စစ်ဂနစ်ချာ

Number of View: 9833

လူတိုင်းလူတိုင်းမှာ လက်မှတ်တစ်ခုစီ ကိုယ်စီရှိကြတယ်။ လက်မှတ်မရှိ သူရယ်လို့   မရှိဘူး။ တချို့များဆို လက်မှတ်တစ်ခုတောင်မက နှစ်မျိုး သုံးမျိုးတောင်ရှိနေတာ တွေ့ရတယ်။ မြသွေးနီပြောတဲ့ လက်မှတ်ဆိုတာက လူတိုင်းမှာ ကိုယ့်ရဲ့နာမည်ကို ရေးထိုးရတဲ့၊ ကိုယ်တိုင် ရေးထိုးရင်း သတ်မှတ်ထားတဲ့ ပုံသေလက်မှတ် ( Signature) ကိုပြောတာပါ။

လက်မှတ်တွေကို ကတိခံဝန်ချက်တွေ၊ သဘောတူစာချုပ်တွေ၊ အမိန့်မှာတမ်းတွေ၊ ကြေညာချက်တွေ၊ ခွင့်ပြုချက်တွေ၊ မှန်ကန်ကြောင်း သက်သေပြတဲ့ နေရာတွေမှာ မဖြစ်မနေ ရေးထိုးကြရတယ်။ စာမရေးတတ်သူတောင် အနည်းဆုံး လက်ဗွေရာ ဖိနှိပ်ပြီး လက်မှတ်အဖြစ် သတ်မှတ်ယူကြတယ်။

လက်မှတ်တွေကို အကြောင်းအမျိုးမျိုးအတွက် ရေးထိုးကြရတယ်။ လက်မှတ်တွေကို သိတတ်စ လူရာဝင်ထဲက ထိုးခဲ့ကြတယ်။ လက်မှတ်ထိုး လိုက်တာဟာ လက်မှတ်ထိုးလိုက်တဲ့ ကိစ္စပေါ်မှာ သိရှိပြီး မှန်ကန်ပါတယ်ဆိုတဲ့ တာဝန်ယူတဲ့သဘော သက်ရောက်တယ်လို့ ထင်မိတယ်။ လက်မှတ်ထိုး ထားပြီးတော့ အဲ့ဒီထိုးထားတဲ့ လက်မှတ်အတိုင်း လုပ်သူရှိသလို၊ မလုပ်သူတွေလည်း ရှိတယ်။ တွေ့လည်း တွေ့ခဲ့ဘူးတယ်။

မြသွေးနီလည်း ပြန်စဉ်းစားမိတယ်။ လက်မှတ်ဆိုတာကို မြသွေးနီတစ်ယောက် သူငယ်တန်း ကျောင်းသူဘ၀မှ စတင် သိကျွမ်း ခွင့်ရခဲ့တာပါလားလို့…။ သူငယ်တန်းရဲ့ ပထမအစမ်းစာမေးပွဲ ဖြေပြီးချိန် ဆရာမပေးလိုက်တဲ့ ရီပို့ကဒ်မှာ အဖေ့လက်မှတ် ရေးထိုးခိုင်းကထဲက လက်မှတ်ဆိုတာ အရေးကြီးတဲ့ အရာတစ်ခုဆိုတာ ငယ်စဉ်ကထဲက သဘောပေါက် နားလည်ခဲ့တယ်။

………..@………..

လက်မှတ်ကို ကိုယ်တိုင်ရော ဘယ်အချိန်မှာ စထိုးဖြစ်ခဲ့သလဲလို့ စဉ်းစားကြည့်လိုက်တော့၊ အဲ့ဒီမှာ  မှတ်မိလိုက်တဲ့ အထက်တန်းကျောင်းသူဘ၀ ကိုးတန်းတက်စဉ်ကာလဆီ စိတ်က ရောက်သွားတယ်။ အဲ့ဒီ ကိုးတန်းရောက်ချိန်အထိ မြသွေးနီ လက်ရေးတွေက မငြိမ်ချင်သေးဘူး။ ဘာလို့ဆိုတော့ မြသွေးနီက လက်ရေးလှလှ ရေးနိုင်သူတွေကို စိတ်ဝင်စားတယ်။ လက်ရေးလှလှဆိုရာမှာ ၀ိုင်းစက်၊ ရှင်းသန့်နေတဲ့ လက်ရေးမျိုးထက်၊ လက်ဝဲစာလုံးခေါ်တဲ့ လက်ရေးစောင်းတွေကို စိတ်ဝင်စားတယ်။ ဆိုတော့ကာ လက်ရေးစောင်း ရေးထားတာများ တွေ့ရင် အတုခိုးပြီ။ အတုခိုးရာမှာလည်း ကိုယ်နှစ်သက်တဲ့ အက္ခရာကိုပဲ အတုခိုးတာ။ ပြီးရင် ကိုယ့်ရဲ့ ပင်ကိုယ်လက်ရေးမှာ ပြန်သွပ်သွင်းလေ့ကျင့်ပါတယ်။

မြသွေးနီ တက်ခဲ့တဲ့ ကျောင်းက မိန်းကလေး သီးသန့်ကျောင်း ဆိုတော့ ကျောင်းမှာ မိန်းကလေးချင်း ရည်းစားထားတဲ့ အချစ်တော် ဇာတ်လမ်းတွေ     ရှိခဲ့တယ်။ လက်ရေးလှတယ်၊ ကဗျာတွေ စာညွန့်တွေ   ရေးနိုင်တယ်ဆိုပြီး သူငယ်ချင်းမတွေက သူတို့  အချစ်တော်စာတွေ    မြသွေးနီကို မုန့်ကျွေးပြီး ဇွတ်ရေးခိုင်းတယ်။ “နင်ရေးပေးတဲ့ စာဆို ဖတ်ပြီးတာနဲ့ ကြွေသွားတာပဲ”  လို့  ပြောကြတာဘဲ။ မြှောက်ပေးတဲ့သူ  ရှိလေ၊ ဒီကလည်း လက်စွမ်းပြလေလေပေါ့။ ကောင်းတဲ့ဘက်က ကြည့်တော့ အဲ့ဒီအချိန်ထဲက စာရေးချင်တဲ့  ပိုးတွေ တွယ်နေခဲ့တာဖြစ်နေမှာ။

အဲ့ဒီလိုနဲ့ ကဗျာတိုလေးတွေ၊ စာညွန့်လေးတွေကို လက်ရေးလှလှလေးနဲ့   ရေးတယ်၊ ပန်းချီလေးတွေပါ မှင်ရောင်စုံနဲ့ မွမ်းမံလို့၊ အောက်မှာ     ကျွန်မလက်မှတ်ကို ထိုးခဲ့တယ်။ ဆိုလိုတာက ကျွန်မရဲ့ မူပိုင်ပေါ့။ အဲ့ဒီအချိန်တုန်းက ပန်းချီဆန်းထွန်းရဲ့ ချစ်စရာပုံလေးတွေနဲ့   မောင်ပန်းမွှေးတို့၊ မောင်မောက် (ဥက္ကလာ)တို့ရဲ့  သုံးကြောင်း ကဗျာလေးတွေ ခေတ်စားနေချိန်ဆိုတော့  သူတို့ကို အားကျပြီး လိုက်ရေးခဲ့တဲ့ ကျွန်မရဲ့ စာလေးတွေ၊ ကဗျာလေးတွေက   ကျောင်းသူတွေရဲ့ ကြားထဲမှာ ပျံ့နှံလာတယ်။

တစ်နေ့တော့ အတန်းပိုင်ဆရာမခေါ်လို့ သွားတော့ ဆရာမလက်ထဲမှာ   မြသွေးနီရဲ့လက်ရေး၊ လက်မှတ်နဲ့ မြသွေးနီလက်ထွက် ကဗျာပို့စ်ကဒ်လေး    ကိုင်ထားလို့။ ဆယ်တန်းက ကျောင်းသူတစ်ယောက်ရဲ့ လွယ်အိတ်ထဲက ရှာတွေ့တာတဲ့။ ဘယ်သူ့ကို ရေးပေးမိပြီး၊ ဘယ်သူက ဘယ်လို      ပေးလိုက်သလဲ မသိတော့။ ဆရာများ နားနေခန်းထဲမှာ  ဆယ်တန်းဆရာမက သိမ်းထားတာ တွေ့လို့ ယူကြည့်တော့ အောက်က နာမည်ကို ကြည့်ပြီး မြသွေးနီ လက်ချက်ဆိုတာ သိပြီပေါ့။ အတန်းပိုင်ဆရာမက ချစ်တာမို့        အရိုက်မခံ ရပေမယ့် “ အရွယ်မရောက်သေးဘူး၊        အချစ်ကဗျာတွေ      ရေးနေရလား၊   စာကို သေချာဂရုစိုက် ” ဆိုပြီး အဆူတော့         ခံလိုက်ရပါတယ်။ အဲ့ဒီတုန်းက လက်မှတ်မှာ ကိုယ့်နာမည်လေးလုံးကို မြန်မာလို ရိုးရိုးလေး   ရေးထိုးထားတော့ ဘယ်သူရေးတယ်ဆိုတာ  အလွယ်ဖတ်လို့   ရနိုင်တာပေါ့နော်…။

မြသွေးနီ အသက်ဆယ့်ခြောက်နှစ်မှာ မဖြစ်မနေ မှတ်ပုံတင် လုပ်ရပါတယ်။ လက်မှတ်ကို မှတ်ပုံတင်ကဒ်ပေါ် ရေးထိုးရပြန်တော့ ထွေထွေထူးထူး မပြောင်းဖြစ်ခဲ့ပါဘူး။ ခုနပြောတဲ့ မြန်မာနာမည်နဲ့ လက်မှတ်ကိုပဲ   သေချာဂရုစိုက်ပြီး လှအောင် ရေးထိုးခဲ့တယ်။

မြသွေးနီရဲ့ လက်မှတ်က မငြိမ်သေးပါဘူး။ တက္ကသိုလ်တက်ကာစမှာ လက်မှတ်မှာ ရုပ်ပြောင်လေးတွေ တပ်တာ ခေတ်စားလာပြန်တယ်။ “ ၀ဆွဲ ” တွေ၊ “ လုံးကြီးတင် ” အထဲတွေမှာ ရုပ်ပြောင်လေးတွေ ထည့်လာကြတယ်။ ရုပ်ရှင်သရုပ်ဆောင် မို့မို့မြင့်အောင်တို့၊ ထက်ထက်မိုးဦးတို့ကပါ ရုပ်ပြောင်လေး    တွေ လက်မှတ်မှာ တတ်လာ ပြန်တော့ မြသွေးနီလည်း အားကျမခံ နာမည်ရဲ့ ၀ဆွဲအဆံလေးထဲမှာ ရုပ်ပြောင်လေးထည့် ထိုးဖြစ်ပြန်တယ်။  ကလေးကလားလို့ ပြောရင်ရပေမယ့် အဲ့ဒီတုန်းကတော့ တကယ်ကို နှစ်သက်ခဲ့တာပါ။ ရုပ်ပြောင်လေး ထည့်လို့ရအောင် “ ၀ဆွဲ ” လေးပါတဲ့  နာမည်မှည့်ပေးတဲ့ အမေ့ကိုတောင် ကျေးဇူးတင်ခဲ့မိသေး။

အဲ့ဒီ ရုပ်ပြောင်လေးတွေ လက်မှတ်မှာ ထည့်ထိုးတာနဲ့ ပတ်သက်ပြီး အမှတ်ရစရာတစ်ခုကို အခု စာရေးနေရင်းပဲ သတိရမိပြန်တယ်။ မြသွေးနီ အလုပ်စလုပ်လို့ သုံးနှစ်လောက်မှာပေါ့။ အဲ့ဒီအလုပ်မှာ အလုပ်သဘောအရ ကုမ္ပဏီတစ်ခုနဲ့တစ်ခု အပြန်အလှန် ဖက်စ်နဲ့ စာရွက်တွေ ပို့ပေးရတယ်။ အဲ့ဒီမှာ တစ်ဘက်ကုမ္ပဏီက နီနီဆိုတဲ့ ညီမလေးက သူ့လက်မှတ်နဲ့ အလုပ်စာရွက်တွေ မြသွေးနီဆီ ပို့ပေးရတယ်။ သူက သူ့လက်မှတ်ကို အင်္ဂလိပ်လို Ni လို့ ထိုးပြီး i အပေါ်က အစက်လေးကို မြန်မာစာလုံး လုံးကြီးတင်လောက် ကြီးရေးပါတယ်။ ပြီးရင် အဲ့ဒီအထဲမှာ 🙂 ရုပ်ပြောင်လေး ထည့်ထားတတ်တယ်။ ဒါပေမယ့် ထူးခြားတာက ရုပ်ပြောင်လေးက ပုံသေမဟုတ်ပဲ တစ်ခါတစ်ရံ 🙁 ဒီလိုမျိုးလေးလည်း တွေ့ရတတ်တယ်။ ဒါနဲ့ ရင်းနှီးလာတော့ ပြောင်းလည်းနေတဲ့ သူ့လက်မှတ်ထဲက ရုပ်ပြောင်လေး အကြောင်းမေးမိတယ်။ အဲ့ဒီမှာ သိရတာက  သူ့ဘော့စ် ဂျူးကပြားက အရမ်းကြမ်းတော့ သူ့ဘော့စ်နဲ့ အဆင်ပြေနေချိန်ဆိုရင် စာရွက်ပေါ် လက်မှတ်ထဲက ရုပ်ပြောင်လေးက ပြုံးနေပြီး၊ အဆင်မပြေချိန်၊ ဆူခံချိန်ဆိုရင်တော့ ရုပ်ပြောင်လေးက မဲ့နေတတ်တာပါလို့ပြောပြတယ်။ အဲ့ဒါကို သိပြီးတဲ့ နောက်ပိုင်း သူဖက်စ်ပို့တဲ့ စာရွက်က သူ့လက်မှတ်ကို ကြည့်ပြီး သူ အလုပ်မှာ အေးဆေးပဲလား၊ စိတ်ညစ်နေလားကို အဝေးကနေ သိနေပြီ။

လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ အချိန်မှာတော့ အီးမေးလ်တွေ စတင်သုံးလာချိန် ဖြစ်နေပါပြီ။ မြသွေးနီရဲ့ အထက်က စီနီယာ အလုပ်ထွက်သွားချိန် သူ့နေရာနဲ့ရာထူးကို ကိုယ်ကရလေတော့ မဖြစ်မနေ အလုပ်စာရွက်တွေမှာ လက်မှတ်ထိုးဖို့ ဖြစ်လာပါတယ်။ အလုပ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေက ပြည်ပအထိ သွားရမယ့် စာရွက်တွေ ဖြစ်နေလေတော့ လက်ရှိထိုးနေတဲ့ အရုပ်ပါတဲ့ မြန်မာလက်မှတ်ကြီးကို မသုံးချင်တော့ပြန်ဘူး။

အဲ့ဒီအချိန် လက်လှမ်းမှီသလောက် နိုင်ငံရပ်ခြားက ကျော်ကြားသူများရဲ့ လက်မှတ်တွေကို ရှာဖွေလေ့လာမိ တယ်။ သူတို့ ရေးထိုးထားတာ တွေ့ရ၊ မြင်ရ၊ ဖတ်ရတိုင်း သူတို့ရဲ့ အင်္ဂလိပ်စာလုံးဆက် လက်မှတ်တွေကို ကျွန်မအလွန်နှစ်သက်မိတယ်။ ဒါနဲ့ အင်္ဂလိပ်လို လက်မှတ်တစ်ခု ထိုးနိုင်ဖို့ကို အပူတပြင်း  လေ့ကျင့်ရပြန်ပါတယ်။

ထင်ရှားကျော်ကြားသူတို့၏ လက်မှတ်တချို့

မြသွေးနီရဲ့ နာမည်အရင်းက   လေးလုံးဆိုတော့ကာ အင်္ဂလိပ်လို   ရေးထိုးထားတဲ့ လက်မှတ်ကလည်း အရှည်ကြီးပဲပေါ့။ အခု နောက်ပိုင်းမှာ အလုပ်က ညီမတွေက “ အစ်မလက်မှတ်က ထိုးရခက်လိုက်တာ၊ အစ်မ ရုံးမလာတဲ့နေ့ဆို လက်မှတ်ကို တုထိုးဖို့တောင် မလွယ်ဘူး ” လို့ ညည်းကြပါတယ်။ အရင်အလုပ်မှာတုန်းက ပြည်ပခရီး ခဏခဏ ထွက်တတ်တဲ့ ဘော့စ်ရဲ့ လက်မှတ်ကို အရေးအကြောင်း သူမရှိချိန် ထိုးနိုင်အောင် သူ့ခွင့်ပြုချက်နဲ့   လေ့ကျင့်ထားခဲ့ရဘူးပြီး သူ့လက်မှတ်ကို သူတောင် မခွဲနိုင်အောင် ထိုးနိုင်ခဲ့ဘူးပါတယ်။ ဒီလိုနဲ့ အင်္ဂလိပ်လို ရေးထိုးထားတဲ့ လက်မှတ်တစ်ခုကို မြသွေးနီ ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ လုပ်ငန်းခွင်ထဲ ရောက်မှ လက်မှတ်က ငြိမ်သွားပြီး၊ ဒီလက်မှတ်လေးကိုပဲ ယနေ့တိုင် အသုံးပြု   ဖြစ်ခဲ့ပါတယ်။


အလုပ်မှာ ရေးထိုးဖြစ်နေတဲ့လက်မှတ်


………..@………..

လက်မှတ်အပြည့်အစုံကို လိုသလို ရေးထိုးဖြစ်နေသလို တစ်ဘက်မှာလဲ  အင်နီရှယ် လို့ ခေါ်တဲ့ လက်မှတ်တိုကိုလည်း ရေးထိုးဖြစ်နေပါတယ်။ မြသွေးနီရဲ့ လက်မှတ်တိုက ထူးခြားတယ်လို့ ထင်နေမိတယ်။ ဘာလို့လဲဆိုတော့ လက်မှတ်တိုကို ကြည့်ပြီး “ ငါ့လက်မှတ်တိုဟာ လက်မှတ်အရှည်ရဲ့ တစ်စိတ် တစ်ပိုင်းလည်း မဟုတ်ဘူး၊ မြန်မာလိုပဲ ငါ ထိုးမိသလား၊ အင်္ဂလိပ်လိုပဲ ထိုးမိသလား…” လို့ တွေးမိရင်း ကိုယ်တိုင် မကွဲပြားပဲ ဇဝေဇ၀ါ ဖြစ်ရပါတယ်။ ဘယ်အတွက်ကြောင့်၊ ဘယ်ကဘယ်လို ဒီလို ရေးထိုးဖြစ်ခဲ့သလဲ ဆိုတာကို    စဉ်းစားကြည့်ပေမယ့် မရပါဘူး။ ဒါပေမယ့် လက်မှတ်အတို ရေးထိုးရတိုင်း အဲ့ဒီ မကွဲပြားတဲ့ လက်မှတ်တိုလေးကိုပဲ မလွဲစေရအောင်   ရေးထိုးမိလျှက်သား   ဖြစ်နေပါတယ်။


မြသွေးနီရဲ့ လက်မှတ်အတိုကောက် 🙂

လက်မှတ်လှလှလေးတွေကို မြသွေးနီ စိတ်ဝင်စားတယ်။ လက်မှတ် လှလှလေးတွေ တွေ့ပြီဆို သဘောတကျနဲ့ ကျေနပ်နေမိတယ်။ လက်မှတ်တွေကနေ လူတွေရဲ့ စိတ်နေသဘောထားနဲ့ သူတို့ရဲ့ ဘ၀ကို အကြမ်းဖျဉ်း မှန်းလို့ရတယ်လို့ စာတွေထဲမှာ ဖတ်ခဲ့ဘူးတယ်။ လက်မှတ်ထိုးဖို့ဆို အနက်ရောင် မှင်စိုဘောပင်ကို သီးသန့် ထားထားတယ်။ ဗေဒင်လက္ခဏာ ၀ါသနာပါတဲ့ သူငယ်ချင်း တစ်ယောက်က တစ်ခါက မြသွေးနီကို လက်မှတ်ထိုးခိုင်းပြီး “ ဖန်တီးချင်စိတ်၊ အနုပညာစိတ်ရှိတယ်၊ စိတ်မြန်သလောက် စိတ်ရှည်တယ် ” ဆို လက်မှတ်ကို ကြည့်ပြီး ဟောကိန်း ထုတ်လေရဲ့။ မြသွေးနီ စိတ်ကို သူက ဟောတာလေ။ အင်း… မဆိုးပါဘူး၊ နီးတော့နီးစပ်သား။ 🙂

မှန်မမှန်တော့မသိဘူး။ မြသွေးနီအတွက်ကတော့ လက်မှတ်တစ်ခု ပြီးပြည့်စုံဖို့…(၁) လက်မှတ်ကို ဘယ်တော့မှ ပြီးကပျစ် မထိုးရ။ (၂) လက်မှတ်ရဲ့ တစ်နေရာရာမှာ သူများ တုမထိုးနိုင်တဲ့ နေရာတစ်နေရာ ရှိကိုရှိနေရမယ်။ (၃) လက်မှတ်   ရေးထိုးဖို့ သီးသန့် ဖောင်တိန်၊ ဘောပင်ထားသင့်တယ်။ (၄) လက်မှတ်ရဲ့ အဆုံးဟာ အောက်ကို ငိုက်ကျမနေသင့်ဘူး။ (၅) လက်မှတ်ကို မရေးထိုးခင် ရေးထိုးမယ့် အကြောင်းအရာကို သေချာဖတ်ပြီးမှ   ရေးထိုးသင့်တယ်…လို့ ကိုယ့်ဟာကိုယ် ယူဆထားမိတယ်။

………..@………..

စိတ်လှုပ်ရှားစရာကောင်းတဲ့ လက်မှတ်တွေကို နာမည်အသစ်နဲ့ ဒီနှစ်ထဲမှာပဲ   မြသွေးနီ ရေးထိုးဖြစ်ခဲ့ပြန်ပါတယ်။ အဲ့ဒါကတော့ “ အိပ်မက်ကောက်ကြောင်း – ရသစာစုများစုစည်းမှု ” ဧပြီလ ထွက်ပြီးချိန်မှာ တချို့သော စာဖတ် ပရိသတ်များ  လက်မှတ်နဲ့တကွ စာအုပ်ကို ၀ယ်သိမ်းချင်တယ်ဆို စာအုပ်တိုက်ကို ဆက်သွယ်လာတာမို့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်လေးကို  မြသွေးနီတစ်ယောက်  နှစ်ရက်လောက် ရေးထိုးလေ့ကျင့်ပြီး တိုက်ကို လက်မှတ်ရေးထိုးထားတဲ့ စာအုပ်အချို့ ပို့ထားပေးခဲ့ရ ပါတယ်။ မြသွေးနီစိတ်ထင် လက်မှတ်ထိုးပေးရသူ အယောက်နှစ်ဆယ်လောက် ရှိမယ်ထင်ပါတယ်။ မှတ်မှတ်ရရ ပဲခူးက ညီမတစ်ယောက်တောင် ပါပါသေးတယ်။ (မြသွေးနီရဲ့ လက်မှတ်လေးကို တန်ဘိုးထား သိမ်းချင်တယ်   ပြောပြီး တကူးတကန့် လက်မှတ်လာယူ၊ အားပေးကြတဲ့ စာဖတ်သူများကို ကြုံတုန်း ဒီပို့စ်လေးကနေ   ကျေးဇူးတင်ကြောင်း    ပြောချင်ပါတယ်။)   နောက်… နီးစပ်ရာ၊ ခင်မင်ရာ မိတ်ဆွေများကို စာအုပ်လက်ဆောင်   ပေးပြန်တော့လည်း လက်မှတ်လေး   ရေးထိုးပြီးမှ   ပေးဖြစ်ခဲ့ပြန်ပါသေး တယ်။ ဘ၀ရဲ့ ဒုတိယအရွယ်မှာ နာမည်အသစ် တစ်ခုအတွက် အခုလို လက်မှတ် အသစ်တစ်ခုနဲ့  ရင်းနှီးခွင့် ရခဲ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားမိခဲ့တာ အမှန်ပါ။ အင်္ဂလိပ်လို “ မြသွေးနီ” လို့ စာရွက်ပေါ် မှာ ရေးထိုးပြီးပြန်တော့ မြန်မာလိုလေးလည်း ရေးထိုးချင်လာ မိပြန်ပါတယ်။ ဒါနဲ့ မြန်မာလို လက်မှတ်ကိုတော့ ကျွန်မရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ အမြဲရေးထိုးဖို့ အတွက် ဆုံးဖြတ်ခဲ့ပြီး သိပ်မကြာခင်ကစလို့ ရေးထိုးခဲ့ပါတယ်။

အခုနေခါ ပြန်စဉ်းစားကြည့်မိတော့ ဒီအသက်အရွယ် ရောက်တဲ့  အချိန်အထိ   မြသွေးနီ ရေးထိုးခဲ့တဲ့ လက်မှတ်တွေက မနည်းပါလားလို့     သတိပြုမိတယ်။   လက်မှတ်တွေ ဘယ်လောက် များများ ရေးထိုးခဲ့ ရေးထိုးခဲ့၊  သိတတ်စကထဲက အခုအချိန်အထိ ရေးထိုးခဲ့တဲ့ လက်မှတ်တွေ အားလုံးထဲမှာ “ မြသွေးနီ” နာမည်နဲ့ ရေးထိုးခဲ့ရတဲ့ လက်မှတ်လေးကိုတော့ ပိုလို့ မြတ်နိုး၊ ပိုလို့ တန်ဘိုး ထားမိတယ် ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူးနော်..။


“ မြသွေးနီ ” ရဲ့ မူရင်းလက်ရေးနှင့် လက်မှတ်

အင်း….. အိမ်က လူကြီးကတော့၊ သူနဲ့ မြသွေးနီ မင်္ဂလာလက်မှတ် ရေးထိုးစဉ် တုန်းက ရင်ခုန်ရတာထက်၊ သားကို မွေးကာနီး ဖခင်တစ်ယောက်အနေနဲ့ “ ခွင့်ပြုပါတယ် ”ဆိုတဲ့ လက်မှတ်ကို ဆေးရုံပေါ်မှာ ရေးထိုးပေးလိုက်ချိန်က ရင်ထဲမှာ တလှပ်လှပ်နဲ့ ပိုလို့ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်တဲ့။ ဒါကြောင့် အဲ့ဒီတုန်းက ရေးထိုးခဲ့ရတဲ့ လက်မှတ်က သူ့ရဲ့ ဘ၀မှာ အနှစ်သက်ဆုံးပါလို့   ပြောလာလို့ မြသွေးနီတစ်ယောက် သားနဲ့ ပြိုင်ပြီးတောင် မနာလို   ဖြစ်လိုက်မိ   သေးရှင်။


Image Source : Google

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in တွေးမိတွေးရာ ရေးမိရေးရာ. Bookmark the permalink.

10 Responses to စစ်ဂနစ်ချာ

  1. အမက လက်ရေးရော လက်မှတ်ရော လှတယ်…။ ညီမလည်းကျောင်းတုန်းက သူများလက်ရေးလှတာဆို သဘောကျပြီး လိုက်တုရေးတတ်တယ်…။ ခုအမရေးထားတဲ့ လက်ရေးမျိုးအရမ်းကြိုက်တယ်…။

    ခင်တဲ့
    မိုးငွေ့

  2. စာရေးသူဖြစ်လာမဲ့သူတွေမို့ပဲလား…အကြိုက်တွေ တူနေတာ။ အမလည်း အဲလို လက်ရေးမျိုးပဲ။ ကဗျာဆရာလက်ရေးလို့ အပြောခံရတိုင်း သဘောကျခဲ့မိတာ။ အပေါ်က ရေးသွားတဲ့ ညီမမိုးငွေ့ လည်း ဒီလက်ရေးမျိုးပါပဲ…:)

  3. စာရေးဆရာမ မြသွေးနီရဲ့လက်မှတ်အကြောင်း ဖတ်ပြီး သဘောကျသွားပါတယ်.
    “ခွင့်ပြုပါတယ်“အတွက် လက်မှတ်တွေ အတော်များများထိုးပေးခဲ့ဖူးပါတယ်.
    ဒါပေမယ့် အဲဒီခွင့်ပြုပါတယ်လက်မှတ်မျိုးထိုးပေးဖို့ ဘောပင်နဲ့ လက်မရှိတော့ဘူးထင့်….

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

  4. jasmine says:

    အမ လက်ရေးအရမ်းလှပါတယ်..
    လက်မှတ်ထိုးပုံတွေကိုကြည့်ပြီး
    ငယ်ငယ်က မေမေ အသဲအသန်လေ့ကျင့်ခဲ့ပေးတဲ့
    ကိုယ့်လက်မှတ်လေးကိုပြန်သတိရမိတယ်။ ။
    ချမ်းမြေ့ပါစေရှင်။

  5. ကျနော်တော့ ခုထိ လက်မှတ်ကို အတည်တကျမရှိသေး ဘယ်ဟာလှမလဲ ကိုယ့်နာမည်ကလည်း တိုပြီး မလှတော့ သိပ်ပြီးထွင်လို့မရဘူး ကျနော်လည်းအစ်မလိုပဲ လက်မှတ်လှလှ ထိုးတတ်တဲ့သူတွေကို သိပ်သဘောကျတာ ။ ကျော်ကြားသူတို့ လက်မှတ်လေးထဲမှာ ဒိုင်ယာနာ့ လက်မှတ်လေးကြိုက်တယ်ဗျာ ကျနော် အရမ်းလေးစားတဲ့စိတ်ဖြစ်လို့လည်းနေမယ် ။

    ကျနော့်ဘော့စ်လည်း တကယ့်အရေးကြီးတဲ့နေရာကျ လက်မှတ်တစ်မျိုး သိပ်အရေးမကြီးရင် အတိုကောက် လက်မှတ်ပဲထိုးမိတာ သတိထားမိတယ် ။ အစ်မ လက်မှတ်အတိုကောက်က အရှည်ထပ်တောင် လှသေး ။ 🙂

  6. လက်မှတ်အကြောင်းကို စိတ်ဝင်စားလို့ လာဖတ်ဖြစ်တယ် မမ….
    ဂျင်းလည်း လက်မှတ်တွေကနေ တဆင့်လူတွေရဲ့စိတ်နေသဘောထားနဲ့ဘ၀ကို ခန့်မှန်းရတဲ့အတတ်ကို စိတ်ဝင်စားတယ်။ ကိုယ်ကိုယ်တိုင်လည်း လက်မှတ်လှလှလေးတစ်ခုကို အတည်တကျထိုးနိုင်အောင် လုံ့လစိုက်ခဲ့ဖူးတယ်။

    ဒါနဲ့အစ်မမြသွေးနီရဲ့ လက်ရေးမျိုးကိုသဘောကျတယ်။း)

  7. ရွှေရုပ်လွှာ says:

    ရွှေ့ရုပ်ဦးလေးရဲ့ လက်ရေးမျိုးပါလား…..
    အဲလိုလက်ရေးမျိုးလေးတွေကို အရမ်းသဘောကျပေမယ့် ခုထိတောင် ရေးလို့မတတ်သေးဘူးဗျာ…

  8. ညီမတော့ လက်မှတ်ကို ခုချိန်ထိ စိတ်တိုင်းကျ မဖြစ်သေးဘူး
    ငယ်ကတည်းက လက်မှတ်လှလှလေးတွေကို သိပ်အားကျတယ်
    ကိုယ့်နာမည်ကိုလဲ အမျိုးမျိုး ထိုးကြည့်တယ်
    သူများဆိုင်းတွေကိုတော့ လှအောင် ထိုးပေးတတ်ပေမဲ့ ကိုယ့်နာမည်ကိုကျတော့ လှအောင် ထိုးမရလို့ နာမည်ကို မကျေမနပ် ဖြစ်မိသေးတယ် ဆိုင်းထိုးလို့ကောင်းအောင် မလှရကောင်းလား ဆိုပြီးလေ.. ဟိဟိ
    ခုချိန်ထိ ကိုယ့်လက်မှတ်ကို အသားမကျသေးဘူး ဖြစ်နေတယ်
    အစ်မရဲ့ လက်မှတ်လေးတွေက ချစ်စရာလေး ဟိဟိ

  9. စာပေ၀ါသနာရှင်တစ်ယောက်မို့
    ကျွန်တော်လည်းအားပေးမိပါတယ်…ဗျာ….။

  10. သက်ဝေ says:

    ကိုယ်နဲ့ နီးစပ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ လက်ရေးတွေ လက်မှတ်တွေကို သိပ်စိတ်ဝင်စားပါတယ်… မြသွေးရဲ့ လက်ရေးနဲ့ လက်မှတ်လေးကိုကြည့်ပြီး မြသွေးရဲ့ စိတ်အနေအထားလေးက နူးညံ့သော်လည်း ထက်မြက်မယ်လို့ မှန်းကြည့်နေမိတယ်…။
    အဲဒါတွေနဲ့ပတ်သက်ပြီး Post တခု ရေးထားဖူးတယ်… ညီမ ဖတ်ဖူးမလားမသိဘူး…

    ဒီမှာပါ… http://thet-wai-blog.blogspot.com/2009/10/blog-post_23.html
    ညီမ အချိန်ရရင် ဖတ်ကြည့်နော်…း))

Leave a Reply

Your email address will not be published. Required fields are marked *