၀ကစ်လေးပေမယ့် သူက အနာခံ ဖျက်နိုင်တယ်။ ယှဉ်ပြေးနိုင်တယ်။ တစ်ဘက် အသင်းကို ခံစစ်နဲ့ ကစားပြီး ဂိုးမပေးဖို့ ဦးစားပေး ကန်ကြတယ်။
နောက်ဆုံး ဒုတိယပိုင်း အချိန်ပြည့်ချိန်မှာ တစ်ဘက်အသင်းက သားတို့ထက် သာလွန်တဲ့ အနေအထားမှာ ရှိနေပေမယ့် သားတို့ရဲ့ ကြိုးစားမှု၊ ကြံ့ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ နည်းပြနဲ့ မိဘတွေရဲ့ ခွန်အားတက်စေတဲ့ အားပေးမှုကြောင့် ဂိုးမရှိသရေပွဲနဲ့ ပွဲဦးထွက် အမှတ်ရခဲ့တယ်နော်။
အဲ့ဒီနေ့က အိမ်ပြန်တော့ လမ်းမှာ သားက ပြောခဲ့တယ်နော်။ “ ပထမတော့   ဘောလုံးကွင်း အကျယ်ကြီးကို ကြည့်ပြီး တစ်ခါမှ အခုလို မကန်ဘူးတော့ စိတ်ပူနေခဲ့တာ၊ နောက်တော့ ဖေဖေ မေမေတို့ အားပေးသံတွေ ကြားနေ ရတော့ သား ကြောက်နေတဲ့ စိတ်တွေ ပျောက်သွားတယ် ” တဲ့။
ဒုတိယနေ့ပွဲ
ဒုတိယနေ့ပွဲကို ပွဲစဉ်အရ နောက်တစ်ရက်မှာပဲ သားတို့(၂)ကျောင်းနဲ့ (၃)ကျောင်းကန်ရတယ်။ အဲ့ဒီပွဲမှာတော့  သားတို့က ကွင်းမစိမ်းတော့တဲ့ အပြင် သွေးပူလာပြီမို့ စိတ်အားတွေ ပိုမိုတက်ကြွနေတယ်။   မေမေတို့ကတော့ နှစ်ရက်ဆက်တိုက် ကန်ရတာမို့ သားတို့ ပင်ပမ်းနေမှာ စိုးရိမ်မိနေတယ်။ ဒီနေ့ပွဲကလည်း နိုင်အောင်ကန်နိုင်ပါမှ အကြိုဗိုလ်လုပွဲ တက်နိုင်မှာမို့ အရေးကြီးတဲ့ ပွဲတစ်ခုမို့ သားတို့နဲ့ထပ်တူ မေမေတို့ စိတ်လှုပ်ရှားခဲ့ရတယ်။
ဝမ်းသာစရာကောင်းတာက ဒုတိယနေ့မှာ မေမေတို့ မိဘတွေအချင်းချင်း ပိုလို့ ရင်းနှီးလာကြတယ်။ ဒါ့ထက်ပိုတာက မိဘတွေရဲ့ ကိုယ့်ကလေးကို မှာကြားနေတာလေးတွေကို မေမေကြားရတော့ စိတ်ထဲ ကျေနပ်နေမိတယ် သားရေ။ ဘာလို့လည်း… သိလားသား..။ အိမ်မှာ ဖေဖေနဲ့မေမေ သားကို ကြိုတင်မှာထားတဲ့ “ ဘောလုံးကို အာရုံစိုက်ကစား၊ တစ်ယောက်ထဲ ဘောလုံးကို ဆွဲမကစားပဲ ကစားဖော်တွေကိုပါ မျှပေးပြီးကစား၊ တစ်ဘက် ကစားသမားကို နာကျင်သွားစေအောင် မလုပ်မိစေနဲ့၊ ကိုယ်က နာကျင်သွားချိန် ရုတ်တရက် ထွက်လာတတ်တဲ့   ဒေါသနဲ့ တစ်ဘက်လူကို စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့ ..” စတဲ့ အမှာစကားတွေကို တခြားမိဘတွေရဲ့  နှုတ်ဖျားကနေ ကြားလိုက်ရ လို့ပါဘဲ။  သွေးပူလေ့ကျင့်ခန်း လုပ်နေတဲ့ သားတို့ရဲ့ တက်ကြွပြီး ညီညာဖြဖြ စိတ်ဓာတ်တွေက မေမေတို့ မိဘတွေဆီမှာပါ ကူးစက်လာခဲ့တယ်။ သားတို့အဖွဲ့ ၀ိုင်းဖွဲ့လည်ပင်းဖက်ပြီး “ ဒီနေ့ပွဲမှာနိုင်ရမည် ” လို့ ကြွေးကြော်ပြီး ကွင်းထဲဝင်သွားချိန်မှာ ဒီနေ့ပွဲမှာ “ အနိုင်ရရမယ် ” ဆိုတဲ့ စိတ်ဓာတ်တွေက သားတို့အားလုံးရဲ့ ကိုယ်စီကိုယ်ငှ ခန္ဓာကိုယ်တွေထဲက သွေးကြောမျှင်တွေထဲ စိမ့်ဝင်နေခဲ့ပြီ။
တစ်ဘက်အသင်းက လေ့ကျင့်ချိန်လုံးဝ မရလိုက်ဘဲ၊ မကန်ခင်တစ်ရက်မှ လူစုတာလို့ ကြီးကြပ်ဖို့ပါလာတဲ့ ဆရာမဆီက ကြားလိုက်ရတော့ ၅ရက်သာ ထရိန်နင်ရလိုက်တဲ့ သားတို့ထက်တောင် ပိုဆိုးနေပါလျော့လားလို့   တွေးမိတယ်။ ကြီးကြပ်ဖို့ပါလာတဲ့ ဆရာမနဲ့ လာကန်တဲ့   ကျောင်းသားများ ကလွဲလို့် တခြားလိုက်ပါ အားပေးတဲ့ မိဘတွေ လုံးဝမတွေ့ရဘူး သားရေ..။ ပွဲစလို့ ဘာမှမကြာသေးဘူး၊ ကွင်းထဲမှာ   ဘောလုံးပေးတုန်း သူတို့အချင်းချင်း တိုက်မိလို့ တစ်ဘက်အသင်းက ကလေးတစ်ယောက် လက်ဆစ်နာသွားပြီး လူစားလဲ လိုက်ရသေးတယ်။ အဲ့ဒီကလေးလေးက ပြုစုမယ့်သူ မရှိလေတော့   မေမေတို့ ကြည့်တဲ့နေရာနဲ့ မလှမ်းမကမ်းက စားပွဲခုံအောက်က တန်းကလေးမှာ တစ်ယောက်ထဲ ထိုင်လို့ တရှုံ့ရှုံ့နဲ့ ငိုနေလေတယ်။ ဒါကို မေမေတို့တွေ့ သွားတော့ မေမေတို့  (၂)ကျောင်းက အမေတွေအားလုံး ကလေးရဲ့အနား ၀ိုင်းသွားကြတယ်။ ပါလာတဲ့ လိမ်းဆေးတွေ လူးပေးကြ၊ မုန့်တွေ ထုတ်ကျွေးကြ၊ ကလေးကို ချော့ကြနဲ့ပေါ့။
ဒီနေ့ပွဲကစလို့ ကွင်းလည်ဒိုင်နဲ့ စည်းကြပ်ဒိုင်များကို အား/ကာက ကျွမ်းကျင်တဲ့ ဒိုင်တွေကို ခေါ်အသုံးပြုပေးတာ တွေ့ရလို့ ပထမနေ့ ဒိုင်ကိစ္စဘ၀င်မကျတာ အဆင်ပြေသွားရတယ်။ ပထမပိုင်း ၁၀မိနစ်လောက် ကစားအပြီးမှာ သားတို့အသင်းက ခြေသာနေတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဆယ့်ငါးမိနစ် စွန်းစွန်းမှာတော့ ဗွေဆော်ဦးဂိုးကို အသင်းကက်ပတိန် သွင်းယူပေးလိုက် တယ်။ မေမေတို့ရဲ့ လက်ခုပ်သံတွေက ကျောင်းဝင်းထဲမှ လျှံတက်သွားတယ်။  တဘက်အသင်းက ကလေးတွေက ကြိုးစားကန်ရှာတယ်။ ဒါပေမယ့်   ခြေကွာနေလေတော့ ခံစစ်နဲ့သာ ကစားနိုင်ခဲ့တယ်။ သားတို့ တစ်သင်းလုံးက ဖိထားလိုက်တာ ဘောလုံးက သားတို့ရဲ့ခြေထဲ၊ တစ်ဘက်အသင်းရဲ့ ဂိုးဧရိယာ နားမှာသာ တ၀ဲလည်လည် နေတော့တယ်။ ပထမပိုင်း မိနစ်၂၀သာသာ မှာတော့ ဒုတိယဂိုးကို ကျောနံပတ်၈က သွင်းယူလိုက်ပြန်တယ်။ သားတို့ တစ်ဖွဲ့လုံး ကွင်းထဲမှာ အချင်းချင်းပွေ့ဖက် ပျော်ရွှင်နေတာ တွေ့ရတော့ ကြည့်နေတဲ့ မေမေတို့တွေလည်း သားတို့အတွက် ၀မ်းသာလို့ပေါ့။ ပထမပိုင်း ပြီးကာနီး  မေမေသား ကွေ့ကောက်ယူလာပြီး မြှောက်တင်ပေးလိုက်တဲ့   ဘောလုံးကို ကျောနံပါတ်၈ကဘဲ တတိယဂိုး ခေါင်းတိုက် သွင်းယူလိုက်တယ်။
အနားပေးချိန်မှာ အနိုင်ရတဲ့ သားတို့ ကစားသမားတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေက ဝေေ၀ဆာဆာနဲ့ပေါ့။ မေမေတို့ မိဘတွေက   ချွေးသုတ်ပေး သူက သုတ်ပေး၊ ရေတိုက်သူကတိုက်၊ အမောပြေသံပုရာသီး ခွံ့သူကခွံ့၊ ဒဏ်ကြေဆေး လူးပေးသူကလူးနဲ့။ သူ့သား ကိုယ့်သား မခွဲခြားတော့ဘဲ ရှိနေခဲ့ကြတယ်။ ဂိုးသမားကလည်း ဒီနေ့ ဂိုးမဖမ်းရသေးလို့ ပျင်းစရာကြီး   ပြောလို့ သားတို့ နည်းပြဆရာမက “ ဖိုင်နယ်တက်ကို တက်ရမှာ၊ အားသာ   မွေးထား ဂိုးသမားရေ..” လို့ ပြောလို့ မေမေတို့ ပွဲကျသွားရသေးတယ်။
ဒုတိယပိုင်းမှာတော့ တစ်ဘက်အသင်းက ခံစစ်ပိုကောင်းလာတယ်။ သူတို့က ဂိုးထပ်မပေးရဘို့ကိုပဲ အဓိကထား ကစားနေရတယ်။ ဒါပေမယ့် ဘောလုံးက သားတို့ ခြေထဲမှာ အများဆုံးရှိနေခဲ့တယ်။  ဒီလိုနဲ့ နောက်ထပ်တစ်လုံးကို ပွဲပြီးကာနီးမှာ သားတို့(၂)ကျောင်းကပဲ သွင်းယူပြီး အုပ်စုပွဲမှာ သားတို့ကျောင်းက (၃)ကျောင်းကို လေးဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့လို့ သားတို့က အုပ်စုပထမနဲ့ အကြိုဗိုလုပွဲ တက်ခွင့်ရခဲ့ရတယ်။
အားကစားသမားတွေအတွက် အားပေးမှုတွေက မရှိမဖြစ်လိုအပ်တယ်။ အားပေး လက်ခုပ်သံတွေက သူတို့အတွက် ခွန်အားတွေ၊ တွန်းအားတွေ   ဖြစ်စေနိုင်ယုံမျှမကပဲ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ ပိုတိုးလာစေပြီး   အော်မြင်တဲ့ ကစားပွဲတစ်ခုကို သက်ဝင်မွေးဖွားနိုင်စေတယ်။
တတိယနေ့ အကြိုဗိုလ်လုပွဲ
တတိယနေ့ပွဲကိုတော့ တစ်ရက်ခြားပြီးမှ ကန်ရတာမို့ ကြားရက်မှာ   မေမေ့သားပြည့်လေးလည်း လွတ်သွားတဲ့ စာတွေပြန်ကူး၊   ဘောလုံးပွဲအပြီးမှာ ဖြေရတော့မယ့် စာမေးပွဲအတွက် စာတွေကို ကျက်မှတ်ချိန်ရလိုက်လို့ စိတ်သက်သာရာ ရသွားရတယ်ဆိုတာ   မေမေ သိတယ်လေ။ မေမေ့သားက ဘာမဆို အပြည့်အ၀ လုပ်ချင်သူဆိုတော့   မေမေ့မှာတော့ ကျောင်းစာနဲ့ အားကစားကြားမှာ ပင်ပမ်းနေတဲ့ သားကိုကြည့်ပြီး မေမေ စိတ်ပူနေရတာပေါ့။
အကြိုဗိုလ်လုပွဲကတော့ မထင်မှတ်ပဲနဲ့ တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်ခဲ့တယ်။ သားတို့နဲ့ အကြိုဗိုလ်လုပွဲမှာဆုံတဲ့ နံပါတ်(၄)ကျောင်းက အုပ်စု(၂)မှာ သုံးဂိုး ဂိုးမရှိနဲ့ နံပါတ်(၆)ကျောင်းကို နိုင်ထားသူဆိုတော့ သူတို့ခြေကိုလည်း   လျှော့တွက်လို့ မရတာမို့ သားတို့အတွက် ဒီနေ့ပွဲက တကယ့်ပွဲကြပ်ပေါ့။ ပထမနဲ့ဒုတိယ နှစ်ဆုသာ ပေးမယ်လို့ သိထားတော့ ဒီနေ့ပွဲက ရှုံးထွက်ပွဲမို့ သူနိုင်၊ ကိုယ်နိုင် ကြဲရတော့မှာ အသေအချာပဲပေါ့။
ဒီနေ့ပွဲမှာတော့ တစ်ဘက်အသင်းက ကလေးများရဲ့ မိဘများ လာအားပေးကြ တာကို  တွေ့ရတယ်။ သားတို့ အသင်းက မိဘတွေကတော့ ပြောမနေနဲ့တော့ သားရေ..။ သားသိတဲ့အတိုင်းပဲ ကလေးတစ်ယောက်ကို အနည်းဆုံး လူကြီး၃ယောက် ပါလာကြတာ။ သားရဲ့ ဘိုးဘိုးကြီးတောင်   မေမေ၊ ဖေဖေနဲ့ အတူ   ကျောင်းကို လိုက်လာပြီး အားပေးခဲ့တယ်နော်။
သားတို့ကို သွေးပူလေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ သားသတိထားမိလား…။ အဲ့ဒီအချိန်မှာ သားတို့မှာ နည်းပြတွေ ကိုယ်စီရှိနေကြတာကိုလေ။  ဟုတ်တယ် သားရဲ့….။ သားတို့ရဲ့ ဖေဖေတွေအားလုံး ပွဲမစခင် အားလုံးခေါင်းချင်းဆိုင်ပြီး လူတွေ နေရာမှန်ချနိုင်ဖို့၊ တစ်ဘက်အသင်းရဲ့ အားသာချက် အားနည်းချက်တွေကို ဆွေးနွေးလို့ သားတို့ အားကစားဆရာမကို အကြံပေးကြ၊ တိုင်ပင်ညှိနှိုင်းကြနဲ့ပေါ့။ သားတို့ရဲ့ ဖေဖေတွေက သားတို့ တစ်ယောက်စီရဲ့ နည်းပြတွေ   ဖြစ်လို့ပေါ့။
အဲ့ဒီနေ့ပွဲမှာ အိမ်ရှင်(၁)အသင်းက ကျောင်းသားတွေပါ ကြည့်ရှု့အားပေးကြလို့ ပရိသတ်တွေ အများကြီးဘဲပေါ့။ လိုရင်းပြောရရင်   နှစ်ဘက်အသင်းက   ခြေညီနေကြတော့ ပထမပိုင်းမှာ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ ပွဲက တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင် ကောင်းခဲ့တယ်။ မေမေတို့ မိဘတွေလည်း အရင်နေ့တွေကလိုပဲ ကွင်းပတ်ပတ်လည်မှာ မျှနေရာယူပြီး လက်ဖ၀ါးတွေ   သွေးခြေဥ၊ အသံတွေ ၀င်လောက်အောင်ကို အော်ဟစ်အားပေးကြတယ်။
ပထမပိုင်းကစား ကစားနေတုန်း သားတို့တွေ မသိလိုက်တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တာကို သားကို မေမေပြောပြမယ်။ တစ်ဘက်အသင်းက နည်းပြက အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက်။ သူက ကစားနေတဲ့ သူ့ရဲ့ ကစားသမားတွေကို အားပေးပုံက “ မင်းတို့ အသုံးမကျဘူး..၊ ဖဲ့ပစ်၊ ကျောနံပတ်၈ကို ချပစ်၊ ၁၀ကို ညှပ်ထား၊ ဆွဲထား..၊ တိုက်ပစ်လိုက်လေ..…၊   ဟေ့ကောင်..  ငါပြောတာ ကြားလား ” ဆိုပြီး လွဲမှားတဲ့ ညွှန်ကြားမှုတွေနဲ့   အော်ဟစ်  အားပေးနေတာကို မေမေတို့ အံ့သြစွာ ကြားလိုက်ရတယ်။ သူတို့ရဲ့ ကလေးတွေကလည်း အနိုင်ရလိုစိတ် အပေါ် နည်းပြရဲ့လွဲမှား ညွှန်ကြားမှုတွေကြောင့်      ဘောလုံးထက် လူကို သည်းသည်းမည်းမည်း ကပ်နေလေ ရတော့တာပေါ့။ မခံနိုင်တဲ့ မိဘတွေက “ မင်း.. နည်းပြတစ်ယောက်ဖြစ်ပြီး ကလေးတွေကို ဘယ်လိုညွှန်ကြားနေတာလဲ၊ ကလေးတွေရဲ့   ဖြူစင်တဲ့ စိတ်ကို ဘာလို့ ညစ်ပတ်အောင် လုပ်ရတာလဲ” ဆို ၀ိုင်းပြောမိတော့တာပေါ့။   ပြောနေတဲ့အထဲက သူက တစ်ခါလည်းမဟုတ်၊   နှစ်ခါလည်း မဟုတ်၊ အဲ့ဒီလို ဆက်ညွှန်ကြားနေလေတော့ နောက်ဆုံး သားတို့ထဲက ကလေးတစ်ယောက်ရဲ့ အဖေက မနေနိုင်တော့ဘဲ တာဝန်ရှိသူတွေကို အသိပေး တိုင်ကြားရတော့တယ် သားရေ။
အဲ့သည်မှာ ဒုတိယပိုင်းလည်းကြရော တာဝန်ရှိသူတွေက ကစားသမားတွေနဲ့၊ ဒိုင်တွေက လွဲရင် ပရိသတ်အားလုံး ကွင်းအပြင် သံဇကာတံခါး အနောက်ကနေပဲ အားပေးရမယ်ဆို ပြောလာကြတယ်။  မေမေတို့အားလုံး တံခါးအနောက်ထဲကနေ အားပေးခွင့်ရတော့ စိတ်ထဲ အားမလို အားမရတော့   ဖြစ်နေတာပေါ့ သားရယ်။ ဒီလိုနဲ့ ဒုတိယပိုင်းမှာလည်း   နှစ်ဘက်အသင်းလုံး ဂိုးမသွင်းနိုင်ကြတာမို့  အချိန်ပိုထပ် ကစားရပြန်တယ်နော်။ အချိန်ပို ကန်ချိန်မှာ   မောပြီး ခြေနာသွားတဲ့ သားနေရာကို လူစားလဲခဲ့တယ်နော်။ အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ပြန်လေတော့ ပယ်နယ်တီသွင်း အဆုံးအဖြတ်ပေးရတဲ့ အဆင့်ကို   ရောက်ရပြီပေါ့။
နှစ်ဘက်အသင်းက ပယ်နယ်တီကန်မယ့်သူ ငါးယောက်ဆီ   ရွေးထုတ်ပြီး   ဘောလုံးတည်မယ့် နေရာအနောက် မလှမ်းမကမ်းမှာ တစ်ဘက်ငါးယောက်စီ အရှေ့အနောက်စီတန်း ထိုင်စေတယ်။   မေမေတို့ကိုလည်း အဲ့ဒီအချိန်မှာ ကွင်းထဲ ၀င်ကြည့်ခွင့် ပြန်ပေးခဲ့တယ်။ ကစားသမားတွေရော၊   နှစ်ဘက်မိဘတွေရော၊ အားပေးတဲ့ ပရိသတ်တွေရော ရင်ခုန်စိတ်လှုပ်ရှား ရပြီပေါ့။ ခုနက တလွဲညွှန်ကြားတဲ့ နည်းပြလည်း သူခုနပြောမိတာတွေ အတွက် တောင်းပန်ပါတယ်။ ကလေးတွေ အားလုံးတော်ပါတယ်လို့   ပြောလာပါတယ်။ အဲ့ဒီအချိန် အနားမှာရှိနေတဲ့   မေမေလည်း မနေနိုင်တော့ပဲ “ ဟုတ်တယ်.. နှစ်ဘက်အသင်းက ကလေးတွေ အားလုံးတော်လို့၊ ကြိုးစားလို့ အခုလို အကြိုဗိုလ်လုပွဲတက်လာရတာပေါ့…၊ ကလေးတွေရဲ့ တော်တဲ့၊ ကြိုးစားချင်တဲ့စိတ်တွေကို တို့လူကြီးတွေက အတုခိုးရမယ်၊ သူတို့ကို နည်းမှန်လမ်းမှန် အားပေးရမယ်.. ” လို့ စိတ်ပေါက်ပေါက်နဲ့ တွယ်ထည့် လိုက်မိတော့တယ် သားရေ..။
သားသိတဲ့အတိုင်းပဲ..၊ ပယ်နယ်တီကို သူတို့ဘက်က စတင် ကန်ခွင့်ရခဲ့တယ်   နော်။ ဂိုးတိုင်ကြီးက အကျယ်ကြီးဆိုတော့ စတုထ္တဂိုး သွင်းတဲ့ အချိန်အထိ နှစ်ဘက်လုံး မဖမ်းနိုင်လေတော့ လေးဂိုးစီနဲ့ သရေဖြစ်နေပြန် တယ်။ နောက်ဆုံး ပဉ္စမဂိုးကို သူတို့က စကန်တယ်။ အားလုံးက ရင်တထိတ်ထိတ်နဲ့ပေါ့ သားရယ်။ အဲ့ဒီမှာ သားသူငယ်ချင်း ဂိုးသမားလေး က ဘောလုံးအ၀င် ညာဘက်ကို ဒိုက်ထိုးဖမ်းလိုက်တာ သူ့ရင်ခွင်ထဲမှာ   ဘောလုံးလေးက ကွက်တိပိုက်မိလျက်သားပေါ့။ တစ်ကွင်းလုံး လက်ခုပ် သံတွေ   ဆူဆူညံသွားကြတယ်။
နောက်ဆုံး အနိုင်အရှုံး အဆုံးအဖြတ်ပေးမယ့် ဂိုးကို သားတို့ အသင်း ကက်ပတိန်က ကန်ရတယ်နော်။ မေမေတို့ အာလုံးရဲ့ ပါးစပ်တွေက ညီတူ “ အမှတ်(၂)ကျောင်း… အမှတ်(၂)ကျောင်း… ” နဲ့ ညာသံပေး   အော်နေ မိကြပြီပေါ့။ မေမေ့တို့ အားလုံးရဲ့ ရင်တွေ ခုန်နေလိုက်တာများ သားရေ   ပြောပြလို့မရအောင်ပါဘဲ။ အသင်းကက်ပတိန်ကလေးက မကန်ခင် လက်အုပ်ကလေး ချီလို့ ဆုတောင်းလိုက်သေးတယ်နော်… သား။ မေမေတို့ အားလုံးရဲ့ မျက်လုံးတွေက ဘောလုံးပေါ်မှာ မျက်ခြေပြတ်မခံတော့ဘူး။ သူက ဘောလုံးကို သေချာတည်၊  ခွန်အားတွေ စုစည်းပြီး ညာခြေထောက် ကိုမြှောက်၊ သူ့ခြေထောက်အကျ၊ ဘောလုံးကိုအထိ၊ သူ့ခြေထောက်နဲ့ အတူ  ဘောလုံးပါမြောက်သွားပြီး ဂိုးတိုင်ညာဘက် အပေါ်စွန်းကနေ ရှပ်တိုက် လို့   ဂိုးပေါက်ထဲကိုအ၀င် “““ ဂိုး ””” ဆို  အော်လိုက်သံတွေဟာ ဘ၀ဂ်ညံ သွားသလားမှတ်ရတယ် သားရေ။
ငါးဂိုး လေးဂိုးနဲ့ သားတို့ အမှတ်(၂)ကျောင်း ဖိုင်နယ်ဗိုလ်လုပွဲကို တက်သွားပြီလို့ သိလိုက်ရချိန်မှာ မေမေတို့ အားလုံး သားတို့ရှိရာ ကွင်းအလည်ကို   ပြေးဝင် မိကြတယ်။ အဖေတွေက ဂိုးသမားလေးကို ၀ိုင်းမြှောက်ချီကြတယ်။   နောက်ဆုံးအနိုင်ဂိုး သွင်းလိုက်တဲ့ အသင်းခေါင်းဆောင်ကို သားတို့ ကစားသမားတွေ အားလုံး စုပြုံဝိုင်းလို့ ပွေ့ဖက်နမ်းကြတာဖြင့် တကယ့်လူကြီး ဖလားပွဲကြီးတွေ ကြည့်နေရသလိုပါဘဲ သားရေ…။
နည်းပြတွေရဲ့  အခန်းကဏ္ဍကလည်း အောင်မြင်တဲ့ အားကစားသမားတွေ   ဖြစ်စေဖို့  အဓိကကျစေတယ်။ သန့်ရှင်းတဲ့  အရည်အသွေးရှိတဲ့ အားကစား သမားတွေဖြစ်လာဖို့က နည်းပြတွေရဲ့ပုံဖော်မှုအပေါ်မှာ မူတည်နေ တယ်။
စတုထ္ထနေ့ ဗိုလ်လုပွဲ
ဗိုလ်လုပွဲမှာ သားတို့ တွေ့ရတဲ့ နံပတ်(၅)ကျောင်းက ခွန်နှစ်ဂိုး ဂိုးမရှိအနိုင်နဲ့ ဖိုင်နယ်တက်လာတဲ့အပြင်၊ သူတို့ကျောင်းက မြို့နယ်မူလတန်းကျောင်း အားလုံးက လက်ရွေးစဉ်တွေချည်း စုစည်းထားတဲ့၊ နှစ်စဉ် ထရိန်နင်ပုံမှန်ရှိခဲ့ပြီး ကစားပွဲအတွေ့အကြုံ များစွာရှိခဲ့တဲ့ မူညွန့်ပေါင်းအသင်းလို့ သိလိုက်ရချိန်မှာ သားတို့အတွက် ဒီပွဲဟာ အပင်ပမ်းဆုံးနဲ့ ခံစားမှုအမြင့်ဆုံးပေးမယ့် ပွဲလို့ မေမေတို့ ကြိုတင် တွက်ဆထားမိခဲ့တယ်…သား…။ ဖိုင်နယ်ဗိုလ်လုပွဲ   ဖြစ်တာမို့ ပွဲပြီးတာနဲ့ ဆုတစ်ခါထဲ ပေးမှာ လို့သိရပါတယ်။   နှစ်ဘက် အသင်းရဲ့   ကျောင်းအုပ်များ၊ တာဝန်ရှိသူများ၊   နှစ်ဘက်ကစားသမားများရဲ့ မိဘများနဲ့ စည်ကားလို့ နေခဲ့တယ်နော်သား…။
ပထမပိုင်းစပြီး ငါးမိနစ်သာသာမှာပဲ သားတို့ဘက်က အားကိုးရတဲ့   ကျောနံပတ် ၁၃တစ်ယောက် ခြေထောက်ထိသွားလို့ စောစောစီးစီး လူစားထိုး လိုက်ရတယ်။  တစ်ဘက်အသင်းက ချိတ်ဆက်မိတယ်။ အပေးအယူ မျှတယ်။ သားတို့က ခံစစ်ကောင်းတယ်။ ရှေ့တန်းတိုက်စစ်မှုးတွေ ဂိုးသွင်းအား နည်းတယ်။  စိတ်ဓာတ်အားကတော့ ထိပ်ဆုံးမှာရှိနေတယ်။ ဒီနေ့ပွဲကို   မေမေ့ သားတွေ  နိုင်ဖို့  မနည်းကစားရမယ်ဆိုတာ ပွဲစပြီး သိပ်မကြာခင်မှာပဲ သိလိုက်ကြတယ်။ ဒါပေမယ့် မေမေတို့တွေ အားပေးမပျက်ပါဘူး။ လက်ဝါးတွေ ကြိမ်းစပ်အောင် လက်ခုပ်တီး အားပေးခဲ့ကြတယ်။
ပထမပိုင်း မိနစ်၂၀လောက်မှာ တစ်ဖက်အသင်းကရတဲ့   ထောင့်ကန်ဘောကနေ  သားတို့ ဗွေဆော်ဦးဂိုး ပေးလိုက်ရတယ်။ အဲ့ဒီမှာ သံဇကာ အနောက်မှာ မေမေတို့နဲ့ အတူတူအားပေးနေတဲ့ တစ်ဘက် အသင်းက မိဘတွေရဲ့ ထူးခြားတဲ့ အားပေးစကားသံတွေနဲ့ အပြုအမူတွေက မေမေတို့ကို အံ့သြသင့်စေပြန်တယ်သား။
“ မူညွန့်ပေါင်းတဲ့ဟေ့ တစ်ပေါင်းထဲရှိတယ်… မှတ်ပြီလား… နောက်ထပ် (၂) ကျောင်းကို ဘယ်လို ပညာပေးမယ်ဆိုတာ စောင့်ကြည့်ထားကြ… ”
လက်သီးလက်မောင်းတွေတန်း၊ အားပေးမှုကို ကျော်လွန်နေတဲ့  မလိုလား၊     မသုံးနှုန်းအပ်တဲ့ အသုံးအနှုန်းတွေနဲ့အတူ   မေမေတို့အဖွဲ့ဘက်ကိုကြည့်ပြီး ကလေးကလားဆန်ဆန် လှောင်ပြောင်ပြနေတဲ့ တစ်ဘက်က မိဘတွေရဲ့ နိမ့်ကျတဲ့ အားပေးမှုကို ကြည့်ပြီး မေမေတို့အားလုံး မင်တက်နေမိကြတယ်။   မေမေတို့ထဲက စိတ်ဆတ်တဲ့ အမေတစ်ယောက်က   ပြန်ပြောဖို့ ဟန်ပြင်လိုက်တုန်း အဖေတစ်ယောက်က  “ ထားလိုက်..ထားလိုက်.. ပြန်ပြော မနေနဲ့.. မသိချင်ယောင်သာ ဆောင်နေလိုက်… သူတို့ ပြောတာတွေက သိပ်မဟန်ဘူး… မခံနိုင်လို့ ရန်တွေဘာတွေ   ဖြစ်ကြရင် မကောင်းဘူး…၊ ကလေးတွေက ပိုအရေးကြီးတယ် ” လို့   ပြောလာတာနဲ့ မေမေတို့ အမေတွေ အားလုံး သူတို့အဖွဲ့တွေနဲ့ ဝေးရာ တစ်ဘက်ထိပ်ဘက်မှာ   နေရာပြောင်းရွှေ့  နေလိုက်ပြီး၊ မိဘအချင်းချင်းလည်း အပြန်အလှန် နှစ်သိမ့် အားပေးကြတယ်။  ဒါပေမယ့် မေမေတို့က သားတို့ကို အားပေးတာတော့ မလျော့ပါးသွားခဲ့ပါဘူး..။   မေမေသားတွေကို   နိုင်စေချင်ပေမယ့်   အကယ်၍များ ခြေမသာလို့ ရှုံးခဲ့ရင်တောင် ဒီအရှုံးက သားတို့ အနေနဲ့ ထိုက်တန်တဲ့ အရှုံးဆိုတာကို မေမေတို့ အားလုံးနားလည် ထားခဲ့တယ်လေ။ သားတို့ကတော့ ကစားနေရတော့ ဒါတွေ မသိခဲ့ဘူးပေါ့။
ပထမပိုင်းပြီးလို့ အနားပေးချိန်မှာ မေမေတို့အားလုံး သားတို့ကို အားပေးကြတယ်။ သားတို့ နည်းပြဆရာမကလည်း ဘောလုံးဆိုတာ လုံးတယ်။ နောက်ဆုံး စက္ကန့်အထိ ကိုယ့်မှာ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေး ရှိနေတယ်၊ နောက်ဆုံးအချိန်အထိ အနိုင်ရရမယ်ဆိုတဲ့ စိတ်ထားမျိုး ထားကစားဖို့၊ ခြေချင်းမယှဉ်နိုင်တော့ ခံစစ်ကိုအသားပေး ကစားရင်း   ဖောက်ထွက် ဂိုးသွင်းနိုင်ဖို့နဲ့ တစ်ဘက်အသင်းက သတိထားရမယ့် ကစားသမားတွေကို သေချာဂရုစိုက်ဖို့ မှာခဲ့ကြတယ်။
ဒုတိယပိုင်းစချိန်မှာ တစ်ဘက်အသင်းက မိဘတွေက ပထမပိုင်းတုန်းကလိုပဲ အားပေးနေတဲ့ မေမေတို့ဘက်ကို လှောင်ပြောင်အော်ဟစ် ကြပြန်တယ်။ ကြားရတာ နားမခံသာနိုင်လာတော့တဲ့ အိမ်ရှင် (၁)ကျောင်းရဲ့ နည်းပြနဲ့ ဆရာမတွေပါ အခုလို လွန်လွန်ကျူးကျူး အားပေးနေတာကို သတိထားဖို့ သူတို့ကို သတိပေးရတဲ့အထိ ဖြစ်လာခဲ့တယ်သားရေ..။ သမာသမတ်ကျတဲ့ အားပေးမှုမျိုးက အားကစားသမားတိုင်းအတွက် အမှန်တကယ် အထောက် အကူဖြစ်စေတယ်။ ဒါပေမယ့် အခုလို လူကြားထဲ မသင့်ရာတွေ   အော်ဟစ်ပြောဆို  လိုက်တဲ့ သူတို့ရဲ့    အပြုအမူတွေက အများကြားထဲ အတော်ကို   ရုပ်ဆိုးစေခဲ့တယ်။
နောက်ဆုံးမှာတော့ သွင်းဂိုးတွေအများကြီးနဲ့ ဖိုင်နယ်တက်လာတဲ့ ပွဲအတွေ့အကြုံရှိ လက်ရွေးစဉ် တစ်ဘက်အသင်းကို ငါးရက်သာ ထရိန်နင်ယူ၊ လူကြီးတွေ ကစားတဲ့ ကွင်းအကျယ်ကြီးမှာ အသားမကျသေးတဲ့ ကင်းဗတ် ဖိနပ်တွေနဲ့၊ ခိုင်မာညီညွတ်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ အစွမ်းကုန်ကစားခဲ့ပေမယ့် အဆုံးသတ် ရလဒ်မှာတော့ သားတို့က သူတို့ ကျောင်းကို တစ်ဂိုး-ဂိုးမရှိ ရှုံးခဲ့ရပြီး ဒုတိယဆု ငွေတံဆိပ်နဲ့သာ ကျေနပ်လိုက်ရတယ်နော်။
စိတ်ဓာတ်ကောင်းကောင်း၊ အတွေ့အကြုံ၊ အလေ့အကျင့်ကောင်းနဲ့ ကြိုတင်   ပြင်ဆင်မှုရှိမှ ကစားသမားတွေ သက်လုံကောင်းကောင်းနဲ့   အောင်မြင်တဲ့ ကစားပွဲတွေကို  ဖန်တီးကစားနိုင်လိမ့်မှာ သားရဲ့… ။ သားတို့မှာ သူမတူတဲ၊့   ကောင်းမွန်တဲ့ တူညီစိတ်ဓာတ်လေးတွေ ရှိနေတာကလွဲလို့ ကျန်အချက်တွေ မပြည့်စုံလေတော့ ပြိုင်ဘက်က သားတို့အပေါ် အနိုင်ရလေပြီပေါ့။
ပွဲအပြီးမှာ သားတို့ အဖွဲ့က ဂိုးသမားလေးအပါအ၀င် ကလေး၃ယောက်က ငိုကြတယ်။ မေမေလည်း ငိုနေတဲ့ နီးစပ်ရာ ကလေးတစ်ယောက်ကို ရင်ခွင်ထဲ ဆွဲထည့်လို့ “ သားတို့ တော်တယ်၊ သားတို့ ဂိုးတွေအများကြီးမပေးခဲ့ရဘူး၊ ဒီနေ့ပွဲက သားတို့ကစားတဲ့ ပွဲထဲမှာ အကောင်းဆုံးပွဲဘဲ၊ ၀မ်းမနည်းနဲ့..၊ အချိန်တိုတိုလေးနဲ့ ဒီလောက်ကစားနိုင်တာ ဘယ်လောက် ဂုဏ်ယူဖို့   ကောင်းသလဲ ” လို့ သူ့ခေါင်းက ဆံပင်လေးတွေ ပွတ်လို့၊  သူ့ရဲ့ မျက်ရည်တွေ ကို သုတ်လို့ အားပေးစကား ပြောခဲ့တယ်။ တခြားမိဘတွေကလည်း တခြားကလေးတွေကို  အားပေးကြတယ်။ သားတို့ အားကစားဆရာမကလည်း ဒီနေ့ပွဲ ရလဒ်ကို   ကျေနပ်တယ်လို့ ပြောပြီး သားတို့ကို အားပေးတယ်။
အဲ့ဒီမှာ မေမေကို အံ့အားသင့်စေတာက သားပဲပေါ့။ ဘာလို့လည်းသိလား သား…။ သားက တစ်ဘက်အသင်းက တစ်ယောက်ကို “ မင်းတို့ ကစားတာ   ကောင်းတယ်..၊ ဒီနေ့ သွင်းသွားတဲ့ ဂိုးတကယ်မိုက်တယ် ” လို့ သွားပြီး လက်ဆွဲနှုတ်ဆက်ပြောနေခဲ့တာ။ နောက်..သားတို့ အသင်းက သူငယ်ချင်းတွေ ကိုလည်း “ ငါတို့ အားလုံး တော်ပါတယ်ကွာ..၊   ငွေတံဆိပ်ရတာလည်း ၀မ်းသာ စရာပါဘဲ..” လို့ လိုက်လံ နှစ်သိမ့်ပေးနေတာ   တွေ့လိုက်ရလို့ပေါ့။  အမှန်က   မေမေကိုယ်တိုင် စိတ်ထားနုညံ့တဲ့၊ မျက်ရည်လွယ်တတ်တဲ့ သားတစ်ယောက် ငိုလေမလားလို့ စိတ်ပူခဲ့မိတာ။ သား…. မေမေလေ  သားရဲ့ အရှုံးကို ရင်ဆိုင်နိုင် တဲ့စိတ်၊ သားရဲ့ အနိုင်ရသူအပေါ် ထားတတ်တဲ့ မုဒိတာစိတ်ထားအတွက်၊ တကယ့်ကို ၀မ်းသာမိခဲ့ရတယ်။ ဒီစိတ်ထားတွေက ဖန်တီးလုပ်ယူလို့ မရတဲ့ မိမိရဲ့ စိတ်သဏ္ဍန်အတွင်းက သူ့အလိုလို ပေါ်ထွက်လာတဲ့ အစစ်အမှန်တွေမို့လို့   မေမေ၀မ်းသာမိတာပါ သားရေ..။
ဆုတံဆိပ်တွေ ချီးမြှင့်နေချိန်မှာ ပွဲအစကအဆုံးအကောင်းဆုံး ကစားခဲ့တဲ့ သားတို့အတွက်   မေမေတို့အားလုံး လက်ခုပ်သံတွေနဲ့   ထပ်မံလို့ ချီးမြှင့်ခဲ့ပြန်ပါတယ်။ ဒီဘောလုံး ကစားပွဲမှာ သားတို့အနေနဲ့ ဒုတိယငွေတံဆိပ်နဲ့   နှစ်သိမ့်ခဲ့ရပေမယ့်   ညီညီညွတ်ညွတ်       ကြိုးစားခဲ့တဲ့ သားတို့ အဖွဲ့သားတွေ၊ စိတ်အားဖြည့်ပေးတဲ့ နည်းပြတွေ၊ အားပေးတတ်တဲ့ မိဘတွေရဲ့ အဆင့်မြင့်တဲ့ စိတ်အားဖြင့်  အနိုင်ရခဲ့တယ်လို့   မေမေ ယူဆမိတဲ့အတွက်   မေမေ့ ရင်ထဲကနေတော့ ပထမဆု ရွှေတံဆိပ်ကြီးသီးသန့် ဆုချလိုက်မိတော့တယ် သားရေ..။
သားရေ…။ သားရဲ့ ဘ၀တစ်လျှောက်မှာ အခုလိုပဲ ကစားပွဲတွေ အများကြီးနဲ့ ကြုံရ၊ ဆုံရလိမ့်ဦးမယ်။ ဒီကစားပွဲတွေကနေ ဆင်ခြင်စရာတွေ၊ သင်ခန်းစာတွေ သာမက ကြံ့ခိုင်မှုတွေ၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေကို သားကိုယ်တိုင်   တွေ့သိလာရလိမ့်မယ်။ အမှားနဲ့အမှန်ကိုတော့ သားကိုယ်တိုင် ဆင်ခြင်ဥာဏ်နဲ့  ပိုင်းဖြတ်နိုင်မှ ဖြစ်မှာနော်..။ မေမေကတော့ အကောင်းဆုံး အားပေးနေမယ့် ပရိသတ်ကောင်း တစ်ယောက်အဖြစ် သားရဲ့နဘေးမှာ အမြဲ ရှိနေမယ့်သူပါ။
မေမေသားပြည့် ရေလိုအေးလို့၊ ပန်းလိုမွှေးပြီး ကြုံတွေ့ရမယ့် ဘ၀ကစားပွဲတွေ ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေကွယ်..။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Share
This entry was posted in သား. Bookmark the permalink.
22 Responses to အားပေးတတ်သူများနှင့်…
  1. ညီမ ရေ
    သားသားရဲ့ ဘောလုံးပွဲ ပိုစ့် လေးဖတ်လိုက်ရတာ ကမ္ဘာဖလား ဘောလုံးပွဲကြည့်နေရသလိုဘဲ သားသားတို့ သနားပါတယ် ဒါပေမဲ့ သားတို့ လို စိတ်ဓါတ်မျိုးရှိအောင် နောင်အနာဂတ် ကလေးတွေ ကို ပျိုးထောင်ပေးရမှာနော် မိဘ တွေ နည်းပြ တွေကြောင့်ခက်လိုက်တာ
    ခင်မင်စွာဖြင့််
    ရွှေစင်ဦး
  2. ပန်းချီ says:
    အစ်မရေ…
    သားကလေးရဲ့ ဘောလုံးပွဲကို ဖတ်ရတာနဲ့ မတူဘူး…တကယ့်ပွဲစဉ်ကြည့်နေရသလိုပဲ.. မေမေ့မေတ္တာရနံ့တွေနဲ့ ထုံမွှမ်းထားတဲ့ပို့စ်လေးမို့ သားသားဖတ်မိရင် အရမ်းပျော်မှာသေချာပါတယ်။
    အစ်မတို့ မိသားစုကလေး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိလို့ ထာဝရပျော်ရွှင်ပါစေရှင်။
    လေးစားချစ်ခင်စွာဖြင့်
  3. ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ၁၂နှစ်အောက်ကို လူကြီးကွင်း တစ်ဝက်ပဲ ကန်ရသဗျ..။ ၁၀နှစ်ကလေးတွေ လူကြီးကွင်းနဲ့ ကန်ရတာ မစားသာဘူးဗျိုး…။ သားပြည့်လေးတို့ အသင်းရဲ့ စိတ်ဓာတ်၊ကစားပုံ၊ ပရိတ်သက်ရဲ့ အားပေးပုံကတော့ လူကြီးတွေ အတုယူစရာပဲ..။ အစ်မ ရေးထားတာလေးကလည်း ဆွဲဆောင်မှု အပြည့်နဲ့ ဖတ်လို့ ကောင်းတယ်ဗျာ…၊ သားပြည့်လေးက မျက်နှာချိုတယ်နော်…။
  4. ပွဲကြည့်ပရိသတ်တစ်ယောက် အနေနဲ့ ဖတ်မိပါတယ်။
    သားတစ်ယောက် ဘ၀ဘောလုံးကွင်းမှာ လှပတဲ့ကစားကွက်နဲ့ ဒိုင်းဆုတွေ များစွာရပါစေ…ဟု
    ချမ်းမြေ့ပါစေ..
    ချယ်ရီမြေ…
  5. အစ်မသားလေးက အစ်မနဲ့တူတယ်နော်…..။ မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်တွေကို ပီပီပြင်ပြင်မြင်လိုက်ရလို့ ဖတ်ရင် ကြက်သီးတောင်ထမိတယ်…။ သားပြည့်လေး ဘ၀တလျှောက်ပျော်ရွှင်ကျန်းမာလို့ နိုင်ငံအကျိုးသယ်ပိုးနိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်…။
    ခင်တဲ့
    မိုးငွေ့
  6. သားပြည့်လေးရေ……….အားပေးသွားတယ်နော် ။
    အမရေ ……..သံစဉ်နဲ့ ခမည်းခမက်တော်မလား ။ ၊
    သားပြည့်လေးက သိတတ်လိမ်မာတော့လေ သမီးရှင်အနေနဲ့ စကမ်းလှမ်းရင်ကောင်းမယ်နဲ့တူတယ်နော် အမ ။
    ပွဲစဉ်အစအဆုံး အမတို့နဲ့ အတူတူ အားပေးသွားပါတယ် ရှင် ။
  7. ပုံတစ်ပုံမှာ အမေရော သားပါ အားပါးတရ ပြုံးနေတာ တွေ့လို့ မုဒိတာပွားလိုက်ရသေး
    အစ်မရေးထားတာ ဖတ်ပြီး ရင်တထိတ်ထိတ်နဲ့ တကယ့်ဘောလုံးပွဲကြည့်နေရသလိုဘဲ
    သားပြည့်လေးက လူကြီးဆန်လိုက်တာနော်
    အစ်မတို့မိသားစုကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ သိတတ်မှုတွေကိုယ်စီနဲ့မို့ ပျော်ဖို့ကောင်းလိုက်တာ
    ဖတ်ရင်းနဲ့ ကြည်နူးမိတယ်
  8. စော says:
    အမရေ…
    စိတ်ကောင်းရှိဘို့  ပထမဆိုတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကို သတိရလိုက်မိပါတယ်။
  9. shwe yoke lwar says:
    မမရေ…… သားပြည့်လေးက လိမ်မာလိုက်တာနော်…..
    စိတ်ထားကလေးကလဲ ချစ်ဖို့ကောင်းအောင် ဖြူစင် တည်တံ့လိုက်တာ…. အားကစားသမား စိတ်ဓာတ်ဆိုတာ ဒါပါပဲလို့ပြောနေသလိုပါပဲ….. အရှုံးကို ဂုဏ်ယူစွာဖက်တွဲရဲ တဲ့ စိတ်ဓာတ်ကလေးကို လေးစားမိတာ အမှန်ပါပဲ……
  10. မေဇင် says:
    ဖတ်လို့ ကောင်းလိုက်တာ အမရယ်။ လူ ကိုယ်တိုင် ပွဲခင်းထဲ ၀င်အားပေးနေရသလိုပါပဲ။ သားပြည့် လေးရဲ့ ချစ်ဖို့ကောင်းတဲ့ စိတ်ဓာတ် ကလေးကိုလဲ လေးစားသလို…မိဘတွေရဲ့ မှန်ကန်တဲ့ အားပေးမှုကိုလဲ သဘောကျတယ်။
  11. နွေးနေခြည် says:
    သားပြည့်လေးရဲ့ စိတ်ထားလေး သဘောကျလိုက်တာ။
    ညီညီညွှတ်ညွှတ်ရှိတဲ့ မတို့မိသားစုလေးကိုလည်း သဘောကျတယ်။
  12. မေမေ ဥယျဉ်မှူးကြီးက တော်မှတော့ သားက ထူးချွန်တာပေါ့
    ပျော်ရွှင်ပါစေ အမ
  13. မိုးခါး says:
    မမရေ ဘောလုံးပွဲကြည့်ရသလို ရင်တထိတ်ထိတ်ပဲ ..း))
  14. blackroze says:
    အမရေ
    အမတို့မိသားစုဘဝလေးက အားကျစရာလေးနော်
    ပိုစ့်လေးဖတ်ရင်းနဲ့ကြည်နူးမိတယ်..
    မိခင်တယောက်ရဲ့မေတ္တာကို စကားလုံးတိုင်းမှာ
    တွေ့နေရတယ်…
    ချစ်တဲ့ ညီမ blackroze..
  15. မေဇွန် says:
    Congratulation ပါသားပြည့်ရေ…..
  16. လာမဲ့နှစ်ဆိုရင်တော့ ရွှေတံဆိပ် ကျိန်းသေပေါက်ရမှာသေချာတယ်။ သားပြည့်မှာ အားကစားစိတ်ဓါတ်ရှိတယ်။
    ခင်မင်လျက်
  17. သားပြည့် says:
    ဖတ်လို့ကောင်းလိုက်တာ
    ဖေဖေမေမေကိုကျေးဇူးတင်တယ်
    သား
  18. သားလေးရဲ့ ချစ်စရာ လူကြီးဆန်တဲ့ စိတ်ဓါတ်လေးနဲ့ အတူ မိခင်တယောက်ရဲ့ မေတ္တာတွေနဲ့ ရေးထားတဲ့ အရေးအသားလေးကိုပါ သဘောကျ နှစ်ခြိုက်မိတယ်…
  19. stream glory says:
    တကယ့် ဘောလုံးပွဲကြည့်နေရသလိုပဲ အမ…ဖတ်လို့ကောင်းတယ်
    သားပြည့်လေး နောက်နှစ်တွေမှာရွှေတံဆိပ်ရမှာသေချာတယ်လို့ မမပြောရဲတယ်နော် သားသား။ 🙂
  20. နောင်ရိုး says:
    အစ်မရေ……..
    ဒီစာလေးဖတ်ပြီးတဲ့အချိန်မှာ အစ်မတို့ရဲ့ မိသားစုပုံလေးကို စိတ်ကူးနဲ့ပုံဖော်ကြည့်လိုက်မိတယ်
    အရမ်းကိုပျော်ရွှင် ကြည်နူးဖွယ်ကောင်းတယ်ဗျာ မိသားစုဆိုတဲ့ဘ၀မှာ ငါမိဘဆိုတဲ့ အစွဲမရှိပဲ
    သားသမိးအပေါ်မှာ မျှတစွာဆုံးဖြတ်ပိုင်ခွင့်ပေးတဲ့ ကိုမော်ကြီးနဲံ အစ်မမြသွေးနီရဲ့ စိတ်ဓါတ်ကို
    မိဘတိုင်း အရမ်းကိုလေးစား အတုယူသင့်ပါတယ်ဗျာ……………….
  21. thiha says:
    ကိုယ်တိုင် ဝင်ကန်နေရလား ထင်ရတယ်ဗျာ…
  22. nwai says:
    ဖတ်လို့ကောင်းလိုက်တာ။ ကျောင်းတုန်းက အတန်းလိုက် ဘောလုံးပြိုင်ပွဲမှာ အားပေးခဲ့တာတွေတောင် ပြန်ပြီးသတိရမိတယ်။ သိသင့်တာတွေ အများကြီးသိလိုက်ရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *