ရသလမ်းမှာ ပွင့်သောပန်း

Number of View: 12715

coverနေရာလေးတစ်နေရာ ရှိနေ၏။ ထိုနေရာလေးကား အသွားအလာ ခက်ခဲသည့် နေရာလဲမဟုတ်။ ထိုနေရာမှ ငါးမိနစ်ခန့် သွက်သွက်လျှောက်ပါက မလှမ်းမကမ်းတွင် ခေတ်မီအဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံ တွေ့ရမည်။ ထိုရုပ်ရှင်ရုံ၏ မျက်စောင်းထိုးတွင် ခရစ်ယာန်ဘုရားကျောင်း တစ်ခုရှိသည်။ ဘုရားကျောင်းနောက်ကျောဘက်တွင် ပြန်လည် မွမ်းမံထား သည့် အားကစားကွင်းအိုကြီး ရှိသည်။ ကွင်းအိုကြီးပတ်လည်တွင် အဝေးပြေးကားဂိတ်လက်မှတ် အရောင်ဆိုင်များ စီတန်းနေသည်။ သူနဲ့ မလှမ်းမကမ်းမှာတော့ ဓာတ်ဆီဆိုင်တစ်ဆိုင်၊ ထိုမှ လှမ်းမျှော်လိုက်လျှင်တော့ ကုန်းကျော် တံတား တစ်စီး။ သူ့နဘေးမှာတော့ ရန်ကုန်ဘူတာကြီး။ ဤဘူတာကြီ်း၏မျက်နှာစာ ကုန်းကျော်တံတားအောက်ရှိ လမ်းလေးက ခြောက်လမ်းသွား လမ်းမတွေလို ဖြူးမနေ။ နွေအခါ ဖုံထ၊ မိုးအခါ ရေလျှံ။

ဝန်းကျင်တွင် ခရီးသွားများ ရှိသည်။ လက်လုပ်လက်စားများ ရှိသည်။ သစ်သီးဝလံ ပန်းမာလ်ကုန်သည်များ ကုန်ဝယ်၊ ကုန်ဖလှယ်ရာနေရာလည်း ဖြစ်၏။ အ၀စားမှလေးရာ ထမင်းဆိုင်လည်း ရှိသည်။ ဆိုက်ကားများ ဖြတ်သန်း သွားလာနေတာ တွေ့နိုင်၏။ ခရီးသည်မျှော် တက္ကစီများနှင့် ခရီးသည်ခေါ် ရွှေကြိုများလဲ ရှိသည်။ တာဝန်အရ ရစ်သီရစ်သီ လုပ်နေကြသူများလဲ ရှိသည်။ ကားများလည်း ဥဒဟို ဖြတ်သန်းသွားလာနေကြသည်။ ဆိုက်ကားဘဲလ်တီးသံများနှင့် သရက်သီးချဉ်စပ်လှည်း၏ ကြေးမောင်းထုသံကိုလဲ ကြားနိုင်သေးသည်။ ဥသြဆွဲသံနဲ့အတူ ရထားခုတ်မောင်း သံကိုလဲ ရံဖန်ရံခါ ကြားရ၏။

 ကုန်းကျော်တံတားအောက်ရှိ လက်ဖက်ရည်ဆိုင်နေရာလေးသည် ပကတိ ရိုးစင်းသည်။ ဟန်ဆောင်မှု အပေါ်ယံ လွှာတွေ ခြုံမထား။ သာမာန်လူတန်းစားအလွှာတို့ ဥဒဟို ဖြတ်သန်း သွားလာရင်း ခရီးတထောက် နားခိုရာ နေရာဖြစ်၏။ ရထားစောင့်ခရီးသည်များလည်း ဖြစ်နိုင် သည်။ အေးအေးလူလူ လက်ဖက်ရည်ဆိုင် လာထိုင်တာ မျိုးလည်း ဖြစ်နိုင်သည်။ မိတ်ဆွေသူငယ်ချင်းများကို စောင့်ဆိုင်းနေတာလဲ ဖြစ်နိုင်သည်။ အုံနာခ နေ့တွက်မကိုက်သေး၍ ခရီးသည်မျှော်ရင်း ခဏ၀င်ထိုင်တာလဲ ဖြစ်နိုင်သည်။ အဖန်ရည်ကျဲတောက်တောက်နှင့် အသင့်ဖျော် ကော်ဖီမစ်တို့ကို စွဲငြိသူများလဲ ရှိနိုင်၏။

ဆိုင်၏ အပြင်အဆင်က ရိုးရိုးစင်းစင်း။ ဘူတာကြီးကို အမှီပြုပြီး ကုန်းတံတားအောက် ဆိုင်ခန်းထဲတွင် အခြေပြု ထား၏။ အငွေ့ထနေသည့် လက်ဖက်ရည်ခွက်ပုံ ပန်းချီကားချပ်လေးက အပြာရောင်မွဲနေသည့် ဆိုင်ခန်းလေး၏အတွင်းနံရံ ညိုညစ်ညစ်လေးကို အားကန်ယူ၍ လင်းလက်နေ၏။ ဆိုင်အပြင် ကုန်းတံတားအမိုးအောက်နေရာက ကျယ်ကျယ်ပျံ့ပျံ့ ရှိသည်။ မိုးလုံလေလုံသည်။ ပလတ်စတစ်စားပွဲပုလေးများ ခပ်ကျဲကျဲ ခင်းထား၏။ ခါးတွင် ချိတ်ထားသည့် အ၀တ်စုတ်စဖြင့် ဆိုင်ထဲဝင်လာသူများအား စားပွဲသုတ်ရင်း ၀မ်းတီးတူးကော်၊ ဘယ်ညာဝမ်းထော၊ လက်ဖက်ထမင်းရမယ်၊ ဘာမှာမလဲ ဆိုသည့် လူလားမမြောက်သေးသည့် ဖင်ပေါ့အကင်းပါးသည့် စားပွဲထိုးကလေးငယ်များ၏ ပျူငှာမှုကိုလဲ မြင်တွေ့ရမည်။ ခပ်လှမ်းလှမ်းတွင် ပျင်းပျင်းရိရိ အိပ်နေသည့် ခွေးတစ်ကောင်က ပတ်ဝန်းကျင်တစ်ခုလုံး ဘာမှလှုပ်ရှားမှု မရှိတော့ သလိုမျိုးဖြင့် အိပ်မောကျနေတတ်သေး၏။ ရံဖန်ရံခါ မုန့်ကျွေးသောသူကို မာန်ဖီတတ်သည့် အရူးတစ်ယောက်လဲ ရှိသည်။

ဤနေရာ ဤသို့သော အခြေအနေနှင့် လက်ဖက်ရည်ဆိုင်ကလေးကို ပေးထားသည့် အမည်နာမက အင်္ဂလိပ်လို လပ်ကီးဖလားဝါး။ တနင်္ဂနွေ နှစ်ပတ်တစ်ကြိမ် နေ့လည်(၂)နာရီမှ ညနေ(၄)နာရီအထိ စတည်းချ စာလာဖတ်ပြကြသော စာရေးဆရာများ၏ “ကံကောင်းခြင်း ပန်းပွင့်” အဓိပ္ပာယ်ရသော ဘူတာကြီးရသစာဖတ်ဝိုင်း၏ မျက်နှာစာ သံဆန်ကာကွက် တွင် ဗီနိုင်းတစ်ချပ်ချိတ်ထားသည်။ အုတ်ကွက်နောက်ခံဖြင့် အပြာရောင်လေးထောင့် သံပြားအချပ်ငယ် ပုံပေါ်တွင် အဖြူရောင်ကောက်လိုင်းဖြင့် လူတစ်ယောက်စာဖတ်နေသည့် လိုဂို။ အပေါ်ဘက် နားတွင် ရေးထားသည်က…

“ ခိုင်ကျည်စေတဲ့စိတ်
ပဲ့ပြင်စေတဲ့ဥာဏ်
သိမ်မွေ့စေတဲ့ နှလုံးသား
အဲ့ဒါတွေအားလုံး
စာဖတ်ခြင်းမှ ရနိုင်ပါတယ် ”

 ဤ“ကံကောင်းခြင်းပန်းပွင့်”တွင် ရသစာပေ ချစ်မြတ်နိုးသော စာရေးဆရာများက ရသစာပေအပေါ် ချစ်မက်စိတ် ဖြင့် အားလပ်ရက် မိသားစုနှင့် အပမ်းမဖြေအား၊ နွမ်းနေတဲ့ ရသစာပေ လူတွေကြားထဲ စိမ့်ဝင်ရောက်ရှိ ပြန့့််နှံ့ဖို့အတွက် ကိုယ်ဝန်ကိုယ်ထမ်း၊ ကိုယ့်အားကိုယ့်ကိုးပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်၊ ကိုယ့်မျိုးစေ့ ကိုယ်ချခဲ့ကြသည်။ ဤနေရာ ၀န်းကျင်မှ လူအများ ဖြတ်သန်းသွားလာရင်း စာဖတ်ဝင်နာကြသည်။ လက်ကမ်းစာမူများ   တောင်းယူစုဆောင်းကြသည်။ စားပွဲထိုးလေးများ စားပွဲထိုးရင်း ရသ၀တ္တုတို့ကပေးသည့် ခံစားချက်များ နားရည်ဝလာသည်။ ပြင်ပမှ စာပေချစ်မြတ်နိုးသူများကလဲ စိတ်အား၊ လူအား၊ ငွေအားဖြင့် ၀ိုင်းဝန်းအားဖြည့်ကြသည်။

သည်လိုနှင့် ၁၈.၈.၂၀၁၃ က စတင်ခဲ့သည့် နှစ်ဖတ်တစ်ကြိမ် ဘူတာကြီးက ရသစာဖတ်ဝိုင်းလေး၏ ဥယျာဉ်မှူး များမှ ကျဲပက်ထားသည့် ရသမျိုးစေ့လေးများ အညှောက်ထွက်လာ၏။ အညှောက်မှ အပင်ပေါက်၊ အပင်ကမှ ရိုးတံ ခက်လက်ဝေဖြာကာ ပန်းဖူးလေးငုံ၊ ငုံရာမှ ဖူးပွင့်ခဲ့လိုက်တာများ တစ်ပွင့်ပြီးတစ်ပွင့်၊ မွှေးတဲ့ပန်းကမွှေး၊ ဝေးတဲ့ ပန်းကဝေး။ ကြွေတဲ့ပန်းကကြွေ ဝေတဲ့ပန်းက ဝေ၊ တစ်ပွင့်ကြွေ တစ်ငုံဖူး၊ ပန်းဖူးများကနေ ပန်းပွင့်များ တပွင့်ပြီးတစ်ပွင့် အလှည့်ကျ အစီအရီ ပွင့်လန်းခဲ့လိုက်တာဖြင့် ၁၈.၈.၂၀၁၄ဆိုလျှင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပေပြီ။ ရသစာပေချစ်မြတ်နိုးသည့် ဥယျာဉ်မှူးများ၊ ဥယျာဉ်လုပ်သားများ၊ ပျားပိတုန်းများ အတူတကွ ရေလောင်းပေါင်းသင်ကျီးခြောက်ရင်း တစ်နှစ်အတွင်း ၂၆ကြိမ်မြောက် ရသပန်းခင်းကို ပွင့်လန်းနိုင်စေခဲ့၏။ အမျိုးသားစာရေးဆရာ(၄၀)ဦး၊ အမျိုးသမီး စာရေးဆရာ (၃၉)ဦး၊ ပြင်ပမှစာပေချစ်မြတ်နိုးသူ(၈)ဦး ပါဝင်၍ မဂ္ဂဇင်းစာမျက်နှာများပေါ် ဖော်ပြခံ ထားရပြီးသည့် ရသ၀တ္တုများ၊ ရသစာတမ်းများ ကို ဖတ်ကြားခဲ့ကြသည်မှာ ရသပန်းခင်းကြီးပင် အခါလည်သား ရောက်ခဲ့ချေပြီ။

 ရသစာဖတ်ဝိုင်းမိသားစုများမှ တစ်နှစ်ပြည့် ရသစာဖတ်ဝိုင်းကို ထူးခြားသော၊ ရိုးစင်းသော လှူဒါန်းမှုများဖြင့် မွမ်းမံချင်သည်။ ထို့ကြောင့် ရသစာပေ တစိုက်မတ်မတ် ရေးသားလာကြသော စာရေးဆရာများနှင့်အတူ၊ ဘလော့ဂါများ၊ ရသစာပေချစ် မြတ်နိုးစိတ်ဖြင့် အားဖြည့်ပါဝင်လာကြ သည့် ပြည်တွင်း/   ပြည်ပမှ စာပေချစ်မြတ်နိုးသူများ၏ အားဖြည့်ပါဝင်မှုနှင့် အင်းစိန်၊ ခ၀ဲခြံ၊ မျက်မမြင်ကျောင်း ရှိရာဆီသို့ ရသပန်းခင်းကြီး ရွေ့လျားဖို့ ဆုံးဖြတ်ခဲ့ကြသည်။

၁၆.၈.၂၀၁၄နေ့တွင်မူ ရသစိတ်အခံရှိသူ စာရေးဆရာများပီပီ၊ ခ၀ဲခြံမျက်မမြင်ကျောင်းတွင် မျက်စိနှစ်ကွင်း အလင်းမရရှာကြသည့်၊ မသန်သော်လဲ စွမ်းသူများကို ကြည့်ပြီး စာနာစိတ်ဖြင့် ရင်နင့်ကြရ၏၊ သူတို့လေးတွေအတွက် တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး ခံစားရွတ်ဖတ် ကြရင်း အသံပေးလှူကြ၏။၊ သောတအာရုံသာ အမှီပြုနေကြရှာသည့် သူတို့တွေ၏ဘ၀င်၊ သူတို့တွေ၏ စိတ်နှလုံးထဲ ရသစာပေ၏ အနှစ်သာရ တွယ်ငြိခိုဝင်စေဖို့အတွက် ၀ိုင်းတော်သားများ အတူတကွ မွှေးရနံ့ သင်းပျံ့ပေးခဲ့ရ၏။

1551499_909519185728603_577999555341092753_n“စာရေးဆရာအောင်ဇင်မင်းရဲ့ အရွယ်မရောက်သေးတဲ့
မျက်မမြင်ကလေးငယ်တစ်ဦးအပေါ် အကြင်နာ

 မျက်မမြင်များအား အသံပေးလှူခွင့်ရခဲ့ယုံမျှမက နေ့လည်အဆာပြေစာ ကိတ်မုန့်၊ ရေခဲ့မုန်   ကျွေးလှူ ခြင်း၊ မျက်မမြင်ကျောင်းမိန်းကလေးဆောင်အတွက် ဘီဒို(၃)လုံး၊ ယောကျာ်းလေးဆောင် အတွက် သင်ဖျူးဖျာအချပ်(၃၀) လှူဒါန်းခြင်းတို့အပြင်၊ ကျန်းမာရေးထောက်ပံ့မှုအဖြစ် နာမကျန်း   ဖြစ်နေသော စာရေးဆရာ ဦးဆွေ(ဒသ၁နိက)အား ငွေကျပ်(၁)သိန်း ပေးလှူခဲ့သဖြင့် စုစုပေါင်း တန်ဘိုးငွေ(၆)သိန်းကျော် လှူဒါန်းနိုင်ခဲ့ပါသည်။

IMG_20140816_013357ဘလော့ဂါ မမေဓာဝီ (အိကျီ င်္အသားရောင်)မှ ငွေအားဖြည့်ယုံမျှမက
ကိုယ်တိုင် အစမှအဆုံး တက်ရောက်ခဲ့သည်။

တစ်နှစ်ပြည့်ရသစာဖတ်ဝိုင်း၏ အမှတ်တရပွဲကား ပြီးဆုံးသွားခဲ့ပြီ။ အားလုံး၏ရင်ထဲ ပီတိများဖြင့် တဝေေ၀ရှိ၏။ သို့နှင့် ရှေ့ဆက်ရမည့်ခရီးအတွက် အားလုံး၏ရင်ထဲ အားမာန်များ တဖန် ပြည့်လာရသကဲ့သို့၊ တစ်နှစ်သား ရသ စာဖတ်ဝိုင်းအနေဖြင့် လိုအပ်သည်များ ပြန်လည် သုံးသပ်ရဦးမည်။ ရှေ့ခြေလှမ်းများအတွက်လဲ ထပ်မံ၍ အားဖြည့်ပြင်ဆင် ရပေဦးမည်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
စာဖတ်နိုင်အောင်တော့ ကြိုးစားရမယ်။
စာဖတ်တဲ့လူမျိုးမှပဲ ကြီးပွားမယ်။
စာအုပ်ကောင်းတွေဟာ မိတ်ဆွေစစ်ပါ။

(လူထုဦးလှ)

Scan10001အလင်းတန်းဂျာနယ်၊ အမှတ်(၈၂၀)၊ စက်တင်ဘာလ၊ ၂၀၁၄ ခုနှစ်။

(အံတီတင့်ရဲ့Tag Postအတွက် ဒီအက်ဆေးလေးကို တင်ပေးလိုက်ခြင်းပါ။)

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

index

 

Share
This entry was posted in Tag Post, အက်ဆေး/ ရသစာတမ်း. Bookmark the permalink.

7 Responses to ရသလမ်းမှာ ပွင့်သောပန်း

  1. အနှစ်သာရ တွယ်ငြိခိုဝင်စေဖို့အတွက် ၀ိုင်းတော်သားများ အတူတကွ မွှေးရနံ့ သင်းပျံ့ပေးခဲ့၏ ။

    စကားလုံးလေးတွေ လှလိုက်တာ ။

  2. စာသားလေးတွေ သိတ်လှတယ် မြသွေးရေ…
    လူထုဦးလှရဲ့ ‘ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
    စာဖတ်နိုင်အောင်တော့ ကြိုးစားရမယ်။
    စာဖတ်တဲ့လူမျိုးမှပဲ ကြီးပွားမယ်။
    စာအုပ်ကောင်းတွေဟာ မိတ်ဆွေစစ်ပါ’
    ဆိုတဲ့ စကားလုံးလေးတွေ ရင်ထဲမှာ အစဉ်အမြဲရှိ။

  3. ဟုတ်တယ် မကြီးမြသွေး
    စာအုပ်စာပေက မိတ်ဆွေ အစစ်အမှန်ပါ..
    စာများများဖတ်တဲ့သူက အမှား နည်းနည်းဘဲဆုံလေ့ရှိတယ်တဲ့…

  4. အားကျအတုယူစရာ စာဖတ်ဝိုင်းလေးကို စုစုစည်းစည်းနဲ့အစပျိုးခဲ့ပုံလေးက ကြည်နူးစရာလေး။
    ဗဟုသုတလဲ မျှဝေ၊ မိတ်ဆွေတွေလဲ ဖြစ်ကြ၊ စာချစ်သူများအချင်းချင်း ပန်းရနံ့တွေ သင်းနေမှာ သေချာပါတယ်။
    အဲဒီနားတလျှောက် မကြာမကြာရောက်ဖူးခဲ့ပါတယ်။ ဆယ်စုနှစ်များဆီကပေါ့။

  5. မဒမ်ကိုး says:

    ဖတ်ပြီးအားရကျေနပ်နေမိတယ်မမရေ

  6. sosegado says:

    နေရာလေးကို ပုံဖေါ်ထားတာ သဘောကျမိပါသည်၊
    စာဖတ်ခြင်းကို အမြဲအားပေးလျှက်ပါ၊

Leave a Reply

Your email address will not be published. Required fields are marked *