ကြက်ပျောက်ငှက်ပျောက်

Number of View: 9254

largest

အပြင်ထွက်မယ်ဆိုတိုင်း တက္ကစီကို လွယ်လွယ်နဲ့ စီးတတ်သူက ကျွန်မပါ။ အခုအချိန်ထိ ကိုယ်ပိုင်ကား ၀ယ်မစီးနိုင်သေးပေမယ့် တက္ကစီစီးနေတာက ကားတစ်စီးဝယ်စီးနိုင်တာ ထက်တောင်  ကျော်နေနိုင်ပါတယ်။ ကျွန်မတို့လမ်းထိပ်ဂိတ်က တက္ကစီအဖွဲ့နဲ့ဆို ကျွန်မတို့ မိသားစုနဲ့ အတော်ခင်နေကြတဲ့ အထိပါပဲ။ ရုံးဆင်းတဲ့ အချို့ရက်တွေမှာ လမ်းလျှောက်မပြန်ဖြစ်ရင် တက္ကစီ စီးဖြစ်ပါတယ်။

ကားငှားစီးတဲ့အခါ ကားလမ်းတွေ ပိတ်နေတိုင်း အင်မတန်စိတ်ပျက်ရသလို ကားတစ်စီးနဲ့ တစ်စီး ကျော်တက်တာမျိုး၊ ဟွန်းတညံညံတီးတာမျိုးကိုလဲ ကျွန်မ မနှစ်သက်ပါဘူး။

တစ်နေ့ညနေ ကျွန်မငှားစီးတဲ့ တက္ကစီမောင်းသူက အသက် ၂၅နှစ်သာသာ လူငယ်တစ်ယောက်။ သူက ကျွန်မကို တင်မောင်းပြီးတာနဲ့ ကားကို အရှိန်နဲ့မောင်းထွက်ပါတယ်။ တစ်ခဏနေတော့ အရှေ့က ပုံမှန်သွားနေတဲ့ ကားကို အလယ်မျဉ်းနားကနေ ရုတ်ခနဲ ကျော်တက်လိုက်ပါတယ်။

“ ချီးထဲမှ..လိပ်လိုသွားနေတယ်… သေမယ်ဆို သေလို့ရတယ်…” လို့ သူက ရေရွတ်ရင်း ကျော်တက် လိုက်တာပါ။

အရှိန်နဲ့ ကျော်အတက် ကျွန်မရဲ့ ခန္ဓာကိုယ်တောင် ဟန်ချက်ပျက်ပြီး အရှေ့ကို ငိုက်ကျသွားရပါတယ်။ ကားမောင်းကြမ်းတမ်းတဲ့အပြင် နှုတ်ပါသရမ်းတော့ ကျွန်မစိတ်ထဲ အတော်အနှောက်အယှက်ဖြစ်သွားရပါတယ်။ လှစ်ခနဲ ပြူထွက်လာတဲ့ဒေါသကို မြိုချလိုက်တယ်။ ၁၀မိနစ်ဆို အိမ်ရောက်မှာပဲ၊ ဘာမှမပြောမိတာ ပိုကောင်းတယ်။ သည်းခံ။

ထင်တဲ့အတိုင်းပါပဲ။ လမ်းမကျယ်ကြီးဘက် အကွေ့ကားတွေက ညပ်ပိတ်နေပြီ။ ဒီလမ်းက ရုံးဆင်းချိန်တိုင်း ကားပိတ်နေကျလမ်းပါ။ သူက တောက်တစ်ချက်ကို ကျယ်ကျယ်ခေါက် လိုက်ပြန်ပါတယ်။ ပြီးတော့ ညာဘက်က ဘတ်စ်ကားကြီးရှေ့ကို ခပ်ကြမ်းကြမ်း ခေါင်းတည် ထိုးဝင်လိုက်တယ်။ လမ်းတစ်နေရာစာ နေရာရဖို့အတွက် သူ ကျော်ဖြတ်တက်တော့မယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်ပြီ။ ကားကြီးရှေ့ နေရာရသွားပြန်တော့ အားမရသေး၊ ညာဘက်က ကားလေးရှေ့ တဖန်တိုးဝှေ့ဝင်ပြန်တယ်။ တစ်ခုခုပြောထည့်လိုက်ချင်တဲ့ ဒေါသစိတ်တွေ တလိမ့်လိမ့် ရုန်းကြွတက်လာပေမယ့် ဘယ်ညာ ယိမ်းထိုးကားမောင်းကြမ်းပုံကြောင့် ရုံးဆင်းကာနီး ဖျော်သောက်ထားတဲ့ ကော်ဖီတစ်ခွက်က ကျွန်မရင်ထဲ မူးအီလာအောင် မွှေနှောက်နေပြီ။ ကျွန်မ ဒီလိုလူစားမျိုးနဲ့ စကားဖက်မပြောချင်တော့။ တစ်နေ့ ထမင်းနှစ်နပ်ထက် ပိုစားလို့မရဖူး၊ လူ့အသက်က ပိုအရေးကြီးတယ်ဆိုတာ ကျွန်မ ရှင်းပြမနေချင်တော့။

မီးပွိုင့်မှာ ကားက မီးနီမိပြန်တယ်။ ကျွန်မတို့ကားရှေ့မှာ ကားတန်းရှည်ကြီးက တမေ့တမော။ အနည်းလေး ငါးမိနစ်လောက်တော့ ပိတ်အုံးကွဲ့ မီးပွိုင့်မှာ..။ ကားဆရာ ကိုယ်တော်ချောက ဘယ်နေလိမ့်မလဲ ။ ဘယ်ဘက်အခြမ်း အလယ်မျဉ်းနားကနေ တစ်ဘက် ယာဉ်ကျောရှင်းနေတာကို အခွင့်ကောင်းယူပြီး ရဲရဲတင်းတင်း သူက ကျော်တက်ပြန်တယ်။ သူတော့မသိ၊ ကျွန်မက နောက်ခန်းက စီးနေလျှက်က စည်းမဲ့ကမ်းမဲ့ မောင်းနေမှုအတွက် ဘာမဆိုင်ညာမဆိုင် ရှက်နေမိတယ်။ စိတ်ပေါက်ပေါက်နဲ့ မီးပွိုင့်ထိပ်မှာ မော်တော်ပီကယ် စောင့်ဖမ်းပါစေတော်လို့ စိတ်ထဲက ရေရွတ်လိုက်တယ်။ ကုသိုလ်ကံက မဟုတ်တရုတ်မောင်းနှင်လာတဲ့ သူ့ဘက်မှာ။ မီးပွိုင့်မရောက်ခင် ကားနှစ်စီးစာသာသာလောက်မှာ နေရာလပ်တစ်ခုက ဘာကြောင့်မှန်းမသိ၊ ဟ နေတယ်။ သူက အဲ့ဒီနေရာကို ကျွမ်းကျွမ်းကျင်ကျင် တိုးဝင်နေရာယူလိုက်တယ်။ ပုံမှန်အတိုင်း တန်းစီရင် ပွိုင့်နောက်တစ်ကြိမ်တောင် ထပ်မိနိုင်ပေမယ့်၊ အခုတော့ သူ့ရှေ့မှာ ကားနှစ်စီးပဲရှိတော့တယ်။ ကားမူးနေတဲ့ ကျွန်မတောင် အိမ်မြန်မြန်ပြန်ရောက်တော့မှာမို့   ကျေနပ်စိတ် ပါးပါးလေးဖြစ်သွားတာ မငြင်းနိုင်ပါဘူး။

မီးပွိုင့်က ကွေ့ပြီး ၃မိနစ်လောက် မောင်းရင် ကျွန်မအိမ်ရောက်ပြီ။ ကားခကို လက်ထဲ အဆင်သင့်ပြင်ထားလိုက်တယ်။ သူက လက်ကျန်အချိန်လေးမှာ ပညာခန်းတွေပြ ၀ူးခနဲ လီဗာကို ဖိနင်းရင်း အရှိန်မြှင့်ပြန်တယ်။ ကျွန်မ အိမ်ဘက် လမ်းကွေ့လေးကို ကျော်သွားတော့မလို   ဖြစ်သွားလို့ “ ဟဲ့..ဟဲ့.. ဒီညာဘက်က လမ်းကို ကွေ့မှာ..” လို့ အော်ပြောလိုက်တော့ ဘရိတ်ကိုဆောင့်နင်း ၀ူးဆို နောက်ပြန်ဆုတ်ပြီး ကွေ့ချထည့်လိုက်ပြန်ရော။ ကျွန်မလက်ထဲက ပေးဖို့ အဆင်သင့်ပြင်ထားတဲ့ ကားခတောင် ကားကြမ်းခင်းပေါ် ပြုတ်ကျရတယ်။ ကျွန်မ အတော့်ကို စိတ်ကုန်သွားတယ်။ ဒီလိုကားသမားမျိုးနဲ့ ခရီးတိုစီးမိတာ တော်သေးတယ်။ အိမ်မြန်မြန်ပြန်ရောက်ပေလို့။

ကျွန်မ အိမ်ရှေ့ ကားလေးဘီးလုံးရပ်ချိန် လက်ကိုင်ဖုန်းမြည်သံ ကြားလိုက်ရတယ်။ ကျွန်မရဲ့ဖုန်း မဟုတ်ဘူး။ ကားသမားကိုယ်တော်ဆီက။ သူက ကျွန်မလှမ်းပေးတဲ့ ကားခကို လှမ်းမယူနိုင်သေးဘူး။ သူက ဖုန်းကို အရင်ဖြေတယ်။

“ မိန်းမရေ… ကို…အခု ခရီးသည် ပို့ပြီးတာနဲ့ ဆေးရုံကို လာခဲ့မယ်… လမ်းလဲသင့်လို့ ခရီးသည်တင်ခေါ်လာလိုက်တာ…သမီးလေးက ဘယ်သူနဲ့တူလဲ… ကိုနဲ့တူရဲ့လား… မင်းရော…   နေလို့ကောင်းရဲ့လား… ဘာစားချင်လဲ…”

ဝမ်းသာရိပ်လွှမ်းနေတဲ့ သူရဲ့ ဖုန်းပြောနေသံက သူ့အပေါ် တစ်လမ်းလုံး နောက်ကျိလာခဲ့ရတဲ့ ကျွန်မရဲ့စိတ်ကို ချက်ချင်းပဲ လျှော်ဖွတ်ပေး လိုက်တယ်။

ကျသင့်တဲ့ ကားခငွေကို ဖုန်းပြောမပြတ် လှမ်းယူရင်း ၀ူးခနဲမောင်းထွက်သွားတာကို ကျွန်မ ယောင်,အ, ပြီး ရပ်ကြည့်နေမိတယ်။

“ဟဲ့.. ဟဲ့.. ဖြည်းဖြည်းမောင်းပြီး သွားဦး” လို့ ကျွန်မနှုတ်က ပြောလိုက်သေးသလားတောင် မမှတ်မိတော့။ ဖခင်လောင်း သူက ဂျက်လေယာဉ်နှုန်းထက်မြန်တဲ့ အမြန်နှုန်းနဲ့ ဆေးရုံကို   မောင်းတော့မယ် ဆိုတာကို ဗေဒင်မေးနေစရာပင်မလို။

လမ်းတလျှောက် ကျွန်မခေါင်းမူးနောက်ခဲ့ရတာတွေ…
ဒေါသတွေ တလိမ့်လိမ့်ထွက်ခဲ့ရတာတွေက အခုတော့ ကြက်ပျောက်ငှက်ပျောက်..။
သူ့ကားလေးကလဲ ကျွန်မ မြင်ကွင်းကနေ ကြက်ပျောက်ငှက်ပျောက်…။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ. Bookmark the permalink.

8 Responses to ကြက်ပျောက်ငှက်ပျောက်

  1. ဖတ်နေရင်း မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်လာရင်း သဘောကျစွာ ဖတ်ရှုသွားခဲ့တယ်ရှင့်။

  2. ကြုံတွေ့ဘူးတာများပြီ မြသွေးရေ.. ကြက်ပျောက်ငှက်ပျောက် အကြားမှာ
    ကိုယ့်အသက်မပျောက်ဘို့အရေးကြီးတယ် ဘုရားစာပဲ ရွတ်နေခဲ့ဘူးတယ် .. 🙂

    မေတ္တာဖြင့်
    တီတင့်

  3. မောင်မျိုး says:

    တစ်လမ်းလုံး အစ်မနဲ့အတူ ဒေါသထွက်လာလိုက်တာ မော်တော်ပီကယ်ကိုတောင် ကိုယ်ပါဖမ်းစေချင်စိတ်ဖြစ်မိသေး နောက်မှ သူ့နေရာမှာ ကိုယ်သာဆိုလည်း အဲ့လိုလောမိမှာလို့ ဖြေတွေးမိသွားတယ် တော်ပါသေးရဲ့ လမ်းခရီးမှာ ခရီးသည်ကော မောင်းသူပါ ဘေးကင်းကြလို့

    အတွေ့ကြုံက သဲထိတ်ရင်ဖိုနဲ့ အစ်မရေး)

  4. တစ်လျှောက်လုံးဖတ်လာရင်း အစ်မမြသွေးနဲ့အတူ တက္ကစီဆရာကို စိတ်တိုနေတာ…

    နောက်ဆုံးကျမှ သူဟာ… သူ့ရင်သွေးလေးကို တွေ့ချင်ဇောနဲ့မို့ပါလားလို့… သိလိုက်ရတော့တယ်…။

    အဲ့ဒီတော့ ကျွန်တော့် ဒေါသခပ်ပါးပါးလည်း ပို့စ်အဆုံးမှာ ကြက်ပျောက် ငှက်ပျောက်… 🙂

    ——————–
    ခင်မင်စွာ…
    ကိုဏီ

  5. ဖခင်တယောက်ရဲ့ မေတ္တာဆိုပါတော့
    မကြီးရေ…
    အစကတော့ ဖတ်ရင်း နဲ့ စိတ်ထဲကလိကလိနဲ့
    နောက်ဆုံးလည်းကျရော
    ပြုံးမိသွားတယ်..
    သူလည်းကလေးလေး မြင်ချင်လို့ နေမှာ

  6. Nyi says:

    Anyway SAFETY first..

  7. အစပိုင်းတုန်းကတော့ ရင်တုန်စွာနဲ့ ဒေါသဖြစ်ရ
    နောက်ကျတော့ ကရုဏာသက်ရ
    ဖခင်တစ်ယောက်ရဲ့ဇောမှာ
    ကိုယ့်ဒေါသလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရတာပဲ။

  8. Zin Lay says:

    ထုံးစမ်းအတိုင်းပဲ … ပို့စ်တစ်ခုရဲ့ အဆုံးတိုင်းမှာ … နှစ်သက်စရာလေးတွေ အမြဲပါတတ်တဲ့ .. အစ်မမြသွေးစာတွေကို နှစ်နှစ်သက်သက်ပဲ ဖတ်သွားပါတယ် …

Leave a Reply

Your email address will not be published. Required fields are marked *