တွေး..တွေးတွေးပြီး..ပြုံး

Number of View: 21797

” ဇရာအိုရဲ့ မှတ်ဥာဏ် ”

အသက်အရွယ် အလွန်ကြီးနေပြီ ဖြစ်တဲ့ အဘိုးအို၊ အဘွားအိုစုံတွဲ နှစ်တွဲဟာ ခင်မင်ရင်းနှီးစွာနဲ့ ထွေရာလေးပါး စကားလက်ဆုံကျ နေကြတယ်။ အဲ့ဒီ အချိန်မှာ အဘိုးအိုတစ်ယောက်က နောက် အဘိုးအို တစ်ယောက်ကို အခုလိုမေးလိုက်တယ်။

” ဖရက်… ပြီးခဲ့တဲ့လက မင်းတို့ စုံတွဲ သွားခဲ့ကြတဲ့ မှတ်ဥာဏ်  လေ့ကျင့်ရေး ဆေးခန်းက ဘယ်နှယ့်နေလဲ။ တိုးတက်မှု ရှိရဲ့လားကွ “

” သိပ်ကို ထူးခြားတာပေါ့ “ လို့ အဘိုးဖရက်က ပြန်ပြောလေတယ်။ အဘိုးဖရက်က ဆက်ပြီး ပြောလေတယ်။

” ငါတို့ကို နောက်ဆုံးပေါ် စိတ်လေ့ကျင့်နည်းတွေ အားလုံး သင်ပေးလိုက်တယ်၊ အာရုံမှာ ပေါ်လာရင် ဘယ်လို ဆက်စပ် တွေးခေါ်ပုံက အစပေါ့၊ လေ့ကျင့်ကြည့်တော့ ငါတို့အတွက် တော်တော့်ကို ထူးခြားမှု ရှိသွားတယ်ကွ “

” ဟန်ကျလိုက်လေကွာ၊ ငါတို့ စုံတွဲလဲ သွားဦးမှဘဲ၊ ဒါနဲ့ အဲ့ဒီ ဆေးခန်း နာမည်က ဘာတဲ့ … “

အဘိုး ဖရက် ဆေးခန်းနာမည်ကို စဉ်းစားတယ်။ မျက်မှောင်ကျုံ့လို့ တစ်မျိုး၊ ခေါင်းကုတ်လို့ တစ်ဖုံ၊ ကျွတ်သတ်လို့ တစ်ခါ… ပုံစံအမျိုးမျိုးနဲ့ ထပ်ခါထပ်ခါ စဉ်းစားတယ်။ ဒါပေမယ့် မမှတ်မိဘူး ဖြစ်နေတယ်။ ခဏနေတော့ အဘိုးဖရက်ရဲ့  မျက်နှာပေါ်မှာ ပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွားတယ်။

” သိပြီ.. အနီရောင် ပန်းပွင့်လေကွာ၊ ရိုးတံရှည်ရှည်နဲ့၊ ဆူးလေးတွေလဲ ပါသေးတယ်လေ၊ အဲဒါကို ဘာပန်းလို့ ခေါ်သလဲကွာ..၊ အဲ့ဒီ… အဲ့ဒီနာမည်…..” လို့ အဘိုးဖရက်က ပြောတယ်။

” မင်း ပြောတာ နှင်းဆီ မဟုတ်လား “

” အေး.. အေး.. ဟုတ်တယ်.. ဟုတ်တယ်ကွ… အဲဒါ.. အဲဒါ “

အဘိုးရဲ့ သူ့ဇနီးအဘွားကို မေးလိုက်တဲ့ မေးခွန်းကြောင့် မိတ်ဆွေဖြစ်သူ အဘိုးတစ်ယောက် “ဟိုက်” ခနဲ ဖြစ်သွားရတယ်။ အဘိုးဖရက်က သူ့ရဲ့ ဇနီး အဘွားဘက်သို့ လှည့်ပြီး မေးလိုက်တာက…

” မနှင်းဆီရေ.. ငါတို့ သွားပြခဲ့တဲ့ ဆေးခန်းနာမည်က ဘာတဲ့လဲကွာ ”

~~~~ :):):) ~~~~

” သက်သေခံပစ္စည်း လိုတယ်ဆိုလို့ ”

တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကို သွားပြီးတော့ အိမ်က သူ့ရဲ့ ခွေးလေးအတွက် ခွေးစာ သွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ် လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..

” ကျွန်မတို့ ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ ခွေးကို   ပြနိုင်မှ ရောင်းပေးလို့ ရပါမယ် ” လို့  ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကို သွားပြန်ယူလာခဲ့ပါမှ ခွေးစာ ၀ယ်ယူခွင့် ရသွားပါတယ်။

နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ ဒီအခါမှာလည်း   ကောင်တာက ငွေကိုင်မိန်းကလေးက မနေ့ကလို အလားတူပဲ… ” ကျွန်မတို့ ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့   ကြောင်ကို ပြနိုင်မှ ရောင်းပေးလို့ ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေးတစ်ခု ပါလာပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။   နောက်.. သူ့ ကောင်တာရှေ့ မှာ ရပ်လျှက်က လက်ထဲက ကဒ်ထူပုံးလေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက်ပြီး စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေးလဲ သူလက်ကလေး ဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့ပျော့အိနေတဲ့ အတွေ့အထိကို သူ့ လက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူတစ်လိပ်လောက် ရောင်းပါကွယ် ” ..တဲ့။

~~~~ :):):) ~~~~

” မအိုသေးတဲ့ အချစ် ”


အသက် ၇၀အရွယ်အဖိုးနဲ့ အဖွားဟာ အရမ်းကို စိတ်လှုပ်ရှားနေကြတယ်..။ သူတို့ နှစ်ယောက်ဟာ ဟိုးးးးး အရင်အတူ ကုန်လွန်ခဲ့တဲ့ နုပျိုစဉ် အချိန်တွေ ကာလတွေကို ပြန်လည်တမ်းတနေမိကြတယ်။

ဒါနဲ့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။

” တို့တွေ အသက်တွေ ကြီးပြီ…၊ လောကကြီးမှာ နေရမယ့် အချိန်တွေလည်း သိပ်မကျန်တော့ဘူး..။ ဒီတော့ ၂ယောက် အတူ အသက်ရှင်နေစဉ် အချိန်မှာ.. တစ်နေ့လောက်တော့ ငယ်ငယ်တုန်းက အချစ်သည်းခဲ့ကြတဲ့ ဘ၀ကို တစ်ခဏလောက် ပြန်သွားကြရင် မကောင်းဘူးလား…” ဆိုပြီး သူတို့ နှစ်ယောက်ရဲ့  ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ အမှတ်ရဆုံးရက် ဖြစ်ခဲ့တဲ့ လာမယ့် နယူးရီးယားနေ့မှာ ဟိုး…လွန်ခဲ့တဲ့ နှစ်၅၀တုန်းကအတိုင်း   ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အဲဒီလို ရက်သတ်မှတ်ပြီးနောက် အဖိုးရောအဖွားရောဟာ အဲ့ဒီနေ့ ရောက်ဖို့ကို စိတ်ကူးရင်း စိတ်တွေ လှူပ်ရှားနေတော့တာပေါ့။ လွန်ခဲ့တဲ့ နှစ်၅၀ရဲ့ အဲ့ဒီ ဒီဇင်ဘာ ၃၁ရက် မနက်ခင်းမှာ သူတို့နှစ်ဦး ဆုံတွေ့ပြီး ကဲခဲ့ သည်းခဲ့ကြတာကို သူတို့ ဘယ်မေ့နိုင်ပါ့မလဲနော်..။

ဒီဇင်ဘာ ၃၁ရက်နေ့ မနက်ခင်းမှာတော့ …..

အဖိုးတစ်ယောက် မနက်စောစော ၆နာရီထဲက သူတို့ နှစ်ယောက်တွေ့ခဲ့တဲ့ အမှတ်တရ နေရာလေးဖြစ်တဲ့ မြစ်ကမ်းနဖူးက သစ်ပင်ဆီကို ၀ီရိယ ကောင်းကောင်းနဲ့ ရောက်သွားခဲ့တယ်။

လမ်းတစ်လျှောက်မှာလဲ တွေ့တွေ့သမျှ တောပန်းအရိုင်းလှလှကြီးတွေကိုလည်း အဖွားကို ပေးဖို့ ခူးယူခဲ့တယ်။ အဖိုးဟာ နေမထွက်ခင်ထဲက လူငယ်လေး တစ်ယောက်လို လန်းဆန်းတက်ကြွလို့ အဖွားကို စောင့်ခဲ့တယ်။

အဖိုးစောင့်ခဲ့တယ်။ အဖွားလာမယ့် လမ်းလေး တစ်လျှောက်ကို မှုန်ဝေသီနေတဲ့ မျက်လုံးအစုံနဲ့ စောင့်မျှော်လို့ပေါ့။ တစ်နေ့လုံး စိတ်ရှည်ရှည်နဲ့ကို   စောင့်ခဲ့တယ်။ စောင့်ခဲ့တယ်..။ စောင့်နေခဲ့တယ်..။ ဒါပေမယ့်.. အဆုံးမှာတော့ နေသာ ၀င်သွားတယ်။ အဖွားက ပေါ်မလာခဲ့ပါဘူး။

ဒါနဲ့ အဖိုးဟာ ဒေါကြီးမောကြီးနဲ့ အိမ်ကို ပြန်လာခဲ့တယ်။ အိမ်တံခါးကို ဒေါသတကြီး ဆွဲဖွင့်လိုက်တော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ခေါင်းအုံးထဲ မျက်နှာဖွက်ပြီး လှဲလျောင်းနေတဲ့ အဖွားကို တွေ့လိုက်ရတယ်။ ဒီတော့ အဖိုးရဲ့ ဒေါသက တရှိန်ထိုး ဒီဂရီမြင့်တက်သွားပြီပေါ့။

” ငါကတော့ တစ်နေကုန် တစ်နေခန်း စောင့်နေရတာ၊ မယ်မင်းကြီးမက ဒီအိမ်ကနေ တစ်ဖ၀ါးမှ မခွာပဲ ဇိမ်တွေ့နေတယ်ပေါ့ ” ဆိုပြီး စိတ်တိုတိုနဲ့ လက်ထဲက ပန်းတွေကို ကြမ်းပြင်ပေါ် ပစ်ပေါက်ရင်း  အခုလို   အော်မေးလိုက်တယ်။

” ဒီမှာ အမယ်ကြီး… မင်း.. တယ်ကတိပျက်တဲ့ မိန်းမပါလား..၊ ငါ့မှာဖြင့်   စောင့်လိုက်ရတာ..၊ မင်းက ဒီမှာ ဇိမ်ကျနေတယ်..ဟုတ်လား၊ ကဲ..ပြော.. ချိန်းထားတဲ့ နေရာကို ဘာလို့  မင်း မလာရတာလဲ..? ”

အဲ့ဒီအချိန်မှာ အဖွားက လက်ထဲက ခေါင်းအုံးလေးနဲ့ အဖိုးရဲ့ ခေါင်းကို သာသာလေးရိုက်လိုက်ပြီး မျက်လွှာလေးချလို့ ချစ်စဖွယ် ရှက်စနိုး မျက်နှာလေးနဲ့ အခုလို ပြန်ဖြေလိုက်တယ်။
….
….
….
….
….
….
….
….
….
….
….
….
….
….
….

” သိဘူးလား….အချစ်ရယ်၊  အမေက ကျွန်မကို သွားခွင့်မပြုလို့…..ပေါ့… ”

မိတ်ဆွေများ မျှဝေထားတဲ့အထဲက ဘိုးဘွားတွေအတွက်  နှစ်သက်စရာလေးမို့ ပြန်လည် မျှဝေလိုက်ပါတယ်။ ဘ၀အမောတွေ၊ သောကတွေ ကင်းဝေးလို့ ရယ်မောပျော်ရွှင်ကြပါစေနော်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။

Share
This entry was posted in ပြုံးထေ့ထေ့. Bookmark the permalink.

27 Responses to တွေး..တွေးတွေးပြီး..ပြုံး

  1. အဲဒါမှ သေရော။ ခွိ ခွိ။ (နောက်ဆုံးနှစ်ပုဒ်အတွက် ကွန်မင့်ပါ)။း)

  2. ဝေ says:

    ဖတ်ရင်း ပြုံးစိစိဖြစ်မိပါရဲ့…း)

  3. စင်စင် says:

    အပေါ်ဆုံးနဲ့အောက်ဆုံးက တကယ်ရီရတယ်

  4. aung says:

    အိမ်နားက စတိုးဆိုင်ကို အိမ်သာသုံးစက္ကူသွားဝယ်…

  5. mgthant says:

    အဘိုးက ပြောသည်… ဟင်… အဲတုန်းကလို အမေပေးမသွားလည်း ခိုးပြီး ငါဆီတော့ အရောက် လာလိမ့်မယ်လို့… ထင်ပြီး တစ်နေ့လုံးစောင့်နေတာပေါ့…

    😀

  6. မိစံ says:

    အော….အမေခွင့်မပြုလို့တဲ့..း)))

  7. ၃ ပုဒ်လုံး သဘောကျတယ်၊ အဖိုးအဖွားတွေရဲ့ ဟာသလေးတွေမှာ နူးညံ့မှုနဲ့ ဖြတ်သန်းမှုတွေ ပါနေတတ်လို့ ရယ်လည်း ရယ်ရသလို နှစ်လိုဖွယ်ရာလည်း ကောင်းနေပြန်ရော…။

  8. ရီနေလို့တော့ မဖြစ်ဘူးထင်တယ် ညီမရေ။
    ကိုယ့်အလှည့်လည်း မကြာခင်ရောက်လာတော့မယ်လေး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  9. မအိုသေးတဲ့ အချစ်ကိုသဘောကျနေမိတယ်
    အားလုံးကရယ်ရပါတယ်
    (အမေက ကျွန်မကို သွားခွင့်မပြုလို့)

  10. တကယ်ကိုသဘောကျလို့ရီသွားတယ် မမရေ
    တီတင့်ပြောသလိုဘဲ တီတင့်ပြီးရင်ဒုတိယက မဒိုးကန်တို့လင်မယားး)

  11. အမရေ
    အားလုံးရယ်ရပါတယ် စိတ်တွေပေါ့သွားလို့ကျေးဇူးပါဗျာ

  12. Greenery says:

    ” သိဘူးလား….အချစ်ရယ်၊ အမေက ကျွန်မကို သွားခွင့်မပြုလို့…..ပေါ့… ”း))

  13. ဖတ်ပြီးနှစ်နှစ်ခြိုက်ခြိုက်ပြုံးသွားပါတယ်။

    မိုးမြင့်တိမ်

  14. တော်တော်လေး ပြုံးဖြစ်သွားတယ်

  15. Junemoe says:

    ဟားးးးးး
    အားရပါးရကို ရယ်သွားပါတယ် အမရေ…
    ဒုတိယနဲ့တတိယကို တော်တော်ကြိုက်တယ်…ဟိ

    ခင်မင်လျက်
    Junemoe

  16. ဖတ်ပြီးပြုံးရယ်…စိတ်ချမ်းသာသွားတယ် အမ….ကျေးကျေး

  17. ညီရဲ says:

    တွေး… တွေး တွေးပြီး ပြုံးသွားတယ် .. ပြီးမှ ထပ်ရယ်ပစ်လိုက်တယ်… အစ်မ…

  18. မမရေ. ညီမသဒ္ဓါက ခုမှစမှာလေ.. နော်။ မျက်လုံးထဲ ပြေးမြင်လိုက်တာ ရင်ထဲကို အေးချမ်းလို့။
    ချစ်တဲ့
    ညီမသဒ္ဓါ

  19. angelhlaing says:

    တစ်ကယ်တွေးတွေးပြီး ပြုံးချင်စရာပါပဲမမရေ…:):)

  20. နောက်ဆုံးက အဖိုး၊ အဖွားဇာတ်လမ်းလေးက တကယ့် romance ပဲ။

  21. မောင်ရေချမ်း says:

    🙂 တကယ်ရယ်ရတယ်

  22. အောက်ဆုံးက ဟာသလေး သဘောအကျဆုံး
    ဖတ်ပြီး ပြုံးရုံတင်မက အသံထွက်အောင်ရယ်မိတယ်..

  23. ဖတ်လိုက်ရတာ စိတ်ကို ပေါ့ပါးသွားတာပဲ။
    နောက်ဆုံးအပုဒ်လေး ပိုသဘောကျတယ်…။

  24. maythetmg says:

    ကြိုက်ပါတယ်
    နောက်လဲထပ်ပြီးရယ်စရာများကိုေ၇းနိုင်ပါစေဆုတောင်းပါတယ်
    ကျန်းမာပျော်ရွှင်ပါစေ

  25. THIHA says:

    ခေါင်းစဉ်လေး နဲ့ ထပ်တူပါဘဲဗျား))

  26. ANNE says:

    sweet romance…
    😉
    and lovely funny^^
    ahaha!.
    **smile 4 our life**
    xoxoxo..

Leave a Reply

Your email address will not be published. Required fields are marked *